၁၉ ဂျူလိုင် အမှတ်တရ . .

မိမိကိုယ်တိုင် မြင်မသွားခဲ့ရသော မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် လန်ဒန်မြို့တွင် အရေးဆိုခဲ့စဉ်က . .

(၆၃)နှစ်တောင်မှ ကြာညောင်းခဲ့ပါပြီ။ ဒီနေ့ ဒီရက် လွန်ခဲ့တဲ့ (၆၃)နှစ်ဆီက မြန်မာတစ်မျိုးသားလုံးအတွက် လုံး၀ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေ တစ်ဖွဲ့လုံး လုပ်ကြံသတ်ဖြတ် ခံလိုက်ရတာပါဘဲ။ တစ်မျိုးသားလုံး ဖြေမဆည် နိုင်အောင် ကြေကွဲဝမ်းနဲ ခဲ့ရပါတယ်။

ဒါပေမယ့် ဒီဆောင်းပါးမှာ သမိုင်းဖြစ်ရပ်ကို ရေးသားမှာ မဟုတ်ဘဲ အာဇာနည်ခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း” ရဲ့ နာမည် နဲ့ ကံကြမ္မာ တို့ကို မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် နဲ့ ဂဏန်းဗေဒင်(Numerology) ရှုထောင့် များမှ သုံးသပ်တင်ပြလိုခြင်းသာ အဓိက ဖြစ်ပါတယ်။

“ပေါက်ဖေါ်” လို့ ခေါ်ကြတဲ့ “ဖြစ်ရပ်တစ်ခုကို (ပြီးခါမှ) ဗေဒင် ပညာနဲ့ သုံးသပ်ကြတာဟာ အထင်ကြီးစရာ မဟုတ်ပေမယ့် ဒီလို အတိတ်က ကိစ္စတွေကို များများလေ့လာ သုံးသပ် နိုင်မှ အမှားနည်းပြီး အမှန်များလာနိုင်မှာဖြစ်ပါတယ်။ အတိတ်ဟာ အနာဂါတ် အတွက် ဆရာကောင်းဘဲ မဟုတ်ပါလားဗျာ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၁၅ခု၊ ဖေဖေါ်ဝါရီလ (၁၃)ရက် (စနေနေ့) မှာ ဖွားမြင်ခဲ့ပါတယ်။ “ရာဇ”ဖွား ဖြစ်ပါတယ်။ သူ့ရဲ့ မဟာဘုတ် က (၂)ကြွင်းမဟာဘုတ် ဖြစ်ပါတယ်။

(၂)ကြွင်း မဟာဘုတ်တို့ရဲ့ ယေဘူယျ ဉာဉ်တွေအတိုင်း ဗိုလ်ချုပ်ဟာ ငယ်ငယ်ကတည်းက –

– ခေါင်းမာတယ်။ တစ်ယူသန်တယ်။ ကိုယ့်ကိုယ်ကို အလွန်အမင်း ယုံကြည်တယ်။ ဆုံးဖြတ်ချက် ပြတ်သားတယ်။ သူများရဲ့ အကြံပေးစကားတွေကို မနာခံတတ်ဘူး။ ပတ်ဝန်းကျင်ကို ဂရုသိပ် မစိုက်ဘူး။ အနေအထိုင် ဖြစ်သလို နေထိုင်တတ်တယ်။ အဝတ်အစားကို သပ်သပ်ရပ်ရပ် မဝတ်ဘူး။ သူများကို အလွန်ကူညီတတ်မယ်။ မရှိ ရှိတာ နဲ့ ကူညီမယ်။ လက်အောက်ငယ်သားအပေါ် (အပြောကြမ်းတတ်)ပေမယ့် အလွန်ငဲ့ညှာ သနားတတ်တယ် . . . ဆိုတဲ့ ဂုဏ်ပုဒ်တွေ ရှိပါတယ်။

ဗိုလ်ချုပ်ရဲ့ ခေါင်းမာတဲ့ စရိုက် နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်လွန်ခြင်း ဆိုတဲ့ စိတ်ထားတွေကြောင့် လုံခြုံရေး အစောင့်အရှောက်ရယ် လို့ ဟုတ်တိ ပတ်တိ မထားခဲ့ တာဟာ ရန်သူတွေကို အလွန်လွယ်ကူစွာ လုပ်ကြံနိုင်စေဖို့ ဖန်တီးပေးသလို ဖြစ်ခဲ့ပါတယ်။

နောက်ပြီး ရာဇဖွား။ ဘယ်အကြွင်းဘဲဖြစ်ဖြစ် ရာဇဖွားမှန်ရင် “ထက်မြက်ခြင်း၊ ပြတ်သားခြင်း၊ ကိုယ်စွမ်းကိုယ်စ မြင့်မားခြင်း၊ တုန်းတိုက်တိုက် ကျားကိုက်ကိုက် ပြုလုပ်တတ်ခြင်း၊ သူရသတ္တိနဲ့ ပြည့်စုံခြင်း” စ,တဲ့ သဘာဝတွေ ရှိပါတယ်။

နောက်ပြီး သင်္ချာဗေဒ (ဂဏန်းဗေဒင်) ရှုထောင့်က ကြည့်တောလည်း (13)ရက် ဆိုတော့ (4) ဂဏန်း သမား။ “(4)ဂဏန်း သမားများ အကြောင်း တစေ့တစောင်း” ဆောင်းပါးမှာ ကျွန်တော်ရေးခဲ့သလိုဘဲ (4)ဂဏန်းဟာ တော်တော်ဆန်းကြယ်တဲ့ ဂဏန်းတစ်ခုပါ။ (4) ဂဏန်းသမားတွေဟာ လူ့လောကထဲမှာ တော်တော်ထင်ပေါ်ကျော်ကြားကြတာ များပါတယ်။ အရည်အချင်းလည်း ရှိကြတယ်။ ပါးနပ်တယ်။ သိလွယ်တတ်လွယ်တယ်။ အတိတ် ပါရမီဓာတ်ခံ တစ်ခုခု ရှိတတ်တယ်။

ဖေဖေါ်ဝါရီလ (13)ရက်နေ့ဟာ သာယနစနစ်မှာ တနင်္ဂနွေ “ကုံ” ရာသီမှာ တည်ရှိနေတာကြောင့် ဗိုလ်ချုပ်ဟာ “ကုံ” ရာသီဖွား ဖြစ်ပါ တယ်။ “ကုံ” ရာသီရုပ်ဟာ “ရေထမ်းသမား ရေအိုးထဲမှ ရေများကို သွန်လောင်းချနေတဲ့ ပုံ” ဖြစ်ပါတယ်။ ဒီရာသီခွင် ရုပ်ပုံကို သရုပ်ဖော်ကြည့်ရင် ကုံရာသီသမားတွေဟာ –

“စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ မိမိလုပ်သမျှ ကိုင်သမျှ အချည်းအနှီးဖြစ်ခြင်း၊ သဲထဲရေသွန် ဖြစ်ခြင်း၊ မိမိပြုလုပ်ခဲ့သော်လည်း မိမိပြန်မခံစားရခြင်း၊ အဆုံး သတ်မကောင်းလှခြင်း စတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေရှိတဲ့ ရာသီဖြစ်ပါတယ်။ ဒါကြောင့် “ကုံ” ရာသီဖွား (13)ဂဏန်းသမားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ မိမိရဲ့ ကြိုးပမ်း အားထုတ်မှု များရဲ့ အသီးအပွင့်များကို မြင်ပင် မမြင်လိုက်ရဘဲ ဝမ်းနည်း ကြေကွဲဖွယ်ရာ ကွယ်လွန် သွားရခြင်းမျိုး ဖြစ်ပါတယ်။

“ကုံ” ရာသီဟာ ခေတ်သစ် သင်္ချာဗေဒမှာ “ယူရေးနပ်စ်ဂြိုဟ်(4)ဂဏန်း” ပိုင်တဲ့ “ကသစ်” အိမ် ဖြစ်လို့ သူ့ပိုင်တဲ့ အိမ်မှာ သူရပ်တည်တဲ့ (13)ဂဏန်းဟာ ဒီနေ့မှာ မွေးဖွားတဲ့ လူတစ်ယောက်ကို အလွန်ထက်မြက်တဲ့ စွမ်းရည်၊ အရည်အချင်းတွေကို ဖြည့်ဆည်းပေးလိုက်တာ မဆန်းလှပါဘူး။ ဒါပေမယ့် ကံမကောင်းတဲ့ အချက်တစ်ချက်က “သူ” ဟာ “စနေ” သား ဖြစ်နေပြန်တယ်။ (4)ဂဏန်း ပိုင်တဲ့ ယူရေးနပ် ဂြိုဟ် နဲ့ စနေဂြိုဟ် တို့ဟာ တကယ့် ကမ္ဘာရန်တွေ ဖြစ်ပါတယ်။

ဒီလို (4)ဂဏန်းသမားတစ်ယောက်ဟာ ရန်ဂြိုဟ်ဖြစ်တဲ့ စနေနေ့မျိုးမှာမွေးဖွားလာရင် သူတို့ရဲ့ ဘဝတစ်လျှောက်လုံးဟာ တည်ငြိမ် အေးချမ်းမှု မရှိတော့ဘဲ “ပဋိပက္ခ” ဖြစ်စဉ်တွေ နဲ့ အမြဲလိုလို ရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အရာရာကို အလွယ်တကူ နဲ့ ရလေ့မရှိဘဲ “တိုက်ယူမှ ရသူတွေ” ဖြစ်တယ်။ အိမ်ထောင်ရေး အဆင်မပြေမှုတွေကိုလည်း ရင်ဆိုင်ရလေ့ရှိတယ်။

Numerology ပညာအရ ဗိုလ်ချုပ်ကို “သတ်” လိုက်တဲ့ ဂြိုဟ်ဟာ (13)ဂဏန်း ဖြစ်တယ်လို့ တစ်ချို့က ယူဆကြပါတယ်။ မဟုတ်ပါဘူး။ “သေမင်း” လို့ အဓိပ္ပါယ်ရှိပြီး လူအများ ကြောက်ကြတဲ့ (13)ဂဏန်းဟာ အခြားသူများကိုတော့ “သတ်ချင်သတ်မယ်” ။ ကိုယ့်မွေးဂဏန်း ပိုင်ရှင်ကိုတော့ သတ်လေ့မရှိပါဘူး။

Numerology ပညာအရ ဗိုလ်ချုပ်ကို အသေသတ်လိုက်တာကတော့ “သင်္ချာဗေဒပညာ” ရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ “Current of Destiny” ကြောင့် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ 1915 ခုနှစ်မှာ မွေးဖွားတော့ သူ့ရဲ့ Current က (16)ဂဏန်း ဖြစ်နေပါတယ်။ တကယ်တော့ “Current of Destiny” ဆိုတာ “တားရော့” ပညာပါဘဲ။ တားရော့ဗေဒင်မှာ (16)ဆိုတဲ့ ဂဏန်းဟာ လူတစ်ယောက် မျှော်စင်ပေါ်ကနေ မိုးကြိုးပစ်ခံရပြီး ပြုတ်ကျလာတဲ့ နိမိတ်ပုံပါ။

ဒီ နိမိတ်ပုံဟာ မျှော်စင်ဆိုတဲ့ အထွဋ်အထွပ်ကို ရောက်နေတဲ့ လူတစ်ယောက်ကို မိုးကြိုးပစ်ချခံလိုက်ရတာဆိုတော့ “အမြင့်ဆုံးကို ရောက်နေစဉ်မှာ ပြုတ်ကျခြင်း၊ မီး လျှပ်စစ် , ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ဒုက္ခတွေ့ခြင်း ၊  ရုတ်တရက် အငိုက်မိ တိုက်ခိုက်ခံရခြင်း၊ မမျှော်လင့်သော ကံကြမ္မာဆုံး ဗြုန်းကနဲ ကျရောက်ခြင်း၊ သဘာ၀ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ခြင်း များကို ဆိုလိုပါတယ်။

ဒါကြောင့် “Current of Destiny” (16) ဖြစ်နေခြင်း ၊ ကုံရာသီ (အသက်တိုတတ်သောရာသီ)တွင် မွေးဖွားခြင်း၊ စနေ နှင့် (4)ဂဏန်း ရန်ကျနေခြင်း စသော အချက်တွေ ပေါင်းဆုံသွားတဲ့အခါ  ဗိုလ်ချုပ်ဟာ ဥပစ္ဆေဒကကံ နဲ့ ကွယ်လွန်သွားရခြင်း ဖြစ်ပါတယ်။

နောက်တစ်ခုက ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည် ကိစ္စ ။ ငယ်နာမည်က “မောင်ထိန်လင်း” တဲ့ ။ ဒါပေမယ့် ဒီနာမည်က မတွင်ဘူး။ တက္ကသိုလ် ကျောင်းသားဘဝမှာတော့ “ကိုအောင်ဆန်း” “သခင်အောင်ဆန်း” လို့ လူသိများလာတယ်။ နောက် ရဲဘော်သုံးကျိပ်အဖွဲ့ ခေါင်းဆောင်ဖြစ်လာတော့ “ဗိုလ်တေဇ”။

ဒီနေရာမှာ ကံတရားရဲ့ ထူးဆန်းမှုလေး တစ်ခုရှိပါတယ်။ ကျန်တဲ့ ရဲဘော်သုံးကျိပ်ဝင် အားလုံးနီးပါးလောက်ဟာ သူတို့ ရဲဘော်သုံးကျိပ် ဝင်တုန်းက နာမည် တွေဖြစ်ကြတဲ့ “ဗိုလ်နေဝင်း၊ ဗိုလ်ဗလ၊  ဗိုလ်လက်ယာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ကျော်ဇော . . စတဲ့ နာမည်တွေကို ဆက်ယူကြပြီး ဒီ နာမည်တွေဟာ ဘဝတစ်လျှောက်လုံး အတည်ဖြစ် သွားခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကတော့ “ဗိုလ်တေဇ” ဆိုတဲ့ နာမည်ကို ဆက်မယူဘဲ မူလ “ဗိုလ်အောင်ဆန်း” ဆိုတဲ့ နာမည်ကိုဘဲ ပြန်သုံးခဲ့ပါတယ်။  ဗိုလ်ချုပ်တစ်ယောက်ဘဲ ထူးထူးခြားခြား မူလနာမည်ကို ပြန်သုံးဖြစ်သွားပါတယ်။ ဒါဟာ ကံတရားတစ်ခုလို့ ဆိုနိုင်မလားခင်ဗျာ ?

မဟာဘုတ်သမား အတော်များများ သိကြတဲ့ အတိုင်း ဗိုလ်ချုပ်ဟာ (၂)ကြွင်းဖွား ဖြစ်လေတော့ “အောင်ဆန်း” ဆိုတဲ့ နာမည်ဟာ “အထွန်း+ပုတိ” ပက္ခတ် မိနေပါတယ်။ ပက္ခတ်တွေအကြောင်း ကျွန်တော်သေသေချာချာ လေ့လာကြည့်တော့ “ပက္ခတ်” တစ်ခု နဲ့ တစ်ခု အဆိုးပေးမှုခြင်း သိပ်မတူကြတာကို သွားတွေ့ရပါတယ်။ အောက်မှာ ကြည့်ပါ။

အခု ဗိုလ်ချုပ်အောင်ဆန်း မိထားတဲ့ “ပက္ခတ်” က အထွန်း+ပုတိ ပက္ခတ် ဖြစ်ပါတယ်။ ဒီပက္ခတ်ဟာ လုပ်ကြံသတ်ဖြတ်မှုဆိုတဲ့ ကိစ္စကို အတော်အားပေးတာကို တွေ့ရပါတယ်။ ကမ္ဘာ့သမိုင်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ခေါင်းဆောင်အတော်များများဟာ ဒီ ပက္ခတ်မျိုး ညိနေကြတာ များပါတယ်။ ထင်ပေါ်ကျော်ကြားသူတစ်ဦးမှာ ဒီလို ပက္ခတ်မျိုး မိနေခဲ့ရင် စိုးရိမ်စရာ ကိစ္စတစ်ခုပါ။ သာမန်လူတောင်မှ ဒီပက္ခတ်မျိုးဟာ ကိုယ့်ကို အလုပ်ပြုတ်၊ စီးပွားပျက်အောင် လုပ်ကြံ ဂျောက်တွန်းခံရတာမျိုး ကြုံရနိုင်ပါတယ်။

ဗိုလ်ချုပ်ဟာ ရဲဘော်သုံးကျိပ်ဝင်ဘဝက နာမည်ဖြစ်တဲ့ ဗိုလ်တေဇ ဆိုတဲ့ နာမည်ကို ယူပြီး “ဗိုလ်ချုပ်တေဇ” လို့သာ အမည်တွင် ခဲ့ရင်တော့ ဒီကံကြမ္မာဟာ လွတ်ကောင်းလွတ်လိမ့်မယ်လို့ မျှော်လင့်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ကံတရားက ဒီလို ခွင့်ပြုခဲ့ဟန် မတူပါဘူး။

နောက်တစ်ခုက “သက္ခတ်” ။ ဗိုလ်ချုပ်ဟာ အသက် (၃၃)ထဲမှာ လုပ်ကြံခံရတာဖြစ်ပါတယ်။ စနေသား ဖြစ်လို့ “စနေ” သက္ခတ်ပါ။ ဒုက္ခပေးတဲ့ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” လို့ ကျွန်တော် မကြာခဏ ရေးခဲ့သလို “စနေ” သက္ခတ်ဟာ ကိုယ်ပိုင်တဲ့ သက္ခတ်ဖြစ်ပေမယ့် အလွတ် မပေးပါ။ ငဲ့ညှာမှု မရှိပါ။

ဒီလိုဆို အရင့်အရင် “စနေ” သက္ခတ်တွေတုန်းကလည်း ဖြစ်ပါလား ? လို့ ဆိုစရာ ရှိပါတယ်။ ဒီလိုပါ။ အနီးဆုံး အသက်ဖြစ်တဲ့ အသက် (၂၅)နှစ်ဟာလည်း စနေ သက္ခတ် ပါဘဲ။ ဒါပေမယ့်အဲဒီတုန်းက “ဂြိုဟ်စားကာလ” က “ကြာသပတေးဂြိုဟ်စား” ဖြစ်တယ်။ ကြာသပတေးဟာ မရဏဂြိုဟ်ဖြစ်ပေမယ့် စနေနဲ့ ဆက်သွယ်မှု မရှိဘူး။ နောက် (၃၃)နှစ်ကျတော့ “ရာဟုဂြိုဟ်စား” ကာလ ဖြစ်လာ တယ်။ ရာဟုဟာ ဗိုလ်ချုပ်ရဲ့ မဟာဘုတ်တိုင်မှာ “သိုက်” မှာ ရှိနေတယ်။ အဲဒီတော့ ဒီရာဟုဟာ မွေးနံ လည်းဖြစ် “သက္ခတ်”လည်းဖြစ် တဲ့ “စနေ” ဂြိုဟ်နဲ့ ပက္ခတ် မိမနေဘူးလားခင်ဗျာ။ အောက်ကပုံကို ကြည့်ပါခင်ဗျာ။

ဒါကြောင့် နာမည်ပက္ခတ် မိထားတဲ့လူတွေ အကြောက်ရဆုံး အချိန်/ကာလဟာ “ဂြိုဟ်စားကာလကြီး” နဲ့ “သက္ခတ်” တို့ အပြန်အလှန် ပက္ခတ်ကျတဲ့ နှစ်ပိုင်းတွေ ဖြစ်တာကို (ဒီသုတေသနအပြီး) နောက်ပိုင်း ဆက်လေ့လာတဲ့ သုတေသနများအရ တွေ့ရှိရပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးကွယ်လွန်ခဲ့ရခြင်းဟာ မြန်မာတစ်မျိုးသားလုံးအတွက် လုံးဝအစာထိုးလို့ မရတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တာမှန်ပေမယ့် ကံတရားရဲ့ အလိုအတိုင်း ဖြစ်ကို ဖြစ်ရမယ့် ကိစ္စတစ်ခုမို့သာ ဗိုလ်ချုပ်ဟာ ဒီလို နှစ်၊ လ၊ ရက်မျိုးမှာ မွေးပြီး ဒီလို နာမည်မျိုးကို မှည့်မိခြင်းလို့လည်း ယူဆနိုင်ပါတယ်။ ဖြေသိမ့် ကြည့်တာပေါ့လေ။

ဒါကတော့ Numerology ပညာ နဲ့ မဟာဘုတ် ပညာတို့ပေါင်းစပ်ပြီး ပြန်လည်လေ့လာသုံးသပ် ထားတဲ့ ဗေဒင်ဆောင်းပါး တစ်ခုပါ။ ဒီထက် အဆင့်မြင့်မြင့် “နက္ခတ်ဗေဒင်ပညာ” နဲ့ သုံးသပ်တင်ပြထားတာကို ဖတ်ချင်ရင်တော့ “ဆရာ ဘဲလားလေဘာတီ” ရေးထားတဲ့ “ဗိုလ်ချုပ်အောင်ဆန်းနှင့်အကြောင်းတရား” ဆိုတဲ့ ဆောင်းပါးလေးဆီကို လင့်ခ် သွားပြီး ဖတ်ကြည့်လိုက်ပါ။ ဒီနေရာကို နှိပ်ပြီး သွားလိုက်ပါ။

ဖတ်ရှုသူအပေါင်း ပြန်ပြောင်းအောက်မေ့ လွမ်းဆွတ်နိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ဗေဒ-သုခုမ)

You May Also Like
Read More

(၆)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၆) ဖြစ်ပါက (၆)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်…
Read More

ကုန်ဈေးနှုန်း ဗေဒင်နဲ့ပတ်သတ်လို့ သိထားသမျှ

ဗေဒင်မိတ်ဆွေလေး ကိုရန်းဂန်းက တောင်းဆိုလို့ ကုန်ဈေးနှုန်း အတက်အကျနဲ့ပတ်သတ်တဲ့ ဗေဒင် တွက်နည်းလေးတွေကို တင်ပြဆွေးနွေး ပေးချင်ပါတယ်။ နောက်ကြောင်းကို ပြန်ပြောရရင် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်တုန်းက ကျွန်တော်ဟာ ကုန်သည် နဲ့ ဆီစက်…