ဒီနေ့ ဧပြီလ(၁၁)ရက်နေ့ဟာ ကျွန်တော့်ရဲ့ မွေးနေ့ပါ။ အသက် (၄၈)နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။
ဒီနေ့အတွက် ဘာကိုမှ မရေးခင်၊ မပြောခင် ပထမဆုံးပြောချင်တာက “အားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားပါ။
ဟုတ်ပါတယ်။ မွေးနေ့မရောက်ခင် ပြီးခဲ့တဲ့ (၁)လအတွင်းမှာ ကျွန်တော် အတော်လေး မကျန်းမမာဖြစ်လိုက်ပါတယ်။ ကျွန်တော် မကျန်းမာတာကို သတင်းစကား ကြားသိကြတဲ့အတွက် C-box ထဲကနေရော၊ မေးလ်နဲ့ပါ မေးမြန်းကြတဲ့၊ ဆုတောင်းပေးကြတဲ့ ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ တစ်ချို့လည်း မသိလိုက်ကြလို့ မမေးမြန်း နိုင်ကြတာပါ။ ကျွန်တော်ကလည်း အသိမပေးခဲ့ပါဘူး။ မေးမြန်းကြတဲ့သူတွေကလည်း တဆင့်စကား တဆင့်နားနဲ့ ကြားသွား ကြဟန် တူပါတယ်။
စိတ်ပူပင်စွာနဲ့ မေးမြန်းခဲ့ကြတဲ့ – ကို Kelvin နဲ့ မမိုးသိုက်၊ ကိုတေးအေးရိပ်၊ ကိုရမ်းဂန်း၊ ကိုချမ်းမြေ့ဦး၊ မစောလှမြတ်၊ လွင်စိုး၊ မနီနီဇော်၊ မကဲကဲ၊ မမွန်၊ မချို၊ မေဇူး၊ modeiboy.boy ၊ မချောချော၊ မမေရီ၊ မခင်ခင်၊ ကိုကျော်မင်းထွန်း၊ ကိုပြည့်ဖြိုးကျော်၊ Fionas’MUM၊ စန်း၊ သီတာ၊ မမေမွန်၊ မစန္ဒာ၊ မသက်၊ ကေ၊ kissdevil ၊ lei lei lwin ၊ NTA၊ Thwezaraung ၊ ဇော်ဇော်မြင့်၊ Loveboylay ၊ မခင်မျိုးနွယ်၊ ကိုမျိုးချစ်၊ နန်းစောလေး၊ ytt တို့နဲ့ ကျန်သူအားလုံးကို အထူးကျေးဇူးမိပါတယ်။
ခက်ခဲကြမ်းတမ်းလှတဲ့ ကာလတစ်ခုကို ဖြတ်ကျော်ပြီး ကျွန်တော့်ရဲ့(48)နှစ်ပြည့် မွေးနေ့ကို ရောက်ရှိလာခဲ့ပါပြီ။ ဗေဒင်ပညာ ဆိုတဲ့ ရှေ့ဖြစ်ဟောပညာကို တတ်မြောက်ထားခြင်းမှာ ကောင်းတာ ရှိသလို၊ မကောင်းတာလည်း ရှိပါတယ်။ အဆိုးဆုံး ကိစ္စကတော့ “ကိုယ်ကံမကောင်းမယ့် အချိန်ကို အကြမ်းဖျဉ်း သိရှိနေခြင်း” ဖြစ်ပါတယ်။
အခုဖြတ်သန်းခဲ့တဲ့ အသက် (48)နှစ်ဟာ (4) ဂဏန်း နဲ့ (8) ဂဏန်း တွေ့ဆုံတဲ့ နှစ်လည်း ဖြစ်ပြီး သက္ခတ်ကလည်း “အင်္ဂါ” သက္ခတ်ဖြစ်လေတော့ “ယူရေးနပ်စ်ဂြိုဟ်၊ စနေဂြိုဟ် နဲ့ အင်္ဂါဂြိုဟ်” ( 4 x 8 x 9 ) (၃)လုံး ဆုံတွေ့တဲ့ နှစ် ဖြစ်ပါတယ်။ ဒီနှစ်ထဲ မှာ ကျန်းမာရေးနဲ့ မတော်တဆ ထိခိုက်မှု တစ်ခုခုတော့ ဖြစ်လိမ့်မယ်ဆိုတာ ကြိုတင်မှန်းဆ ပြီးသားဖြစ်ပါတယ်။
2010 မတ်လ (၁၄)ရက် ကနေ ဧပြီလ (၁၀)ရက် ကာလ အတွင်းမှာ “အင်္ဂါသက္ခတ်ရဲ့ အင်္ဂါဘုတ္တိ” ကာလဖြစ်လို့ အဆိုးဆုံးတွေ ဖြစ်လာနိုင်တာကို ကြိုတင်တွက်ဆထားပါတယ်။ ဒါပေမယ့် “ဘာဖြစ်မယ်” ဆိုတာတော့ တိတိကျကျ ပြောဖို့ ခက်လှပါတယ်။ ကျန်းမာရေး ကိစ္စလို့သာ တွက်ချက်နိုင်ပြီး ဘာရောဂါဖြစ်မယ်ဆိုတာ သိပ်မသေချာလှပါဘူး။
မတ်လ (၂၉)ရက်နေ့မှာ ကျွန်တော့်မျက်နှာတစ်ခြမ်း “လေဖြန်း” လုနီးပါး ဖြစ်သွားပါတယ်။ အသိနဲနဲစောလိုက်လို့ “လေဖြတ်” တဲ့အခြေအနေအထိ ရောက်မသွားခဲ့တာပါ။ အချိန်မှီ ဆေးကုသမှုကြောင့် ကံကောင်းထောက်မစွာ အဆိုးဝါးဆုံးကာလတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။
ကျန်းမာရေးအခြေအနေကြောင့် ကိုယ့်ဆိုဒ်ကို ပြန်လှည့်မကြည့်နိုင်ဘဲ “ပစ်ထား” ရတာ တစ်လနီးပါး ရှိသွားပါပြီ။ ပို့စ် အသစ်တွေ မတင်နိုင်သလို လစဉ်ဟောကိန်းကိုလည်း တင်မပေးနိုင်ခဲ့တာမို့ စောင့်မျှော်နေကြတဲ့ စာဖတ်ပရိတ်သတ် အားလုံးကို အနူးအညွတ်တောင်းပန် ချင်ပါတယ်။ ခွင့်လွှတ်နားလည် ပေးကြပါ။
အခု ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီမို့ “ဧပြီလအတွက်ဟောကိန်းများ” ကို ရေးနေပါတယ်။ ဒါပြီးရင် “မြန်မာနှစ် ၁၃၇၂ ခုနှစ် တနှစ်တာ ဟောကိန်းများ” ဆက်ပြီး တင်ဆက်ပေးပါ့မယ်။ နောက်တစ်ရက် ၊ နှစ်ရက်အတွင်း တင်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် သင်္ကြန်တွင်း တရားစခန်းမဝင်ဖြစ်တော့တာမို့ ပို့စ်အသစ် များကိုလည်း ဆက်တိုက် တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။ သည်းခံစောင့်စားပေးကြတဲ့သူ အားလုံးကို ကျေးဇူးလည်းတင်၊ အားလည်း နာလှပါတယ်။
ညီအစ်ကို မောင်နှမ အားလုံး ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်သစ်ကူး သင်္ကြန်ကာလကို ဖြတ်သန်းနိုင်ကြပါစေ။
ကနေ့ လူကလည်း နေလို့ထိုင်လို့ အလွန်ကောင်းနေတာမို့ (၇)ရက်သားသမီးများအတွက် ဧပြီလဟောကိန်းများကို တစ်ထိုင်တည်းနဲ့ ရေးလို့ ပြီးစီးသွားပါတယ်။ ဒါကြောင့် ကနေ့မှာဘဲ ဆက်တိုက်တင်ပေးလိုက်ပါတယ်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)