ဒဏ္ဍာရီထဲက သင်္ကြန်

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ သင်္ကြန်ဖြစ်ပေါ်လာပုံ ဒဏ္ဍာရီလေးတစ်ခု ရှိပါတယ်။ ဒီဒဏ္ဍာရီလေးကို ပြန်ဖတ်ချင်လို့ စာအုပ်ပုံတွေထဲမှာ ပြန်ရှာကြည့်တာ ရှာလို့မတွေ့တော့ပါဘူး။ အွန်လိုင်းပေါ်မှာ ရှိမလားလို့ ရှာကြည့်တော့လည်း မတွေ့ ပြန်ပါဘူး။ ဒါကြောင့် ငယ်ရွယ်သူ ညီငယ်ညီမငယ်များ ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ဒဏ္ဍာရီလေးကတော့ ဒီလိုပါ။

ဟိုရှေးရှေးတုန်းကပေါ့။ (ခုနှစ် အတိအကျမသိတော့ ဟိုရှေးရှေးတုန်းကဘဲ ပြောရမှာပေါ့)။ ဗာရာဏသီပြည်ကြီးမှာ “ကာဝါလမိုင်း” လို့ခေါ်တွင်တဲ့ ဆရာကြီးတစ်ယောက်ရှိခဲ့ပါတယ်။ ဒီ ကာဝါလမိုင်း ဆရာကြီးဟာ ဗေဒင်ပညာကို တစ်ဖက် ကမ်းခတ် ကျွမ်းကျင် တတ်မြောက်သူတစ်ဦးဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပါန် ၊ အနာဂါတ် (၃)ပါးလုံးကို အကုန်အစင် သိမြင်သူတစ်ဦး လို့ နာမည်ကျော်ကြားပါသတဲ့။ သူ့ရဲ နာမည်ဂုဏ်သတင်းဟာ ဘယ်လောက်ထိ ကျော်ကြားသလဲဆိုရင် လူ့ပြည်မှာသာမက နတ်ပြည် ၊ ဗြမ္မာ့ပြည် ထိအောင် သတင်းမွှေးပျံ့ နေပါသတဲ့။

တစ်နေ့တော့ နတ်ပြည်(၆)ထပ်ကို အစိုးရတဲ့ သိကြားမင်း ဟာ ပျင်းပျင်းရှိတာနဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစား လိုက်တော့ – – အင်း ၊ လူ့ပြည်က “ကာဝါလမိုင်း” ဆရာကြီးဟာ နာမည်ကတော့ အတော်ကြီးတာဘဲ။ ဒါပေမယ့် တကယ်တော်လို့နာမည်ကြီးတာလား/Sponsor ကြော်ငြာကောင်းလို့ နာမည်ကြီး တာလား ဆိုတာ ငါဆင်းပြီး စုံစမ်းသော် ကောင်းအံ့လို့ အကြံဖြစ်ပါသတဲ့ဗျား။ ဒါနဲ့ သိကြားတို့ရဲ့ တန်ခိုးနဲ့ လူ့ပြည်ကို ဆင်း၊ အသက် (၇၀)အရွယ် လောက် အဖိုးအိုကြီးသဏ္ဍန် ဆောင်ပြီး “ကာဝါလမိုင်း” ဆရာကြီးထံကို ချည်းကပ်ပါသတဲ့။

ဆရာကြီးရှေ့ကို ရောက်တော့ သိကြားမင်းယောင်ဆောင်ထားတဲ့ အဖိုးကြီးက ဒီလိုမေးပါတယ်။ “ဆရာကြီးရေ ၊ နတ်ပြည်က သိကြားမင်းဟာ အခုအချိန် ဘယ်မှာ ရောက်နေပါသလဲ” လို့ မေးပါတယ်။ “ကာဝါလမိုင်း” ဆရာကြီးဟာ အမေးရှိသော် အဖြေရှိအံ့ ဆိုတာလို တမဟုတ်ခြင်း တွက်ချက်ပြီး “အဘိုး ခင်ဗျား၊ သိကြားမင်း အခု လူ့ပြည်မှာ ရောက်နေပါတယ်” လို့ ဖြေလိုက်ပါတယ်။ ဒါနဲ့ သိကြားမင်းက မကျေနပ်သေးဘဲ “ဒါဆို၊ ဘယ်အရပ် ဘယ်ဒေသမှာ ရှိနေတယ်ဆိုတာကိုပါ ပြောနိုင်မလား” လို့ ထပ်ပြီး အကွန့်တက်လိုက်ပါတယ်။ (ပညာ ထပ်စမ်းတာပေါ့လေ)

ဆရာကြီးကလည်း လူ့ပြည်၊ နတ်ပြည်တလွှား ကျော်ကြားလှတဲ့ ဆရာ့ ဆြာကြီးဘဲဆိုတော့ ဘယ်မှာ တွေဝေနေမလဲဗျ။ ချက်ခြင်း တွက်ချက်လိုက်ပြီး “သိကြားမင်းဟာ အခု ကျွန်ုပ်၏ ရှေ့မှောက်၌ ရောက်နေပါသည်၊ အသင်သည်ပင် သိကြားမင်း ဖြစ်ပေတော့သည် ” လို့ ပြောချလိုက်ပါတော့တယ်။

ဒီတော့မှ အဖိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းလည်း “ဝုန်းကနဲ” (ဗုံးပေါက်ခြင်းမဟုတ်ပါ) ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနဲ့ သိကြားမင်းအသွင် ကိုယ်ထင်ပြကာ “ဆရာကြီးဟာ နာမည်ကြီးသလောက် တော်ပါပေတယ်” လို့ ချီးမွမ်းပြော ဆိုပြီး နတ်ပြည်ကို ပြန်တက်သွားပါတော့တယ်။ (ဉာဏ်ပူဇော်ခလေး ဘာလေး ချီးမြှင့်သွားဖို့တော့ သတိရဟန် မတူပါ)

ကာဝါလမိုင်းဆရာကြီးကတော့ ဗေဒင်ဆြာအတော်များများရဲ့ ၀သီအတိုင်း ပိုက်ဆံ တပြားမှ ရရ, မရရ ကိုယ့်ကို မှန်တယ်/မှန်တယ်နဲ့ မြှောက်ပြောတာနဲ့တင် အားရကျေနပ်ပြီး ဖြစ်တာမို့ “အင်း – သိကြားမင်း ကလည်း ဗေဒင်မေးတာကို ဝါသနာပါရှာသကိုး” လို့ ရေရွတ်ပြောဆိုရင်း ကျေနပ်ပြီး ကျန်ခဲ့သတဲ့ကွယ်။

ဇာတ်လမ်းလေးက ဒီမှာတွင် မပြီးသေးဘူးခင်ဗျ။ “ကိုရီးယား ဇာတ်လမ်း” တွေလို ဆက်ရန် ရှိပါသေးတယ်။ ဇာတ်လမ်း အဆက်က ဒီလိုလာပြန်ပါတယ်။

တစ်နေ့တော့ “သိကြားမင်း နဲ့ ဗြမ္မာမင်း” တို့ဟာ ဗေဒင်တွက်နည်း တစ်ခုနဲ့ ပတ်သတ်ပြီး အငြင်းအခုန် ဖြစ်ကြပါသတဲ့။ သိကြားမင်းက သက္ကရာဇ်ကို (၇) စားကိန်းနဲ့ ဟောတာက မှန်တယ်လို့ အဆိုပြုပါတယ်။ ဒါကို ဗြမ္မာမင်းက “မဟုတ်ဘူး၊ သက္ကရာဇ်ကို (၈) စားကိန်းနဲ့ ဟောတာကမှ မှန်တယ်လို့ ငြင်းသတဲ့။ (တစ်ချို့ကျပြန်တော့လည်း (၇)ခုစား(၈)ခုစားကို ငြင်းတာမဟုတ်ဘဲ မင်္ဂလာပြုအပ်/မပြုအပ်တဲ့ နေ့ကို ငြင်းတာလို့လည်း ဆိုကြပြန်ပါတယ်၊ အဓိက ကတော့ ပြဿနာတစ်ခုကို ငါမှန်တယ်/သူမှားတယ် အငြင်းအခုန် ဖြစ်ကြတာပါဘဲ)

ငါမှန်တယ် သူမှားတယ်လို့ အပြိုင်အဆိုင် ငြင်းခုန် နေကြတာများ လူ့ပြည်က ဗေဒင်ဆြာတွေလိုပေါ့ခင်ဗျာ။ ကိုယ့်ဟာကိုယ်တော့ မှန်တယ်လို့ ထင်ကြတဲ့ သူတွေ ချည်းပါဘဲ။ လူ့ပြည် ၊ နတ်ပြည်၊ ဗြမ္မာ့ပြည် ဘယ်နေရာရောက်ရောက် ပုထုဇဉ်သဘာ၀အတိုင်း သိပ်မထူးလှပါဘူး။ နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်နေကြတာပါဘဲ။

ဒီလိုနဲ့ ဘယ်သူကမှ အရှုံးမပေးကြတော့ နောက်ဆုံးမှာ လူ့ပြည်က “ကာဝါလမိုင်း ဆရာကြီး” ထံမှာ အဆုံးအဖြတ် ခံကြဖို့ သဘောတူကြပါတယ်။ (အုန်းပင်တက်ကောင်း လတ်မှတ်ရတယ်ဆိုတာ ဒါမျိုးပေါ့ခင်ဗျာ)။ အောင်မယ် – လောင်းကြေး ကတော့ မသေးဘူး ခင်ဗျ။ ရှုံးတဲ့ သူက ခေါင်းဖြတ်ခံကြေး ဆိုဘဲ။ ဒီခေတ် အင်္ဂလန် ပရီးမီးယားလိခ်က “ဘွတ်ကီဒိုင်တွေ” လက်ဖျားခါ လောက်တဲ့ လောင်းကြေး ခင်ဗျ။

ဒါနဲ့ ဆရာကြီးရှေ့ရောက်တယ်ဆိုရင်ဘဲ ပြဿနာကို တင်ပြကြပြီး အမှား/အမှန်ကို ဆရာကြီး ဆုံးဖြတ်ပေးတဲ့အတိုင်း လိုက်နာဖို့ သဘောတူကြပါတယ်။ ဆရာကြီးက “လောင်းကြေး” သိပ်မြင့်နေလို့ (လောင်းကစား ဥပဒေနဲ့ ညိမှာစိုးပြီး) ငြင်းသေးတယ် ဆိုဘဲ။ နောက်ဆုံး ငြင်းမရတော့ “သိကြားမင်းပြောတဲ့ သက္ကရာဇ်ကို (၇)စားကိန်းသည်သာ မှန်ကန်သည်” လို့ အဖြေပေးလိုက် ပါတော့တယ်။ (သိကြားမင်းက သူ့ကို ချီးမွမ်းဘူးထားလို့ မျက်နှာလိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ)

သိကြားမင်းဟာ အနိုင်ရသွားပေမယ့် ဗြမ္မာမင်းရဲ့ ဦးခေါင်းကို မဖြတ်လိုကြောင်း သဘောထားကြီးစွာနဲ့ ပြောလိုက်သတဲ့။ (လူပြည်က လူတွေရဲ့ စကားမျိုး ပြောရရင် .

“ရပါတယ် သူငယ်ချင်းရာ- ဘာလုပ်မှာလဲကွာ- အချင်းချင်းတွေဘဲဟာ” “ပြီးပြီးသာ ပြီးပါစေတော့ကွာ” ဆိုပြီး ကျောသပ် ရင်သပ်နဲ့လုပ်ပြတာပေါ့ဗျာ)

ဒါပေမယ့် ဗြမ္မာမင်းက မရဘူးခင်ဗျ။ အတော် မာနကြီးဆိုဘဲ။ မာနကလည်း ကြီး၊ ရှုံးနိမ့်သွားလို့ ဒေါသကလည်း အင်မတန် ထွက်နေတော့ “မရဘူး – မင်းမဖြတ်ရင်၊ ငါဖြတ်တယ်ကွာ” ဆိုပြီး ကိုယ့်ခေါင်းကို ကိုယ့်လက်ညှိုးနဲ့ ရစ်ပြီး ဖြတ်ချလိုက်ပါတော့တယ်။

သိကြားမင်းခမျာလည်း အံ့အားသင့်လွန်းလို့ ပါးစပ်ဟောင်းလောင်းဖြစ်နေရာကနေ ရုတ်တရက် ပြတ်ကျလာတဲ့ ဗြမ္မာမင်းရဲ့ ဦးခေါင်းကို ဒိုက်ဗင် ပစ်ပြီး ဖမ်းယူလိုက်ရပါသတဲ့။ (မူရင်း ဇာတ်လမ်းထဲမှာ ဒိုက်ဗင်ပစ်တာ မပါပါဘူး။ ကိုယ့်ဟာကိုယ် ပုံဖေါ် ကြည့်တာပါ၊ ဒီလိုမှ မဖမ်းရင် အောက်ကို ပြုတ်ကျသွားမှာပေါ့၊ မဟုတ်ဘူးလား)

ဒီလို မဖမ်းလိုက်ရင်လည်း မဖြစ်ဘူးခင်ဗျ။ ဒေါသအမျက် အချောင်းချောင်းထွက်နေတဲ့ ဗြမ္မာမင်းရဲ့ ဦးခေါင်းဟာ မဟာပထဝီ မြေကြီးပေါ် ကျရင်လည်း ၊ မီးဟုန်းဟုန်း တောက်လောင်မယ်။ ပင်လယ် သမုဒ္ဒရာတွေထဲကျရင်လည်း ရေတွေဟာ ပွက်ပွက်ဆူပြီး ခမ်းခြောက်သွားမယ်။ ကောင်းကင်ထဲမှာဘဲ ထားမယ်ဆိုရင်လည်း ကပ်ကမ္ဘာတစ်ခုလုံး မိုးမရွာတော့ဘဲ မိုးခေါင်ရေရှားပြီး သတ္တဝါတွေ သေကြပျက်စီးကြမယ် ဆိုဘဲ။

ဒီတော့ သိကြားမင်းဟာ ဗြမ္မာကြီးဦးခေါင်းကို လက်က ကိုင်ထားရင်းနဲ့ “ကာဝါလမိုင်းဆရာကြီး” ကို သံလျှက်ကို ပေးပြီး “ဆရာကြီးခင်ဗျား၊ မြောက်အရပ်ကို သွားပြီး၊ ပထမဆုံး တွေ့တဲ့ သတ္တဝါ တစ်ကောင်ရဲ့ ဦးခေါင်းကို ဖြတ်ယူလာခဲ့ပါ” လို့ ဆိုသတဲ့။

ဆရာကြီးလည်း သိကြားမင်းရဲ့ သံလျှက်ကို ယူပြီး မြောက်အရပ်ကို ထွက်လာခဲ့ပါတယ်။ ပထမဆုံး စ,ပြီး တွေ့တဲ့ သတ္တဝါကတော့ “ဆင်ကြီးတစ်ကောင်” ခင်ဗျ။ ဒါနဲ့ ဆရာကြီးလည်း သိကြားမင်းပေးတဲ့ သံလျှက်နဲ့ ဆင်ကြီးရဲ့ ဦးခေါင်းကို ဖြတ်ယူလာခဲ့ပါသတဲ့။ ဒါနဲ့ သိကြားမင်းဟာ ဆင်ခေါင်းကို ယူပြီး ၊ စောစောက ခေါင်းပြတ်နေတဲ့ ဗြမ္မာကြီးရဲ့ ကိုယ်လုံးပေါ်မှာ (သိကြားမင်းရဲ့တန်ခိုးနဲ့) ဆက်ပေးလိုက်ပါတယ်။ ဒီတော့မှ ဗြမ္မာမင်းရဲ့ ကိုယ်ခန္ဓာကြီးဟာ ပြန်လည် အသက်၀င် လာပါတော့တယ်။

ဒါပေမယ့် သူဟာ “ဗြမ္မာမင်း” တော့ ပြန်ဖြစ် မလာဘူး ခင်ဗျ။ “ဆင်ဦးခေါင်း နဲ့ ဗြမ္မာကိုယ်ခန္ဓာ” ရှိတဲ့ နတ်တစ်ပါး အဖြစ် ပြန်လည် မွေးဖွားလာခဲ့ပါတယ်။ သူကတော့ မြန်မာလူမျိုးတွေ “မဟာပိန္နဲနတ်”လို့ အသိများတဲ့ နတ်မင်း ဖြစ်ပါတယ်။

## ဒီမှာ လာပြီနော်။ အဲဒီ “မဟာပိန္နဲနတ်မင်း” ဟာ ဟိန္ဒူလူမျိုးတွေ ကိုးကွယ်ယုံကြည်တဲ့ “Ganesh” “ဂနိရှ” နတ်မင်းလို့ (လုံးဝ)မဆိုလိုပါဘူးနော်။ လူမျိုး၊ ကိုးကွယ်မှု ၊ ယဉ်ကျေးမှုခြင်း မတူတော့ ရုပ်သွင်သာ တူနေပေမယ့် မတူပါဘူး။ ဗုဒ္ဓဘုရားရှင်ကို ဟိန္ဒူဘာသာ၀င်တွေက “ဗိဿနိုး” ၀င်စားတာလို့ ယူဆ သလိုပေါ့ဗျာ။ ကိုယ့်လူမျိုး/ဘာသာ အယူအဆနဲ့ ကိုယ်ပေါ့။ ##

ဒီလို ဗြမ္မာမင်းရဲ့ လက်ကျန် ကိုယ်ခန္ဓာကြီးကို စာရင်းရှင်းပြီးတဲ့ အခါမှာ သိကြားမင်း လက်ထဲမှာ ကိုင်ထားတဲ့ “ဦးခေါင်း” က ပြဿနာဖြစ်လာပါတယ်။ ဒါကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲ။ လွယ်ပါတယ်။ နတ်ပြည်မှာ နတ်သမီးတွေ ပေါ မှ ပေါဘဲ ။ ဒီတော့ နတ်ပြည်မှာ “လတ်လျားလတ်လျား” လုပ်နေတဲ့ နတ်သမီးတွေကို တာ၀န်ပေးလိုက်တာပေါ့။

ဒီတော့ သိကြားမင်းရဲ့ အမိန့်အတိုင်း နတ်သမီး (၁၂)ပါးကို စက်ဝိုင်းပုံနေရာယူကာ ဗြမ္မာမင်းကြီးရဲ့ ဦးခေါင်းကို နတ်သမီး တစ်ပါးကနေ တစ်ပါးကို အလှည့်ကျ ကိုင်ပြီး လွှဲပြောင်းပေးရပါတယ်။ ဒီအချိန်ဟာ လူ့ပြည်မှာ သင်္ကြန်ကျတဲ့ အခါသမယ ဖြစ်ပါတယ်။

လက်ရှိ ကိုင်နေတဲ့ နတ်သမီးရဲ့ လက်ထဲကနေ နောက်နတ်သမီးတစ်ပါးရဲ့ လက်ကို အပြီးလွှဲပြောင်း ပေးပြီးရင် နှစ်ဆန်းတစ်ရက်ဆိုပြီး နှစ်သစ်တစ်နှစ် ပြောင်းပါတယ်။

နတ်သမီးတစ်ပါး ရဲ့ လက်ထဲကနေ နောက် နတ်သမီးတစ်ပါးရဲ့ လက်ကို ဗြမ္မာ့ကြီးရဲ့ ဦးခေါင်း ရောက်ရှိ သွားချိန်ကို “ နှစ်ဆန်းတစ်ရက်နေ့” လို့ ခေါ်ပါတယ်။ နတ်သမီးတစ်ပါးရဲ့ လက်ထဲမှာ ခဏလေးရှိနေတဲ့ အချိန်ဟာ လူ့ပြည်မှာ တစ်နှစ်ပြည့်သွားပါတယ်။

ဒါကြောင့် လူ့လောကထဲမှာ ဆိုးလွန်းပေလွန်းလို့ ဟိုအိမ်ပို့၊ ဟိုကျောင်းပို့၊ ဟိုသင်တန်းပို့၊ ဟိုဘော်ဒါပို့ လုပ်နေရတဲ့ သားသမီးများကို “ဗြမ္မာကြီးရဲ့ ဦးခေါင်း” လို့ တင်စားပြောကြတာပေါ့ဗျာ။

ဒါကတော့ ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတဲ့ “ဒဏ္ဍာရီထဲက သင်္ကြန်အကြောင်း” ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ ဟိန္ဒူအယူဝါဒနဲ့ ရောယှက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဒဏ္ဍာရီ တစ်ကယ် ဟုတ်/မဟုတ် ဆိုတာတော့ ဘယ်သူမှ အတိအကျ သိနိုင်မှာ မဟုတ်ပါဘူး။ ဒဏ္ဍာရီ တစ်ခု နဲ့ တစ်ခုလည်း ကွဲလွဲချက်လေးတွေ ရှိနေ ပါတယ်။ ယုတ္တိဗေဒရှုထောင့်က ကြည့်ရင်တော့ ယုတ္တိ ရှိလှတယ် မဆိုနိုင်ပါ။

ဒါပေမယ့် တကယ်တော့ ဒဏ္ဍာရီ ဆိုတာကလည်း ယုတ္တိရှိရှိ/မရှိရှိ သမိုင်းအမွေအနှစ် တစ်ခုဖြစ်ပါတယ်။ “ဂရိ” နိုင်ငံကတော့ သူတို့ရဲ့ ဒဏ္ဍာရီထဲက “ဂရိနတ်တွေ” တွေရဲ့ ရုပ်ထုတွေ ၊ သမိုင်းကြောင်းတွေကို ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပြီး ဂုဏ်ယူနေကြချိန်မှာ . . မြန်မာပြည်မှာတော့ (၃၇)နတ်မင်းကို “ငါ” ကိုင်တုပ်နေပြီး ရှုတ်ချနေကြတာတော့ ၀မ်းနည်းစရာပါ။

ကျွန်တော်ပြောတာ နတ်ကို ကိုးကွယ်ရမယ်လို့ လုံးဝမဆိုလိုပါ။ (၃၇)နတ်မင်းတွေဟာ #သရဏံ မထိုက်ပါဘူး။ ကိုးကွယ်ရင် သရဏဂုံပျက်ပါတယ်။ ဒါပေမယ့် သမိုင်းအမွေအနှစ်တစ်ခုအနေနဲ့တော့ ထိမ်းသိမ်းသင့်ပါတယ်။ ဒါဟာ လူမျိုးတစ်မျိုး ရဲ့ အဆင့်အတန်းကို ဆုံးဖြတ်တာလည်း ဖြစ်တယ်။ (အာဖဂန်နစ္စတန်မှာ သမိုင်း၀င် ဗုဒ္ဓဆင်းတုကြီးတွေကို ဖျက်ဆီးပစ်လိုက်တာဟာ သူ့လူမျိုးရဲ့ အဆင့်အတန်းကို ဖော်ပြလိုက်တာမျိုးပေါ့)

ဒီမှာဘဲ မြန်မာ့ရိုးရာ သင်္ကြန်နဲ့ ဆိုင်တဲ့ ဒဏ္ဍာရီလေး ပြီးဆုံးပါပြီ။

မြန်မာ့နှစ်သစ်ကူးအချိန်မှာ လူသားအားလုံး ကံကောင်းခြင်းလက်ဆောင်ကို ခံစားနိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)