(၆)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၆) ဖြစ်ပါက (၆)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက် မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါက (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့ မှ ဒီဇင်ဘာ (၃၁)အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။

(၁)ကနေ (၅) အထိ အကြွင်းဖွားတွေအကြောင်း ရေးပြီးတဲ့အခါ (၆)ကြွင်းဖွား အကြောင်းကို ဆက်တိုက်ရေးရမှာ ဖြစ်ပေမယ့် ရေးရမှာ လက်တွန့်နေလို့ ဒီလောက်တောင် အချိန်တွေကြာသွား ရခြင်းဖြစ်ပါတယ်။ အခုနှစ် မြန်မာ သက္ကရာဇ် (၁၃၇၁)ခုနှစ်ဟာ (၆)ကြွင်းနှစ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မွေးဖွားတဲ့ ကလေးတွေရဲ့ မိဘတွေသာ (၆)ကြွင်း အကြောင်းကို ဖတ်မိရင် စိတ်ပူပန် ကြောင့်ကြ သွားတာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် ရေးမယ်ရေးမယ်နဲ့ အချိန်ဆွဲလာတာ အခု ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုကြောင့် ရေးလိုက်ရပါပြီ။

(၆)ကြွင်း အကြောင်းကို ကျွန်တော်ဘာကြောင့်မရေးချင်ရတာလဲ? ရေးဖို့ လက်တွန့်နေရတာလဲ? အကြောင်းရှိပါတယ်။ အကြောင်းကတော့ (၆)ကြွင်းဟာ အကြွင်း (၇)ခုထဲမှာ ဘဝလောကဓံလှိုင်း အများဆုံးရိုတ်ခတ်ခံရတဲ့ အကြွင်းဖြစ်နေလို့ပါဘဲ။

(၆)ကြွင်းတွေဟာ မွေးလာပြီဆိုကတည်းက ဘဝလောကဓံနဲ့ ရင်ဆိုင်ကြရပါတော့တယ်။ တစ်ချို့ဆိုရင် ကိုယ်ဝန်ရှိစဉ် အခါကတည်းက မိခင်၊ ဖခင်ဖြစ်သူများမှာ အိမ်ထောင်ရေး၊ စီးပွားရေး တွေ အဆင်မပြေကြပါဘူး။ သူတို့ မွေးဖွားလာတဲ့အချိန် (သို့မဟုတ်) မွေးဖွားပြီး မကြာချိန်မှာဘဲ မိဘတွေမှာ လောကဓံလှိုင်းနဲ့ တွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်။ စီးပွားကျ၊ ရာထူးကျမယ်၊ အိမ်ထောင်ကွဲမယ်။ ကိုယ်ကိုယ်တိုင် ကျန်းမာရေး ထိခိုက်ကြမယ်။ အရွယ် ရောက်လာရင် ရန်သူများမယ်။ အတိုက်အခံများမယ်။ လုပ်ကြံချောက်တွန်းမယ့်သူများမယ်။ ဒါတွေဟာ (၆)ကြွင်းဖွားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

မွေးဖွားပြီး (၁၀) နှစ်အတွင်းမှာ မိခင်ဖခင်မစုံတော့ဘဲ သေကွဲရှင်ကွဲဖြစ်ရတဲ့ ကလေးတွေအများစုဟာ (၆)ကြွင်းဖွားတွေ ဖြစ်ပါတယ်။ ဒုတိယ လိုက်တာက (၃)ကြွင်းဖွားပါ။ ဒါကြောင့် ကျွန်တော်ဟာ နီးစပ်သူ မိတ်ဆွေများကို (၆)ကြွင်း နှစ်နဲ့ (၃)ကြွင်းနှစ်တွေမှာ ကလေးမယူကြဖို့ အမြဲတိုက်တွန်းလေ့ရှိပါတယ်။ ဒါပေမယ့် အားလုံးဖြစ်ကြတာလားဆိုတော့လည်း မဟုတ်ပါဘူး။ အဖြစ်များတာကို ပြောတာပါ။ ကျွန်တော်လေ့လာပြီး ရာခိုင်နှုံးတွက်ကြည့်တာအရ မိဘမစုံတဲ့ (၆)ကြွင်းဖွား ရာခိုင်နှုံးဟာ (၆ဝ)% လောက်ရှိပါတယ်။ (၃)ကြွင်းဖွားရာခိုင်နှုံးက (၃၅)% လောက်ရှိပါတယ်။ ကျန်တဲ့ အကြွင်းဖွား(၅)ခုက တစ်ခုနဲ့တစ်ခု သိပ်မကွာပါဘူး။ (၁ဝ)ကနေ (၁၅)% လောက်အတွင်းမှာဘဲ ရှိပါတယ်။ ဒါဟာ အသက် (၁ဝ)နှစ် အတွင်းမှာ ဖြစ်တာ ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်မရပ်နိုင်သေးတဲ့ အချိန်မှာ မိခင် (သို့) ဖခင်တစ်ဦး ဆုံရှုံးရတယ်ဆိုတာ ကလေးငယ်တစ်ဦးအတွက် အင်မတန်ပြင်းထန်တဲ့ လောကဓံရိုက်ချက် တစ်ခု မဟုတ်ပါလားဗျာ။

အဲသည်လိုမှ မိခင်ဖခင် မဆုံးရှုံးဘူးဆိုရင် မိဘတွေ စီးပွားကျခြင်းဒဏ်ကိုလည်း ခံစားရတတ်ပါသေးတယ်။ ပြီးတော့ (၆)ကြွင်းဖွား ကလေးငယ်တွေဟာ ငယ်စဉ်ကာလမှ ယုယကြင်နာသူ နည်းတတ်ကြတယ်။ မိခင်၊ ဖခင် ၊ ညီအစ်ကိုမောင်နှမ၊ အဖိုးအဖွား၊ ဦးလေးဒေါ်လေး တွေရဲ့ ချစ်ခင်မှုကို သိပ်မရကြတာများတယ်။

အရွယ်ရောက်လာလို့ ကိုယ့်ဘဝကိုယ်ရုန်းကန်ရပြီဆိုတော့လည်း (၆)ကြွင်းဖွားတွေဟာ အခက်အခဲများစွာနဲ့ ရုန်းကန်ကြရ တတ်ပါတယ်။ နောက်ပြီး အတောင်အလက်စုံလာလို့ ဘဝအဖေါ်ရှာလို့ အိမ်ထောင်ပြုကြပြီဆိုရင်လည်း (၆)ကြွင်းဖွား တွေဟာ အဆင်ပြေပြေ ဖြစ်ခဲပါတယ်။ အနှောင့်အယှက် များစွာကြားထဲက အိမ်ထောင်ပြုကြရတယ်။ ပြီးပြီလားဆိုတော့ မပြီး သေးပါဘူး။ အိမ်ထောင်ရေးအဆင်မပြေကြလို့ အိမ်ထောင်ကွဲကြပြဲကြ တာမျိုးတွေ ဖြစ်တဲ့အထဲမှာလည်း (၆)ကြွင်းဖွားတွေက အများဆုံးပါဘဲ။ (၆)ကြွင်းဖွားဆိုရင် အိမ်ထောင် (၂) ဆက်ဖြစ်တတ်တယ်။ ဖြစ်ဖို့အခွင့်အလမ်း များတယ်။ နောက်တစ်ခုက မုဆိုးဖို၊ မုဆိုးမ ဖြစ်လွယ်တယ်။

ဟုတ်ပါပြီ။ ဒါဆို (၆)ကြွင်းဖွားတွေက ဘာကောင်းတာ ကျန်သေးလဲလို့ မေးစရာရှိလာပါတယ်။ အဲဒီ အမေးအတွက် အဖြေကလည်း ရှိပြီးသားပါ။ ကျွန်တော်ရေးတဲ့ ဗေဒင်ဆောင်းပါးတွေ ဟာ သူများရေးထားတဲ့ စာအုပ်တွေဖတ်-ကူးချ- စိတ်ထဲပေါ်တာရှောက်ရေးတာမျိုး လုံးဝမဟုတ်ပါဘူး။ လူဦးရေ ရာပေါင်းများစွာကို လက်တွေ့ သုတေသနပြုပြီးမှ ရေးတာပါ။ ကိုယ့်မြန်မာနိုင်ငံ၊ ကိုယ့် ပတ်ဝန်းကျင်က လူတွေတွင် မကဘဲ ကမ္ဘာပေါ်က ထင်ပေါ်ကျော်ကြားသူအားလုံးရဲ့ နာမည် နဲ့ မွေးသက္ကရာဇ်တွေကို လေ့လာစစ်ဆေးကြည့်ပြီးမှ ကိုယ်ပိုင်မူအဖြစ် ရေးသားထားတာချည်း ပါ။

ဒီလို သုတေသနလုပ်ကြည့်တော့ (၆)ကြွင်းဖွားတွေဟာ ဘဝလောကဓံကို ခံရလွန်းအားကြီးလို့လားမသိပါဘူး။ နာနာ ရိုက်ပုတ်ခံရတဲ့ အိုးဟာ ပိုပြီး ခိုင်မာတယ်ဆိုတဲ့ စကားပုံလိုပေါ့။ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးလူတွေရဲ့ မွေးသက္ကရာဇ် တွေကို မဟာဘုတ်ချကြည့်ပြီး သုတေသနလုပ်ကြည့်တော အံ့သြစရာကောင်းတာက (၆)ကြွင်းဖွားတွေဟာ တကယ့်ကို ဆရာကြီးတွေ၊ အလွန်ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အရေအတွက်လည်း အများဆုံး၊ ထင်ပေါ်ကျော်ကြားမှုကလည်း သူများလိုက်မမှီအောင် ဖြစ်နေတာကို တွေ့ပါတယ်။

(၆)ကြွင်းဖွားမှန်ရင် ဘဝတစ်ချိန်ချိန်မှာ အထွဋ်အထိပ်ကို ရောက်ကြတာ များပါတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း လောကဓံ လှိုင်းတစ်ခုက လာပြန်ပါတယ်။ ဒီလို ရုတ်တရက် မြင့်မားသွား တဲ့ အခြေအနေရောက်လာပြန်ပြီဆိုရင်လည်း (၆)ကြွင်းဖွား အတော်များများဟာ အောက်ခြေလွတ်ကုန်ကြတာမျိုးဖြစ်ကြပြန်ရော။ ငါတည်းဟူသော မာန်မာန အလွန်ထောင်လွှားလာကြ ပြန်ပါရော။ အဲဒီ အချိန်မှာ အမှားတွေများများ လုပ်မိလာတတ်ကြတယ်။ အမှားတွေ သိပ်များလာတဲ့ အချိန်မှာ နောက်ဆုံး မှာတော့ အကြောင်းအကျိုး နိယာမအရ လောကဓံတရားကြီးက သူတို့ကို အမြင့်ဆုံးကနေ အနိမ့်ဆုံးကို ပြန်ပစ်ချ လိုက်ပါတော့တယ်။ အဲဒီအခါမှာ (၆)ကြွင်းဖွားတွေဟာ အလွန်နိမ့်ကျတဲ့ ဘဝမျိုးကို ရောက်သွားရပြန်ပါတော့တယ်။

ကျွန်တော်အခုပြောနေတာတွေကို မယုံကြည်ဘူးဆိုရင် ခင်ဗျားပတ်ဝန်းကျင်က ရင်နှီးသူတွေထဲက-

(၁) ငယ်စဉ်ဘဝမှာ မိစုံဘစုံ မနေခဲ့ရသူတွေရယ်

 

(၂) အိမ်ထောင်ကွဲပျက် ၊ အိမ်ထောင်ဆက် များနေသူတွေရယ် ၊

 

(၃) လောကဓံတရားအကြီးကြီးတွေနဲ့ ခဏခဏတွေ့ကြုံနေရသူတွေ၊ တွေကြုံ ရင်ဆိုင်ပြီးခဲ့ရသူတွေ –

 

သူတို့တစ်တွေရဲ့ မွေးသက္ကရာဇ်ကိုတောင်းကြည့် ပါ။ (အင်္ဂလိပ်ခုနှစ်ဆိုရင်) မြန်မာလို ပြန်ပြောင်း- (၇)နဲ့စား။ အကြွင်းကို မှတ်ထား။ အနည်းဆုံး လူ (၂ဝ-၃၀)လောက်လေ့လာကြည့်။ အဲဒီအထဲမှာ (၆)ကြွင်းဖွားက အများဆုံးဖြစ်နေတာကို လက်တွေ့ တွေ့ရပါလိမ့်မယ်ခင်ဗျား။ မဟုတ်ဘူးဆိုရင် ကျွန်တော်ဆီပြန်ပြီး စောဒကတက်ပါ။ ဒုတိယ အများဆုံးက (၃)ကြွင်းဖွားဖြစ်နေလိမ့်မယ်။

 

(၆)ကြွင်းဖွားတွေရဲ့ အဓိက အားနည်းချက်များကတော့ ကတိပေးလွယ်ခြင်း၊ ပေးပြီး ကတိကို မတည်ကြည်ခြင်း၊ အလုပ် တစ်ခုခုကို စွဲစွဲမြဲမြဲမလုပ်လိုခြင်း၊ အပျော်အပါးများခြင်း၊ အသုံးအဖြုန်းကြီးခြင်း၊ ပေါ်ပင်လုပ်ငန်းဟူ သမျှ ရှောက်လုပ်လိုခြင်း၊ အလွန်ကြီးပွားချမ်းသာလိုခြင်း၊ ထို့ကြောင့် ဖြတ်လမ်းနည်းဖြင့် မမှန်မကန်သော အလုပ်များကို လုပ်မိခြင်း၊ တွေးခေါ်စဉ်းစား ခြင့်ချိန်မှု နည်းပါးခြင်း၊ ကိုယ်အောင် မြင်ကျော်ကြားနေချိန်မှာ ဘယ်သူ့အကြံပေးချက်မှ နားမဝင်တော့ဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်ခြင်း၊ အတ္တကြီးခြင်း၊ ကိုယ့်တစ်ဘို့ထဲသာ ကြည့်တတ်ခြင်း၊ ခေါင်းအလွန်မာခြင်းများဘဲဖြစ်ပါတယ်။

အဲဒီအချက်တွေနဲ့ ဆန့်ကျင်ဘက် စရိုက်မျိုး၊ အထူးသဖြင့် ဖြောင့်မှန်ပြီး ကတိတည်ကြည်တဲ့ (၆)ကြွင်းဖွားတွေ ကျပြန်တော့လည်း အလွန့်အလွန် အောင်မြင်တာကို တွေ့ပါတယ်။ ဒီလို ဆန့်ကျင်ဘက် စရိုက်ဟာ တစ်ချို့ကျတော့လည်း မွေးရာပါ ပါလာပြီး၊ တစ်ချို့ကြလည်း ကျင့်ယူကြတာဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလိုလူမျိုးတွေကျလည်း အလွန်အောင်မြင် ကြီးပွားတာကို တွေ့ရပြန်ပါတယ်။ ဒါကြောင့် (၆)ကြွင်းဖွားတွေဟာ စကားတည်၊ ကတိတည်ပြီး ကိုယ်ကျိုးထက် အများအကျိုး ကို ကြည့်တတ်တဲ့သူဖြစ်ရင် ကျန်အကြွင်းဖွားတွေထက် အောင်မြင် ကျော်ကြားလွယ်သူတွေဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ဒါပေမယ့် ခက်တာက (၆)ကြွင်းဖွားတွေဟာ ကိုယ့်အမှား နဲ့ ကိုယ့်အားနည်းချက်ကို သိမြင်လွယ်သူတွေမဟုတ်ကြဘူး။ အခုကျွန်တော်ရေးထားတဲ့ (၆)ကြွင်းဖွားတွေရဲ့ အားနည်းချက်တွေ ကို ကိုယ်တိုင် (၆)ကြွင်းဖွားဖြစ်သူတစ်ဦးက ဖတ်ကြည့်ပြီး ဒီဟောချက်တွေဟာ လုံးဝမမှန်ဘူးး၊ မှားတယ်လို့ ပြောလိမ့်မယ်။ ဒါပေမယ့် (၆)ကြွင်းဖွား တစ်ယောက်နဲ့ အနီးကပ်ပေါင်းသင်း ဘူးတဲ့ သူတစ်ယောက်ဟာ သူနဲ့ပေါင်းနေသူဟာ (၆)ကြွင်းဖွားမှန်းသိသွားတာနဲ့ ဒီဟောချက်တွေဟာ သိပ်မှန်တယ်လို့ ပြောလိမ့်မယ်။ (၆)ကြွင်းဖွားတွေဟာ ကိုယ့်အမှားကိုယ် အလွန် သိနိုင်ခဲတဲ့သူတွေဖြစ်တယ်။ လူတွေအားလုံးဟာ ကိုယ့်အပေါ်မှာ မကောင်းကြဘူး။ ကိုယ်ကဘဲ သိပ်ကောင်းတယ်၊ သိပ်မှန်တယ်လို့ ထင်နေကြသူကများတယ်။

(၆)ကြွင်းဖွားတွေဟာ “ပါးစပ်၊ စကား၊ ကတိ၊ အာမခံ၊ အကြွား၊ ငွေကြေးကိစ္စ”တို့ကြောင့် မကြာခဏဆိုသလို ဒုက္ခရောက်တတ်ပါတယ်။ (၆)ကြွင်းဖွားတွေဟာ ငွေနဲ့ သိပ်တည့်တဲ့ သူတွေမဟုတ်ပါဘူး။ ငွေများများဝင်လာရင် လူပျက်စီး တတ်ပါတယ်။ ဒုက္ခတစ်ခုခုတွေ့တတ်ပါတယ်။ (၆)ကြွင်းဖွား လည်းဖြစ် မွေးဂဏန်းက (4)ဏန်းသမား နဲ့ (9)ဂဏန်းသမား တွေဖြစ်နေရင်တော့ သိပ်မလွယ် လှပါဘူး။ တစ်ယူသန်သမား တွေဖြစ်ပြီး ဖြောင့်ဖျ ပြောဆိုဖို့ အလွန်ခက်သူတွေဖြစ်ပါတယ်။ ဒုက္ခမျိုးစုံတွေနဲ့ အမြဲလိုလို ရင်ဆိုင်နေရသူ တွေလည်းဖြစ်တတ်တယ်။

ကမ္ဘာကျော်တဲ့ (၆)ကြွင်းဖွားတွေရဲ့ စာရင်းကတော့ – ဒုတိယကမ္ဘာစစ်ကြီးပွဲကြီးမှာ ဂျပန်နိုင်ငံရဲ့ စစ်ဗိုလ်ချုပ်ကြီး ရာမာမိုတို၊ မလေးရှားဝန်ကြီးချုပ်ဟောင်း မိုဟာသီယာမိုဟာမက်၊ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း၊ အမေရိကန် သမ္မတဟောင်း အိုက်စင်ဟောင်းဝါး၊ ရုရှားအလှမယ် အင်နာကော်နီကိုဗာ၊ ဟောလီးဝုဒ် Sex မင်းသမီး အင်နာနီကိုးစမစ်၊ လုပ်ကြံခံ ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘင်နာဇီယာဘူတို၊ လုပ်ကြံခံရတဲ့ ဖိလစ်ပိုင် အတိုက်အခံခေါင်းဆောင် ဘင်နီနိုအကွီနို၊ သေဒဏ်ပေးခံရတဲ့ အာဏာရှင်မွတ်ဆိုလိုနီ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ အဆိုကျော် ဘရစ်တနီစပီးယား၊ အဆိုကျော် ဆယ်လိုင်းဒီယွန်၊ ပြင်သစ်သမ္မတ ချားလ်ဒီဂေါ၊ ကရာတေးမင်းသား ချတ်နောရစ်၊ တရုပ်နိုင်ငံရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ တိန့်ရှောက်ဖိန်၊ ဂရုဏာရှင် သူနာပြုဆရာမကြီး ဖလော့ရင့် နိုက်တင်ဂေး၊ ဟောင်ကောင်မင်းသား ဂျက်ကီချန်း၊ ဟောလီးဝုဒ်မင်းသား ဂျင်းကလောက် ဘန်ဒိန်း၊ နာဇီစစ်ခေါင်းဆောင်ဟောင်း ဂျိုးဇက်ဂိုးဘဲလ်၊ နိုဘယ်ဆုရှင် နယ်လဆင်မန်ဒဲလား၊ ဂျိမ်းစဘွန်းမင်းသား ပီးယားဘရော့စ်နန်၊ ခမာနီ လူသတ် ခေါင်းဆောင် ပိုလ်ပေါ့၊ စာရေးဆရာကြီး ဝီလီယံဖော့ကနား၊ ရုရှားဘုရင်မကြီး ကတ်သရင်းသဂရိတ်၊ တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒရာ၊ အင်္ဂလန်ဘောလုံးလက်ရွေးစင် သီအိုဝယ်လ်ကော့၊ နောက် ရှောင်ရိုက်ဖီးလစ်၊ ဂျိုလ်ကိုး၊ ဟောလီးဝုဒ် နာမည်ကြီးမင်းသား ဂျွန်ထရာဗိုလ်တာ၊ အက်ရှင်မင်းသားကြီး ဆီဗက်စတာ စတားလုံး၊ အမေရိကန် ဘီလျံနာ ဒေါ်နယ်ထရမ့်၊ အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီ မဟတ္တမ ဂန္ဒီ၊ ရောဘတ်ကနေဒီ၊ အီဂျစ်သမ္မတကြီး အန်ဝါ ဆဒတ် စတဲ့ ပုဂ္ဂိုလ်တွေဘဲ ဖြစ်ပါတယ်။

အဲဒီအထဲမှာ – မိုဟာသီယာမိုဟာမက်၊ ဟိုချီမင်း၊ တိန့်ရှောက်ဖိန်၊ ဖလော့ရင့် နိုက်တင်ဂေးလ်၊ နယ်လ်ဆင် မန်ဒဲလား၊ မဟတ္တမဂန္ဒီ စတဲ့ ပုဂ္ဂိုလ်ကြီးများကျတော့ ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံပြီး၊ အများအကျိုးကို ဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာကျော်ခဲ့ရတဲ့ (၆)ကြွင်းဖွားများဖြစ်ပါတယ်။ အဲဒီထဲမှာ မိုဟာသီယာမိုဟာမက် တစ်ယောက်က လွဲရင် ကျန်သူအားလုံးဟာ လောကဓံ အလွန်များခဲ့ကြသူများဖြစ်ပါတယ်။ တိန့်ရှောက်ဖိန်ဆိုရင် အာဏာရှင်မော်စီတုန်း ရှိနေစဉ်မှာ အပြင်းအထန် နှိပ်ကွပ်ခံခဲ့ရသူဖြစ်ပါတယ်။

ရာမာမိုတို၊ အင်နာနီကိုးစမစ်၊ ပိုလ်ပေါ့၊ ဂျိုးဇက်ဂိုးဘဲလ်၊ မွတ်ဆိုလိုနီ၊ အန်ဝါဆဒတ် တို့ကျတော့ (၆)ကြွင်းဖွား စရိုက်တွေကြောင့် ဇာတ်သိမ်းမကောင်းခဲ့ရသူတွေဖြစ်ပြီး၊ ဘီလ်ကလင်တန်တို့၊ ဘရစ်တနီစပီးယား တို့ကျတော့ နာမည်ပျက်အရှက်ကွဲဖြစ်ရခြင်း၊ အိမ်ထောင်ပျက်၊မိသားစုဖရိုဖရဲဖြစ်ရတာတွေဟာလည်း (၆)ကြွင်းဖွားတွေရဲ့ မကောင်းတဲ့ ညဉ်တွေကြောင့်ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာလည်း အဆောက်အဦး ကန်ထရိုက်လောကမှာ နာမည်ပျက်ပြီး ကျဆုံးသွားတဲ့ လုပ်ငန်းရှင်တွေ၊ ပွဲရုံလောကမှာ မနိုင်ဝန်ထမ်းပြီး နာမည်ပျက်၊ ကတိပျက်ပြီး ထွက်ပြေးရတဲ့ ကုန်သည်ကြီး တွေထဲမှာ (၆)ကြွင်းဖွားတွေက အများဆုံး ဖြစ်နေပါတယ်။ ကျွန်တော့်ဆီမှာ မှတ်တမ်းတွေ ရှိပါတယ်။ (၆)ကြွင်းဖွားတွေဟာ ကြီးပွားလိုစိတ်ပြင်းထန်ပြီး မနိုင်ဝန် ထမ်းတတ်တာကို သတိပြုကြပါ။

နောက်ဆုံး စေတနာကောင်းနဲ့ သတိပေးလိုတာ (၆)ကြွင်းဖွားဖြစ်ရင် ကတိတည်ခြင်း၊ စကားမှန်ခြင်း၊ မှန်မှန်ကန်ကန်နည်းလမ်းနဲ့ ကြီးပွားလိုခြင်း၊ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်ခြင်း၊ ကိုယ့်ဖက်သူ့ဖက်မျှတအောင် ကြည့်တတ်ခြင်း၊ အများအကျိုးကိုဆောင်ရွက်ခြင်း(အလှူကြီးကြီးပေးခြင်းမျိုးမဟုတ်)၊ အကြွားမပါခြင်း၊ စကားမဖွာခြင်း၊ လိင်ကိစ္စမရှုတ်ထွေးခြင်း တို့ကို ဗီဇကတည်းက ပါလာသူဖြစ်စေ၊ လေ့ကျင့် ယူလို့ရရှိလာသည် ဖြစ်စေ မိမိအကျင့် စရိုက်တွေဖြစ်လာပြီဆိုရင် အလွန်ကြီးပွားတိုးတက်ခြင်း၊ နာမည်ကြီးခြင်းများကို အခြားအကြွင်းတွေထက် ရလွယ်၊ ဖြစ်လွယ်သူများဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်ခင်ဗျား။

ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

You May Also Like
Read More

ကုန်ဈေးနှုန်း ဗေဒင်နဲ့ပတ်သတ်လို့ သိထားသမျှ

ဗေဒင်မိတ်ဆွေလေး ကိုရန်းဂန်းက တောင်းဆိုလို့ ကုန်ဈေးနှုန်း အတက်အကျနဲ့ပတ်သတ်တဲ့ ဗေဒင် တွက်နည်းလေးတွေကို တင်ပြဆွေးနွေး ပေးချင်ပါတယ်။ နောက်ကြောင်းကို ပြန်ပြောရရင် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်တုန်းက ကျွန်တော်ဟာ ကုန်သည် နဲ့ ဆီစက်…
Read More

မွေးနေ့ဗေဒင်တွက်ကြမယ်(၁)

ဒီဇင်ဘာလထဲ တုန်းက “မွေးနေ့ဗေဒင်” ကို နေ့စဉ် တင်ပေးမယ်ဆိုပြီး လုပ်လိုက်ပေမယ့် အကြောင်းကြောင်းကြောင့် အစီအစဉ် ရပ်ဆိုင်း သွားရပါတယ်။ အခု လောလောဆယ် လူတိုင်း ကိုယ့်မွေးနေ့ကို ရောက်လာရင် တနှစ်တာရဲ့ အကောင်းအဆိုးကို…