၉ ဂဏန်းဟာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ အတော်များများမှာ အတော် ရေပန်းစားတဲ့ ဂဏန်းဖြစ်ပါတယ်။ “၉ နဝင်း” ဆိုတဲ့ စကားဟာ “မြန်မာ့ဂမ္ဘီရ လောက” မှာ အတော်ရေပန်းစားတဲ့ စကားလုံးဖြစ်ပါတယ်။ “၉ နဝင်း အဓိဌာန်” တို့၊ “၉ နဝင်း မိုးအလင်း” တို့၊ “၉ နဝင်းစီး ယတြာ“ တို့၊ “၉ နဝင်းသင်္ချိုင်း သံဒါး”တို့ “၉ နဝင်း ထွက်ရပ်လမ်း”၊ “၉ နဝင်း ဆေးတော်ကြီး” “၉ မြို့ရှင်၊ ရွာတော်ရှင်” . . “၉ တိုင်း ၉ ဌာန” “တြိစက္က ကိုးနဝင်းဇာတာ” တို့ဆိုတာ ပုတီးလိုင်း၊ ဗေဒင်လိုင်း၊ ဂမ္ဘီရလိုင်းက ပုဂ္ဂိုလ်တွေအတွက် နားမစိမ်းကြပါဘူး။
တကယ်တော့လည်း ၉ ဂဏန်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဂဏန်း တစ်ခုပါ။ ရှေးခေတ် ချားလ်ဒီးယန်းလူမျိုးတွေဟာ သင်္ချာဗေဒ (ဂဏန်း ဗေဒင်) ကို တီထွင်ကြံဆခဲ့ကြရာမှာ “၉ ဂဏန်း” ကို ဘုရားသခင် ပိုင်ဆိုင်တဲ့ ဂဏန်းဖြစ်တယ်ဆိုပြီး မြင့်မြတ်တဲ့ဂဏန်းတစ်ခု အဖြစ် သတ်မှတ်ထားခဲ့ကြ ပါတယ်။ အလွန်စွမ်းအားကြီးတဲ့ ဂဏန်း တစ်ခု အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
သင်္ချာဗေဒပညာမှာ ၉ ဂဏန်းကို “အင်္ဂါဂြိုဟ်” ပိုင်ဂဏန်းအဖြစ် သတ်မှတ်ထားပေမယ့် တကယ်တော့ ၉ ဂဏန်းဟာ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ပရိယာယ် တွေထက် သာလွန်တဲ့ စွမ်းအားတွေ ရှိနေပါသေးတယ်။ ပြောချင်တာက ၉ ဂဏန်းကို အင်္ဂါဂြိုဟ်ပိုင် ဂဏန်းအဖြစ် သတ်မှတ် ထားတာဟာ အပြည့်အ၀ မှန်ကန်မှုမရှိဘူးလို့ ပြောနိုင်ပါတယ်။
တကယ်တော့ အင်္ဂါဂြိုဟ်ဟာ ရုပ်သဘောတရား ဆန်လွန်းတဲ့ ဂဏန်းတစ်ခုသာ ဖြစ်ပြီး ရောဂါဘေးဥပဒ်များဖြစ်ပွားခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားခြင်း၊ အစုလိုက် အပြုံလိုက် သေကြေပျက်စီးခြင်း၊ အချင်းချင်း မုန်းတီးရန်ပွား အမျက်ထားခြင်းများကို ကိုယ်စားပြုတဲ့ဂြိုဟ် ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ် ဟာ တကယ်တော့ ဂြိုဟ်ဆိုးတစ်လုံးသာဖြစ်ပြီး အင်္ဂါဂြိုဟ် အားကောင်းလွန်းရင်လည်း ဆိုးကျိုးတွေ ဖြစ်လာနိုင်သလို၊ အင်္ဂါဂြိုဟ် အားနည်းလွန်းပြန်ရင်လည်း ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဒါပေမယ့် ၉ ဂဏန်းမှာတော့ အင်္ဂါဂြိုဟ်ရဲ့ အင်အားတွေအပြင် အင်္ဂါဂြိုဟ် မပိုင်ဆိုင်တဲ့ အင်အားတွေကိုပါ ပူးတွဲ ပိုင်ဆိုင်နေတာ ကို တွေ့ရပါတယ်။ ၉ ဂဏန်းဟာ သူ့ကို အသုံးချသူ ပညာရှင်ရဲ့ ကျွမ်းကျင်မှု နဲ့ ရည်ရွယ်ချက် အပေါ်မှာ မူတည်ပြီး ကောင်းကျိုး/ဆိုးကျိုး ဖြစ်ထွန်းစေနိုင်ပါတယ်။ ၉ ဂဏန်းကို အကောင်းဖြစ်အောင် အသုံးချလို့လည်း ရပါတယ်။ အဆိုးဖြစ်အောင် အသုံးချ လို့လည်း ရပါတယ်။
ကောင်းတဲ့ဘက်မှာဆိုရင် ၉ ဂဏန်းဟာ သမထ နဲ့ ထွက်ရပ်လမ်း ၊ အထက်လမ်းပညာများမှာ အရေးကြီးတဲ့ဂဏန်း တစ်ခု အဖြစ် အသုံးချ နိုင်သလို၊ မကောင်းတဲ့ဘက်မှာ ဆိုရင်လည်း ၉ ဂဏန်းဟာ မှော်ပညာ၊ အောက်လမ်းပညာ၊ အင်းပညာများမှာ အရေးကြီးတဲ့ ဂဏန်းတစ်ခုအဖြစ် အသုံးချလို့ ရပါတယ်။
၉ ဂဏန်းအကြောင်း ပြောရရင်တော့ မဆုံးနိုင်၊ မကုန်နိုင် ပါဘူး။ ဒီနေ့ ဆောင်းပါးမှာ ပြောချင်တာက “၉ ဂဏန်း နဲ့ နာမည်ကျော်ပုဂ္ဂိုလ်များ” အကြောင်းပါဘဲ။ မြန်မာနိုင်ငံမှာ အနုပညာလောက နဲ့ စီးပွားရေးလောကထဲမှာ နာမည်ကျော်ကြား နေကြတဲ့ ပုဂ္ဂိုလ်များရဲ့ “နာမည်”များကို လေ့လာကြည့်မယ် ဆိုရင် ၉ ဂဏန်းရဲ့ အရှိန်အဝါဟာ အတော်ကြီးမားတာကို တွေ့ရ ပါလိမ့်မယ်။
လူတစ်ယောက်ရဲ့ နာမည် အက္ခရာကို ဂဏန်းသင်္ချာနဲ့ ဖလှယ်ပြီး ပေါင်းလို့ရတဲ့ ကိန်းဟာ ၉ ဂဏန်း ဖြစ်နေရင် ဒီပုဂ္ဂိုလ် အောင်မြင်ကျော်ကြားသူတစ်ဦး ဖြစ်ဖို့ လွယ်ကူပါတယ်။ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ အောင်မြင်တတ်ပါတယ်။ လက်တွေ့ လေ့လာကြည့်ကြရအောင်လား။
၉ နဝင်းရတဲ့ နာမည်ပုံစံ (၂)မျိုး ရှိပါတယ်။
(၁) “နေ့နံ သင်္ချာပေါင်းခြင်းဖြင့် ရသော ၉ နဝင်း နာမည်”
(၂) “ဂြိုဟ်သက် သင်္ချာပေါင်းခြင်းဖြင့် ရသော ၉ နဝင်း နာမည်” တို့ ဖြစ်ကြပါတယ်။
“နေ့နံ သင်္ချာပေါင်းခြင်းဖြင့် ရသော ၉ နဝင်းနာမည်” ဆိုတာက- ဥပမာ-
= လွင်မိုး = ဗုဒ္ဓဟူး+ကြာသပတေး = ၄ + ၅ = ၉ လိုမျိုးဖြစ်ပါတယ်။
တနင်္ဂနွေကို (၁)ဂဏန်း၊ တနင်္လာကို (၂)ဂဏန်း၊ အင်္ဂါကို (၃)ဂဏန်း၊ ဗုဒ္ဓဟူးကို (၄)ဂဏန်း၊ ကြာသပတေးကို (၅)ဂဏန်း၊ သောကြာကို (၆)ဂဏန်း၊ စနေကို (၇) ဂဏန်း ၊ ရာဟုကို (၈)ဂဏန်း လို့ ယူပါတယ်။ ဒီ နေ့နံသင်္ချာအရ ပေါင်းခြင်း (၉)ဂဏန်း ရတဲ့ နာမည်ပိုင်ရှင်တွေကတော့ (မြန်မာနိုင်ငံ)
= လွင်မိုး (၄+၅=၉)
= ရန်အောင် (၈+၁=၉)
= ရဲအောင် (၈+၁=၉)
= နန္ဒာလှိုင် (၇+၇+၄= ၁၈= ၁+၈= ၉)
= စိုးသူ (၆+၃= ၉)
= လူမင်း (၄+၅= ၉)
= စိုင်းစိုင်းခမ်းလှိုင် (၃+၂+၄= ၉) လူမျိုးစုအမည် “စိုင်း” ကို မယူရပါ။
= အောင်ရင် (၁+၈= ၉)
= လွှမ်းမိုး (၄+၅=၉) တို့ဘဲ ဖြစ်ကြပါတယ်။ ကျွန်တော်မသိသေးတာ သတိမထားမိတာတွေလည်း အများကြီး ရှိပါဦးမယ်။
ဂြိုဟ်သက်သင်္ချာဆိုတာက ဂြိုဟ်တွေမှာ ကိုယ်ပိုင်ဂြိုဟ်သက်တွေ ရှိကြပါတယ်။
တနင်္ဂနွေ ဆိုရင် ဂြိုဟ်သက် (၆) နှစ်
တနင်္လာနွေ ဆိုရင် ဂြိုဟ်သက် (၁၅) နှစ်
အင်္ဂါ ဆိုရင် ဂြိုဟ်သက် (၈) နှစ်
ဗုဒ္ဓဟူး ဆိုရင် ဂြိုဟ်သက် (၁၇) နှစ်
ကြာသပတေး ဆိုရင် ဂြိုဟ်သက် (၁၉) နှစ်
သောကြာ ဆိုရင် ဂြိုဟ်သက် (၂၁) နှစ်
စနေ ဆိုရင် ဂြိုဟ်သက် (၁၀) နှစ်
ရာဟု ဆိုရင် ဂြိုဟ်သက် (၁၂) နှစ် စီ အသီးသီး ရှိကြပါတယ်။ (မြန်မာ့ရိုးရာနည်းပါ)
ဒီ ဂြိုဟ်သက် သင်္ချာအရ ပေါင်းခြင်း (၉)ဂဏန်း ရတဲ့ နာမည်ပိုင်ရှင်တွေကို လေ့လာကြည့်တော့ “သူတို့” ကို တွေ့ရပါတယ်။
= ကျော်ဟိန်း (၁၅+၂၁ = ၃၆= ၃+၆= ၉)
= ကျော်သူ (၁၅+၂၁ = ၃၆= ၃+၆= ၉)
= စိုင်းထီးဆိုင် (၁၀+၈ = ၁၈= ၁+၈= ၉) မှတ်ချက်။ ။ “စိုင်း” သည် လူမျိုးစု ကိုယ်စားပြုနာမည်ဖြစ်၍ မယူရပါ
= မေဆွိ (၁၉+၈ = ၂၇= ၂+၇= ၉)
= စိုးပိုင် (၈+၁၉ = ၂၇= ၂+၇= ၉)
= ဇော်ပိုင် (၈+၁၉ = ၂၇= ၂+၇= ၉)
= ထက်ထက်မိုးဦး (၁၀+၁၀+၁၉+၆ = ၄၅= ၄+၅= ၉)
= ထွန်းအိန္ဒြာဗို (၁၀+၆+၁၀+၁၉= ၄၅= ၄+၅=၉)
= မို့မို့မြင့်အောင် (၁၉+၁၉+၁၉+၆ = ၆၃= ၆+၃= ၉)
= စိုးစန္ဒာထွန်း (၈+၈+၁၀+၁၀ = ၃၆= ၃+၆= ၉) ဆိုတဲ့ နာမည်တွေကို တွေ့ရပါလိမ့်မယ်။
ဒါက ကျွန်တော့် လေ့လာမိသလောက်ပါ။ ကျန်တာတွေလည်း ရှိပါလိမ့်ဦးမယ်။ ဝါသနာပါရင် ကိုယ့်ဟာကို တွက်ကြည့်ကြပါ။ နောက်ပေါ်တဲ့ မင်းသား/မင်းသမီးအသစ် နဲ့ အဆိုတော် အသစ်တွေထဲမှာ ကျွန်တော် မသိတာတွေ အများကြီး ရှိပါဦးမယ်။
တစ်ချိန်က စတီရီယို တေးသံလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ “လားရှိုးသိန်းအောင် (ခ) ဂျင်မီဂျက်” ဆိုတာ ကတော့ နေ့နံပေါင်းခြင်းရော၊ ဂြိုဟ်သက်ပေါင်းခြင်းပါ ၉ ဂဏန်းရသူတစ်ဦးဖြစ်ပါတယ်။
သိန်းအောင် (၂၁+၆= ၂၇= ၂+၇= ၉) ဂဏန်း (လာရှိုး ကို ထည့်မတွက်ရပါ)
ဂျင်မီဂျက် (၂+၅+၂= ၉)ဂဏန်း ပိုင်ရှင်ဖြစ်ပါတယ်။ ထူးခြားသူ တစ်ဦးဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီတော့မေးစရာ ရှိလာတာက-
၉ ဂဏန်းရမှ အောင်မြင်ကျော်ကြားတာလား?
မဟုတ်တာဘဲ ခင်ဗျာ ။ ၉ ဂဏန်းမရဘဲလည်း အောင်မြင်ကျော်ကြားနေသူတွေ အများကြီးပါ။ ၉ ဂဏန်းမရပေမယ့် အောင်မြင် ကျော်ကြားသူတစ်ဦး ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် ၉ ဂဏန်းရဲ့အောင်မြင်မှုက ပိုပြီး အရှိန်သြဇာ ပိုကြီးပါတယ်။ ဥပမာ – စီးပွားရေးလောကထဲမှာ “ထူး ထရေးဒင်း” ပိုင်ရှင် “ဦးတေဇ” ဆိုရင် မသိသူမရှိလောက် အောင် နာမည်ကျော်ကြားပြီး သြဇာတိက္ကမလည်း အလွန်ကြီးပါတယ်။ သူ့နာမည်ဟာ ဂြိုဟ်သက်ပေါင်းခြင်းအရ “ကိုး နဝင်း” ရသူ ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ “တေဇ = (၁၀+၈= ၁၈= ၉) ” ရတာကို တွေ့ရပါမယ်။ ၉ ဂဏန်းနဲ့ နာမည်ကျော်ကြားသူအားလုံးနီးပါးလောက်ဟာ “အသက်ငယ်ငယ်နဲ့ အောင်မြင်ကျော်ကြား ခဲ့သူတွေ” ဖြစ်တာကို တွေ့ရပါလိမ့်မယ်။
ဒီလိုဆိုရင် နာမည်တစ်ခုကို ၉ နဝင်းရအောင် မှည့်နိုင်ရင် အားလုံး ကောင်းပြီပေါ့ ?
မဟုတ်ပါဘူး ခင်ဗျား။ လုံး၀ မှားယွင်းပါတယ်။ ၉ ဂဏန်းဟာ နာမည်ကျော်ကြားမှုကို ပေးနိုင်သလောက် အိမ်ထောင်ရေးကံကို ဖျက်ဆီးတတ်တဲ့ဂဏန်းတစ်လုံး ဖြစ်ပါတယ်။ (အင်္ဂါဂြိုဟ် ပိုင်တဲ့ ဂဏန်းမို့လို့ အင်္ဂါဒေါသ သင့်တာ ဖြစ်နိုင်ပါတယ်)။ နာမည် ၉ နဝင်းရသူ အတော်များများဟာ အိမ်ထောင်ရေးကံ ခေကြပါတယ်။
ဒါပေမယ့ ဒီလို အိမ်ထောင်ရေး ကံခေမှုဟာ အိမ်ထောင်ဘက်ကြောင့်ချည်း မဟုတ်ဘဲ ကိုယ့်အပေါ်မှာလည်း အတော်များများ တည်နေတာကို တွေ့ရပါလိမ့်မယ်။ နာမည် ၉ ဂဏန်းရသူတွေ အတော်များများမှာ အိမ်ထောင် ကွဲပျက်၊ နာမည်ပျက်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတာတွေ အများကြီး တွေ့ရပါတယ်။ ၉ ဂဏန်းနာမည်ပိုင်ရှင်တွေ အိမ်ထောင်ရေးကံ ကောင်း/ မကောင်းကို သိချင်ရင် အထက်က ဖော်ပြခဲ့တဲ့ ၉ ဂဏန်းပိုင်ရှင် (Star) တွေထဲရဲ့ အိမ်ထောင်ရေးတွေကို လေ့လာ ကြည့်လိုက် ပါနော်။ နဲနဲပါးပါးတော့ သိထားကြတယ် မဟုတ်လား။ နာမည်တွေ မပြောတော့ပါဘူး။ ကိုယ့်ဟာကို ရှာကြည့် ကြပါတော့ဗျာ။
အလည်လာ ဖတ်ရှုသူအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)