(1)ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

ယနေ့သည် ကိုသိန်းဖေ အလည်လာမည့်နေ့ဖြစ်လေသည်။ သို့သော် ကျွနု်ပ်စဉ်းစားမိသည်မှာ ယခု အပတ်စဉ် စနေ၊တနင်္ဂနွေ တင်ဆက် နေသော မဟာကာလကြီးသည် လူတိုင်းနှင့် လက်လှမ်းမမှီ။ ပညာ လိုက်စား နေဆဲသူများသာ နားလည် နိုင်မည်ဖြစ်သောကြောင့် ၎င်းကို နောက်မှ “သင်္ခန်းစာ” အနေဖြင့် တင်ဆက်သွားလျှင် ကောင်းမည်ဟု တွေးမိလေသည်။ ထိုစဉ်မှာပင် ကိုသိန်းဖေ ရောက်ရှိလာလေ သည်။

ကျွန်ုပ်။ ။ လာဗျို့။ ကိုသိန်းဖေ။ ဒီနေ့တော့ အချိန်မှန်ဘဲနော်။

သိန်း။ ။ ဟုတ်တယ်ဗျို့။ ဒီနေ့တော့ အိမ်က စောစော ထွက်လာခဲ့တယ်ဗျာ။ နောက်ကျမှာစိုးလို့။

ကျွန်ုပ်။ ။ ကိုသိန်းဖေရေ။ ကျွန်တော် ဒီလိုစဉ်းစားမိတယ်ဗျာ။ မဟာကာလကြီးဟာ စိတ်ဝင်စားစရာကောင်းပေမယ့် တစ်ချို့သူတွေ အတွက် သိပ်အလှမ်းဝေးနေတယ်။ ကျွန်တော့် ဘလော့မှာက သာမန် လူတွေ နားလည်လွယ်မယ့် အကြောင်းတွေကိုဘဲ တင်ဆက်သွားမယ် လို့ အဖွင့်စာမျက်နှာမှာ ရေးခဲ့ဘူးတယ်ဗျ။ ဒီတော့ ပညာကို လိုက်စားနေတဲ့ သူတွေလည်း ဆက်လေ့လာ နိုင်အောင် “အင်္ဂဝိဇ္ဇာနဲ့ မဟာကာလကြီး” ကို သင်္ခန်းစာပို့ချချက် တွေအနေနဲ့ဘဲ ဆက်ရေးသွားမယ်။ အခု ကျွန်တော် ဆိုဒ်ကို ပြန်ပြင်ရေးနေတယ်။ အဲဒီမှာ ဒီဇိုင်းပြောင်းထားပြီး “ဗေဒင် သင်္ခန်းစာအခန်း” ကို ထည့်ထားတယ်။ အဲဒီမှာကျမှ “အင်္ဂဝိဇ္ဇာနဲ့ မဟာကာလကြီး”ကို ဆက်ကြရအောင်လားဗျာ။ အခုတော့ ပရိတ်သတ်တွေ သိပ်စိတ်ဝင်စားနေတဲ့ “သင်္ချာဗေဒ” အကြောင်းကို ဆွေးနွေးကြအောင်လားဗျာ။

သိန်း။ ။ ဆရာ့သဘောပါဗျာ။ ကျွန်တော့အတွက်တော့ ပညာရရင် ပြီးတာပါဘဲ။ သင်္ချာဗေဒကိုလည်း ကျွန်တော်စိတ်ဝင်စားပါတယ်။ ဘာအကြောင်းဆွေးနွေးကြမလဲဆရာ။

ကျွန်ုပ်။ ။ ကနေ့တော့ (၁)ဂဏန်းအကြောင်း ဆွေးနွေးတင်ပြချင်တယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ (၄)ဂဏန်း နဲ့ (၁)ဂဏန်း ဟာ စပ်ဆက်နေလို့ပါ။

သိန်း။ ။ ဘယ်လိုဆက်စပ်တာလည်း ဆရာ။ ပြောပြပါဦး။ ဒါကို ကျွန်တော်မသိသေးဘူး။

ကျွန်ုပ်။ ။ ဒီလိုဗျ ကိုသိန်းဖေ။ ဒီ “နျူမရိုလိုဂျီ” ဆိုတဲ့ သင်္ချာဗေဒင်ပညာကို ဘီစီ ၆ရာစုနှစ်လောက်မှာ “ဘာဘီလုံးနီးယန်းယဉ်ကျေးမှု” ကို တည်ထောင်ခဲ့တဲ့ “ချားလ်ဒီးယန်း” လူမျိုးစုတွေက တီထွင်ခဲ့ကြတာလေဗျာ။ အမှန် ကတော့ သင်္ချာဗေဒင်မှာသုံးတဲ့ သင်္ချာနံပါတ်တွေဟာ ဂြိုဟ်တွေရဲ့သင်္ကေတတွေဘဲဗျ။ နံပါတ်(၁)ဆိုရင် တနင်္ဂနွေဂြိုဟ် (နေမင်း) ရဲ့ သင်္ကေတ။ နံပါတ်(၂)ဆိုရင် တနင်္လာဂြိုဟ်(လမင်း)ရဲ့ သင်္ကေတ စသည်ဖြင့် သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ပြဿနာက အဲဒီအချိန်တုန်းက ဂြိုဟ်က (၇)လုံးဘဲ ရှာတွေ့သေးတယ်ဗျ။ “တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ” ပေါ့ဗျာ။ ဒါပေမယ့် ဂဏန်းသင်္ချာမှာက (၁)ကနေ (၉) အထိ (၉)လုံးဖြစ်နေတယ်။ နံပါတ် (၁ဝ)ကို (၁)လို့ ပြန်ယူတော့ အားလုံး (၉)လုံးပေါ့ဗျာ။ ဂြိုဟ်က(၇)လုံးနဲ့ ဂဏန်းက(၉)လုံး ဆိုတော့ မကိုက်ဘူးဖြစ်နေတယ်။ အဲဒီမှာ “ချားလ်ဒီးယန်းတွေက တနင်္ဂနွေဂြိုဟ်(နေမင်း)ဟာ ကောင်းကင်မှာ အကြီးဆုံးဂြိုဟ်ဖြစ်တဲ့အတွက် သူ့ကို ဂဏန်းနှစ်လုံး ပေးမယ် ဆိုပြီး တနင်္ဂနွေဂြိုဟ်အတွက် (၁)ဂဏန်းအပြင် (၄)ဂဏန်းကိုပါ အပိုင်စားပေးလိုက်တယ်။ (၁)ဂဏန်းကို တနင်္ဂနွေ အဖို(+)လို့ သတ်မှတ်ပြီး (၄)ဂဏန်းကို တနင်္ဂနွေအမ(-) လို့ သတ်မှတ်တယ်။ နောက် ဒုတိယ အကြီးဆုံးဖြစ်တဲ့ လမင်း(တနင်္လာဂြိုဟ်)ကို (၂)ဂဏန်း အပြင် (၇) ဂဏန်းကိုပါ ပူးတွဲအပိုင်စားပေးလိုက်တယ်။ သူ့ကိုကျတော့ (၇)ဂဏန်းကို တနင်္လာအဖို (+)လို့ သတ်မှတ်ပြီး (၂)ဂဏန်းကို တနင်္လာအမဓာတ်(-)လို့ သတ်မှတ်ပြန်တယ်။

သိန်း။ ။နေပါဦးဆရာ။ တနင်္ဂနွေဂြိုဟ်(နေမင်း)ပြီးရင် ဒုတိယအကြီးဆုံးက ကြာသပတေးဂြိုဟ်မဟုတ်ဘူးလား။

ကျွန်ုပ်။ ။သြော်၊ ကိုသိန်းဖေရယ်။ ဒါက ဒီဘက်ခေတ်ရောက်မှ “နက္ခတ္တဗေဒပညာ” အရသိလာရတာလေ။ ဟိုတုန်းကတော့ ကမ္ဘာမြေပြင်အောက်ကနေကြည့်ရတော့ နေ နဲ့ လ က အကြီးဆုံးမဟုတ်လားဗျာ။

သိန်း။ ။ ဟုတ်ပါ့ဗျား။ အဲဒီခေတ်က နက္ခတ်တာရာကြည့် မှန်ပြောင်းတွေမှ မပေါ်သေးဘဲ။ နက္ခတ်တာရာ ကြည့်မှန်ပြောင်းတွေနဲ့ ပတ်သက်လာတော့ နက္ခတ်တာရာကြည့်မှန်ပြောင်းကို တီထွင်ခဲ့ပြီး နက္ခတ္တဗေဒပညာကို တစ်ခေတ် ဆန်းစေခဲ့တဲ့ “ဂလီလီယို” ကို ကျေးဇူးတင်မိ တယ်ဗျာ။

ကျွန်ုပ်။ ။ ဟုတ်ပါတယ်ဗျာ။ နက္ခတ္တဗေဒပညာကြောင့် ဗေဒင်ပညာဘက် အပိုင်းမှာ တိုးတက်မှုတွေ အများကြီး ရှိလာခဲ့ပါတယ်။ (၁၇၈၁)ခုနှစ်မှာ နက္ခတ်ပညာရှင် ဝီလျံဟာရှဲ က ယူရေးနပ်စ်ဂြိုဟ် ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၊ (၁၈၄၆)ခုနှစ်မှာ နက္ခတ်ပညာရှင် (၃)ဦးအဖွဲ့ကနေ နက်ပကျွန်းဂြိုဟ် တို့ကို တွေ့လာတော့ ဗေဒင်ပညာထဲမှာလည်း အပြောင်းအလဲတွေ လုပ်ဖို့ ဖြစ်လာတယ်ဗျ။ နဂိုကတည်းက (၄)ဂဏန်းကို တနင်္ဂနွေဂြိုဟ်ရဲ့ စိုးမိုးမှုအောက်မှာ ထားခဲ့ပေမယ့် သူ့မှာ သီးခြားဂုဏ်အင် လက္ခဏာတွေ ရှိနေတာကို နျူမရိုလိုဂျီပညာရှင်တွေ သတိထားမိတယ်ဗျ။ ဒီလိုဘဲ နက်ပကျွန်းဂြိုဟ်မှာလည်း တနင်္လာနဲ့ မတူတဲ့ သီးခြားဂုဏ်အင်္ဂါတွေ ရှိနေတာကိုတွေ့လာရတယ်။ ဒါကြောင့် နက္ခတ္တပညာရှင်တွေက ယူရေးနပ်စ်ဂြိုဟ်နဲ့ နက်ပကျွန်းဂြိုဟ်ကို လည်း ရှာဖွေတွေ့ရှိတာနဲ့ တိုးတက်တဲ့ အယူအဆရှိတဲ့ သင်္ချာဗေဒပညာရှင်တွေဟာ (၄)ဂဏန်းကို ယူရေးနပ်ဂြိုဟ်ရဲ့ ပိုင်ဆိုင်မှုအောက်ကို ပေးလိုက်ပြီး၊ (၇)ဂဏန်းကိုတော့ နက်ပကျွန်းဂြိုဟ်ရဲ့ ပိုင်ဆိုင်မှုအောက်ကို သွတ်သွင်း လိုက်ကြတယ်ဗျ။ အစပိုင်းမှာတော့ အယူအဆဟောင်းနဲ့ အယူအဆသစ်ကြားမှာ ဝိဝါဒကွဲပြားမှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံး မှာတော့ အားလုံးက အဲဒီလိုဘဲ လက်ခံလိုက်ကြတော့တယ်။

သိန်း။ ။ အင်း။ သမိုင်းကြောင်းလေးတွေက စိတ်ဝင်စားဖို့တော့ အကောင်းသား။ ဒါပေမယ့် သမိုင်းကို စိတ်မဝင်စားတဲ့ သူတွေကလည်း ရှိဦးမှာ ဆရာရဲ့။ ဒါကြောင့် သူတို့တွေ အတွက် (၁)ဂဏန်းအကြောင်း တစ်စေ့တစ်စောင်းလေးကို စ,လိုက် ကြရအောင်လားဗျာ။

ကျွန်ုပ်။ ။ ကိုသိန်းဖေရေ။ (၁)ဂဏန်းဟာ တနင်္ဂနွေဂြိုဟ်ဆိုတဲ့ “နေမင်း” က စိုးမိုးထားတာလေ။ နေမင်းရဲ့ သင်္ကေတ ဂဏန်းတစ်ခုဘဲ။ နေမင်းကြီးကြောင့် ကျွန်တော်တို့ရဲ့ နေစင်္ကြာဝဠာအဖွဲ့အစည်းကြီးဖြစ်လာသလို လူသားအပါအဝင် သက်ရှိတွေဟာလည်း နေမင်းသာ မရှိရင် ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် (၁)ဂဏန်းဟာ သိပ်ပြီး အရှိန်အဝါ ကြီးတဲ့ ဂဏန်းတစ်ခုလို့ ကျွန်တော်ဆိုချင်တယ်ဗျာ။

သိန်း။ ။ဒါဆို (၁)ဂဏန်းဟာ ဂဏန်းအားလုံးထဲမှာ အကောင်းဆုံးလို့ ဆရာဆိုလိုချင်တာလား။

ကျွန်ုပ်။ ။ ဒီလိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် (၁)ဂဏန်းဟာ နေမင်းရဲ့ ဂဏန်းဖြစ်သလို၊ ဂဏန်းသင်္ချာမှာ “ပထမဆုံးနေရာ” မှာ ရှိနေတဲ့အတွက် (၁)ဂဏန်းသမားတွေဟာ ဘယ်လိုပတ်ဝန်းကျင်အခြေအနေမှာဘဲဖြစ်ဖြစ် ထင်ထင် ပေါ်ပေါ် ရှိတယ်။ အကြီးအမှူးခေါင်းဆောင်ဖြစ်တတ်တယ်။ အဆင့်မြင့်တဲ့နေရာမှာ နိုင်ငံအကြီးအကဲလိုဖြစ်နိုင်သလို ၊ အဆင့်နိမ့်တဲ့ ဘဝမျိုးမှာဆိုရင်လည်း သူ့အဆင့်နဲ့သူ အကြီးအကဲဖြစ်လေ့ရှိတယ်ဗျ။ ဥပမာ- ရက်ကွက်ထဲမှာဆို ရက်ကွက် လူကြီးလိုမျိုး၊ အလုပ်သမားထဲမှာဆို အလုပ်သမားခေါင်း လိုမျိုးပေါ့ဗျာ။ ဒီတော့ (၁)ဂဏန်းသမားတွေအနေနဲ့ ကိုယ့်ဘဝ အဆင့်အတန်းနဲ့ကိုယ် အကြီးအကဲ၊ခေါင်းဆောင်ဖြစ်ဖို့ ကံဇာတာပါလာသူတွေလို့ ဆိုရမှာပေါ့ဗျာ။ အဲဒီတော့ (၁)ဂဏန်း သမားတွေရဲ့ ယေဘူယျ လက္ခဏာ စရိုက်တွေကို ကြည့်မယ်ဆိုရင် –

= (၁)ဂဏန်းသမား တွေဟာ ရုပ်ဝါဒဆန်တယ်။ လက်တွေ့ကျတယ်။ စိတ်ကူးသိပ်မယဉ်တတ်ဘူး။ နေရာတကာမှာ ဦးဆောင်လိုတယ်။ လွှမ်းမိုးလိုတယ်။ ကိုယ်ချင်းစာတရား နည်းပါးတတ်တယ်။ ခေါင်းမာတယ်။ အကြောမာတယ်။ အကြောက် အလန့်နည်းတယ်။ နေရာတကာ အပေါ်စီးကသာ နေလိုတယ်။

= ရည်မှန်းချက် အလွန်ကြီးတယ်။ ဒါပေမယ့် သူတို့ရည်မှန်းချက်ကြီးတာကို လူသိ သိပ်မခံဘူး။ လျို့ဝှက်ကြံစည်တတ်တယ်။ အချိန်အခါကောင်း အခွင့်အရေးကောင်းစောင့်နိုင်ကြတယ်။ ကိုယ့်ဘဝတက်လမ်းကို အမြဲကြံစည်နေတယ်။ စီးပွားအရှာ ကောင်းတယ်။ ဇွဲကောင်းတယ်။ စိတ်အပြောင်းအလဲနှေးတယ်။ တစ်ယူသန်ဆန်တတ်တယ်။

= ရုပ်ပိုင်းဆိုင်ရာမှာ တည်ငြိမ်တယ်။ တော်ရုံတန်ရုံ ခြောက်ရုံနဲ့ မကြောက်တတ်သလို တော်ရုံတန်ရုံ မြှောက်ရုံနဲ့လည်း မမြောက်တတ်ဘူး။ (၄)ဂဏန်းသမားတွေနဲ့ ကွာခြားတာက သူတို့ဟာ ဘဝအပြောင်းအလဲ နှေးကွေးတယ်။ ရုတ်ချည်း တက်လိုက်ကျလိုက် ဖြစ်ခဲတယ်။ တက်မိရင်လည်း တော်တော်နဲ့ ပြန်မကျဘူး။ ကျမိရင်လည်း တော်တော်နဲ့ ပြန်မတက်တော့ ဘူး။

= လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အဆင်ပြေလေ့မရှိဘူး။ (ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူမှ သူတို့လောက် သိတယ်၊ တတ်တယ်လို့ မထင်လို့၊ ဒီနေရာမှာတော့ (၄)ဂဏန်းသမားတွေနဲ့ သွားတူနေပါတယ်)။ သူတို့ဟာ လူမှုပတ်ဝန်းကျင်မှာ သီးခြားလိုဖြစ်နေတယ်။ အပေါင်းအသင်းကို ရွေးချယ်ပေါင်းလေ့ရှိတယ်။ အပေါင်းအသင်း မိတ်ဆွေ နည်းတတ်တယ်။

= (၁)ဂဏန်းသမားအတော်များများဟာ အိမ်ထောင်ဘက်ကောင်းကို ရတာများတယ်။ ဒါပေမယ့် သူတို့ဟာ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ အလွန်လွှမ်းမိုးတတ်ပြီး ချစ်ခင်ကြင်နာစိတ် လည်း နည်းတတ်ကြတယ်။ တစ်ချို့ (၁)ဂဏန်း သမား ယောင်္ကျားတွေဆိုရင် မိန်းမအပေါ်မှာ အလွန်အနိုင်ကျင့်တတ်လေ့ရှိတယ်။(အထူးသဖြင့် (၂၈)ဂဏန်း)

= ဒါပေမယ့် သူတို့ဟာ တာဝန်ကျေပွန်တဲ့ လင်ကောင်း၊ မိခင်ဖခင်ကောင်းတွေ ဖြစ်တာများတယ်။ သူတို့ဟာ သူတို့အချစ်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မဖော်ပြတတ်ပေမယ့် အိမ်ထောင်ဘက်နဲ့ သားသမီးတွေအပေါ်မှာတော့ အလွန်တာဝန်ကျေတတ်ကြသူများ ဖြစ်ကြ ပါတယ်။

= (၁)ဂဏန်းသမားတွေဟာ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့နေရာ၊ ဆေးပညာ၊ စစ်ဘက်ဆိုင်ရာတွေမှာဆိုရင် အလွန်ရာထူး တက်လွယ်ကြတယ်။ အောင်မြင်လွယ်ကြတယ်။ တစ်ချို့ဆို “မရွယ်ဘဲ စော်ကဲမင်းဖြစ်” ဆိုတာလို မြင့်မားတဲ့ နေရာဌာန တွေကို မကြံရွယ်ဘဲ ရောက်လာတတ်ကြတယ်။

= (၁)ဂဏန်းသမားတွေရဲ့ အဆိုးဆုံး ဉာဉ်ကတော့ သူတို့ဖြစ်ချင်တာကို ဇွတ်အတင်းဖြစ်စေလိုကြတာဘဲဖြစ်ပါတယ်။ (၁)ဂဏန်းသမားတစ်ယောက် ပျက်စီးချိန်တန်လာရင် အချိန်ဆွဲနေရတာကို သည်းမခံနိုင်တော့ဘဲ ဇွတ်အတင်း ထ,လုပ်ကြတဲ့ အချိန်မှာဘဲဖြစ်တတ်လေ့ရှိပါတယ်။

= (၁)ဂဏန်းသမားတွေဟာ သူတစ်ပါးပေးတဲ့ အကြံဉာဏ်တွေကို လွယ်လွယ်နဲ့ လက်ခံလေ့မရှိဘူး။ သူတို့ကို နှစ်သိမ့် ဖြောင်းဖြနိုင်သူဆိုလို့ (၂)ဂဏန်းသမားတွေဘဲ ရှိတယ်။ ကောင်းကင်မှာ “နေ နဲ့ လ” ဟာ နှစ်ပါးစုံတွဲနေသလို (၁)ဂဏန်း သမားတွေဟာ (၂)ဂဏန်းသမားတွေနဲ့ အလွန်သင့်မြတ်ကြတယ်။ (၁)ဂဏန်းသမားတွေဟာ (၂)ဂဏန်းသမားတွေကို ချစ်ခင်မြတ်နိုးလွယ်တတ်ကြတယ်။ စောင့်ရှောက်တတ်ကြတယ်။ (၂)ဂဏန်းသမားတွေဟာလည်း (၁)ဂဏန်းသမားတွေ အပေါ်မှာ အလွန်သစ္စာရှိတတ်ပြီး ပျက်စီးအောင် လုပ်လေ့ မရှိ တတ်ကြဘူး။ (၁)ဂဏန်းသမားတွေအတွက် အကောင်းဆုံး မိတ်ဆွေ၊ ဘဝအဖော်မွန်ဟာ (၂)ဂဏန်းသမားဘဲဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးက (၅)ဂဏန်းသမားနဲ့ (၇)ဂဏန်းသမား တွေဖြစ်တယ်။ (၁)နဲ့ (၄)ဟာ အဖို နဲ့ အမဓာတ်ဆိုပေမယ့် သိပ်မတည့်တတ်ဘူး။ (၁)ဂဏန်းသမားတွေကို အန္တရာယ် ပေးနိုင်တာက (၈)ဂဏန်းသမားနဲ့ (၉)ဂဏန်းသမားတွေ ဖြစ်ပါတယ်။

= (၁)ဂဏန်းသမားတွေ အထူးသတိထားရမှာက လောဘသက္ကာယကြီးလွန်းတာ၊ အလွန်အမင်း တိုးတက်ကြီးပွား ချင်တာတွေဘဲဖြစ်ပါတယ်။ (၁)ဂဏန်းသမားတွေဟာ ရောင့်ရဲနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။ ဒီလို မရောင့်ရဲနိုင်မှုကြောင့် နောက်ဆုံး ကျဆုံးပျက်စီးခြင်းနဲ့ အဆုံးသတ်ရတတ်ပါတယ်။ အဲဒီ အထဲမှာ (၁)ရက်နေ့ မွေးဖွားသူများနဲ့ (၂၈)မွေးဖွားသူများ ဟာ အဆိုးဆုံးဖြစ်ပါတယ်။

= (၁)ဂဏန်းသမားတွေဟာ ဘာသာရေးဘက်မှာ အားနည်းတတ်ကြတယ်။ ဘာသာရေးယုံကြည်မှုနည်းတယ်။ ဒါပေမယ့် သက်ဝင်ယုံကြည်လာပြီဆိုရင်လည်း သူများထက် ထူးအောင် ကျင့်ကြံအားထုတ်နိုင်သူတွေဖြစ်တယ်။

= (၁)ဂဏန်းသမားတွေ နောက်ဆုံးသတိထားရမှာက သူတို့ဟာ နေမင်းရဲ့ အမှတ်အသားဖြစ်တဲ့အတွက် နေဆိုတာ အထွက်ရှိသလို၊ အဝင်ရှိပါတယ်။ နေမွန်းတည့်အချိန်မှာ ထွန်းတောက် ပူပြင်းသလောက် နောက်ဆုံးမှာ နေဝင်ချိန်ရောက်ပြီး သူတို့ရဲ့ အလင်းဓာတ်လည်း ပျောက်ရတတ်ပါတယ်။ ဒါကြောင့် (၁)ဂဏန်းသမားများဟာ ဘဝနေဝင်ချိန်၊ တတိယ အရွယ်မှာ အထူးဂရုပြုပါ။ (လူတိုင်းမဟုတ်ပေမယ့် ) အကျနာတတ်ပါတယ်။ အိုဇာတာ ညံ့တတ်ပါတယ်။ Current of Destiny ဆိုတဲ့ နောက်ဆုံး မွေးသက္ကရာဇ် ခုနှစ်ဂဏန်းကောင်းလွန်း တဲ့သူများသာ တတိယအရွယ်အထိ ကောင်းစားတတ်ပြီး၊ မွေးခုနှစ်ဂဏန်းမကောင်းပါက အိုဇာတာအလွန်ညံ့တတ်တာ သတိပြုပါ။

ကဲ – ကိုသိန်းဖေ ရေ။ ဒီလောက်ဆိုရင် (၁)ဂဏန်းသမားတွေအကြောင်း တစ်စေ့တစ်စောင်းကို သိလောက်ပြီထင်ပါတယ်ဗျာ။

သိန်း။ ။ နေပါဦးဆရာ။ (၁)ဏန်းမှာလည်း (၁, ၁ဝ, ၁၉, ၂၈) ဆိုပြီး (၄)မျိုးရှိတာဆိုတော့ ဂုဏ်အင်္ဂါတွေက အားလုံး အတူတူဘဲလားဗျ။

ကျွန်ုပ်။ ။ အထက်မှာ ဖော်ပြခဲ့တဲ့ ယေဘူယျ စရိုက်လက္ခဏာလေးတွေမှာ တူပေမယ့် တစ်မျိုးခြင်း ကွာခြားချက် ကလေးတွေတော့ ရှိတာပေါ့ဗျာ။

သိန်း။ ။ ထပ်ပြီး ဖြည့်စွက် ပေးပါဦး ဆရာ။

ကျွန်ုပ်။ ။ (၁) ရက်နေ့မွေးသူကို ကျွန်တော်တို့နျူမရိုလိုဂျီပညာရှင်တွေက “ထီးတည်း” ဂဏန်းလို့သတ်မှတ်တယ်။ အမှန်တော့ (၁)ရက်နေ့ကနေ (၉)ရက်နေ့အတွင်း မွေးတဲ့သူမှန်သမျှ “ထီးတည်း” ဂဏန်းတွေချည်းပါဘဲ။ “ထီးတည်း” ဂဏန်းဆိုတဲ့ အတိုင်း (၁)ဂဏန်းသမားတွေရဲ့ ဘဝဟာ အထီးကျန်တယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတ သိပ်မဖြစ်ဘူး။ ပတ်ဝန်းကျင်နဲ့ သိပ်ပြီး ဒွေးရောယှက်တင်မနေတတ်ဘူး။ အသက်ကြီးလေ အထီးကျန်ဖြစ်လေ ဖြစ်တတ်တယ်။ သူတို့နဲ့ သူတို့ မိသားစု၊ တပည့်တပန်းတွေရဲ့ ဆက်ဆံရေးက “ချစ်ကြောက်ရိုသေ” လို့ ပြောရမယ်ထင်တယ်။ (၁ဝ)ဂဏန်းသမား တွေကျတော့ ဉာဏ်ပညာထက်မြက်ပြီး ဝီရိယနည်းတယ်။ ဝီရိယထက် ဉာဏ်ကို ပိုမိုအားကိုးတတ်တယ်။ မိသားစု သံယောဇဉ် နည်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ အကင်းပါးတယ်။

(၁၉)ဂဏန်းကျတော့ အပေါင်းအသင်းဆန့်တယ်။ လူချစ်လူခင်များတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင် တတ်တယ်။ နာမည်အလွန်ကျော်ကြားတတ်တယ်။ (၂၈)ဂဏန်းတွေကတော့ ခေါင်းအမာဆုံးဘဲဗျို့။ ဇွတ်တရွတ်နိုင်တယ်။ ဒေါသ အလွန်ကြီးမယ်။ အိမ်ထောင်ဘက်အပေါ် အလွန်နိုင်မယ်။ အပေါင်းအသင်းများသလောက် လူချစ်လူခင်မများတတ်ဘူး။ စီးပွားရေးကို ကျားကုတ်ကျားခဲ ရှာတတ်တယ်။ အလွန် အတ္တစိတ်ကြီးမယ်။ ပြောရမယ်ဆိုရင်တော့ (၂၈)ရက်ဖွားတွေဟာ တကယ့် “ဖိုက်တာ” တွေများတယ်ဗျ။ ဒါပေမယ့် တတိယအရွယ်မှာတော့ စိတ်ပျော့ပျောင်းသွားတတ်ကြတယ်ဗျ။

သိန်း။ ။ (၁)ဂဏန်းသမားတွေထဲက ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရှိရင် နည်းနည်း ပြောပြပေးပါလားဆရာ။

ကျွနု်ပ်။ ။ (၁)ဂဏန်းသမား ကမ္ဘာကျော်တွေက များလွန်းလို့ လူသိများတဲ့ အနည်းအကျဉ်းလောက်ဘဲ ပြောတော့မယ်။ သူတို့ကတော့ ” ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့ သူဌေးကြီး ဘီလ်ဂိတ် က(၂၈)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် က(၁၉ရက်ဖွား)၊ ရုရှားနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဘောရစ်ယဲ့ဆင် က(၁)ရက်ဖွား၊ ဟောလီဝုဒ် ရုပ်ရှင်မင်းသား ဘရုစ်ဝီလီ က(၁၉)ရက်ဖွား၊ ဝေလမင်းသမီး လေဒီဒိုင်ယာနာ က(၁)ရက်ဖွား၊ ဒုတိယကမ္ဘာစစ်ကြီးမှာ နာဇီဂျာမဏီတွေရဲ စစ်ဦးကျိုးသွားစေတဲ့ ဆိုဗီယက်ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့ က(၁)ရက်ဖွား၊ အင်အားကြီးလှတဲ့ အမေရိကန်တပ်တွေကို နိုင်ငံထဲက မောင်းထုတ်နိုင်ခဲ့တဲ့ ဗီယက်နမ်သမ္မတကြီး ဟိုချီမင်း က(၁၉)ရက် ဖွား။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီ က(၁၉)ရက်ဖွား၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က(၁၉)ရက်ဖွား၊ အက်ဖ်ဘီအိုင်ရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ခံရတဲ့ ဂျေအက်ဒဂါဟူးဗား က(၁)ရက်ဖွား။ လုပ်ကြံခံရတဲ့ အမေရိကန်သမ္မတ ကနေဒီရဲ့ ဇနီးဖြစ်သူ ဂျက်ကလင်းကနေဒီ က(၂၈)ရက်ဖွား။ အော်စကာဆုများပိုင်ရှင် ဟောလိဝုဒ်မင်းသမီး ဂျိုဒီ ဖော်စတာ က(၁၉)ရက်ဖွား၊ စစ်နဲ့ငြိမ်းချမ်းရေးဝတ္တုကြီးနဲ့ ကမ္ဘာကျော်ခဲ့ရတဲ့ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း က(၂၈)ရက်ဖွား။ အခုတလော အီရန်နိုင်ငံမှာ ရေပန်းစားနေတဲ့ သမ္မတ အာမက်ဒီနီဂျက် က(၂၈)ရက်ဖွား။ တင်းနစ် အလှမယ် မာရီယာရှာယာပိုဗာ က(၁၉)ရက်ဖွား။ တစ်ခေတ် တစ်ခါက အမေရိကန် ဟောလိဝုဒ် ဘုရင်မဖြစ်ခဲ့တဲ့ မာရီလင်မွန်ရိုး က(၁)ရက်ဖွား။ အမေရိကန်နိုင်ငံကို တုန်လှုပ်သွားစေတဲ့ အိုစမာဘင်လာဒင် က(၁ဝ)ရက်ဖွား။ ကြိုးပေးအသတ်ခံလိုက်ရတဲ့ အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန် က(၂၈)ရက်ဖွား။ အဲဒါတွေပါဘဲဗျား။

သိန်း။ ။ ကဲ- ဒီလောက်ဆိုရင် ကျွန်တော်လည်း ကျေနပ်သွားပါပြီ။ ဆရာ့ဆီလည်း (၁)ဂဏန်းသမားတွေ ဗေဒင်မေးဖို့ ရောက်လာကြဦးမယ်ထင်တယ်။

ကျွနု်ပ်။ ။ဒါတော့ မတတ်နိုင်ဘူးလေ။ သူတို့က အကူအညီတောင်းလာတော့ တတ်နိုင်သလောက် အကူအညီပေးရမှာ ကိုယ့်တာဝန်ဘဲပေါ့။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

You May Also Like
Read More

အမေရိကန်နိုင်ငံ , ဘားရတ် အိုဘားမား နဲ့ (၄) ဂဏန်း

ကျွန်တော်တို့မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်၊နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်း ထားသလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန် နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု…
Read More

(6 ဂဏန်းသမားများ အကြောင်း တစေ့တစောင်း)

အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။…