မကြာခင် ရောက်လာတော့မယ့် ခရစ်နှစ် 2010 နဲ့ ပက်သက်ပြီး ဗေဒင်လောကမှာ အမျိုးမျိုး အဖုံဖုံ ပြောဆို နေကြတာကို တွေ့ရ ပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ နှစ်သစ် တစ်နှစ်ကို ကူးပြောင်းလာတဲ့အချိန်မှာ ဒီနှစ်မှာ ဘာတွေထူးထူးခြားခြား ဖြစ်မလဲ ဆိုတာဟာ ဗေဒင်ပညာ ရှင်တွေရဲ့ ပြောရေးဆိုခွင့်ဘဲ မဟုတ်ပါလား။ ပြောကြဟောကြ မှာပေါ့။ လူတွေကလည်း သိချင်နေကြ တာကိုး။
စာရေးသူအနေနဲ့တော့ နှစ်သစ်မှာ ကမ္ဘာကြီးတစ်ခုလုံး ဘာတွေဖြစ်မယ်ဆိုတာ ဟောကိန်းထုတ်နိုင် လောက် အောင် ပညာ မကြွယ်သလို၊ ဟောလည်း မဟောရဲပါဘူး။ ကမ္ဘာ့ဟောကိန်း ဆိုတာ ကိုယ့်တတ်ထားတဲ့ ပညာလေး နဲ့ စာရင် သိပ်ကို ကြီးကျယ်ခမ်းနားလွန်း နေလို့ပါ။
ဒါပေမယ့် မနေ့ကထွက်တဲ့ ဂျာနယ်တစ်စောင်မှာ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နက္ခတ်ဗေဒင်အဖွဲ့အစည်းတစ်ခုရဲ့ ပြောကြားချက် တစ်ခုကိုတော့ ဘဝင်မကျလှဘူးခင်ဗျ။ စာရေးသူဟာ ပုံမှန်အားဖြင့် သူများကို ဝေဖန်ဖို့ အလွန်ဝန်လေးသူ ဖြစ်ပါတယ်။ သူများကို ဝေဖန်တာဟာ အကျိုးထက် အပြစ်ကို ပိုဖြစ်စေမှန်း သိပါတယ်။ အနောက်တိုင်းဆိုရိုးစကားတစ်ခုရှိပါတယ်။ “လောကမှာ အလွယ်ဆုံး အလုပ်ဟာ သူများကို အပြစ်ရှာခြင်း(ဝေဖန်ခြင်း)ဖြစ်တယ်”တဲ့။ နောက်တစ်ခုက ဝေဖန်ရေး လုပ်တာဟာ ကိုယ့်ကို ရန်သူပေါများအောင် လုပ်တဲ့နည်းလည်း ဖြစ်ပါတယ်။ ဘယ်လောက် ပညာရှိပြီး သဘောထား ကြီးတယ်ပြောပြော ကိုယ့်ကို အဝေဖန်ခံလိုက်ရရင် နဲနဲတော့ “တင်း” သွားကြတာချည်းပါဘဲ။ ဒါကြောင့် လူမုန်းများမယ့် ဝေဖန်ရေးလုပ်ခြင်းကို တတ်နိုင် သလောက် ရှောင်ကျဉ်ပါတယ်။
ဒါကြောင့် အခုပြောချင်တာက ဝေဖန်တယ်လို့ မယူဆဘဲ “စောဒက” တက်တယ်လို့ဘဲ ယူဆစေချင်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ဘဝင်မကျတာပေါ့ဗျာ။ ပုဂ္ဂိုလ်ရေးအရတော့ “အားလုံးကို လေးစားပါတယ် ခင်ဗျား” ။ အခုဖတ်နေတဲ့ အထဲမှာ ကာယကံရှင် များ ပါနေရင်လည်း သည်းခံပါဗျာ။ ကျွန်တော် စောဒက တက်ကြည့်တာပါ။ ကျွန်တော်လည်း မှားချင်မှားနိုင်ပါတယ်။
ဒီလိုပါ။ ဒီဂျာနယ်ဆောင်းပါးမှာ “ကြာသပတေး”ဂြိုဟ်ကြီးသွားနှုန်း မြန်ပြီး၊ နေလ ကြတ်ခြင်းတို့ကြောင့် 2010 ခုနှစ်တွင် စီးပွားရေး အောင်မြင်သောနှစ်ဖြစ်မည်” တဲ့။
ကျွန်တော်နားလည်တာက “နေကြတ် လကြတ်” တာဟာ နှစ်စဉ် ဖြစ်နေကျ ကိစ္စတွေသာဖြစ်ပြီး “တစ်လတည်းကို နေ,လ ကြတ်ခြင်း” တပြိုင်တည်းဖြစ်တာကလွဲရင် ကျန်တဲ့ နေကြတ်,လကြတ်မှုမှာ ထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။ လူတစ်ဦးခြင်း ရဲ့ ဇာတာခွင်မှာ တော့ “လဂ်ရာသီ”အပေါ် နေကြတ်, လကြတ်ဖြစ်ရင်တော့ မကောင်းကျိုးဖြစ်စေနိုင်ပါတယ်။
ဂြိုဟ်အသွားနှုံး မြန်ခြင်း၊ နှေးခြင်း ကိစ္စမှာ ဂြိုဟ်သွားနည်း (၄)မျိုးရှိပါတယ်။
(၁) သိင်္ဃ သွားခြင်း (ပုံမှန် အတည့် သွားခြင်း)
(၂) ဗျ ဂ္ဃဇာ သွားခြင်း (နောက်ပြန်သွားခြင်း)
(၃) နိယထုံ ကျင့်ခြင်း (ဂြိုဟ်သွားနှုန်း ရပ်တန့်နေခြင်း)
(၄) အတိစာရ သွားခြင်း (နှစ်ဆမြန်သော နှုန်းဖြင့် သွားခြင်း) ဆိုပြီး ရှိပါတယ်။
တနင်္ဂနွေဂြိုဟ် (နေမင်း) နဲ့ တနင်္လာဂြိုဟ် (လမင်း) တို့ကလွဲပြီး ကျန်ဂြိုဟ်အားလုံး ဗျ ဂ္ဃဇာသွားခြင်း ဆိုတဲ့ (နောက်ပြန် သွားခြင်း) ရှိကြပါတယ်။ ဂြိုဟ်တစ်လုံးဟာ နောက်ပြန် “ဗျ ဂ္ဃဇာ” သွားခြင်း ပြီးဆုံးရင် အတည့်ပြန်သွားဖို့ အားယူပါတယ်။ အဲဒီအချိန်မှာ သွားနှုန်း ရပ်တန့် နေလို့ “နိယထုံ” ကျင့်တယ်လို့ ခေါ်ပါတယ်။
အဲဒီနောက် မူလနောက်ပြန်သွားခဲ့တဲ့အမှတ် (Retrograde Point) ရောက်အောင် နှစ်ဆမြန်တဲ့နှုန်းနဲ့ သွားပါတော့တယ်။ “အတိစာရ သွားခြင်း” လို့ခေါ်ပါတယ်။ ဒါဟာ ထုံးစံပါဘဲ။ ဒါမှ နောက်ပြန်ဆုတ်တဲ့ ကာလကို “ပြန်ကာမိ” မှာ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် မူလ (Retrograde Point) ကို ရောက်ပြီးတာတောင်မှ ပုံမှန် သွားခြင်းထက်ကျော်ပြီး “အတိစာရ” ဆက်သွားနေရင်တော့ ပုံမှန်ထက်ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။
ကျွန်တော်ဖတ်ဖူး မှတ်ဘူးတဲ့ ဗေဒင်ကျမ်းအစောင်စောင်မှာတော့ ဂြိုဟ်တစ်လုံးဟာ “ဗျ ဂ္ဃဇာ ” သွားနေတဲ့အချိန် (နောက်ပြန် သွားနေတဲ့ အချိန်) မှာ အရောင်အလင်း နှစ်ဆ ပိုမိုတောက်ပပြီး “အတိစာရ” သွားခြင်းခေါ်တဲ့ အမြန်နှုံးနဲ့ သွားနေချိန်မှာတော့ ဂြိုဟ်ရဲ့ အရောင်အလင်းဟာ မှေးမှိန်သွားတယ်လို့ဆိုပါတယ်။ လက်တွေ့ ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး လေ့လာ တော့လည်း ဟုတ်ပါတယ်။ ဂြိုဟ်တွေဟာ “ဗျ ဂ္ဃဇာ ” သွားနေချိန်မှာ ပိုမိုတောက်ပနေတာကို တွေ့ရပါလိမ့်မယ်။ လက်တွေ့ လေ့လာကြည့်ပါ။ “အတိစာရ” သွားနေချိန်မှာတော့ ပုံမှန်ထက် ပိုမိုမှေးမှိန်နေပါတယ်။
ဂြိုဟ်တစ်လုံးဟာ အရောင်တောက်ပရင် တောက်ပသလောက် ကောင်းကျိုး/ဆိုးကျိုးကို ပြုမှာ ဖြစ်ပါတယ်။ အမြန်နှုံးနဲ့ အတိစာရ သွားလို့ ပိုကောင်းမယ်ဆိုတာတော့ ကျွန်တော် ငြင်းချင်ပါတယ်။ (လုံးဝမှားတယ်လို့မပြောဘူးနော်)။ ဒီဆောင်းပါးမှာ ဥပမာ ပေးထား တာက 1998 မှာလည်း ဒီလို အသွားနှုန်းမြန်ခဲ့လို့ အာဆီယံဒေသမှာ စီးပွားရေး မြင့်တက်ခဲ့ဘူးပါတယ်တဲ့။
အဲဒီအချက်ကို ကျွန်တော် ဘဝင်မကျဆုံးပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ 1998 ခုနှစ်ကို ကျွန်တော်က ကောင်းကောင်းကြီး မှတ်မိ နေလို့ပါ။ အဲဒီနှစ်ဟာ မြန်မာနိုင်ငံမှာ “ဆောက်လုပ်ရေးလုပ်ငန်း” တွေ ဖရိုဖရဲ ဖြစ်ပြီး စီးပွားပျက်လို့ သူတို့နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေပါ စီးပွားလိုက်ပျက်ကြတဲ့နှစ်ပါ။ အဲဒီအချိန်က ကျွန်တော်ဟာ “သစ်ကုန်သည်” ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ “သစ်မျိုးစုံ” တင်သွင်းနေသူဖြစ်ပါ။
ဒီနှစ်ဟာ စာရေးသူကိုယ်တိုင် စီးပွားပျက်သွားတဲ့နှစ်ဖြစ်ပြီး လုပ်ငန်းရှင်ဘဝကနေ ဗေဒင်ဆရာဘဝကို ရောက်လာတဲ့ ဘဝမှတ်တိုင် နှစ်တစ်နှစ်မို့ ကောင်းကောင်း မှတ်မိနေတာပါ ။ ဆောက်လုပ်ရေး သမားတွေကို မေးကြည့်ရင် သိပါလိမ့်မယ်။ ဆောက်လုပ်ရေး လုပ်ငန်းသာမက နိုင်ငံတော်အစိုးရက ဖွင့်လှစ်ပေးတဲ့ ဈေးကွက် စီးပွားရေးကြီးတစ်ခုလုံး ယိုင်ဆင်း ခဲ့ရတဲ့နှစ်ပါ။
မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွေမှာ စီးပွားရေး မြင့်တက်ခဲ့တဲ့ နှစ်တွေက 1995 ,1996, 1997 နှစ်များသာ ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ 1997 မှာ အထွဋ်အထိပ်ကိုရောက်ခဲ့ပါတယ်။ ဒါတောင်မှ အိမ်နီးနားချင်း “ထိုင်း” နိုင်ငံမှာ 1997 မှာ ဆောက်လုပ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ စ,ပြီး ပြိုလဲနေပါပြီ။ နောက်နှစ် 1998 မှာတာ့ ဒီ Crisis ဟာ မြန်မာနိုင်ငံကို ကူးစက်လာပြီး ဆောက်လုပ်ရေး နဲ့ အိမ်ယာဈေးကွက်ကြီး ပြိုလဲခဲ့ရပါတယ်။ သူတို့နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေပါ အထိနာခဲ့ပါတယ်။ ဒီ ဂျာနယ်ဆောင်းပါးကို ရေးသူဟာ အမှတ်သညာ မှားယွင်းမှတ်မိတာ ဖြစ်ပါလိမ့်မယ်။ 97 နဲ့ 98 ကို အမှတ်မှားဟန် တူပါတယ်။ ဒါမျိုးက “ပညာရှိ သတိ ဖြစ်ခဲ” ဆိုတာလို ဖြစ်တတ်ပါတယ်။
နောက်ပြီး ဗေဒင်ပညာရှင်အတော်များများဟာ “ကြာသပတေးဂြိုဟ်” ကြီးကို “အတိသောမ” ဂြိုဟ်ကြီးအဖြစ် မှတ်ယူပြီး နေရာတကာ အကောင်းထားပြီး ဟောပြောနေကြတာကိုလည်း ဘဝင်မကျမိတာ အမှန်ပါ။ ကြာသပတေးဂြိုဟ်ကောင်း “အပြစ် တစ်သိန်းပျောက် တို့၊ အပြစ် တစ်သန်းပျောက်”တို့ဆိုပြီး “ပုံသေ” ယူဆနေကြတာကို တွေ့ရပါတယ်။ ဒီလို ကြာသပတေး ဂြိုဟ်ကြီးကို ဂြိုဟ်ကောင်းကြီးအဖြစ် မှတ်ယူပြီး “မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဇာတာ” မှာ လဂ်နဲ့ ကြာသပတေးဂြိုဟ်ကြီးကို ပူးယှဉ်နေအောင် မရအရ ယူထားတာဖြစ်ပုံပေါ်ပါတယ်။ (မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဇာတာဟာ “ဗြိစ္ဆာလဂ်” ဖြစ်ပြီး လဂ်နဲ့ ကြာသပတေးဂြိုဟ်ကြီး ပူးနေပါတယ်)။ မြန်မာပြည်လွတ်လပ်ရေးဇာတာကို အဲဒီအချိန်က မြန်မာနိုင်ငံမှာ အတော်ဆုံး၊ အကျော်ဆုံး ဆိုတဲ့ ပညာရှင်တွေနဲ့ စနစ်တကျ ရွေးချယ်ခဲ့ကြတာ အမှန်ပါ။ ဒါပေမယ့် အဲဒီအချိန်မှာ “သင်္ချာဗေဒ” ပညာရှင် တွေကို ချန်လှပ်ထားခဲ့ ကြပုံ ပေါ်ပါတယ်။ ဒါမှမဟုတ် အဲဒီအချိန်က မြန်မာနိုင်ငံမှာ “သင်္ချာဗေဒပညာရှင်”ရယ်လို့ ဟုတ်ဟုတ် ငြားငြား မရှိခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
“သင်္ချာဗေဒ” ပညာနဲ့ကြည့်တော့ ရှင်းရှင်းလေးပါ။ လွတ်လပ်ရေးနေ့ဖြစ်တဲ့ဇန်နဝါရီလ (4)ရက်နေ့ ဟာ စနေဂြိုဟ်(8)ဂဏန်း ပိုင်တဲ့ “မကာရရာသီ” ခွင်ထဲမှာ ကျရောက်နေတဲ့ နေ့ဖြစ်ပါတယ်။ နောက်ပြီး 1948 ခုနှစ်ကလည်း ပေါင်းလိုက်ရင် (1+9+4+8+= 22= 4)ဂဏန်းပါဘဲ။ ဆယ်စုဂဏန်းဖြစ်တဲ့ 48 ဟာလည်း (4)နဲ့(8) အတွဲဖြစ်နေသေးတယ်ခင်ဗျ။
(4)ဂဏန်း နဲ့ (8) ဂဏန်း ပေါင်းဆုံမိတိုင်း အလွန်ကြီးမားတဲ့ ပြဿနာတွေ ကြုံတတ်တာ ကျွန်တော့်ဆောင်းပါးတွေမှာ မကြာခဏ တွေ့ရပါလိမ့်မယ်။ ဒီလို မြန်မာ့လွတ်လပ်ရေးဇာတာဟာ ကြာသတေးဂြိုဟ်ကြီးရဲ့ သြဇာ ကို အရယူခဲ့ပေမယ့် “သင်္ချာဗေဒ” ပညာအရ အလွန်မသင့်မြတ်တဲ့ “(4)ဂဏန်း (၃)လုံးနဲ့ (8)ဂဏန်း (၂)လုံး” ပေါင်းဆုံနေတဲ့ ပဋိပက္ခ အတွဲ ဖြစ်နေလို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီး မကြာခင်မှာဘဲ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့ရတာလို့ ဆိုချင်ပါတယ်။
ဒါပေမယ့် ကံကောင်းထောက်မစွာ “လဂ်သခင် အင်္ဂါဂြိုဟ်” ဟာ (၁၀)တန့်ဘာ၀ (မိတ်အိမ်)မှာ ရပ်တည်ပြီး မိမိလဂ်ဘာဝကို ပြန်မြင် နေတာကြောင့် ဒီပြည်တွင်းစစ်မီးကြီးကို လဂ်သခင် အင်္ဂါဂြိုဟ်ကို ကိုယ်စားပြုတဲ့ မြန်မာ့တပ်မတော်က ငြိမ်းသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ သင်္ချာဗေဒနဲ့ ကြည့်ရင်လည်း “မကာရရာသီ” မှာ အင်္ဂါဂြိုဟ် ဥုစ်မူပါတယ်။
တစ်ကယ်တော့ကြာသပတေးဂြိုဟ်ကြီးရဲ့ အကျိုးပေးမှုဟာ မူလဇာတာမှာ ရှိတဲ့ကြာသပတေးဂြိုဟ်ရဲ့ ဘာဝပိုင်ဆိုင်မှု အပေါ်မှာ သာ တည်နေပါတယ်။ မူလဇာတာမှာ ကြာသပတေးဂြိုဟ်ဟာ “ဒုဋ္ဌာနဘာဝ” တွေနဲ့ ပက်သက်နေရင်တော့ ကောင်းကျိုးပေးမှာ မဟုတ်ပါဘူး။ ဒုဋ္ဌာန ဘာဝ၊ မာရကဘာ၀ တွေနဲ့ ပက်သက်မှုရှိတဲ့ ကြာသပတေးဂြိုဟ်ကြီးရဲ့ “ဒဿာကာလ” တို့၊ ကြာသပတေး ဂြိုဟ်ကြီး “လဂ်” ပေါ်ဖြတ်သွားတဲ့အချိန်တို့မှာ “ဘဝပျက်၊ စီးပွားပျက်ရုံမက အသက်ပါ ဆုံးရှုံးသွားရတာတွေ” တွေ အထိတောင် ဖြစ်ရတာတွေကို တွေ့ရဘူးပေါင်းများလှပါပြီ။
နောက်ပြီး ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာချက်များအရ လူတစ်ယောက်မွေးဖွားလာချိန်မှာ ကောင်းကင်ဂြိုဟ်တစ်လုံးလုံး ဟာ နောက်ပြန် “ဗျ ဂ္ဃဇာ ” သွားနေတဲ့အချိန်ဖြစ်ရင် သူ့ဘဝသက်တမ်းတစ်လျှောက်မှာလည်း ဒီဂြိုဟ် “ဗျ ဂ္ဃဇာ ” သွားတိုင်း ကောင်းကျိုးပေး တာကို အတွေ့ရများပါတယ်။ ဒါကြောင့် ဂြိုဟ်တစ်လုံး နောက်ပြန်“ဗျ ဂ္ဃဇာ ” သွားတိုင်း ဆိုးတယ်လို့ မဆိုနိုင် သလို “အတိစာရ” ဆိုတဲ့ အမြန်နှုန်းနဲ့ သွားတိုင်းလည်း ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ ကောင်းခြင်း/ဆိုးခြင်းဟာ မူလဇာတာမှာ ရှိတဲ့ အဲဒီဂြိုဟ်ရဲ့ “ဘာဝပိုင်ဆိုင်မှုနဲ့ အသွားနှုန်း” အပေါ်မှာသာ တည်ပါလိမ့်မယ်။
နိုင်ငံတွေရဲ့ ကံကြမ္မာဟာလည်း ကြာသပတေးဂြိုဟ်တစ်လုံးထဲကို အဓိက မထားဘဲ – အဲဒီနိုင်ငံရဲ့ လွတ်လပ်ရေးဇာတာ အပေါ်မှာ အခြေခံပြီး အကောင်း/အဆိုးပြောရမှာလို့ ယူဆမိ ပါကြောင်းခင်ဗျား။ ဗေဒင်ပညာရှင်များဟာလည်း လူထဲက လူတွေမို့ ပညာရှိသော်လည်း သတိဖြစ်ခဲတတ်တာကို ပြောပြခြင်း သာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမျိုး၊ ငါတတ်ငါသိ ဆိုတဲ့ ဝေဖန်မှုမျိုး ပြုလုပ်ခြင်း မဟုတ်ပါခင်ဗျား။ နက္ခတ်ဗေဒင်ပညာရပ်ကြီးကို လူကဲ့ရဲ့ မခံရအောင် နဲ့ ထာဝစဉ် တိုးတက် မြင့်မားရေး အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ထောက်ပြခြင်းသာဖြစ်ပါတယ်။ နားလည်ပေးကြ စေလိုပါသည်။
အားလုံးကျန်းမာချမ်းသာကြပါစေကုန်သော်။
ဒေါက်တာတင်ဗိုလ်ဗိုလ်