(၇)ရက် သားသမီးများအတွက် ဇွန်လ ဟောကိန်းများ

တနင်္ဂနွေသားသမီးများ

ယခုလအတွက် တနင်္ဂနွေ သားသမီးများ ကံဇာတာ ကောင်းမွန်ပါလိမ့်မယ်။ ငွေကြေး စီးပွားဥစ္စာနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံကောင်းနိုင်တယ်။ ငွေစုငွေပုံဝင်ကိန်း (သို့) လုပ်ငန်းမှ ဝင်ငွေအမြတ်အစွန်း များပြားကိန်း ရှိတယ်။ ဒီလမှ တနင်္ဂနွေ သားသမီးများ စုတ်ရော ၊ လာဘ်ပါ ကောင်းမွန်နေပြီး အချစ်ရေး ၊ အိမ်ထောင်ရေးတွေ လည်း အဆင်ပြေတတ်တယ်။ လက်ထပ်ဖို့ အစီအစဉ် ရှိသူများ အိမ်ထောင်ကျတတ်တဲ့ လ, ဖြစ်တယ်။ လုပ်ငန်းခွင်အတွင်း နာမည်ကောင်းထွက်မယ်။ ကိုယ့်လုပ်ရပ်တွေ အဆင်ပြေချောမွေ့နေမယ်။ ဒီလထဲမှာ မကောင်းတာတစ်ခုက ငွေလူလိမ်ခံရကိန်း ၊ အလဟသ ဆုံးရှုံးရကိန်းမျိုး ရှိတတ်ပေမယ့် သိပ်တော့ အဆိုးကြီး မဟုတ်ပါ။ ဒီလထဲမှာ ပစ္စည်းအဝယ်မှားတာ ၊ ငွေကျပျောက်တာမျိုးရှိရင် မကောင်းတာ ယတြာကျေသွားတယ် လို့ အောက်မေ့လိုက်ပါ။ ဒီလထဲမှာ အထူးရှောင်ရမှာက “ပွပေါက်” ဆိုတဲ့ ကိစ္စမျိုးတွေ သူများ လာဆွယ်ရင် ငြင်းလိုက်ပါ။ လိမ်ညာမှု တစ်ခု ဖြစ်လိမ့်မယ်။ အလုပ်ရာထူး တိုးဖို့ ရှိသူများ ဒီလထဲ ရာထူးတိုးတာဖြစ်စေ ၊ နေရာကောင်းရောက်တာမျိုးဖြစ်စေ ကြုံရနိုင်တယ်။ ထီပေါက်ကိန်း ရှိတာမို့ (အောင်ဘာလေ) ထီလေး နည်းနည်းပါးပါး ထိုးထားပါ။

ယတြာကတော့ – ဘုရားမှ လဘ္ဘက်သုပ် နဲ့ ဆွမ်း ကပ်လှူလိုက်ပါ။

.

တနင်္လာ သားသမီးများ

တနင်္လာ သားသမီးများအတွက် ဒီလမှာ အခက်အခဲ အဖုအထစ် များမယ့် လ, တစ်လ ဖြစ်နိုင်တယ်။ ကောင်းတာလည်း ရှိမယ်။ ညံ့တာလည်း ရှိမယ်။ ငွေကြေး ၊ စီးပွား ၊ အလုပ်အကိုင် ၊ လူမှုဆက်ဆံရေး ပိုင်းတွေ မှာ ကောင်းမွန်တတ်ပြီး ကျန်းမာရေး အထူးညံ့ဖွယ် ရှိတယ်။ သက္ခတ် ညံ့ရင် ဆေးရုံဆေးခန်း တက်ရောက် ကိန်းရှိတယ်။ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျ များရဖွယ် ရှိတယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ အခြေအနေမျိုးတော့ မရှိနိုင်ပါဘူး။ ဒါပေမယ့် “ဗုဒ္ဓဟူးသက္ခတ်” အတွင်း ရောက်နေရင်တော့ ကျန်းမာရေး ပိုပြီး သတိထားပါ။ သားသမီး ရှိသူများ သားသမီးအတွက် စိတ်သောက ရောက်ရကိန်း ရှိတယ်။ ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေ တစ်ဦးက ကိုယ့်အပေါ် မကောင်းသတင်း ဖြန့်တာမျိုး ကြုံရတတ်တယ်။ ရွှေဝင်ကိန်း ရှိသလို ရွှေပြန်ထွက်ကိန်းလည်း ရှိတယ်။ ဒီလ တစ်လလုံး စိတ်ပူပင် သောက များတတ်ရပြီး စိတ်ဖိစီးမှုလည်း များတတ်တယ်။ ကိုယ့်အိမ်မှာ ဆွေမျိုး ဧည့်သည် လူဝင်လူထွက်များပြီး ဧည့်တာဝန်တွေ ဖိစီးနေရတတ်တယ်။ လူလိမ်လူကောက် သတိထားပါ။ လူလိမ်ခံရကိန်း ၊ သူခိုး ခိုးခံရကိန်းတွေ ရှိပါတယ်။ အိမ်ထောင်ပြုဖို့အစီအစဉ် ရှိသူများအတွက်တော့ ကောင်းမြတ်ခမ်းနားတဲ့ မင်္ဂလာအခမ်းအနားမျိုး လုပ်ရဖွယ် ရှိပါတယ်။

ယတြာကတော့ – သရက်သီးမှည့်ကို ဘုရားမှာ ကပ်လှူလိုက်ပြီး မိမိမစားဘဲ စွန့်ပစ်လိုက်ပါ။\

.

အင်္ဂါ သားသမီးများ

အင်္ဂါ သားသမီးများအတွက် ယခုလ, ဟာ အောင်မြင်မှုတွေကို ဆောင်ကျဉ်းပေးနိုင်မယ့် လ, တစ်လ ဖြစ်နိုင်ပါတယ်။ လုပ်သမျှ ကိုင်သမျှ အောင်မြင် အဆင်ပြေနေလိမ့်မယ်။ အကြံကောင်း ဉာဏ်ကောင်တွေ ကြောင့် အကျိုးကျေးဇူး ခံစားရမယ်။ မိတ်ကောင်းဆွေကောင်းတွေက ကူညီလိမ့်မယ်။ ဒါပေမယ့် လုပ်ငန်းခွင် ထဲမှာ ကိုယ့်ကို မနာလို ဝန်တိုဖြစ်နေတဲ့ သူအချို့ရဲ့ အနှောင့်အယှက်ပေးမှုကိုတော့ အနည်းနဲ့ အများ ခံရဖွယ် ရှိပါတယ်။ စိတ်ပူစရာတော့ မလိုပါ။ ငယ်ရွယ်သူတွေမှာ အချစ်ရေး အဆင်ပြေလိမ့်မယ်။ အလုပ်လျှောက်ထား သူများ အလုပ်အကိုင်ရရှိပြီး အလုပ်အကိုင်ရှိသူများ ရာထူး ၊ နေရာ ၊ လစာကောင်းတွေ တိုးတက်ရရှိနိုင်တယ်။ ဒီလထဲမှာ ခရီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ သိပ်မကောင်းလှပါ။ အခက်အခဲ နဲ့ နှောင့်နှေးကြန့်ကြမှုတွေ များနိုင် တယ်။ မိမိဆွေမျိုးသာခြင်းထဲကဖြစ်စေ ၊ မိတ်ဆွေရင်းထဲကဖြစ်စေ နာရေး ကိစ္စ ပေါ်ပေါက်တတ်တယ်။ မိတ်ဆွေရင်းထဲက ဆေးရုံဆေးခန်းတက်ရတာမျိုးရှိရင် သွားရောက်ပြီး မေးမြန်းအားပေးလိုက်ပါ။ ကိုယ့်အတွက် မကောင်းတာတစ်ချို့ ယတြာကျေသွားနိုင်ပါတယ်။ ယေဘူယျ ပြောရရင်တော့ ဒီလမှာ အင်္ဂါသားသမီး အတော် များများ ကံကောင်းကြပါလိမ့်မယ်။

ယတြာလုပ်လိုသူများအတွက် – အခမဲ့ ဆေးရုံတစ်ခုမှာ ကိုယ်တတ်နိုင်သလောက် ငွေကြေးသွားရောက် လှူဒါန်းလိုက်ပါ။ ဒါမှမဟုတ် ဆေးဖိုးဝါးခ လိုအပ်နေတဲ့ နွမ်းပါးသူတစ်ဦးကို ကူညီလိုက်ပါ။

.

ဗုဒ္ဓဟူး/ရာဟု သားသမီးများ

ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလဟာ လုပ်ချင်တာ လုပ်မရ ၊ မလုပ်ချင်တာ လုပ်ရတဲ့ အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။ အကြံအစည်တွေ ၊ အလုပ်အကိုင်တွေ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတတ်တယ်။ အခက်အခဲ အမျိုးမျိုး ကြုံရတတ်တယ်။ ဖြစ်ချင်တဲ့ ဆန္ဒပြင်းလေ ၊ ဖြစ်ဖို့ ခက်ခဲလေ အခြေအနေမျိုးတွေ ကြုံရ တတ်ပါတယ်။ ဒီလထဲမှာ အခက်များကို ရင်ဆိုင်ရာမှာ အိမ်ထောင်ဘက် ၊ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီ များဟာ အတော်အရေးပါပါလိမ့်မယ်။ ငွေကြေး ပြဿနာ နဲ့ အိမ်တွင်းရေး ၊ အိမ်ထောင်ရေး ပြဿနာတွေကတော့ သိပ်မရှိလှပါဘူး။ အဓိကက ကိုယ်လုပ်နေတဲ့ အလုပ်အကိုင် အကြံအစည်တွေ လုပ်မရ၊ အကောင်အထည်ဖော်မရ ဖြစ်နေတတ်တာမျိုးပါ။ တနင်္လာ ၊ ကြာသပတေး သားသမီးများရဲ့ အကူအညီ နဲ့ အကြံဉာဏ်ကို ရယူပါ။ ဒီလအတွက် ဗုဒ္ဓဟူးသားသမီးများရဲ့ ကံအဆိုး/အကောင်းဟာ ကိုယ်ရောက်နေတဲ့ သက္ခတ်ပေါ်မှာ အများဆုံးတည်နေပါလိမ့်မယ်။

ဗုဒ္ဓဟူး သက္ခတ်အတွင်း ရောက်နေသူများ အခက်အခဲ အလွန်များမယ်။ စနေသက္ခတ် အတွင်းရောက်နေသူများ ရန် အတိုက်အခံများမယ်။ ရန်ပေါ်မယ်။ လုပ်ငန်း အပြိုင်အဆိုင်ပေါ်မယ်။ အင်္ဂါသက္ခတ်အတွင်း ရောက်နေ သူများ ကျန်းမာရေး သတိပြုပါ။ ထိခိုက် ဒဏ်ရာရမှုများ သတိပြုပါ။ တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး သက္ခတ်များအတွင်း ရောက်နေသူများကတော့ အခက်အခဲများကို ကျော်လွှားနိုင်ပြီး ကောင်းမွန်တဲ့ အခြေအနေ မျိုးကို ရရှိပါလိမ့်မယ်။ သောကြာသက္ခတ်အတွင်း ရောက်နေသူများအတွက်တော့ ဒီလမှာ ခရီးသိပ် မထွက်ပါနဲ့/ စကားသိပ်များများ မပြောပါနဲ့လို့ အကြံပေးလိုက်ချင်ပါတယ်။

ယတြာပြုလုပ်လိုသူများအတွက် – ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဆီ အနည်ဆုံး (၃)ပိသာ လှူဒါန်းလိုက်ပါ။ ဒီလ တစ်လလုံး အင်္ဂါနံ အစားအစာ လုံးဝမစားပါနဲ့။ ( ဥပမာ- ဆိတ်သား ၊ ဇီးသီး )

.

ကြာသပတေး သားသမီးများ

ကြာသပတေးသားသမီးများအတွက် ယခုလဟာ ဆုံးဖြတ်ချက်တွေ မှားယွင်းပြီး အဆုံအရှုံး များတတ်တဲ့ လ, တစ်လ ဖြစ်တတ်ပါတယ်။ ဒီလမှာ လုပ်ငန်းကိုင်ငန်းတွေမှာ အခက်အခဲ နဲ့ အဆင်မပြေမှုတွေ များမယ်။ နှောင့် နှေးကြန့်ကြမှုတွေ များမယ်။ ငွေစုငွေပုံ ဝင်ကိန်း ရှိပေမယ့် များသောအားဖြင့် မသန့်မရှင်းတဲ့ ငွေမျိုး ဖြစ်တတ်တယ်။ နောက်ပြီး ဒီငွေကြောင့် ကိုယ့်ရဲ့ အလုပ်အကိုင် နဲ့ ဂုဏ်သိက္ခာအပေါ် ထိခိုက်စရာတွေ ဖြစ်တတ်တယ်။ လောင်းကစားနဲ့ အသက်မွေးသူများ ဒီလ, မှာ တရားဥပဒေနဲ့ ညိစွန်းတတ်ပါတယ်။ ငွေကြေး အမြောက်အများ ဆုံးရှုံးကိန်း ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလ ထဲမှာ ကြာသပတေး သားသမီးများအတွက် ငွေများများဝင်ရင် ပြဿနာ များများ တက်တတ်တဲ့ လ, တစ်လဖြစ်နိုင်တယ်လို့ မှတ်ယူရပါမယ်။ ငွေများများ ဝင်တိုင်း အရမ်းဝမ်းမသာပါနဲ့။ နောက်တစ်ခုက အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေး ဂရု ပြုရပါမယ်။ ဒီလအတွက် ကြာသပတေး သားသမီးများကို အထူးအကြံပေးချင်တာက အရာရာမှာ စိတ်ထား မှန်မှန်ကန်ကန် နဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ပါဘဲ။ စိတ်ကို လျှော့ထားပါ။ ဒေါသစိတ် ၊ လောဘစိတ် ၊ မနာလို ဝန်တိုစိတ်တွေ နည်းနိုင်သမျှ နည်းအောင် ကြိုးစားနေထိုင်သွားပြီး ငွေကြေးကိစ္စတွေမှာ လောဘမကြီးရင် ကံသိပ်ညံ့ဖွယ်ရာ မရှိနိုင်ပါဘူး။ တရားမဝင် အလုပ်တွေကိုတော့ ခေတ္တရပ်နားထားပါ။

ယတြာပြုလုပ်လိုသူများအတွက် – ဒီလမှာ ငွေကြေးများများ ဝင်လာခဲ့ရင် တစ်နေရာရာမှာ အချို့အဝက် လှူဒါန်းလိုက်ဖို့ လုံးဝမမေ့ပါနဲ့။ အထူးသဖြင့် စိတ်မနှံသူ ၊ စိတ်ရောဂါ ရှိသူ ၊ ရူးသွပ်နေသူများကို ဦးစားပေး လှူဒါန်းပေးပါ။

.

သောကြာ သားသမီးများ

သောကြာသားသမီးများအတွက် ယခုလဟာ ကံကောင်းမှု ကံဆိုးမှု အလွန်အကျွံ မဖြစ်နိုင်တဲ့ လ, တစ်လ ဖြစ်ဖွယ် ရှိပါတယ်။ ဆိုးစရာလည်း သိပ်မရှိ/ကောင်းစရာလည်း သိပ်မရှိပေါ့။ ငွေကြေးနဲ့ ပတ်သက်ရင်တော့ ကံကောင်းမှုတွေ ရနိုင်တယ်။ လာဘ်လာဘ ရွှင်လန်းမယ်။ ဝင်ငွေ ကောင်းနေမယ်။ စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်းကနေ အမြတ်အစွန်းများမယ်။ ဒီလထဲမှာ ကိုယ့်ရဲ့ အောင်မြင်မှု တစ်ခုခုအပေါ်မှာ မနာလို အပုတ်ချမှု အချို့ ကြုံရဖွယ် ရှိပေမယ့် ဂရုစိုက်စရာ မရှိလှပါ။ ဒီလထဲမှာ ကိုယ့်အပေါ် ရန်လိုသူ အနည်းနဲ့ အများကြုံရမယ်။ ငယ်ရွယ်သူများ စုတ်အား ကောင်းနေပြီး အချစ်ရေး ကိစ္စများ ဝင်ရောက် လာနိုင်ပါတယ်။ အချစ်ရေးကိစ္စများ ကြံရဖွယ်ရှိပါတယ်။ ဒီလထဲမှာ သောကြာသားအချို့ ထီပေါက်ကိန်း ရှိနေပါတယ်။ အထူးသဖြင့် စနေသက္ခတ် နဲ့ ဗုဒ္ဓဟူး သက္ခတ် အတွင်းရောက်သူများ ထီပေါက်တတ်ပါတယ်။ ဒီလမှာတော့ သောကြာသားသမီးများ အတွက် သိသာထင်ရှားလောက်တဲ့ အဆိုးတွေ မရှိနိုင်တာမို့ ကံကောင်းတဲ့ လ, တစ်လလို့ဘဲ မှတ်ယူ သင့်ပါတယ်။

ယတြာပြုလုပ်လိုသူများအတွက် – ဘုရားမှာ ဒူးရင်သီး ကပ်လှူလိုက်ပြီး ကိုယ်လည်း စားပေးပါ။ သောကြာ နေ့နဲ့ တနင်္လာနေ့များမှာ ခရီးထွက်တာကို ရှောင်ကျဉ်လိုက်ပါ။

.

စနေ သားသမီးများ

စနေသားသမီးများအတွက် ယခုလဟာ ကံကြမ္မာ အတော်နိမ့်ပါးဖွယ် ရှိတဲ့ လ, တစ်လဖြစ်နိုင်ပါတယ်။ ဒီလထဲမှာ မကောင်းတာမှန်သမျှ အကုန်ဖြစ်နိုင်တယ်။ ကျန်းမာရေး ညံ့နိုင်တယ်။ ဆေးရုံဆေးခန်း ရောက်နိုင်တယ်။ မတော်တဆ ထိခိုက်နိုင်တယ်။ လူလိမ်ခံရကိန်း ၊ သူခိုးခိုး ခံရကိန်းလည်း ရှိနိုင်တယ်။ အထက်လူကြီးနဲ့ အဆင်မပြေဖြစ်နေသူများ အလုပ်အကိုင်အပြောင်းအလဲပါ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် သက္ခတ်အပေါ်မှာလည်း တည်နေပါတယ်။ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး နဲ့ စနေ သက္ခတ်များအတွင်း ရောက်နေရင် ပိုပြီး သတိထားရပါမယ်။ တနင်္လာ ၊ ကြာသပတေး နဲ့ သောကြာ သက္ခတ်များအတွင်း ရောက်နေရင်တော့ သိပ် အဆိုးကြီး မဖြစ်နိုင်ပါဘူး။ သားသမီး ရှိသူများ သားသမီးအတွက် စိတ်သောက အထူးရောက်ရကိန်း ရှိတယ်။ ပုံမှန် စီးပွားရေး နဲ့ အလုပ်အကိုင် ရှိသူများအတွက်တော့ ငွေကြေးပြဿနာ သိပ်မရှိနိုင်ပါဘူး။ အလုပ်မရှိ ၊ အကိုင်မရှိဘဲ ငွေတွေ အချောင်ရလာရင်တော့ ဒုက္ခတစ်ခုခု ရောက်တော့မယ် မှတ်ပါ။ နှစ်လုံးထီ နဲ့ ချဲဒိုင် ဖွင့်သူများ ဒီလထဲမှာ “ထောင် ၊ အချုုပ်ကျကိန်း” အလွန် နီးလှပါတယ်။ အလောင်းအစားနဲ့ ပတ်သက်နေသူ အားလုံး ဒုက္ခရောက်နိုင်တယ်။ ဆွမ်းခံရင်း ငှက်သင့်ဆိုတာလို “ဘောက်ချာလေးတစ်ရွက်” ကြောင့် အချုပ်ထဲ ရောက်သွားနိုင်တယ်။ ဒီလထဲမှာ စနေသားသမီးအားလုံးကို အကြံပေးချင်တာ ငြိမ်ငြိမ်နေပြီး ဘာသာတရား များများလုပ်ပေးပါ။ စွန့်စားရမယ့် ကိစ္စ ဟူသမျှ ဘာမှမလုပ်ပါနဲ့။ အသွားမတော် တစ်လှမ်းဆိုတာလို ဖြစ်တတ် ပါတယ်။

ယတြာပြုလုပ်လိုသူများအတွက် – တန်ခိုးကြီးဘုရား တစ်ဆူဆူမှာ ရွှေသင်္ကန်း ကပ်လှူပေးပါ။ နောက်ပြီး မိမိရက်ကွက်ထဲမှာ လမ်းပျက်နေတာမျိုးရှိရင် တတ်နိုင်သလောက် ပြုပြင်ပေးပါ။ အသက်အရွယ် အလွန်အိုမင်း နေပြီး မကျန်းမာတဲ့ အဖိုးအို အဖွားအိုများကို ဆေးဝါး ၊ ငွေ တတ်နိုင်သလောက် ဒါနပြုပေးပါ။

မှတ်ချက်။            ။ အထက်ပါ ဟောကိန်းများမှာ (၇) ရက်သားသမီး အားလုံးအတွက် ယေဘူယျ ဟောကိန်းများ မျှသာ ဖြစ်ပါသည်။ တစ်ဦးခြင်းစီအတွက် အတိအကျဟောဆိုထားသော ဟောကိန်းများ မဟုတ်သည်ကို သတိပြုပါ။

(၇)ရက်သားသမီးအားလုံး ကျန်းမာချမ်းသာကြပါစေသော်။

You May Also Like
Read More

“ပုတိ ၊ ဘင်္ဂ ၊ မရဏ” အပိုင်း(၁)

မြန်မာ့ရိုးရာဗေဒင်ပညာမှာ “မဟာဘုတ်ဗေဒင်ပညာ” ဆိုတာရှိပါတယ်။ ရှေးနှစ် ရာပေါင်းများစွာတည်းက ပေါ်ထွန်းလာခဲ့တဲ့ မြန်မာ့ရိုးရာဗေဒင်ပညာစစ်စစ်ဖြစ်ပါတယ် မဟာဘုတ် ဇာတာခွင်ချနည်းကတော့ မြန်မာသက္ကရာဇ်ကိုတည်၊ (၇)နဲ့စား၊ အကြွင်းကို “အောင် လံ ထူ စစ် သူ ကြီး…
Read More

(၆)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၆) ဖြစ်ပါက (၆)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်…