ABOUT ME

ဒေါက်တာတင်ဗိုလ်ဗိုလ်၏ ကိုယ်ရေးရာဇဝင်အကျဉ်း

၁၉၆၂ ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့တွင် အဖ ဦးထွန်းတင် + အမိ ဒေါ်စန်းရွှေ တို့မှ ဖွားမြင်သည်။

မွေးချင်း (၉)ယောက် မွေးဖွားသည့်အနက် (၇)ယောက်မြောက်ဖြစ်သည်။ နာမည်အရင်းမှာ လည်း တင်ဗိုလ်ဗိုလ် ပင်ဖြစ်သည်။

ငယ်စဉ်ကာလတွင် ပညာမထူးချွန်၊ ဉာဏ်ပညာ မထက်မြက်ပါ။ အတန်းထဲတွင် ဘိတ်ဆုံးမှ အမြဲနေရသည်။ (လူတော်/လူတတ် တစ်ဦး မဟုတ်ပါ၊ ပါရမီရှင် တစ်ဦးလည်း မဟုတ်ပါ၊ ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာထဲမှ ဗေဒင်ပညာကို လေ့လာလိုက်စားနေသော “ဗေဒင်သုတေသီ” တစ်ဦးမျှသာ ဖြစ်ပါသည်)

အသက်(၁၃)နှစ် (၇)တန်းကျောင်းသားဘဝမှ စပြီး စာဖတ်ဝါသနာပါလာပြီး စာအုပ်မျိုးစုံကို နှစ်ခြိုက်စွာ ဖတ်တတ်သော အလေ့အကျင့် ရရှိလာသည်။ ထိုသို့ စာဖတ်ခြင်းအကျိုးကျေးဇူးကြောင့် ပညာရေးဖက်တွင်ပါ ထူးချွန် သင့်သလောက် ထူးချွန် လာသည်။ (စာဖတ်ခြင်းကြောင့် မိမိဘဝသည် များစွာ တိုးတက် ပြောင်းလဲ ခဲ့ခြင်း ဖြစ်လေသည်)

အသက် (၁၄)နှစ် (၈)တန်းကျောင်းသားဘဝတွင် လက္ခဏာပညာ စာအုပ်တစ်အုပ် ဖတ်မိရာမှ လူတို့၏ အကျင့်စရိုက် နှင့် ဘဝကံကြမ္မာကို ဟောနိုင်သော ပညာရပ်များ အပေါ်တွင် စိတ်ဝင်စားမှု ပြင်းထန်လာခဲ့သည်။

၁၉၇၉ ခုနှစ်တွင် (၁၀)တန်း စာမေးပွဲကို သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်သည်။ ထို့နောက် ထိုစဉ်ကရှိခဲ့သော ဒေသကောလိပ် သို့ ဆက်လက် ပညာ သင်ကြားသည်။ ဒေသကောလိပ်ပြီးသောအခါ “မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်” သို့ ဝင်ခွင့်ရသည်။

၁၉၈၂ ခုနှစ်တွင် ခရစ္စနားမူရ်တီး၏ K.P စနစ် ကို စတင်လေ့လာသည်။ ထို့နောက် “ဟူးရားဗေဒင်ပညာ” ကို အလွန်နှစ်ခြိုက်လှသောကြောင့် ထိုပညာကို ဘဝတစ်လျှောက်လုံး (နှစ်ပေါင်းများစွာ) အထူးပြု လေ့လာခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ဘွဲ့ရပြီး ဝန်ထမ်းမလုပ်လိုသောကြောင့် မိဘရိုးရာ ဆီစက်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်သည်။

၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နောက်နှစ် (၁၉၈၉)တွင် မွေးရပ်ဒေသကို စွန့်ခွာပြီး ရေကြည်ရာမြက်နုရာ မှော်ဘီမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၈၉ မှ ၁၉၉၈ နှစ်အထိ မှော်ဘီမြို့တွင် (၁၀)နှစ်ကြာ နေထိုင်ခဲ့ပြီး ကုန်ကား သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ မှိုစိုက်ပျိုးခြင်း လုပ်ငန်း၊ သစ်ကုန်သည် လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် မကြူကြူသိန်း နှင့် လက်ထပ်သည်။ သားသမီး (၄)ဦး ထွန်းကားသည်။

၁၉၉၈ ခုနှစ်တွင် ကန်ထရိုက်လုပ်ငန်းများ ပျက်စီးချိန်တွင် မိမိပါ ကြားညပ်ပြီး စီးပွားရေးအားလုံး ဆုံးရှုံးရပ်တန့် သွားခဲ့သည်။ ထိုနှစ်သည် မိမိဘ၀ အလှည့်အပြောင်း ဖြစ်မည့် နှစ်တစ်ခု ဖြစ်ခဲ့လေသည်။

ထိုနှစ်တွင် သင်ဆရာတစ်ဦးဖြစ်သော ဆရာဦးအေးမြင့် (ဆရာMမြင့်မိုရ်) ၏ တိုက်တွန်းမှုကြောင့် နှစ်ဦးစပ်တူ  အခန်းတစ်ခုငှားပြီး ဗေဒင်ပညာကို (ယာယီ) လုပ်ကိုင်ခဲ့သည်။ “ကွန်ပျူ-ဗေဒသုခုမ” အမည်ဖြင့် ရင်သွေးအမည် ပေးခြင်းနှင့် ဗေဒင်ဟောပြောခြင်း ကို တွဲဖက်လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် ရင်သွေးအမည် ပေးခြင်းသည် အလွန်အောင်မြင်လာသော ကြောင့် လူတွေ့ဟောပြောခြင်းများကို မလုပ်နိုင်တော့ဘဲ ရင်သွေးအမည်ပေးခြင်း တစ်ခု ကိုသာ စောက်ချလုပ်ကိုင်ခဲ့သည်။ မူလက ယာယီမျှသာ လုပ်ကိုင်ရန် ရည်ရွယ် ထားသော်လည်း ယခုမူ (၁၂)နှစ်ကျော်လာပြီဖြစ်သည်။

(၁၂)နှစ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှန်းလုံးမှ ရင်သွေးငယ်ပေါင်း သိန်းနှင့်ချီ၍ နာမည်မှည့်ပေးခဲ့သည်။ နာမည်ပေးခြင်းနှင့် ပတ်သက်ပြီး “သင့်ရင်သွေး ကိုယ်တိုင် နာမည် ပေးနည်း” နှင့် “နာမည်တို့၏ အဓိပ္ပါယ် ဖွင်ဆိုချက်များ” စာအုပ်(၂)အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ “ဘောလုံးပွဲ အနိုင်အရှုံး ဟောကိန်းထုတ်နည်း” စာအုပ်များကို ရေးသားခဲ့သည်။ ယခုလောလောဆယ် “မဟာကာလ-ဟူးရားဗေဒင်” စာအုပ်ကို ပြုစုနေသည်။

လက်ရိုး၊ လက်ဆန်း ဗေဒင်နည်းပေါင်းစုံကို လေ့လာခဲ့သော်လည်း အထူးကျွမ်းကျင်သော ပညာရပ်များမှာ ရင်သွေးအမည် ပေးခြင်း၊ ဟူးရားဗေဒင်၊ သင်္ချာဗေဒ၊ အိမ်ထောင်ရေးဗေဒင် များဖြစ်သည်။

မိမိ၏ကျေးဇူးရှင် “သင်ဆရာ” များမှာ –

  • ဆရာဦးဝင်းမြင့်သိန်း (သင်္ချာဗေဒ-ဆင်ဖြူကျွန်း)၊
  • ဆရာဦးနိုင်မင်း (သင်္ချာဗေဒ-ဆင်ဖြူကျွန်း)၊
  • ဆရာဦးဉာဏ်ကောင်း (လက်ဆန်းဗေဒင်-ဆင်ဖြူကျွန်း)၊ (ကွယ်လွန်)
  • ဆရာဦးမျိုးမြင့်အောင် (K.P စနစ်-မကွေးမြို့)၊
  • ဆရာဦးမောင်မောင်စံ(ဒု-ပါမောက္ခချုပ်(ငြိမ်း)-(နက္ခတ်ဗေဒင်)၊
  • ဆရာဦးအေးမြင့်(Mမြင့်မိုရ်) (အနောက်တိုင်းဗေဒင်နှင့် တားရော့ဗေဒင်) (ကွယ်လွန်) များဖြစ်ကြသည်။

မိမိ၏ကျေးဇူးရှင် “မြင်ဆရာ” များမှာ –

  • ဆရာကြီး ဒေါက်တာဒဂုန်(Ph.D)၊
  • ဆရာစံမင်း(သင်္ချာဗေဒ)၊
  • ဆရာဦးမြင့်သွင်(R.A-K.P)၊
  • ဆရာဦးမြင့်မောင်(K.P)၊
  • ဆရာကြီး လျှပ်စစ် ဦးအုန်းသင်၊
  • ပျဉ်းမနားဦးသန်းမောင်၊
  • ပညာရှိ ပြက္ခဒိန်တော်ဆက် ဆရာဦးစန်းမြ၊
  • ဆရာဦးမြတ်အောင် (B.Sc-သစ်တော) ဆရာကြီးမင်းသိင်္ခ၊ ဆရာကြီး ဦးကြာမြင့်၊ ဆရာဦးမြကြီး၊ ဆရာကြီး ဒေါက်တာကံညွန့်၊ ဆရာမင်းကျော်ဇော်၊ ဆရာ ဦးဘုန်းကြူဖေ တို့ ဖြစ်ကြပါသည်။ “မြင်ဆရာ” ဆိုသည်မှာ ထိုဆရာကြီးများ၏ စာအုပ်များကို ဖတ်ရှုပြီး လက်တွေ့အသုံးချမှု ရှိခြင်း ကို ဆိုလိုပါသည်။

အထက်ပါ ဆရာကြီးများအနက် “ဆရာကြီး ဒေါက်တာဒဂုန်၊ ဆရာဦးမြင့်သွင်(R.A)၊ ဆရာကြီး ဒေါက်တာကံညွန့် နှင့် ဆရာဦးဘုန်းကြူဖေ” တို့၏ ကျေးဇူးများမှာ အလွန်များပြားပါသည်။

ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်ပြီး ရင်သွေးနာမည်ပေးခြင်း/လုပ်ငန်းနာမည်ပေးခြင်း နှင့် ဗေဒင်ပညာ ဖြန့်ဖြူးခြင်း များကို လုပ်ကိုင်လျှက် ရှိသည်။

လူတွေ့ ဗေဒင် ဟောပြောခြင်း မပြုပါ။ ရင်သွေးနာမည်/လုပ်ငန်း နာမည်ပေးခြင်းများကိုသာ လုပ်ကိုင်ပါသည်။

(၁၂)နှစ်တာ ကာလကို အောင်မြင်စွာ ဖြတ်သန်းလာခဲ့သော မိမိတို့၏ လုပ်ငန်းကြော်ငြာ