မြန်မာရိုးရာ သက္ခတ်ဗေဒင်ပညာ

မြန်မာ့ရိုးရာ သက္ခတ်ပညာသည် ဆန်းဗေဒင်ပညာ၊ သုံးတန်ပေါ်နိစ်ဗေဒင်ပညာ၊ မဟာဘုတ်ဗေဒင်ပညာတို့နှင့် တွဲဖက်သုံးစွဲရသော ပညာဖြစ်ပေသည်။ (ထိုပညာကို ထင်ရှားလာအောင် စတင် ဖော်ထုတ်ခဲ့သူမှာ “မဟာဘုတ်ပါရဂူ” ဆရာကြီး ဦးကြာမြင့်ဖြစ်ပါသည် မိမိတို့အနေဖြင့် ဆရာကြီး၏ မူအတိုင်းသာ ဆက်လက်သုတေသနပြုခြင်းဖြစ်ပါသည်)

မြန်မာ့ရိုးရာ သက္ခတ်ဗေဒင်ပညာ အရ လူသားတစ်ဦးသည် မိမိမွေးဖွားသည့်နှစ်မှစတင်၍ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ ကြာသပတေး၊ ရာဟုနှင့် သောကြာဂြိုဟ်တည်း ဟူသော ဂြိုဟ်ကြီး (၈) လုံးတို့၏ သက်ရောက်ခွင်များအတွင်း မိမိ၏မွေးနံဂြိုဟ်မှအစပြုကာ နာရီလက်တံအတိုင်း တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျဖြတ်သန်းလျက် ရှိပါတယ်။

(ဇယား- ၁ တွင်ကြည့်ရှုပါ)

– တနင်္ဂနွေသားသမီးသည် တနင်္ဂနွေဂြိုဟ်မှ စတင်၍၎င်း

– တနင်္လာသားသမီးသည် တနင်္လာဂြိုဟ်မှ စတင်၍၎င်း

– အင်္ဂါဂြိုဟ်သားသမီးသည် စတင်၍၎င်း

– ဗုဒ္ဓဟူးသားသမီးသည် ဗုဒ္ဓဟူးဂြိုဟ်မှ စတင်၍၎င်း

– ကြာသပတေးသားသမီးသည် ကြာသပတေးဂြိုဟ်မှ စတင်၍၎င်း

– သောကြာသားသမီးသည် သောကြာဂြိုဟ်မှ စတင်၍၎င်း

– စနေသားသမီးသည် စနေဂြိုဟ်မှ စတင်၍၎င်း

တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျဖြတ်သန်းလျက်ရှိကြပေသည်။ (၈)နှစ်လျှင် တစ်ပတ်ပြည့်ပြီး အသက် (၉) နှစ်တွင် မိမိမူလမွေးဖွားခဲ့သောနှစ်သို့ ပြန်လည်ရောက်ရှိပေသည်။

ထူးခြားသော တွေ့ရှိမှုအနေနဲ့ လူသားတွေက ဂြိုဟ်ကြီး (၈) လုံးအတွင်း (၈)နှစ်လျှင် တစ်ပတ်လှည့်ပတ် ဖြတ်သန်းလျက်ရှိရာမှာ ဂြိုဟ်တစ်လုံးနှင့် တစ်လုံး အကျိုးပေးပုံချင်း လုံးဝမတူညီကြပေ။ လူအများစုသည် အသက်အပိုင်းအခြားအရ အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်နှင့် စနေဂြိုဟ်ကြီးများ အတွင်း ဖြတ်သန်းနေသောနှစ်များတွင် ထူးထူးခြားခြား အဆိုးအညံ့များ ကြုံရတတ်သည်ကို တွေ့ရလေသည်။

ဂြိုဟ်တစ်လုံးစီ၏ သက္ခတ်များအတွင်းတွင် အကျိုးပေးမှုများကို အောက်ပါတစ်ပုံချင်းနှိပ်၍ ကြည့်ရှုနိုင်ပါတယ်။

ဇယား ကြည့်ရှုနည်း (ဇယား – ၂ ကိုကြည့်ပါ)

သင်သည် ဗုဒ္ဓဟူးနေ့ဖွားဖြစ်ပြီး အသက်(၃၅) နှစ်အတွင်း ရောက်ရှိပါက အသက်အပိုင်းအခြားရှိ (၃၅)နှင့် အောက်တည့်တည့်တွင်ရှိသော ဗုဒ္ဓဟူးနေ့နှင့် တစ်တန်းတည်းရှိ သက္ခတ်ဂြိုဟ်အကွက်ကို ကြည့်လျှင် (၅)တေးကို တွေ့ရမည်။ ထို့ကြောင့် (၃၅)နှစ်အတွင်း ရောက်နေသော ဗုဒ္ဓဟူးသားသမီး၏ သက္ခတ်ဂြိုဟ်မှာ ကြာသပတေးသက္ခတ်ဂြိုဟ် အတွင်း ရောက်ရှိနေသည်ဟု မှတ်ယူရမည်။ ဗုဒ္ဓဟူးနေ့ (မွန်းလွဲ ၁၂နာရီမှ ည ၁၂နာရီ အတွင်း) မွေးဖွားလျှင် ရာဟုအကွက်တွင် ကြည့်ရမည်။ သို့ရာတွင် ရာဟုချိန်၌ မွေးဖွားသော်လည်း ဗုဒ္ဓဟူးသားသမီးအနေဖြင့် ယူဆလျှင် ပိုမိုမှန်ကန်မှု ရှိတတ်သည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လူသားတို့သည် သက္ခတ်ဂြိုဟ် (၈) ခွင်အတွင်း ဖြတ်သန်းရာတွင် အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ် နှင့် စနေဂြိုဟ်ကြီးများ၏ သက္ခတ်များ အတွင်းသို့ရောက်လျှင် အောက်ပါအဖြစ်အပျက်များကို အများဆုံးကြုံတွေ့ရကြသည်ကို သုတေသနပြုချက်များအရ တွေ့ရှိရပါတော့သည်။ ယင်းတို့မှာ-

– ဒုက္ခမျိုးစုံတွေပြီး စိတ်အလွန်ဆင်းရဲရခြင်း ငွေကြေးမြောက်များစွာဆုံးရှုံးခြင်း၊ စီးပွားပျက်ခြင်း

– အလုပ်ပြုတ်ခြင်း၊ ရာထူးကျခြင်း

– နာမည်ပျက် သိက္ခာကျခြင်း

– ငွေကြေးအလွန်ကြပ်တည်းခြင်း

– လူယုံသတ်ခံရခြင်း၊ လိမ်လည်ခံရခြင်း

– မိသားစုအတွင်း အပူသောကနှင့်ကြုံရခြင်း

– စာမေးပွဲကျခြင်း၊ အမှတ်မမီခြင်း

– ရန်သူမျိုး(၅)ပါးနှင့် ကြုံတွေ့ရခြင်း

– သဘာဝဘေးအန္တရာယ်ကြုံရတတ်ခြင်း

– ရောဂါဖြစ်ပွားခြင်း၊ ဆေးရုံတက်ရခြင်း

– မတော်တဆထိခိုက်ခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း

– အိမ်ထောင်ရေးပြိုကွဲခြင်း၊ အချစ်ရေးဆုံးရှုံးခြင်း

– အမှုအခင်း တရားတဘောင်ဖြစ်ခြင်း၊ ထောင်အချုပ်ကျခြင်း

အသက်ပါဆုံးရှုံးခြင်းများအထိ ဖြစ်ကြရသည်ကို အများဆုံးတွေ့ရှိရပါသည်။

ကျွန်ုပ်တို့သည် ထိုအချက်ကို အရမ်းကာရော ခန့်မှန်းပြောဆိုခြင်းမဟုတ်ဘဲ လူဦးရေ ရာပေါင်းများစွာကို လက်တွေ့သုတေသန ပြုလုပ်ချက်အရ ပြောဆိုခြင်းဖြစ်ပါသည်။

သင်မယုံလျှင် သင်ကိုယ်တိုင် ထိုဂြိုဟ်ကြီး (၃) လုံးအတွင်း ဖြတ်သန်းခဲ့ရသော နှစ်များကို ပြန်လည်တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ သင့်မိသားစု အမျိုးအဆွေများအတွင်းသို့ ပြန်လည်စစ်ဆေး ကြည့်ပါ။ ထို(၃)နှစ် ကာလအနက် အနည်းဆုံး(၁)နှစ်တွင် အထက်ဖော်ပြပါ အဆိုးတရား များကို ကြုံခဲ့ရသည်ကို တွေ့ရလိမ့်မည်။

အခြားသောဂြိုဟ်များ၏ သက္ခတ်များအတွင်းတွင် အဆိုးအညံ့များမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့သော် အခြားဂြိုဟ်ကြီး (၅)လုံးအတွင်း ကြုံရသော အဆိုးအညံ့များထက် ထိုဂြိုဟ်ကြီး(၃)လုံးအတွင်း ကြုံရသော အဆိုးအညံ့များက ပိုမိုဆိုးဝါးသည်။ ပိုမိုကြီးမား ပြင်းထန်သည်။ ဘဝတွင် မှတ်သားလောက်အောင် ဖြစ်ရတတ်သည်။ လောကဓံတရားဟု ဆိုလောက်သည်။

ရာနှုန်းအားဖြင့်ပြောရလျှင် အခြားဂြိုဟ်ကြီး (၅) လုံးအတွင်း အဆိုးကြုံဆုံရမှု(၂၀%) ရှိလျှင် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေဂြိုဟ်များ အတွင်း အဆိုးကြုံရမှုသည် (၈ဝ%) မျှ ရှိသည်။ ထိုဂြိုဟ်များ အတွင်း အဆိုးမကြုံတွေ့ရသော နှစ်များလည်း ရှိနိုင်သည်။ သို့သော် အများစုက ထိုဂြိုဟ်များ အတွင်း ရောက်ပြီဆိုမှဖြင့် အဆိုးတရားများ အလွန်အဖြစ်များသောကြောင့် ပေါ့ပေါ့ဆဆဖြင့် မနေစေလိုပါ။

လူသားများသည် မိမိတို့လက်ရှိ ရောက်ရှိနေသော

အသက်အပိုင်းအခြားများရဲ့ ကံကောင်းမှု၊ ကံညံ့မှုများကို မသိရှိကြသောကြောင့် မလုပ်သင့်သောအမှားတွေကို လုပ်မိခြင်းများမှ ရှောင်ရှားနိုင်ကြစေရန် ရည်ရွယ်ပြီး ဤစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ထိုသို့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေဂြိုဟ်များအတွင်းသို့ ရောက်ရှိလာသော အချိန်တွင် မိမိတို့၏ ဘေးအန္တရာယ်များကို မမြင်မသိကြသဖြင့် အောက်ပါအလုပ်များကို လုပ်မိတတ်ကြလေသည်။

– မိမိနှင့်အကျိုးပေးမည့် စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်မိခြင်း၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလုပ်ခြင်း

အပြောကောင်းသဖြင့် ရှယ်ယာထည့်ဝင်မိခြင်း

– လိမ်လည်မည့်သူကိုမှ ငွေချေးငှားမိခြင်း

– မကြာခင်ပျက်တော့မည့် အကျိုးဆောင်လုပ်ငန်း၌ ငွေအပ်နှံမိခြင်း

– ကျန်းမာရေးကို ဂရုမစိုက်မိခြင်း

– အသက်အန္တရာယ်များသော အလုပ်ကိုလုပ်မိခြင်း

– လောင်းကစား အကြီးအကျယ်လုပ်မိခြင်း

– ဥပဒေငြိစွန်းသော အလုပ်များကိုလုပ်မိခြင်း

– အိမ်ထောင်ပြုမိခြင်း

– မြွေပွေးခါးပိုက်ပိုက်မိခြင်း (သူခိုးကို လူယုံထားမိခြင်း)

နိုင်ငံခြားသို့ ထွက်ခွာရန်ကြိုးစားမိခြင်း

– မတော်လောဘဖြင့် စီးပွားရှာမိခြင်း

– အဖော်ကောင်း၍ မကောင်းမှုကိုလုပ်မိတတ်ခြင်းများကြောင့် မိမိတို့ထင်သလို ဖြစ် မလာဘဲ နောက်ဆုံး၌ ဒုက္ခအကြီးအကျယ်ရောက်တတ်ကြသည်ကို သတိပြုကြစေ လိုပါသည်။

ထို့ကြောင့် သင်သည် အထက်ပါ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသက္ခတ်များအတွင်း ရောက်ရှိနေသူများဖြစ်လျှင် သတိ၊ အမြော်အမြင် ကြီးမားစွာဖြင့် မိမိ၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက် ပါ။ စွန့်လွတ်ခြင်း၊ လောင်းကစားခြင်း၊ မတော်လောဘဖြင့် စီးပွားရှာခြင်းများကို ရှောင်ကြဉ်ပါ။ ဥပဒေနှင့် မငြိစွန်းအောင်နေပါ။ မိမိကိုးကွယ်ရာ ဘာသာတရားကို အထူးလိုက်စားပါ။ ငြိမ်ငြိမ်နေပါ။ ကျန်းမာရေး အထူးဂရုစိုက်ပါ။

သို့မှသာ ထိုမကောင်းသောဂြိုဟ်များ၏အသက်ပိုင်းများကို ကျော်လွန်သွားပြီး ကောင်းသော ဂြိုဟ်များအတွင်းသို့ရောက်လျှင် အင်အားပြည့်ဝစွာဖြင့် ဘဝခရီးကို ဆက်နိုင်လိမ့်မည်။

အကယ်၍ ထိုမကောင်းသောဂြိုဟ်သက္ခတ်များအတွင်းတွင် ဘဝပျက်၊ စီးပွားပျက်၊ ကျန်းမာရေးပျက်ခြင်းများ ဖြစ်ပါက ရှေ့လာမည့်နှစ်များသည် ကောင်းသောနှစ်များဖြစ်သော်လည်း မိမိသည် အင်အားချည့်နဲ့သွားပြီး အစမှ ပြန်စရပါလိမ့်မည်။ သုညမှ ပြန်စရပါလိမ့်မည်။

ထို့ကြောင့် အသုံးချဗေဒင်ပညာဆိုသည်မှာ – မိမိကံကောင်းမည့်အချိန်။ ကံညံ့မည့်အချိန်ကို သိပြီး၊ ကံညံ့လျှင် ကံညံ့သလို ငြိမ်သက်စောင့်စားတတ်ပြီး ကံကောင်းလျှင် ကံကောင်းသလို လှုပ်ရှားဆောင်ရွက်တတ်ခြင်းကို ဆိုလိုပေသည်။

ယခု လောလောဆယ် ထိုသက္ခတ်များ အတွင်းသို့ရောက်ရှိနေပြီး ကံအလွန်ညံ့နေသူများ အနေဖြင့်လည်း ထိုကံညံ့မှုမှာ လွတ်ကင်းစေရန် လက်တွေ့အသုံးချယတြာများကို မိမိကိုယ်တိုင်လွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် နောက်လာမယ့် Post မှာထည့်သွင်းပေးသွားပါမည်။ လူတိုင်းအတွက် ရည်ညွှန်းထားပါသည်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (နာမက္ခရ နှင့် ဟူးရားပညာ)

ကွန်ပျူဗေဒသုခုမ

You May Also Like
Read More

“ပုတိ ၊ ဘင်္ဂ ၊ မရဏ” အပိုင်း(၁)

မြန်မာ့ရိုးရာဗေဒင်ပညာမှာ “မဟာဘုတ်ဗေဒင်ပညာ” ဆိုတာရှိပါတယ်။ ရှေးနှစ် ရာပေါင်းများစွာတည်းက ပေါ်ထွန်းလာခဲ့တဲ့ မြန်မာ့ရိုးရာဗေဒင်ပညာစစ်စစ်ဖြစ်ပါတယ် မဟာဘုတ် ဇာတာခွင်ချနည်းကတော့ မြန်မာသက္ကရာဇ်ကိုတည်၊ (၇)နဲ့စား၊ အကြွင်းကို “အောင် လံ ထူ စစ် သူ ကြီး…
Read More

ကုန်ဈေးနှုန်း ဗေဒင်နဲ့ပတ်သတ်လို့ သိထားသမျှ

ဗေဒင်မိတ်ဆွေလေး ကိုရန်းဂန်းက တောင်းဆိုလို့ ကုန်ဈေးနှုန်း အတက်အကျနဲ့ပတ်သတ်တဲ့ ဗေဒင် တွက်နည်းလေးတွေကို တင်ပြဆွေးနွေး ပေးချင်ပါတယ်။ နောက်ကြောင်းကို ပြန်ပြောရရင် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်တုန်းက ကျွန်တော်ဟာ ကုန်သည် နဲ့ ဆီစက်…