2012 မှာ တကယ်ကမ္ဘာပျက်မှာလား ?

အခုတစ်လော ကိုယ့်ပတ်ဝန်းကျင်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ကမ္ဘာပျက်လိမ့်မယ် ဆိုတဲ့ ကောလဟာလက တစ်နေ့တစ်နေ့ မကြားချင် အဆုံးဖြစ်နေသဗျ။ ကိုယ့်ပတ်ဝန်းကျင် က မိတ်ဆွေတွေ၊ အသိအကျွမ်းတွေကလည်း လူချင်း တွေ့ရင် တစ်မျိုး၊ ဖုန်းနဲ့လှမ်းမေးတာက တစ်ဖုံနဲ့ ဒီကိစ္စကို တစ်ကယ် ဟုတ်မဟုတ် ခဏခဏ မေးလိုက် ကြတာများ မပြောပါနဲ့ တော့။    မေးတဲ့သူတွေ ဆိုတာကလည်း “ဗေဒင်ပညာ” နဲ့ “နက္ခတ္တပညာ” (၂)ခုကို ကွဲကွဲပြားပြား မသိကြ တော့ ဗေဒင်ဆရာ ဆိုရင် ဒီလိုကိစ္စမျိုးကို ကောင်းကောင်းသိမှာဘဲလို့ ထင်နေ ကြပုံ ပေါ်ပါ တယ်။ ဘာဆိုင်လဲဗျာ။

အင်းလေ- ထင်မယ်ဆိုရင်လဲ ထင်စရာပေါ့။ မြန်မာနိုင်ငံမှာကလည်း Astronomy ခေါ်တဲ့ နက္ခတ္တပညာကို စနစ်တကျ သင်ကြားပို့ချပေးတဲ့ ကျောင်းမျိုးကလည်း မရှိ၊ ပညာရှင်ရယ်လို့ကလည်း မရှိတော့ ဗေဒင်ဆရာတွေကဘဲ “ဘာအဖွဲ့အစည်း၊ ညာအဖွဲ့အစည်း” တွေ ထောင်ပြီးတော့ “ဘယ်နေ့မှာတော့ နေ, ကြတ် လိမ့်မယ်၊ ဘယ်နေ့မှာတော့ လ,ကြတ်လိမ့်မယ်လို့ ဟောကိန်းတွေထုတ်၊ အဲဒါကို ဂျာနယ်တွေက သတင်းကြီးတစ်ခု လုပ်ကြပြန်တော့ စာဖတ်ပရိသတ်တွေမှာလည်း ယောင်ချာချာနဲ့ ဗေဒင်ဆရာဆိုတာဘာလဲ? နက္ခတ္တဗေဒပညာရှင်ဆိုတာဘာလဲ? ဆိုတာကို ကွဲကွဲပြားပြား မသိနိုင်အောင် ဖြစ်နေကြရတာကိုးဗျ။

အမှန်ကတော့ နေ,ကြတ်၊ လ,ကြတ်ကို သိဖို့က ဒီလောက်မခက်ပါဘူး။ ဒီနေ့လို ခေတ်ကြီးမှာ  အင်တာနက် စာမျက်နှာတွေ ပေါ်မှာ လှန်ကြည့်မလား၊ ဒါမှ မဟုတ် သံဒိဌာန်ပြက္ခဒိန်ကောက်လှန်ကြည့်မလား၊ လွယ်လွယ်နဲ့ သိနိုင်တဲ့ ခေတ်ကြီးပါ။ ဂျာနယ်လစ် တွေအနေနဲ့လည်း ဒါကို အင်တာနက်ပေါ်မှာ ကောက်ရှာလိုက်ရင် လွယ်လွယ်နဲ့ သိနိုင်ပါတယ်။

တကယ့် နက္ခတ္တဗေဒပညာက ဒီထက်မက ကျယ်ဝန်းလှ ပါတယ်။ နေ လ နက္ခတ်တာရာတွေအကြောင်းသာမက၊ အာကာသထဲက လွင့်မျောနေတဲ့ ဂြိုဟ်လို့မခေါ်နိုင်တဲ့ Astral Body တွေ၊ သံလိုက်စက်ကွင်းကြီးတွေ၊ Black Hole လို့ခေါ်တဲ့ တွင်းနက်တွေ၊ ကြယ်ကို ကြယ်ခြင်း မြိုပစ်တဲ့ ကြယ်ဘီလူးတွေ၊ ကြယ်တံခွန်တွေ၊ ဥက္ကာပျံတွေ စတဲ့ အဆုံးအစမရှိတဲ့ အာကာသကြီးထဲက အလွန်နက်နဲလှတဲ့ အကြောင်းအရာတွေကို လေ့လာလို့မဆုံးနိုင်အောင် လေ့လာနေရတဲ့ သိပ္ပံပညာ တစ်ခုပါ။ နေကြတ်တာ, လကြတ်တာ လောက်ကတော့ နက္ခတ္တဗေဒပညာမှာ အသေးအဖွဲ ကိစ္စပါ။

ကဲလေ- ဒီအကြောင်း ထားပါတော့။ ကမ္ဘာပျက်မယ့် ကိစ္စကို  ပြန်စ,  လိုက်ကြရအောင်။

ကိုယ့်မှာလည်း  ကျန်းမာရေးကမကောင်း၊ ကိုယ့်ကိစ္စနဲ့ကိုယ် မအားရတဲ့ကြား ဒီကိစ္စက ခဏခဏ ဝင်နှောက်တော့ လူတောင် “ဂေါက်” ချင်သလိုလို၊ “ပေါက်”ချင်သလိုလို ဖြစ်လာရသဗျ။ ဒါနဲ့ ဒါနဲ့ ဒီအတိုင်း နေလို့ ဖြစ်သေးပါဘူးလေ ဆိုပြီး ထုံးစံအတိုင်း ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်တဲ့ အင်တာနက်ပေါ်ကို မွှေနှောက် ရှာဖွေရတော့တာပေါ့ဗျာ။

တစ်ခါ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သတ်ရင် အားကိုးရတဲ့ “မောင်ရမ်းဂန်း”လေးရဲ့ ဘလော့ဂ်ထဲကိုလည်း ပြေးပြီး ကြည့်ရပြန်သဗျ။ တွေ့ပါသဗျား။ သူကလည်း ဒီကိစ္စကို “မဟုတ်ပါဘူးဆိုနေမှ(၂)” ဆိုပြီး ရှင်းတမ်းထုတ်ထားပါတယ်။ ဒီလို ပေါက်ပေါက်ရှာရှာ ကိစ္စမျိုးတွေမှာ အကြားအမြင် များတဲ့ “မောင်ရမ်းဂန်း”လေးရဲ့ ဆိုဒ်ကလည်း ဒီလိုနေရာမျိုးမှာ တော်တော် အားကိုးရသဗျ။ သူ့ Post ထဲမှာ ဒီကိစ္စကို အသေးစိတ်၊ အထောက်အထားစုံစုံနဲ့ ရှင်းပြပြီးသားမို့ ကျွန်တော်က ဒီထက်ပိုပြီး ရှင်းမပြတတ်တော့ပါဘူး။ သွားကြည့်ချင်သူများ ဒီနေရာကနေ Link လုပ်ပြီးသွားကြည့်နိုင်ပါတယ်။ မဟုတ်ပါဘူးဆိုနေမှ(၂) ကို Click လုပ်လိုက်ပါ။

ကျွန်တော်ပြောချင်တာက ဒီကိစ္စဟာ နက္ခတ္တဗေဒပညာရဲ့ အရာသာဖြစ်လို့ ကျွန်တော့လို ဗေဒင်သမားတစ်ယောက်အဖို့ လက်လှမ်း မမှီလှပါဘူး။ လုံးဝမဖြစ်နိုင်ပါဘူးလို့ ဖင်ပိတ်ငြင်းလို့လည်း မဖြစ်သေးဘူးဗျ။ စင်္ကြာဝဠာကြီးထဲမှာ ဒီလို သွားချင်ရာ သွားနေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေက စင်္ကြာဝဠာနဲ့ အပြည့်အသိပ်ဆိုပါလားဗျ။

ပီးခဲ့တဲ့ နိုဝင်ဘာ (၆)ရက်နေ့ကလည်း ကမ္ဘာနားကို ကပ်ပြီး ဂြိုဟ်ငယ်တစ်ခု “ပွတ်” သွားတဲ့သတင်းကို အင်တာနက်စာမျက်နှာ တွေထဲမှာ ဖတ်လိုက်ကြရတယ် မဟုတ်လား။ ရှေးလွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ တုန်းကလည်း ဒီလို ဂြိုဟ်ငယ်တစ်ခု ကမ္ဘာကို ဝင်တိုက်လိုက်တာကြောင့် အင်မတန်ကြီးမားကြံ့ခိုင်လှတဲ့ ဒိုင်နိုဆောသတ္တဝါကြီးတွေ မျိုးတုံး ပျောက်ကွယ်သွားရတယ်ဆိုတဲ့ သီအိုရီကလည်း ရှိသေးတယ် လေ။ ဒါကြောင့် လုံးဝမဖြစ်နိုင် ပါဘူးလို့တော့ ကျွန်တော်မပြောလိုဘူး။

ဒါပေမယ့်် ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ မမေ့ဖို့က “ကာလာမသုတ်” ကိုဘဲဗျ။ အားလုံးသိကြပြီးသားပါ။ “ကာလာမသုတ်” ရဲ့ လိုရင်းအချုပ်က မိုးကုတ်ဆရာတော်ကြီး ရဲ့ စကားနဲ့ ပြောရရင် “သူများပါးစပ်မှာ လမ်းမဆုံး” ကြဖို့ပါဘဲ။ ဒီ ကမ္ဘာပျက်မယ်ဆိုတဲ့ ဆောင်းပါးကို သေသေချာချာဖတ်ကြည့်ရင်ကို မဖြစ်နိုင်တဲ့အချက်တွေ အများကြီး ပါနေတာကို တွေ့ရတယ်ဗျ။

“နာဆာ” လို အဖွဲ့ အစည်းကြီးမျိုးက ၁၉၈၃ ခုနှစ်ကတည်းကိ ဒီကိစ္စကို ကြိုသိနေပြီး လျှို့ဝှက် ထားတာပါ ဆိုတာက မဖြစ်နိုင် ဆုံး ကိစ္စတစ်ခုဘဲ။ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးမယ့် ကိစ္စကို ဒီလို လျှို့ဝှက်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စဘဲလေ။ နောက်တစ်ခုက ၁၉၈၃ ခုနှစ် ဆိုတော့ အခုဆို (၂၆)နှစ်ရှိသွားပြီ။ ဒါကလည်း လုံး၀ မဖြစ်နိုင်တဲ့ အချက်ဘဲ။ ကျွန်တော်ဟာ နက္ခတ္တပညာရှင်မဟုတ်ပေမယ့် ကမ္ဘာဆီကို ဦးတည်လာနေတဲ့ ဂြိုဟ်တစ်လုံးကို လွန်ခဲ့တဲ့ (၂၆)နှစ် ကတည်းက ကြိုတင် သိနေတာဟာ ဖြစ်နိုင်ဖို့ သိပ်မလွယ်ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆)ရက်နေ့က ကမ္ဘာနားကို အလွန်နီးကပ်စွာ ဖြတ်သွားတဲ့ ဂြိုဟ်ဆိုရင် (၁၅)နာရီအလိုလောက်ကျမှ ကြိုသိတာလို့ ဆိုပါတယ်။ ဒီတော့ (၂၆)နှစ်လောက် ကြိုသိတာ ဖြစ်နိုင်ပါ့မလား ဆိုတာ စဉ်းစားကြည့်ကြပေါ့ဗျာ။

ကဲ-ဆောင်းပါးရှည်နေမယ်။ လိုရင်းကိုဘဲ သွားလိုက်ကြရအောင်။ ဒီလို သိပ္ပံပညာရှင်တွေက တရားဝင်ထုတ်ပြန်တဲ့ သတင်း လည်း မဟုတ်ပြန်၊ အထက်က ပြောသလို ကိုယ့်အသိဉာဏ်လေးနဲ့ စဉ်းစားကြည့်လိုက်တော့လည်း မဖြစ်နိုင်တဲ့ အချက်တွေက များနေတော့ ဒီကိစ္စကို “ကောလဟာလ” အဖြစ်သာ မှတ်ယူလိုက်ပါတော့မယ်။ “ကောလဟာလ” လို့ သတ်မှတ်လိုက်တာနဲ့ “ကျွန်တော်တို့ ဟူးရားဗေဒင်သမား” တွေရဲ့ “ခွင်” ထဲကို ရောက်လာပြီပေါ့။ ဟုတ်တယ်လေ။ ဟူးရားဗေဒင်မှာ “ကောလဟာလ” တစ်ခုကို မှန်မမှန် အလွယ်တကူ စစ်ဆေးရနိုင်တဲ့ နည်းတွေ ရှိပါတယ်။ လက်တွေ့ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်မှာ ကြားခဲ့ရတဲ့ ကောလဟာလတွေကို ဒီပညာနဲ့ စစ်ဆေးကြည့်တာလည်း (၉၀)% ကျော် အမှန်ရှိပါတယ်။

ဒါကြောင့် ကနေ့မနက်ပိုင်းမှာဘဲ ဒီကိစ္စကို “ကောလဟာလ” အဖြစ် မှတ်ယူပြီး ဟူူးရားဗေဒင်ပညာနဲ့ မှတ်ကျောက်တင်ကြည့် လိုက်ပါတယ်။ သိပ်ခက်ရာခက်ဆစ် မတွက်လိုက်ရသလို သိပ်ပြီးတော့လည်း ခက်ခက်ခဲခဲကြည့်စရာတောင် မလိုတော့ပါဘူး။ အဖြေက သိပ်ရှင်းလွန်းနေပါတယ်။ “No , No , No” ပါဘဲ။ ကိုယ့်ပညာကို ကိုယ်ယုံပါတယ်။ ဒီကိစ္စဟာ ကောလဟာလ  (အမှား) သက်သက်သာဖြစ်ပြီး လုံးဝ, လုံး၀ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ (၉၉.၉၉)% အာမခံပါတယ်။ ဒါကြောင့် ကျွန်တော့်  အပေါ်မှာ ယုံကြည်မှုရှိသူ စာဖတ်ပရိတ်သတ်များကိုလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပူပင်ကြောင့်ကြ မရှိကြပါနဲ့တော့လို့ တိုက်တွန်းအားပေး လိုက်ပါတယ်။

ဘာဆို ဘာမှ မဟုတ်ပါဘူး ခင်ဗျား။ လူတိုင်း အလုပ်အလွန်များကြတဲ့ ဒီခေတ်ကြီးမှာ ဒီကိစ္စကို အလုပ်ပျက်ခံပြီး ဦးနှောက် မစားကြပါနဲ့တော့ဗျာ ။ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ကြပါခင်ဗျား။

အလည်လာသူ၊ ဖတ်ရှုသူအားလုံး ကိုယ်/စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သော်။

မှတ်ချက်။               ။ ကမ္ဘာပျက်ခြင်း/မပျက်ခြင်းကို ဟောကိန်းထုတ်ခြင်းမဟုတ်။ ကောလဟာလတစ်ခု မှန်/မမှန်ကိုသာ ဟောကိန်းထုတ်ခြင်းဖြစ်ပါသည်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

ဘာသာရေး နှင့် ဗေဒင်ပညာ

(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊  စိတ်ဆတ်လွယ်…
Read More

မင်္ဂလာပါ မိတ်ဆွေများ

မင်္ဂလာပါ ကွန်ပျူ-ဗေဒသုခုမ ရဲ့ ဘလော့ဂ်စာမျက်နှာသစ် စတင်ခြင်းဖြစ်ပါတယ်။ ဗေဒင်ပညာနဲ့ ပတ်သက်ပြီး – – အထွေထွေ သိမှတ်ဖွယ်ရာများ၊ – (၇)ရက်သားသမီး ဗေဒင်ဟောကိန်းများ – နည်းလမ်းအတိုအထွာများ၊ – ထူးဆန်းထွေလာများ၊…