Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် နှင့် နာမည်ပက္ခတ်မိခြင်း

လူသားအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ဘယ်လောက်ဘဲ နာမည်ကြီးကြီး၊ ချမ်းသာချမ်းသာ၊ သြဇာ ကြီးကြီး နောက်ဆုံးမှာတော့ ကျွန်တော့်လိုဘဲ “မရဏ” ဆိုတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ကြရမယ်ဆိုတာ သတိရပြီး နေရစ် ခဲ့ကြပါ။ ကျွန်တော်ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာကြွယ်ဝမှု တွေကို ဘာတစ်ခုမှ ယူမသွား နိုင်ခဲ့ပါဘူး။

အားလုံးထားရစ်ခဲ့ရပါတယ်။ ကျွန်တော် ယူသွား နိုင်တာကတော့ ကျွန်တော်လုပ်ခဲ့တဲ့ “ကုသိုလ် နဲ့ အကုသိုလ်” ဆိုတဲ့ အရာ(၂)ခုတည်းပါ။ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ ကျွန်တော့်ရဲ့ ကုသိုလ် နဲ့ အကုသိုလ်ကို ချိန်ခွင်လျှာတင်ပြီး အစစ်ဆေးခံရပါဦးမယ်။ ကောင်းကင်ဘုံ မှာဘဲ နေခွင့်ပြုမလား၊ ငရဲဘုံကို အပို့ခံရမလားဆိုတာ ကျွန်တော် မသိသေး ပါဘူး။

ဘာမှ ရေရာမှုမရှိတဲ့ တိုတောင်းလှတဲ့ လူ့ဘဝမှာ လူတိုင်းလူတိုင်း ကြုံတွေ့ရမယ့် “သေခြင်းတရား”ကို အမြဲအမှတ်ရ နေကြပြီး၊ တမလွန်မှာ ကိုယ်နဲ့အတူ အမှန်တကယ်ယူဆောင်သွားရမယ့် ကုသိုလ်တရားကိုသာ များများယူသွားနိုင်အောင် ကြိုးစားပြီး နေရစ်ခဲ့ကြပါတော့ ခင်ဗျား။ – – – (မိုက်ကယ်ဂျက်ဆင်)

ဒီကနေ့နံနက်သတင်းမှာ Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်တော့ စိတ်မကောင်းခြင်း နဲ့အတူ “နာမည်ပက္ခတ်မိနေသူ” ကမ္ဘာကျော် တစ်ဦးတော့ သွားရှာပြန်ပေါ့လို့လည်း သံဝေဂရလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Discovery Channel မှာ သရုပ်ဆောင်လူစွမ်းကောင်းတစ်ဦးဖြစ်တဲ့ “စတိအာဝင်” ကွယ်လွန်သွားခဲ့စဉ်ကလည်း ဒီလိုဘဲ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

နာမည် “ပက္ခတ်” မိခြင်းဟာ နာမည်အမှားတွေထဲမှာ ဆိုးကျိုးအလွန်ပေးနိုင်တယ် ဆိုတာ စာရေးသူ သတိထားမိချိန်က စပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ မွေးသက္ကရာဇ်တွေကို လိုက်လံစုဆောင်းပြီး သုတေသနပြုကြည့်ပါတယ်။ အဲဒီမှာ နာမည် ပက္ခတ်မိခြင်း ရဲ့ ဆိုးကျိုးဟာ ပိုမိုသိသာ ထင်ရှား ပေါ်လွင် လာပါတယ်။ မငြင်းနိုင်အောင် ဖြစ်လာရပါတယ်။

နာမည် ပက္ခတ်မိတယ်ဆိုတာ နာမည်တစ်ခုရဲ့ အရင်းလုံး(အစ,လုံး) နဲ့ အဖျားလုံး(အဆုံး,လုံး) တို့ဟာ မဟာဘုတ်တိုင်မှာ အောက်ပါ အနေအထားတွေ ဖြစ်နေရင် “ပက္ခတ်” မိတယ်လို့ ဆိုပါတယ်။ “ပက္ခတ်” မိခြင်း (၄)မျိုးရှိပါတယ်။

နာမည် အစ,လုံး + နာမည် အဆုံး,လုံး

(၁) ဘင်္ဂ + ဘင်္ဂ

(၂) အထွန်း + ပုတိ (သို့) ပုတိ + အထွန်း

(၃) မရဏ + အဓိပတိ (သို့) အဓိပတိ + မရဏ

(၄) ရာဇ + သိုက် (သို့) သိုက် + ရာဇ

ဆိုပြီး (၄)မျိုးရှိပါတယ်။ အဲဒီလို နာမည် ပက္ခတ် မိနေသူတွေဟာ ဘာတွေဖြစ်နိုင်လဲဆိုတာ လေ့လာကြည့်တော့ –

= အိမ်ထောင်ရေးပြိုကွဲတတ်တယ်။ အိမ်ထောင်ဆက်များတတ်တယ်။ မုဆိုးဖို/မ ၊ တစ်ခုလပ် ဖြစ်လွယ်တယ်။ အငယ်အနှောင်းဖြစ်လွယ်တယ်။

= မတော်တဆထိခိုက်မှုဖြစ်တတ်တယ်။ ကိုယ်အင်္ဂါ ချို့ယွင်းတတ်တယ်။

= အမြင့်ဆုံး အထွဋ်အထိပ်ရောက်ပြီးမှ ရုတ်တရက် ပြုတ်ကျတတ်တယ်။ ကြီးမားတဲ့ လောကဓံကြီးတွေကို တွေ့တတ်တယ်။ ချမ်းသာပြီးမှ ပြန်မွဲသွားတတ်တယ်။

= အသက်အရွယ်မတိုင်မှီ (ကျော်ကြားနေဆဲ)မှာ ရုတ်တရက် ကွယ်လွန်တတ်တယ်။ အသက်တိုတတ်တယ်။

= ဥပစ္ဆေဒက ကံနဲ့ ကွယ်လွန်တတ်တယ်။ သို့မဟုတ် ပုံမှန် သွေးရိုးသားရိုးမဟုတ်တဲ့ သေနည်းမျိုးနဲ့ သေဆုံးတတ်တယ်။ ဆိုတဲ့ အချက်တွေ တစ်ခုမဟုတ်တစ်ခု ဖြစ်တတ်ကြတာကို တွေ့လာရပါတယ်။ လုပ်ကြံခံရတဲ့ ခေါင်းဆောင်တွေ အတော်များများဟာလည်း နာမည် “ပက္ခတ်” မိနေသူတွေဖြစ်တာများတယ်ဆိုတာ တွေ့ရပါတယ်။

ပက္ခတ်မိခြင်းမှာ နာမည် အသံထွက်အရ ပက္ခတ် မိခြင်းနဲ့ စာလုံးပေါင်းခြင်းအရ ပက္ခတ် မိခြင်းဆိုပြီး (၂)မျိုးရှိပါတယ်။ မြန်မာနာမည်တွေကတော့ အက္ခရာတစ်လုံးဟာ အသံတစ်ခုသာ ထွက်ရတာကြောင့် အသံထွက်အရ ပက္ခတ်မိခြင်း တစ်မျိုး သာ ရှိပေမယ့် အင်္ဂလိပ်နာမည်များမှာတော့ အက္ခရာ (၃)(၄)လုံးပေါင်းမှ အသံတစ်မျိုးဘဲထွက်တာမျိုးတွေက ပိုများတာ ကြောင့် စာလုံးပေါင်းအရ ပက္ခတ်မိခြင်းကိုလည်း ထည့်တွက်ရပါတယ်။

အခု မိုက်ကယ်ဂျက်ဆင်ကတော့ “အသံထွက်အရ ပက္ခတ်မိခြင်း” ဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ (၄)ကြွင်းဖွား သောကြာသားဖြစ်ပါတယ်။ သူ့မွေးနေ့က ၁၉၅၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်၊ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၅ဝ)ပြည့်ပြီး (၅၁)နှစ်ထဲကို ဝင်ရောက်နေချိန်ဖြစ်ပါတယ်။ သက်ရောက်အရ တနင်္လာသက်ရောက်ဖြစ်ပါတယ်။ အဲဒီနေရာမှာ တွေ့ရ ပြန်တာက သက်ရောက် တနင်္လာဂြိုဟ်ဟာ မွေးနံ သောကြာနဲ့လည်း ပက္ခတ်မိနေတာဘဲဖြစ်ပါတယ်။ အောက်က မဟာဘုတ်ခွင်ကို ကြည့်ပါ။

ဒီမဟာဘုတ်ခွင်မှာ မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်အစလုံးဖြစ်တဲ့ ကြာသပတေးနံ (မိုက်) နဲ့ အဆုံးလုံးဖြစ်တဲ့ အင်္ဂါနံ(ဆင်) တို့ ဟာ (ပုတိ + အထွန်း) ပက္ခတ် အုပ်စုထဲမှာ ဝင်နေတာကို တွေ့ရပါတယ်။ နောက်ပြီး သိုက်မှာ ရပ်တည်တည်နေတဲ့ သူ့မွေးနံ သောကြာ နဲ့ အသက် (၅၁)နှစ်ရဲ့ သက်ရောက်ဂြိုဟ် တနင်္လာတို့ဟာလည်း (သိုက်+ရာဇ) ပက္ခတ်မိနေတာကို တွေ့ရ ပါတယ်။ ဒါကြောင့် နာမည်ပက္ခတ်မိနေသူတွေဟာ ကိုယ့်မွေးနံ နဲ့ ပက္ခတ်မိနေတဲ့ အသက်ပိုင်းတွေကို သတိပြု ရပါမယ်။

စာရေးသူရဲ့ သုတေသနပြုချက်အရ ပက္ခတ်မိပြီး ကွယ်လွန်သွားရတဲ့ ကမ္ဘာကျာ်ပုဂ္ဂိုလ်များစာရင်းကို ပြန်လည် ဖော်ပြလိုက် ပါတယ်။ သူတို့ကတော့ –

ဂျာမဏီအာဏာရှင် ဟစ်တလာ(ကိုယ့်ကိုယ်ကိုသတ်သေ)၊

အီတလီဖက်ဆစ်ခေါင်းဆောင် မွတ်ဆိုလိုနီ (သေဒဏ်ပေးခံရ)၊

အမျိုးသားအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း(လုပ်ကြံခံရ)၊

အိန္ဒိယ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ (လုပ်ကြံခံရ)၊

ဗြိတိသျှ ဗိုလ်ချုပ်ကြီးဟောင်း မောင့်ဘက်တန် (လုပ်ကြံခံရ)၊

Rock ဂီတဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ၊

အင်္ဂလန် ဝေလမင်းသမီး ဒိုင်ယာနာ (ကားမှောက်ကွယ်လွန်)၊

မိုနာကိုမင်းသမီးကြီး ဂရေ့စ်ကယ်လီ (ကားမှောက် ကွယ်လွန်)၊

လက်ဘနွန်ဝန်ကြီးချုပ် ရာဖစ်ဟာရီရီ(လုပ်ကြံခံရ)၊

Discovery Channel သရုပ်ဆောင် မိချောင်းမုဆိုး စတိအာဝင် (မတော်တဆဖြစ်ကွယ်လွန်)၊

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘင်နာဇီယာဘူတို(လုပ်ကြံခံရ)၊

အီဂျစ်သမ္မတ အန်ဝါဆဒတ်(လုပ်ကြံခံရ)၊

ဖိလစ်ပိုင် အတိုက်အခံခေါင်းဆောင် ဘင်နီနိုအကွီနို(လုပ်ကြံခံရ)၊

အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန် (သေဒဏ်ပေးခံရ)၊

အမေရိကန်နိုဗယ် ဆုရှင်စာရေးဆရာကြီး အားနက်စ်ဟင်းမင်းဝေး(ကိုယ့်ကိုယ်ကို သတ်သေ)

တို့ ဖြစ်ကြပါတယ်။

အခုနောက်ဆုံးစာရင်းကတော့ မိုက်ကယ်ဂျက်ဆင်ပေါ့။ Rock ဂီတဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ ကွယ်လွန်စဉ်က အသက် (၄၃)နှစ်သာ ရှိသေးတာမို့ မိုက်ကယ်ဂျက်ဆင် ထက် အများကြီး ငယ်ပါတယ်။ သိပ်နှမြောစရာကောင်းတဲ့ အစားထိုးမရတဲ့ ဂီတ ပညာရှင်တွေဖြစ်ပါတယ်။

ဒါဟာ အဆိုးဆုံးဖြစ်ရပ်တွေကို ကောက်ယူထားတာဖြစ်ပြီး ပက္ခတ်မိတိုင်း အသေဆိုးနဲ့သေတတ်တယ်၊ အသက်တိုမယ် လို့တော့ အဓိပ္ပါယ်ကောက် မလွဲစေချင်ပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ အဆိုးဆုံးဖြစ်ရပ်တွေထဲမှာ သေဆုံးကွယ်လွန်မှု ကတော့ အထင်ရှားဆုံးဖြစ်ရပ်ဖြစ်တာမို့ သက်သေပြဖို့ အကောင်းဆုံး ဖြစ်နေလို့သာ ဖော်ပြရခြင်းဖြစ်ပါတယ်။ Accident ဖြစ်ခြင်း၊ ခွဲစိတ်ကုသ ခံရခြင်း၊ ကိုယ်အင်္ဂါ ချို့ယွင်းခြင်း၊ အိမ်ထောင်ရေးပျက်စီးခြင်း၊ စီးပွားပျက်စီးခြင်း၊ ရာထူးအာဏာ ကျဆုံးခြင်းများ လောက်နဲ့ ပြီးသွားတာ တွေလည်း ရှိပါတယ်။

ဥပမာ-အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆင် ဆိုရင် “Water Gate” အရေးအခင်းကြောင့် ရာထူးမှ နုတ်ထွက်ပေးရပြီး သမိုင်းမှာ နာမည်အပျက်ဆုံး သမ္မတတစ်ဦး ဖြစ်သွားပါတယ်။ သူလည်း ပက္ခတ်မိနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သက်တမ်းပြည့်နေသွားရတာကို တွေ့ရပါတယ်။

နောက်ထပ် နာမည်အသံထွက်ရ၎င်း၊ စာလုံးပေါင်းခြင်းအရ၎င်း ပက္ခတ်မိနေတဲ့ ကမ္ဘာကျော်တွေရှိပါသေးတယ်။ နောက်မှ “ပေါက်ဖော်” မဖြစ်ရ လေအောင် သူတို့စာရင်းတွေကိုလည်း ကြိုတင် အသိပေးထားချင်ပါတယ်။ အဆိုးဆုံးတွေချည်း ဖြစ်မယ်လို့တော့ မပြောနိုင်ပါဘူး။ ခပ်သေးသေး ပြဿနာ တွေနဲ့လည်း ပြီးသွားနိုင်ပါတယ်။ အိမ်ထောင်ရေးပြဿနာတွေနဲ့ လည်းပြီးသွားနိုင်ပါတယ်။ သူတို့ကတော့ –

အိုစမာဘင်လာဒင် (သေသည်ရှင်သည်မသိသေး)

မာရီယာရှာယာပိုဗာ (တင်းနစ်အလှမယ်)၊

ရော့စတီးဝပ် (ရောဒ့်အဆိုကျော်)၊

ဆာအလက်စ်ဖာဂူဆန်(မန်ယူနည်းပြချုပ်)၊

အင်နာကော်နီကိုဗာ( ရုရှား ဖက်ရှင်မယ်)၊

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် နှင့် သူ့ဇနီး (ယခုနိုင်ငံခြားရေးဝန်ကြီး) ဟီလာရီကလင်တန်၊

ဟောလီးဝုဒ် အော်စကာ ဆုများရှင် ဂျိုဒီဖော်စတာ၊ ဟောလီးဝုဒ်သရုပ်ဆောင် ဂျွန်ထရာဗိုလ်တာ၊

ဟောင်ကောင်အက်ရှင်မင်းသား ချောင်ယွန်ဖတ်၊

အက်ရှင်မင်းသားကြီး ဟယ်ရစ်ဆင်ဖို့ဒ်၊

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား၊

အင်တာမီလန် နည်းပြချုပ် ဂျိုဆေးမော်ရင်ဟို ၊

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊

Golf ချန်ပီယံ တိုက်ဂါးဝုဒ်၊

ပြိုင်ကားမောင်းချန်ပီယံ မိုက်ကယ်ရှုးမေကာ၊

ဟောလီးဝုဒ်သရုပ်ဆောင်မင်းသားချော ဂျူဒ်လော တို့ဖြစ်ကြပါတယ်။ ယခုလည်း သုတေသနပြုလေ့လာဆဲမို့ နာမည်စာရင်း အသစ်များ တွေ့ရင် ထပ်မံတင်ပြပါဦးမယ်။

အခုတော့ ဒီလောက်နဲ့ဘဲ တော်လိုက်ပါဦးမယ်။ နောက်ပို့စ်တစ်ခုမှာ ကိုယ့်နာမည်ကို ပက္ခတ် မိ၊ မမိ စစ်ဆေးတဲ့နည်းကို ဆက်ပြီး တင်ပြသွားပါမယ်။

ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…