နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။

မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့ တနင်္ဂနွေသားသမီးဆိုရင် တနင်္ဂနွေနံဖြစ်တဲ့ (အ၊ဥ) နဲ့ပေးတယ်၊ တနင်္လာ သားသမီးဆိုရင် တနင်္လာနံဖြစ်တဲ့ (က၊ခ၊ဂ၊ဃ၊င) တွေနဲ့ ပေးမယ်။ အင်္ဂါသားသမီး ဆိုရင်လည်း (စ၊ဆ၊ဇ၊ဈ၊ည) နဲ့ ပေးမယ်ပေါ့

ကလေးကို သူမွေးတဲ့ နေ့အတိုင်း နေ့သင့်နံသင့်ပေးမှ မှန်ကန်တယ်လို့ ထင်နေကြသူတွေ တော်တော် များပါတယ်။ နောက်ပြီး တစ်ချို့ ဗေဒင်နည်းစနစ်တွေမှာ နေ့သင့်နံသင့်နာမည်ပေးခြင်းကို ပုံသေကျင့်သုံးနေကြ တဲ့အတွက် ဒါကိုမှ အမှန်ဘဲလို့ ထင်နေကြပုံရပါတယ်။

ကျွန်တော့်ရဲ့ လက်တွေ့သုတေနပြုချက်တွေအရ ကလေးတိုင်းကို နေ့သင့်နံသင့်နာမည်ပေးလို့ မရပါဘူး။ တစ်ချို့ကို ပေးလို့ရပေမယ့် တစ်ချို့ကျတော့ ပေးလို့မရပါဘူး။ ဒါဟာ မဟာဘုတ်ပညာအရ ကလေးမွေးဖွားတဲ့ ခုနှစ်၊ သက္ကရာဇ် အပေါ်မှာ အခြေခံ နေပါတယ်။ တစ်နှစ်နဲ့တစ်နှစ် ဂြိုဟ်တွေရဲ့ အင်အားဟာ မတူညီကြပဲ ဂြိုဟ်တစ်လုံးက ဒီနှစ်မှာ အားကောင်းတဲ့ ဂြိုဟ်ဖြစ်ပေမယ့် နောက်နှစ်မှာ အားနည်းတဲ့ဂြိုဟ်ဖြစ်သွားတတ်ပါတယ်။

ဒီလို အားနည်းတဲ့ဂြိုဟ်ဖြစ်နေတဲ့နှစ်မှာ နေ့သင့်နံသင့် နာမည်မှည့်လိုက်တဲ့အတွက် ရင်သွေးဖြစ်သူရဲ့ ပထမ အရွယ်မှာ ကျန်းမာရေး၊ ပညာရေးညံ့ခြင်း၊ အောင်မြင်မှုနည်းခြင်း၊ ဘဝကို ခက်ခဲစွာရုန်းကန်ရခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေ့သင့်နံသင့် ဖြစ်ဖို့မဖြစ်ဖို့ထက် မိမိရင်သွေးဘ၀ ကောင်းစားဖို့ကို ပိုပြီး အဓိက ထားသင့်တယ် မဟုတ်ပါလားခင်ဗျာ

အလွန်ထူးဆန်းတဲ့ နာမည်တွေကို မှည့်ထားပြီး ထူးထူးချွန်ချွန် ဖြစ်လာသူတွေကို အလွန်တွေ့ရခဲ လှပါတယ်။ လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ ထင်ပေါ်ကျော်ကြားတဲ့၊ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ် တော်တော်များများရဲ့ နာမည်တွေဟာ ခပ်ရိုးရိုးတွေဘဲဖြစ်နေတာကို သတိထားမိကြပါလိမ့်မယ်။

ဒါပေမယ့် သိပ်ရိုးစင်းနေလွန်းပြန်ရင်လည်း ခေတ်ရေစီးကြောင်းက ပြောင်းလဲလာတဲ့ အချိန်မှာ ခေတ်နဲ့ မဆီလျော်တာမျိုးလည်း မဖြစ်သင့်ဘူးပေါ့။ သိပ်ကို ဆန်းပြားလွန်းတဲ့ နာမည်တွေကို ပေးထားပြီး ဆိုဆုံးမလို့ မရတဲ့ သားသမီးတွေ အတော်များများကိုလည်း ကျွန်တော် တွေ့ဖူးလှပါပြီ။

ပြောချင်တာကတော့ နာမည်ကောင်းတစ်ခုဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပါယ်ကောင်းမွန်တဲ့ စာလုံးတွေပါတဲ့ နာမည်မျိုး၊ တိုင်စဉ်မှန်ကန်ပြီး အားရှိတဲ့ နာမည်မျိုး ဖြစ်ရပါမယ်။ ဒါမှသာ နာမည်ပိုင်ရှင်ကို ကောင်းကျိုးပြုနိုင်ပါတယ်။ ဒီလိုဆိုရင် နာမည်ကို လှလှလေးပေးလို့မရတော့ဘူးလား။ ခပ်ရိုးရိုးကြီးဘဲ ပေးရတော့မှာလားလို့ စောဒက တက်စရာ ရှိပါတယ်။

နာမည်ကို လှလှလေးတွေ ပေးလို့ရပါတယ်။ သိပ်ထူးထူးဆန်းဆန်းသာ မပေးသင့်တာပါ။ ဒီတော့ကာ စာလည်းရှည်သွားပြီဆိုတော့ နေ့သင့်နံသင့် နာမည်ပေးကြတဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ သိလောက်ပြီလို့ထင်ပါတယ်

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

You May Also Like
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…
Read More

နပိုလီယံ ဘိုနာပတ် နှင့် မဟာဘုတ် နာမည်အမှား

၁၈ရာစုနှစ် ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပြင်သစ် စစ်ဘုရင် နပိုလီယံဘိုနာပတ်ဆိုတာ ဗဟုသုတ မနည်းလှသူတို့ ကြားဖူးကြမှာပါ။ ဧကရာဇ်မင်းမျိုးမင်းနွယ်မဟုတ်ဘဲ သာမန်မိသားစုလေးက မွေးဖွားလာခဲ့တဲ့ နပိုလီယံဟာ ၁၈ ရာစုကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး အင်ပါယာသခင်ဖြစ်ခဲ့ပြီး မင်းဧကရာဇ်…