အမေရိကန်နိုင်ငံ , အိုဘားမားနဲ့ (4)ဂဏန်း အကြောင်းကို ရေးပြီးတော့ (4)ဂဏန်း အကြောင်းကို ဆက်ပြီး ရေးချင်စိတ် ပေါ်လာလို့ ရေးလိုက် တယ်ဗျာ။ ဗဟုသုတပေါ့။
(4)ဂဏန်းဟာ ဂဏန်းဗေဒင်ပညာမှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂဏန်း တစ်ခုပါ။ (4)ဂဏန်းဟာ ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇော ဆိုတဲ့ မူလဘူတ ဓါတ်ကြီး (4)ပါးကို ကိုယ်စားပြုတဲ့ ဂဏန်းပါ။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပဋိစ္စသမုပ္ပဒ်ဆိုတဲ့ သစ္စာတရားဟာ (4)ပါးရှိပါတယ်။ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ နဲ့ နိယောဓ သစ္စာတို့ ဖြစ်ပါတယ်။ လောကမှာ “ပညတ်” တရားတွေ ဘယ်လောက် များများ၊ “ပရမတ်” တရားကတော့ (4)ခုသာ ရှိပါတယ်။ “စိတ်၊ စေတသိက်၊ ရုပ် ၊ နိဗ္ဗာန်” တို့ဘဲဖြစ်ပါတယ်။ (4)ဂဏန်း အတွဲပါဘဲ။
နောက်ပြီး မဟာဘုတ်ပညာမှာ သုံးတဲ့ “အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ” ဆိုတာ တကယ်တော့ ဂြိုဟ်တစ်ခု နဲ့ တစ်ခု “စတုရန်း အစီအစဉ်နဲ့” ချထားတာ မဟုတ်ပါလား။ ဂြိုဟ်တစ်ခုကနေ ဂြိုဟ်တစ်ခုကို (4)ခုမြောက် ရေတွက်ပြီး ချထားတာဖြစ်တယ်။ (၁ – ၄ – ဝ – ၃ – ၆ – ၂ – ၅ )
ဂြိုဟ်စား သက်ရောက်ခွင်မှာ မကောင်းတဲ့ဂြိုဟ်စားဖြစ်တဲ့ “ဘုမ္မိဂြိုဟ်” ဆိုတာကလည်း မိမိမွေးဖွားတဲ့ မူလဂြိုဟ်ကနေ စတင်ရေတွက်ရင် (4)ခုမြောက်ကျတဲ့ သက်ရောက်ခွင်ဘဲဖြစ်ပါတယ်။
အင်္ဂဝိဇ္ဇာ ဓါတ်ရိုက်ဓာတ်ဆင် ပညာမှာ စတုရန်းဂြိုဟ်ကို “သတ်တတ်တဲ့” ဂြိုဟ် တစ်ခုလို့ သတ်မှတ်ပါတယ်။ “စတုရန်း၊ ခံနိုင်စွမ်းမရှိ” ဆိုပြီး ဆိုရိုးရှိပါတယ်။ နံတစ်ခုကို သတ်ချင်ရင် သူ့ရဲ့ စတုရန်းဂြိုဟ်နဲ့ သတ်ရင် လုံးဝမခံနိုင် ပါဘူးလို့ဆိုလိုတာပါ။ (သတ် တယ်ဆိုတာ ဗေဒင်ဝေါဟာရပါ။ အနိုင်ရအောင် လုပ်တာကို ပြောတာပါ။ သတ်တာဖြတ်တာ မဟုတ်ပါဘူး)
မြန်မာ့ဗေဒင်ပညာမှာတော့ (၄)ဂဏန်းကို ဗုဒ္ဓဟူးဂြိုဟ်ပိုင်တဲ့ ဂဏန်းလို့ ယူဆပြီး၊ အနောက်တိုင်း နျူမရိုလိုဂျီ (Numerology) ပညာမှာတော့ (4)ဂဏန်းကို ယူရေးနပ်စ်ဂြိုဟ်က ပိုင်တယ်လို့ ယူဆပါတယ်။
ထူးဆန်းတာက မြန်မာမှာ (၄)ဂဏန်းကို (၂)ဆပွားလိုက်ရင် ဖြစ်လာတဲ့ (၈)ကို ရာဟုဂြိုဟ်လို့ သတ်မှတ်ပြီး အဲဒီ ရာဟုဂြိုဟ် ဟာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ လုံးဝမတည့်တဲ့ ဂြိုဟ်ဖြစ်နေပါတယ်။ “ ဦးညို၊ ခေမာ၊ သုတာ၊ ဝေရီ” ရန်စီစီ လို့ သတ်မှတ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်သက်ရောက်ခွင်ကနေ စတင်ရေတွက်ရင် (၄)ခုမြောက်ခွင်ဖြစ်တဲ့အတွက် ရာဟုဟာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဘုမ္မိဂြိုဟ် ဖြစ်ပြီး ဗုဒ္ဓဟူးဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ဂြိုဟ်ဖြစ်ပါတယ်။ ဗုဒ္ဓဟူးသားသမီး တွေဟာ ရာဟုဂြိုဟ် သက်ရောက် ထဲမှာ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးတွေ ဒုက္ခပေးတတ်ပါတယ်။
အဲဒီလိုဘဲ အနောက်တိုင်းမှာ (4)ဂဏန်းကို (၂)ဆပွားလိုက်ရင် ဖြစ်လာတဲ့ (8)ဂဏန်းကို စနေဂြိုဟ်လို့ သတ်မှတ်ပြီး အဲဒီစနေဂြိုဟ်ဟာလည်း ယူရေးနပ်စ် ဂြိုဟ်နဲ့ လုံးဝမတည့်တဲ့ ဂြိုဟ်ဖြစ်နေပါတယ်။ ရာဟုဂြိုဟ်ဟာ ဗုဒ္ဓဟူးဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်သလို စနေဂြိုဟ်ဟာလည်း ယူရေးနပ်စ် ဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေး နိုင်ပါတယ်။
(4)ဂဏန်းဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ် နဲ့ (8) ဂဏန်းဖြစ်တဲ့ စနေဂြိုဟ်တို့တွေ့တဲ့ အခါတိုင်းမှ ပြဿနာကြီးတွေ ဖြစ်တတ် တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲသည်လို ပြဿနာဖြစ်တိုင်း နောက်ဆုံး အနိုင်ရသွား တာက (8) ပါ။ (4) နဲ့ (8) ဟာ ရန်ဘက်ဖြစ်ပေမယ့် များသောအားဖြင့် ပြဿနာဖြစ်ရင် (4) ကရှုံးပြီး (8) ကသာ နိုင်တတ်တာကို သတိပြုမိပါတယ်။
ဒါကြောင့် (4)ဂဏန်း သမားတွေဖြစ်တဲ့ (4)ရက် ၊ (13)ရက်၊ (22)ရက်၊ (31)ရက်နေ့မွေးတဲ့သူတွေဟာ (8) ဂဏန်းကို အထူးသတိပြုပါ။ ဒုက္ခပေးတတ်ပါတယ်။ အသက်ကို ပေါင်းလိုက်ရင် (8) ကျတဲ့နှစ်တွေဖြစ်တဲ့ (17) ၊ (26)၊ (35)၊ (44)၊ (53)၊ (62)၊ (71)၊ (80) နှစ်တွေဟာ မကောင်းတတ်ပါဘူး။ နောက်ပြီး (4) နဲ့ (8) တွဲနေတဲ့ (48) နှစ် (84) နှစ်တွေလည်း မကောင်းပါဘူး။ (8)ဂဏန်းပါတဲ့ (18) ၊ (28) ၊ (38) ၊ (48) ၊ (58) ၊ (68) ၊ (78) ၊ (88) နှစ်တွေလည်း သတိထားရပါမယ်။
နောက်ပြီး ခရစ်သက္ကရာဇ်ကို ပေါင်းလိုက်ရင် (8) ကျတဲ့ (2006) လို နှစ်မျိုးလည်း (4)ဂဏန်း သမားတွေ အတွက် မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ (2006) ခုနှစ်တုန်းက (4)ဂဏန်းသမား အတော်များများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ အတော်ညံ့ခဲ့ကြတာကို သတိထားမိပါတယ်။ မယုံရင် လက်တွေ့လေ့လာကြည့်ပါ။
အခု (2008) ကျတော့ကော။ နောက်ဆုံးမှာ (8)ပါနေလို့ (4)ဂဏန်းသမား အတော်များများ အဆင်မပြေ ကြပါဘူး။ အမေရိကန်နိုင်ငံဟာ ဇူလိုင်လ (4)ရက်နေ့မှာ တည်ထောင်ခဲ့လို့ (4) ဂဏန်းစိုးမိုးတဲ့ နိုင်ငံတစ်ခုပါ။ 1776 ခုနှစ်မှာ နိုင်ငံတည်ထောင်ခဲ့တာမို့ အခု 2008 ခုနှစ်မှာ အနှစ် (233) နှစ်ထဲကို ရောက်လာတဲ့အချိန် (2+3+3) ပေါင်းရင် (8)ဂဏန်း ဖြစ်နေပြီး 2008 မှာလည်း (8) ပါနေတာမို့ စီးပွားပျက်ကပ်လိုမျိုး ကြုံရတာလို့ ယူဆနိုင်ပါတယ်။
(4)ဂဏန်းသမားများအကြောင်း တစေ့တစောင်း
(4)ဂဏန်းသင်္ချာအကြောင်း ပြောပြပြီးရင် (4)ဂဏန်း သမားတွေဖြစ်တဲ့ အင်္ဂလိပ်ရက် (4)ရက်၊ (13)ရက်၊ (22)ရက် နဲ့ (31)ရက် နေ့ဖွားများ အကြောင်း ပြောပြချင်ပါသေးတယ်။
(4)ဂဏန်းသမားတွေဟာ လူ့ဘောင်လူ့လောကထဲမှာ တော်တော်ထင်ပေါ်မှု ရှိတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကောင်းချင်လည်းကောင်းမယ် ဆိုးချင်လည်းဆိုမယ်။ ဒါပေမယ့် ထင်ပေါ်ကျော်ကြားမှု ရှိတတ်ကြတယ်။ (4)ဂဏန်းသမား တွေဟာ မိမိမွေးရပ်ဟာ ဇနပုဒ်ဖြစ်ခဲ့ရင် ကြီးပွားတိုးတက်လေ့ မရှိကြဘူး။ မြို့ကြီးပြကြီး၊ နိုင်ငံရပ်ခြားများမှာ ပိုပြီး ကြီးပွားတတ် ကြတယ်။ (4)ဂဏန်းသမားများရဲ့ ဝိသေသ လက္ခဏာတွေကတော့ –
= ပတ်ဝန်းကျင်နဲ့ သိပ်အဆင်မပြေတတ်ဘူး။ ဘုကျတယ်။ ဘေးကျတယ်။ အလိုက်မသိတတ်ဘူး။ မယဉ်ကျေးဘူး။ စကားများတယ်၊ တစ်ကိုယ်ကောင်း ဆန်တယ်။ ပြောရဆိုရ အလွန်ခွကျတယ်လို့ အသတ်မှတ်ခံရ တတ်တယ်။
= မိရိုးဖလာ ဓလေ့ထုံးတမ်းတွေကို ယုံကြည်မှု နည်းပြီး လက်တွေ့ကျသူများဖြစ်တယ်။ အစဉ်အလာတစ်ခုကို ဖျက်သိမ်းပြီး စနစ်သစ်တည်ထောင်တဲ့နေရာမှာ စံပြဖြစ်တဲ့ သူတွေဟာ (4)ဂဏန်း သမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အမေရိကန် နိုင်ငံကို ကိုလိုနီဘဝကနေ လွတ်လပ်တဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ထောင်ခဲ့တဲ့ “ဂျော့ဝါရှင်တန်” ဟာဆိုရင် (4)ဂဏန်း သမားပါ။ ဆိုဗီယက်ယူနီယံကြီးကို တည်ထောင်ခဲ့တဲ့ “လီနင်” ဟာလည်း (4)ဂဏန်းသမားပါ။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် ဆောင်ကျဉ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာလည်း (4) ဂဏန်းသမားပါ။
= များသောအားဖြင့် အိမ်ထောင်ရေး အဆင်မပြေတတ်ကျဘူး။ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ လုံးဝစိတ်တိုင်းမကျ တတ်ကြဘူး။ တစ်ချို့ (4)ဂဏန်းသမား တွေဟာ လူပျိုကြီး၊ အပျိုကြီးဖြစ်နေတတ်တယ်။
= ပုံမှန် အသက်ပိုင်းမှာ အိမ်ထောင်မကျတတ်ဘဲ အိမ်ထောင်ကျ အလွန်စောတာ ၊ အလွန်နောက်ကျတာမျိုး ဖြစ်တတ်တယ်။
= အချစ်ရေး၊ အိမ်ထောင်ရေး၊ လိင်ကိစ္စတွေ အရှုတ်အထွေးများတတ်တယ်။ အိမ်ထောင်မကျခင်လည်းရှုတ်၊ အိမ်ထောင်ကျပြီးလည်းရှုတ် တတ်တာ များတယ်။ (အထူးသဖြင့် ယောင်္ကျားလေးတွေပါ)။ မိန်းကလေးလည်း မပါဘူးလို့ မထင်နဲ့နော်။
= (4)ဂဏန်း မိန်းကလေးများကျတော့ အိမ်ထောင်ကျရင် “လင်ဆိုး” တွေနဲ့ အိမ်ထောင်ကျတတ်ပါတယ်။ “လင်ဆိုး မယား တဖားဖား” ဆိုတာ (4) ဂဏန်းသမား မိန်းကလေးတွေကို ဆိုလိုချင်တာထင်ပါတယ်။ (4)ဂဏန်းမွေး အိမ်ထောင်ရေးကံ ကောင်းတဲ့ မိန်းကလေး အလွန်ရှားပါတယ်။ မရှိဘူး လို့တော့ ပြောတာမဟုတ်ပါ။ (31) ရက်ဖွား မိန်းကလေး ဆိုရင် နဲနဲ သက်သာပါမယ်။
= အလွန် သိလွယ်တတ်လွယ်တယ် ။ တစ်ထွာပြရင် တစ်တောင်မြင်တတ်တယ်။ ဉာဏ်ကောင်းတယ်။ တီထွင်ဖန်တီးဉာဏ် အလွန်ရှိတယ်။ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေကို တော်လှန် ချင်စိတ်များတတ်တယ်။
= အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ချင်ကြဘူး။ အလုပ်ခဏခဏ ပြောင်းချင်ကြတယ်။ ကိုယ်က မပြောင်းချင် ရင်လည်း ကံတရားက ပြောင်းပေးတတ်တယ်။
= ဘဝကံဇာတာ အနိမ့်အမြင့် အတက်အကျ အလွန်များတတ်တယ်။ ကောင်းလာပြီဆိုရင်လည်း သိပ်ဘဝင်မမြင့်နဲ့၊ မကြာခင် ပြုတ်ကျတတ်တယ်။ ဆိုးနေပြီဆိုရင်လည်း သိပ်စိတ်ဓာတ်မကျနဲ့ မကြာခင်ပြန်တတ်လာတတ်တယ်။
= ကောင်းပြီဆိုရင်လည်း လျှမ်းလျှမ်းတောက်အောင် ကောင်းတတ်ပြီး ဆိုးပြီးဆိုရင်လည်း စုတ်ပြတ်သတ်နေအောင် ဆိုးတတ်တယ်။ အထူးသဖြင့် (4)ရက်ဖွား နဲ့ (22)ရက်ဖွား (4)ဂဏန်းသမားတွေမှာ အများဆုံးဖြစ်တတ်တယ်။ (13)ရက် နဲ့ (31)ရက်ဖွားတွေက နဲနဲ တော်သေးတယ် ပြောရမှာပေါ့။ သူတို့အဆိုးက (4) နဲ့ (22)လောက် မပြင်းထန်တတ်ပါဘူး။
= (4)ဂဏန်းသမား (အထူးသဖြင့် ယောင်္ကျားလေးတွေ) ဟာ အိမ်မကပ်တဲ့သူတွေ၊ အိမ်မှာမပျော်ဘဲ အပြင်မှာသာ အပျော်များသူတွေ ဖြစ်တတ်ကြတယ်။ မိသားစုအပေါ်မှာ ချစ်ခင်တွယ်တာစိတ် နည်းတတ်တယ်။ ခရီးအလွန် သွားတတ် ကြတယ်။ ခြေစင်္ကြာအမြဲဖြန့်နေတတ်ကြတယ်။ (31)ရက်ဖွား တစ်ခုသာ နဲနဲခြေငြိမ်တယ် ဆိုရမယ်။
= (4)ဂဏန်းသမားတွေထဲမှာ ကိုယ်ကျိုးအစွန့်လွှတ်ဆုံး၊ အမြင့်မြတ်ဆုံး သူတွေကို တွေ့ရသလို၊ ကိုယ်ကျိုးအတ္တ အလွန် ကြီးတဲ့သူတွေကိုလည်း တွေ့ရတတ်တယ်။
= ခေတ်ပေါ်လုပ်ငန်းတွေဖြစ်တဲ့ ကွန်ပျူတာ၊ အီလက်ထရောနစ်၊ သုတေသန လုပ်ငန်းတွေနဲ့ အကျိုးပေးတတ်တယ်။ ခရီးသွားလုပ်ငန်း၊ ကိုယ်စားလှယ် လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း၊ သတင်း ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ အကျိုးပေး တတ်မယ်။
= ကိုယ့်ဘဝမှာ ကြုံလာရတဲ့ အဆိုးတရားတွေဟာ ကံတရားထက်စာရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာမျိုး ဖြစ်တတ်တယ်။ ဘယ်သူမပြု မိမိမှု ဆိုတာမျိုးပေါ့။ (4)ဂဏန်း သမားတွေဟာ ကိုယ့်ပြဿနာကိုယ်ရှာ တတ်ကြတဲ့ သူမျိုးတွေဖြစ်တတ်တယ်။
= အသုံးအဖြုန်းကြီးတတ်တယ်။ ငွေကို နှမြောတွန့်တိုမှု မရှိတတ်ကြဘူး။ လွယ်လွယ်ရရင် လွယ်လွယ်သုံးတယ်။ ပိုက်ဆံ မရှိတော့ရင် ရေသောက် ဗိုက်မှောက် နေတတ်မယ်။
= သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း မနေတတ်ကြဘူး။ (4) ဂဏန်းသမားဆိုရင် ဘိုသီဘတ်သီ သမားက ပိုများတယ်။ ဖြစ်သလို နေတတ်တယ်။ စည်းကမ်း မရှိတတ်ကြဘူး။
= ဘယ်တော့မှ နောင်တတရား မရတတ်ကြဘူး။ အမှားကို ဝန်ခံလေ့မရှိကြဘူး။ သေတဲ့ထိအောင် မာန် မလျှော့တတ်ကြဘူး။
= ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးတတ်ကြတယ်။ ပါးစပ်ကသာဖွင့်မပြောပေမယ့် စိတ်ထဲမှာ သူများထက်ကိုယ်က ပိုတော်တယ်၊ တတ်တယ် လို့ ယူဆ ထားတတ်ကြတယ်။ အထူးသဖြင့် (22)ရက်ဖွား နဲ့ (31)ရက်ဖွားတွေဟာ ကိုယ့်ကိုယ်ကို အထင်ကြီးမှု ပိုများတတ်တယ်။ (များသောအားဖြင့် တကယ်လည်း တော်ကြတာ များပါတယ်)။ (4)ဂဏန်းသမားမှန်ရင် ပါရမီထူး တစ်ခုခုတော့ ရှိတတ် ကြပါတယ်။
= (4) ဂဏန်း သမားမှန်ရင် နိမ့်မြင့် တက်ကျလောကဓံ ရှိကြတာချည်းပါဘဲ။ ဒါပေမယ့် အားလုံးထဲမှာ (13)ရက်နဲ့ (31)ရက်ဖွားတွေက လောကဓံနည်းတတ်ပြီး၊ (4)ရက် နဲ့ (22)ရက် ဖွားတွေကတော့ (နိမ့်မြင့်တက်ကျ) လောကဓံတရား အလွန်များတတ်တယ်။
= (4)ဂဏန်းသမားတွေရဲ့ လောကဓံတရား ခံနိုင်ရည်ကတော့ ကျန်တဲ့ မွေးဂဏန်းသမားတွေနဲ့ယှဉ်ရင် အမြင့်ဆုံး လို့ ဆိုရမှာပါဘဲ။ (4)ဂဏန်းသမား ကိုယ့်ကိုယ်ကို သတ်သေတာ အလွန်ရှားပါတယ်။ သူများတွေကသာ သူတို့ဒုက္ခရောက်တာကို စုတ်တသတ်သတ်ဖြစ်ချင်ဖြစ်နေမယ်။ သူတို့ကတော့ “အေးဆေးပါဘဲ”။
= နောက်ဆုံးအရေးကြီးဆုံးပြောရရင် (4)သမားတွေဟာ (Current of Destiny) လို့ခေါ်တဲ့ ကံကြမ္မာအဆုံးသတ် ဂဏန်းမကောင်းရင် အသေဆိုးနဲ့ သေရခြင်း၊ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နဲ့ ကွယ်လွန်ရခြင်းမျိုး ရှိတတ်ကြောင်း အထူးသတိပေး ပြောကြားလိုပါတယ်ခင်ဗျား။ Current of Destiny လို့ခေါ်တဲ့ ကံကြမ္မာအဆုံးသတ် ဂဏန်း အကြောင်းကို ထပ်ပြီး တင်ပြရေးသား သွားပါဦးမယ်။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျား။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)