၁၂ ရာသီခွင် နှင့် လူသားများ (၁)

ကျွန်ုပ် နှင့် ကိုသိန်းဖေ တို့ ၏ တနင်္ဂနွေ စကား ဝိုင်း အစီအစဉ်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့ရသည်မှာ အတော်ပင် ကြာခဲ့လေပြီ။ ယနေ့အတွက်မူ ထိုအစီအစဉ်ကို ပြန်လည် စတင်ရန်အတွက် မိတ်ဆွေဖြစ်သူ ကိုသိန်းဖေ အား ပြန်လည်ခေါ်ယူ ဆက်သွယ်လိုက်ရ လေသည်။ ကျွန်ုပ် ဖုန်းဆက်လိုက်သည်နှင့် မကြာမှီအတွင်း ကိုသိန်းဖေလည်း ရောက်ရှိ လာလေသည်။

ကိုသိန်းဖေ။      ။ ကဲ ဆရာရေ။ ကျွန်တော်တို့ရဲ့ စကားဝိုင်းလေး ပြန်စ, ကြမယ် ဆိုလို့ ဝမ်းသာ လိုက်တာဗျာ။

ကျွနု်ပ် ။       ။ အေးဗျာ- ဘာလိုလိုနဲ့ တစ်လကျော်လာခဲ့ပြီ။ သင်္ချာဗေဒကို စိတ်ဝင်စားကြတဲ့ သူများအတွက် သင်္ချာဗေဒပညာရဲ့ အရေးကြီးတဲ့ ကျောရိုးတစ်ခုဖြစ်တဲ့ ရာသီခွင်အဟောတွေကို တင်ဆက်ရတော့မှာပေါ့ဗျာ။ မြန်မာနိုင်ငံမှာ ရော ကမ္ဘာမှာပါ (၁၂)ရာသီခွင် အဟောတွေဟာ ပလူပျံနေကြတာမို့ အကြောင်းအရာတွေဟာ အပ်ကြောင်းတော့ ထပ်နေပါပြီ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ရာသီခွင်ဖွားတွေရဲ့ စရိုက်လက္ခဏာတွေသာမက (ဗေဒင်ပညာကို လေ့လာ လိုက်စားနေသူတွေအတွက်) ဒီရာသီခွင်ဖွားတွေရဲ့ စရိုက်သဘာဝတွေကို ဘယ်လိုဆွဲယူရတယ်ဆိုတာကိုပါ တင်ပြ ပေးသွား မှာ ဖြစ်ပါတယ်။

ကိုသိန်းဖေ ။      ။ ကောင်းသလိုသာ လုပ်ပါဆရာ။ ကျွန်တော်တို့အနေနဲ့ကတော့ ပညာရရင် ပြီးတာပါဘဲ။ လောကကြီးမှာ ကိုယ်ဘာမှ မသိသေးဘူး၊ မတတ်သေးဘူးလို့ ခံယူထားရင် ပညာတိုးတယ် ဆရာရဲ့။ ကိုယ်သိသလောက် တတ်သလောက် လေးကို ဟုတ်လှပြီ ထင်နေရင်တော့ ဘာပညာမှ ထပ်မတိုးနိုင်တော့ဘဲ နောက်ဆုံး “ဘဝင် ရောဂါ” ပါ ထပ်ဝင်လာတတ်တာ ကို သတိပြုမိပါတယ် ဆရာ။

ကျွနု်ပ် ။      ။ ဒီလိုဘဲပေါ့ဗျာ။ လောကမှာ လူဆိုတာ စရိုက်အဖုံဖုံ ၊ အကျင့် အမျိုးမျိုးမဟုတ်လား။ နောက်တစ်ခါ အသက် အရွယ်ဆိုတာကလည်း စကားပြောသေးတယ်ဗျ။ ကျွန်တော်လည်း ငယ်ငယ်တုံးကတော့ ဒီလိုဘဲ ကိုယ့်သိထားသလောက်၊ တတ်ထားသလောက်ကို ဟုတ်လှပြီလို့  ထင်ခဲ့ဘူးတာဘဲဗျ။ နောက်တော့ အသက်အရွယ် ရလာလေ၊ ကိုယ်ဘာမှ သိပ်မသိသေးပါလား၊ သိစရာတွေ အများကြီး ရှိနေသေးပါလားဆိုတဲ့ အသိဉာဏ်မျိုး ရလာလေ ဖြစ်လာတာကိုးဗျ။ အခုလို အသက်(၅၀)နား ကပ်လာတဲ့ အချိန်မှာတော့ ကိုယ်တကယ် နားမလည်တဲ့ ပညာတစ်ခုကို ဝေဖန်ရေးလုပ်ဖို့ဆိုတာ တွေးကြည့်ရုံနဲ့တောင် ရှက်မိပါသဗျာ။ ငယ်ငယ်တုန်းကတော့ “ကေပီ” ဆိုတဲ့ ပညာကို အတော်အတန်လေး တတ်ထားတော့ (၇)ခုစား၊ (၈)ခုစား ဗေဒင်ဖြစ်တဲ့ “မဟာဘုတ်” ကို “မဟာဘုတ်၊ မဟုတ်ပါ” လို့ လှောင်ခဲ့ဘူးတာကို တွေးမိတော့ ပြန်ရှက်မိပါတယ်ဗျာ။

ကိုသိန်းဖေ ။         ။ ဆရာက အသက်ငယ်တုန်းမှာ ဒီလိုဖြစ်ခဲ့တာ တော်သေးတာပေါ့။ ကျွန်တော်တွေ့နေတာက အခု တစ်ချို့ လက်ဆန်းဗေဒင်ဆရာတွေဆိုရင် လက်ရိုးဗေဒင် (နက္ခတ်ဗေဒင်)ကို ဘယ်လိုမှ လက်လှမ်းမမှီတော့ “စပျစ်သီးကို မမှီတဲ့ မြေခွေးလို” အလကားအချဉ်သီးတွေပါကွာလို့ ရှုတ်ချပုတ်ခတ်တဲ့ ပညာရှင်(အသက်ကြီးကြီး)တွေကို တွေ့နေ ရတာတော့ စိတ်မကောင်းစရာဘဲ။ တစ်ချို့လည်း ကွယ်လွန်သွားကြပါပြီ။

ကျွနု်ပ် ။         ။ လက်ရိုးဗေဒင်ပညာဘက်မှာလည်း “နက္ခတ်” မှ “နက္ခတ်” ဆိုပြီး မြန်မာရိုးရာ ပညာတွေကို ရယ်သွမ်းသွေးနေကြတဲ့လူတွေ ရှိနေသေးတာဘဲဗျ။ တစ်ချို့လက်ဆန်းသမားတွေကျပြန်တော့လည်း ကိုယ်က လက်ရိုး နက္ခတ်ကို မတတ်မြောက်လေတော့ အဲဒီအပေါ်မှာ အားငယ်စိတ်၊ သိမ်ငယ်စိတ် ဝင်တတ်ကြတာမျိုးလည်း တွေ့ရတယ်ဗျ။

အမှန်က လက်ရိုးဗေဒင်က ဒီလောက် အခက်ကြီးမဟုတ်ပါဘူး။ လက်ဆန်းပညာလို နည်းနည်းတွက်ပြီး များများပြောလို့ရတဲ့ ပညာ နဲ့ စ,ခဲ့ရတဲ့ လူတစ်ယောက်ဟာ “လက်ရိုး” ကိုလည်းတွေ့ရော သိပ်အခက်ကြီးလို့ ထင်သွားတာ ကနေ ဆက်ပြီး မသင်ယူရဲအောင် ဖြစ်သွားကြပုံပေါ်ပါတယ်။ တစ်ကယ်လိုချင်စိတ်ရှိရင် တတ်မြောက်နိုင်ပါတယ်။ သိပ်ခက်လှ ပါတယ်လို့ ပြောပြောနေကြတဲ့ “ကေပီ” စနစ်ကိုတောင်မှ ကျွန်တော်သင်ပေးခဲ့တဲ့အထဲက “ဦးသိန်းအောင်” ဆိုတဲ့ လူတစ်ယောက် ဆိုရင် အတန်းပညာက ဘုန်းကြီးကျောင်းထွက် ၊ အလုပ်က “မြင်း, သံခွာရိုက်” တဲ့ လုပ်ငန်းနဲ့ အသက်မွေး ပေမယ့် “ကေပီစနစ်” ကို  လ,ပိုင်းအတွင်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားတာကို တွေ့ခဲ့ဘူးတယ်ဗျ။ စိတ်က သိပ်တတ်ချင်နေတာကိုး။

ကိုသိန်းဖေ ။           ။ ဆရာ လက်ရိုး(နက္ခတ်)ဗေဒင်ကို ဒီလောက် ဇောင်းပေးပြောလာတော့ အခုတင်ပြမယ့် (၁၂)ရာသီခွင် အကြောင်းမှာ နက္ခတ်ဗေဒင်နဲ့ ပတ်သက်စပ်ဆက်မှုတွေ ပါလာတော့မယ်နဲ့ တူတယ်။

ကျွနု်ပ် ။           ။ ပတ်သက် စပ်ဆက်မှုလောက်တောင် မကဘူးဗျ။ တကယ်တော့  ဂဏန်းဗေဒင် နဲ့ (၁၂)ရာသီခွင်ဗေဒင် ပညာတွေဟာ မူလ “နက္ခတ်ဗေဒင်” ပညာကြီးကနေ စီးဆင်း ခွဲထွက်လာတဲ့ ပညာတွေဖြစ်ပြီး ဂဏန်းဗေဒင်ပညာကို တကယ်တတ်ချင်ရင် လက်ရိုးအခြေခံတွေကို ပိုင်နိုင်မှ ရမယ်ဗျ။ ဒီလိုမပိုင်နိုင်ဘဲ ဂဏန်းဗေဒင်ဖော်မြူလာတွေနဲ့ (၁၂)ရာသီခွင်အကြောင်းတွေကို “ကြက်တူရွေးကျက်,ကျက်”ထားရင်တော့ တကယ့် ခဲရာခဲဆစ် ဟောကိန်းတွေကျရင် အူချာလည် သွားတတ်တယ်ဗျ။

ကိုသိန်းဖေ ။           ။ လက်ရိုးဗေဒင်ပညာရဲ့ ဥပဒေသတွေကလည်း အများသားလား ဆရာရဲ့။ နောက်ပြီး တစ်ကျောင်းတစ်ဂါထာ ဆိုသလို ရှေးဆရာတစ်ယောက် သူ့စာအုပ်မှာ ရေးထားတဲ့ ဥပဒေသတစ်ခု နဲ့ နောက် ရှေးဆရာတစ်ယောက်ရဲ့ စာအုပ်က ဥပဒေသ တွေဟာ ဆန့်ကျင်နေကြတာတွေလည်း အများကြီးတွေ့ရတယ်ဗျ။ “ယုဂ် (၉၀၀)” တို့၊ “ ယုဂ် (၁၀၀၀)” တို့ဆိုတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် ဥပဒေသတွေက များလွန်းတော့ ဗေဒင်စာအုပ်ကို လွှတ်ချပြီး ထွက်ပြေး ချင်စိတ် တောင်မှ ပေါ်လာတယ် ဗျာ။

ကျွနု်ပ် ။           ။ ဒါပေမယ့် သင်္ချာဗေဒင်ကို တတ်မြောက်ဖို့ လိုအပ်တဲ့ လက်ရိုးအခြေခံတွေက သိပ်မများပါဘူး။ ကိုသိန်းဖေ ခင်ဗျာလည်း လက်ရိုးကို လေ့လာနေတာမဟုတ်လား။ ဒါဆိုရင် ကျွန်တော်မေးမယ်။

(၁) ကသစ်ဂြိုဟ် ၊ ဥုစ်ဂြိုဟ် ၊ နိစ်ဂြိုဟ် ၊ နိစ္စဘင်္ဂဂြိုဟ် ။

(၂) မိတ်ဂြိုဟ်၊ ရန်ဂြိုဟ်၊ ဥဒါသိန်ဂြိုဟ် ။

(၃) စရ၊ ထိရ၊ ဒွေးဒဟရာသီ။ ကျား,မရာသီ ။ မီး,ရေ,လေ,မြေ ရာသီ။ သမ , ဝိသမ ရာသီ ။ သီးပွင့်သောရာသီ၊ မြုံသောရာသီ။

(၄) ဘာ၀ ၁၂ပါးရဲ့ ပရိယါယ်၊ ကိန်းအိမ်၊ တြိကောဏအိမ်၊ မူလတြိဂုဏ်းအိမ်၊ ဒုဌာန (၃)အိမ်၊

(၅) သာမန်ဂြိုဟ်မြင်၊ ဝိသေသအထူးဂြိုဟ်မြင်၊ အိမ်ခြင်းဖလှယ်တဲ့ သမန္ဓပြုခြင်း၊ ရာဇယုဂ် ။

= ကဲ ကိုသိန်းဖေ၊ အဲဒီ အခြေခံတွေထဲက ခင်ဗျားမသိတာ ကျွန်တော့ကို ပြောပြပါ။

ကိုသိန်းဖေ ။               ။ ဟာ ဆရာကလည်း။ ဒီအခြေခံ အချက်လောက်တွေတော့ သိတာပေါ့ဗျ။ ဒါတွေက တကယ့် မူလတန်း အခြေခံတွေဘဲ။ သိတာပေါ့ဗျ။

ကျွနု်ပ် ။              ။ အဲဒါဘဲပေါ့ဗျ။ ဒီလောက် သိရင် ရပြီလေ။ ဘာမှ ခဲရာခဲဆစ် မလေ့လာရပါဘူး။ ဂဏန်းဗေဒင်ပညာကို တတ်မြောက်ချင်ရင် ဒီအခြေခံအချက်ကလေးတွေကိုတော့ တတ်မြောက်ဖို့ လိုလိမ့်မယ်။ ဒါတွေကို သိသွားပြီးဆိုရင် ဂဏန်းဗေဒင်ပညာကို “ကြက်တူရွေး စာကျက်သလိုမဟုတ်ဘဲ” ကိုယ်တိုင် ဆင်ခြင်သုံးသပ်ပြီး ဓမ္မဒိဌာန်ကျကျ တွေးတတ် ဟောတတ်သွားပါလိမ့်မယ်။

ကိုသိန်းဖေ ။                ။ ကျွန်တော်ကတော့ လက်ရိုးအခြေခံရှိလို့ ဟုတ်ပါပြီဆရာ။ အထက်က ဆရာပြောခဲ့တဲ့ လက်ရိုးအခြေခံ လောက်မှ မသိတဲ့လူတွေအတွက် ဘယ်လိုလုပ်မလဲ။

ကျွနု်ပ် ။              ။ ဒါကြောင့် ဒီခေါင်းစဉ်တွေကို ကျွန်တော် ချ, ပြနေတာပေါ့ဗျ။ ဗေဒင်ပညာအခြေခံမရှိပေမယ့် ဂဏန်းဗေဒင် ကို အခြေခံကျကျ တတ်မြောက်ချင်သူတွေအတွက် ဒီလက်ရိုးအခြေခံတွေက စ,ပြီး ရှင်းပြသွားမှာပါ။ ဒါတွေရှင်းပြပြီးမှ (၁၂)ရာသီခွင်အကြောင်းကို တစ်ခုခြင်း လာမယ်ဗျ။ ဒါမှလည်း ကိုယ့်ဟာကိုယ် ဗေဒင်တွက်တတ်သွားကြပြီး ကျွန်တော် ဟောဟော ပေးနေရတာ သက်သာမှာဗျ။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ကျွန်တော့် ဆိုဒ်ကို ဝင်ဖတ်နေသူတွေ၊ ဗေဒင်ဝင်မေးကြသူတွေလည်း ဒီပညာ တစ်ခုတော့ တတ်အောင် သင်ယူစေချင်ပါတယ်။ ကိုယ့် ဘဝအတွက် အသုံးဝင်သင့်သလောက် ဝင်ပါတယ်။ ကိုယ့်အကြောင်း၊ ကိုယ့် အနာဂါတ်အကြောင်းလည်း အကြမ်းဖျဉ်း သိလာနိုင်မယ်။ နောက်ပြီး ကိုယ်နဲ့ ဆက်ဆံပေါင်းသင်းနေရသူတွေရဲ့ စရိုက် အကျင့် နဲ့ ကံကြမ္မာတွေကို သိသင့်သလောက် သိလာရမယ်။ ဘယ်သူနဲ့ ပေါင်းထိုက်တယ် မပေါင်းထိုက်ဘူး ဆိုတာရယ် ၊ ဒီလူကို ချစ်သူ , အိမ်ထောင်ဘက်အဖြစ် လက်ခံဖို့ သင့်မသင့်ဆိုတာ ခွဲခြားတတ်လာမယ်။ ပျော်ဖို့ကောင်းပါတယ်ဗျာ။ ဂဏန်းဗေဒင် တတ်သွားရင် လူတစ်ယောက်ကို မွေးနေ့၊ သက္ကရာဇ်၊ သိလိုက်တာနဲ့ ဒီလို ဘယ်လိုလူစားဆိုတာ ကြိုသိ နေရတာ ပျော်စရာတစ်မျိုးဘဲ မဟုတ်လား။

ဒီပညာနဲ့ လူကောင်း/လူဆိုး ခွဲခြားတတ်လာမယ်။ တကယ်မဖြောင့်ဘဲနဲ့ ဖြောင့်ချင်ယောင်ဆောင် နေသူတွေကို ခွဲခြားတတ် လာမယ်။ စိတ်ထားမြင့်မြတ်သူ နဲ့ စိတ်ဓာတ် ယုတ်ညံ့သူကို ခွဲခြားတတ်လာမယ်။ ယောင်္ကျားပီပီ သသ ဗြောင်ရှင်းတတ်သူနဲ့ မိန်းမလို မိန်းမရ ထမိန်ခြုံထဲက လက်သီးပုန်းနဲ့ ထိုးတတ်တဲ့သူတွေကိုလည်း ခွဲခြားတတ်လာမယ်။

ကိုသိန်းဖေ ။                ။ ဒါဆို သိပ်ကောင်းတာပေါ့ဗျာ။ ဒီနေ့ခေတ်အခါကြီးထဲမှာ လူကောင်း/လူဆိုး သိပ်ခွဲဖို့ မလွယ်တော့ဘူးဗျ။ ဟန်ဆောင်မျက်နှာဖုံးတပ်ကောင်းတဲ့သူတွေကလည်း များမှများ။ လက်တစ်ဖက်က လက်ဆွဲနှုတ်ဆက် နေပြီး လက်တစ်ဖက်က နောက်ကျောမှာ ဝှက်ထားတဲ့ ဒါးကို ကိုင်ထားသူတွေကလည်း များမှများဗျ။

ကျွနု်ပ် ။                ။ ဒီအကြောင်းတွေ ပြောရရင် စိတ်ကုန်စရာပါဗျာ။ ဒါပေမယ့် ပညာရှိ ဆော်လမွန်ဘုရင်ကြီး ပြောသလို “လောကကြီးမှာလည်း ဒီလိုလူတွေ မရှိရင်လည်း မပြည့်စုံဘူးဗျ”။ သူတို့ကလည်း လူ့ဘဝဇတ်ခုံရဲ့ အခန်းကဏ္ဍ တစ်ခုကို ဝင်ပြီး သရုပ် ဆောင်နေရတဲ့ “ဗီလိန်” တွေ မဟုတ်လား။ ကဲ- ကိုသိန်းဖေ လာဗျာ။ (၁)နာရီ ထိုးတော့မယ်။ ထမင်းစားကြရအောင် ။ အခု ဆွေးနွေးပြီးသမျှကို ဘလော့ဂ်ပေါ် တင်ပေးလိုက်ဦးမယ်။ ထမင်းစားပြီး ဆက်ဆွေးနွေးကြတာ တွေကိုတော့ ညဖက်မှာ ဆက်တင်ပေးလိုက်မယ် ဗျာ။

———————————————————————————————————————–

ကိုသိန်းဖေ ။                ။ ကဲ ဆရာရေ။ စားသောက်ပြီးရင် ရေနွေး၊ အမြီးလေးနဲ့ စကားဆက်ကြရအောင်ဗျာ နော်။

ကျွနု်ပ် ။                ။ ကိုသိန်းဖေ ရေ။ ဂဏန်းဗေဒင်ရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ ဟိုးလွန်ခဲ့တဲ့ ဘီစီ (၃၀၀၀) လောက်ကို ပြန်သွားကြ ရအောင်လားဗျာ။ “နက္ခတ္တပညာ နှင့် နက္ခတ်ဗေဒင်ပညာ” ဆောင်းပါးမှာ ကျွန်တော်ရေးခဲ့သလိုဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀) ကျော်လောက်က အခု အီရန်နိုင်ငံ၊ အီရတ်နိုင်ငံတွေ တည်ရှိတဲ့ အာရေဗျ ကျွန်းဆွယ်ကြီးမှာ လူ့ယဉ်ကျေးမှုတွေ အကြီးအကျယ် ထွန်းကားခဲ့တယ်ဗျ။ အဲဒီအချိန်တုန်းက နက္ခတ်ဗေဒင်ပညာတွေကို စတင်လေ့လာ တွေ့ရှိခဲ့သူများလို့ သတ်မှတ်ခံရတဲ့ “ချားလ်ဒီးယန်း” တွေဟာ မထင်မရှားလူမျိုးနွယ်စု (Tribe) အုပ်စုလေးတွေဘဝမှာဘဲ ရှိသေးတယ်ဗျ။ သူတို့ရဲ့ အဓိက အလုပ်က သိုး၊ဆိတ်များကို မွေးမြူတဲ့ လုပ်ငန်းဖြစ်တယ်လို့ဆိုတယ်။ ဒီသိုးကျောင်းသား၊ ဆိတ်ကျောင်းသား “ချားလ်းဒီယန်း” လူမျိုးတွေရဲ့ ဝါသနာက အ,ကာလ ညအခါမှာ တိတ်ဆိတ်ငြိမ်သက်လှပြီး ကြယ်ပေါင်းစုံ ဝန်းရံခနေတဲ့ အကာသ စင်္ကြာဝဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကို အဖြေရှာကြတာဘဲဖြစ်တယ်လို့ (သမိုင်းပညာရှင်တွေရဲ့ အဆိုအရ) သိရပါတယ်။

ကျွန်တော် ဒီနေရာမှာ ဝင်ပြီး ခံစားကြည့်တယ်ဗျ။ နေ့ဘက်မှာ ပင်ပင်ပန်းပန်းနဲ့ သိုးကျောင်း၊ ဆိတ်ကျောင်းခဲ့ရပြီး တစ်နေ့ တာကုန်လွန် လို့ ညအခါရောက်တဲ့အခါ စိမ်းလန်းတဲ့ မြက်ခင်းပြင်ကြီးပေါ်မှာ ခြေပစ်လက်ပစ် လဲလျောင်းပြီး “ကြယ်တွေစုံတဲ့” “အာာကာသ ညလွင်ပြင်ကြီး” ကို တစ်စိမ့်စိမ့်ကြည့်နေရတဲ့ အရသာဟာ ဘယ်လောက်ချိုမြိန်အေးချမ်းလှ ပါမလဲ ဆိုတာခံစား ကြည့်ပါဗျာ။

ဒီလို အာကာသ ကောင်းကင်ပြင်ကြီးကို ကြည့်ရင်း နဲ့ တစ်နေရာတည်းမှာ ပုံသေ ရပ်တည်နေတဲ့ ကြယ်တာရာတွေနဲ့ သူ့သွားနှုံးနဲ့သူ ရွေ့လျားနေတဲ့ ကြယ်တာရာတွေကို ခွဲခြားသိမြင်လာကြပါတယ်။ ရွေ့လျားနေတဲ့ကြယ်တွေဟာ ကမ္ဘာကို ပတ်နေတဲ့ ဂြိုဟ်တွေ ဖြစ်ကြပြီး၊မရွေ့လျားဘဲ ရပ်တည်နေတဲ့ ကြယ်တွေဟာ ရာသီခွင်ကြယ်စုတွေနဲ့ နက္ခတ်အစုဝေးတွေ ဖြစ်တယ် ဆိုတာကို သူတို့ တွေ့ရှိလာကြတယ်။ သူတို့တစ်တွေဟာ နေမင်း (တနင်္ဂနွေ)ဂြိုဟ် နဲ့ လမင်း(တနင်္လာ)ဂြိုဟ် ပြီးရင် ကမ္ဘာကို ပတ်ပြီး ရွေ့လျားနေတဲ့ ဂြိုဟ်(၅)လုံး ရှိတယ်ဆိုတာကို တွေ့ရှိလာကြတယ်။ အဲဒီဂြိုဟ်တွေကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ နဲ့ စနေဂြိုဟ် တို့ဘဲ ဖြစ်ကြတယ်။ အဲဒီတုန်းက “ယူရေးနပ်စ် ဂြိုဟ် နဲ့ နက်ပကျွန်းဂြိုဟ်” တို့ကို သူတို့ မတွေ့ခဲ့ကြသေးဘူး။ နောက်တစ်ခါ ရာသီခွင်ကြယ်စုတွေဟာ (၁၈၀)ဒီဂရီ ကျယ်ဝန်းတဲ့ ကောင်းကင်ပြင် ကြီးထဲမှာ အစုအဝေး (၁၂)ခု ကွဲပြားနေကြတာကြောင့် ကောင်းကင်ပြင်ကြီးကို အပိုင်း(၁၂)ပိုင်းခွဲခြားလိုက်ပြီး တစ်ရာသီကို (၃၀)ဒီဂရီ ကျယ်ဝန်းတဲ့ ရာသီခွင် (၁၂)ခုကို ဖော်ထုတ်လိုက်ကြပြန်တယ်။

အဲဒီ ရာသီခွင် (၁၂)ခုဟာ နောင်နှစ်ပေါင်း (၅၀၀၀)ကျော် အကြာမှာ လူသားတွေရဲ့ ကံကြမ္မာကို အလွယ်တွက်ချက်နိုင်မယ့် ဗေဒင်ဟောနည်းအဖြစ် ခေတ်စားလာလိမ့်မယ်လို့ အဲဒီခေတ်က “ချားလ်ဒီးယန်း” လူမျိုးတွေကတော့ စဉ်းစားမိကြမယ် မထင်ဘူး။ ဒီနေ့ခေတ် (၂၁)ရာစုမှာတော့ လူတွေဟာ တစ်ခြားဗေဒင်ဟောပြောနည်းတွေထက် (၁၂)ရာသီခွင် ဟောကိန်း တွေကို အကြီးအကျယ် စိတ်ဝင်စားလာကြတာကို တွေ့ရတယ်ဗျ။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ မွေးသက္ကရာဇ်ကို ဖေါ်ပြရာမှာ ဘာရာသီဖွားလဲဆိုတာကိုပါ တွဲဖက်ဖော်ပြလာကြတာကို တွေ့ရတယ်ဗျ။ နောက်ပြီး အင်တာနက်ပေါ်ကနေ ဖူးစာရှင်ရှာကြတဲ့နေရာမှာလည်း “ဘာရာသီဖွားဖြစ်တယ်” ဆိုတဲ့အချက်ကို အထူးအလေး ပေးဖော်ပြလာတာကိုတွေ့ရမဟုတ်လားဗျာ။

ကိုသိန်းဖေ ။                ။ အင်း ၊ ကျွန်တော်ကတော့ လူပျိုကြီးဆိုတော့ အဲဒါကို သိပ်သတိမထားမိဘူးဗျ။ ဒါပေမယ့် ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်တွေအကြောင်းကို ဖော်ပြရာမှာတော့ ဘာရာသီဖွားလည်းဆိုတာပါ တွဲဖက်ဖော်ပြတာကိုတော့ သတိထားမိပါတယ်။ ပြီးတော့ တစ်နှစ်တစ်ခါ ထွက်လာတဲ့ ဗေဒင်ဟောကိန်းစာအုပ်ကလေးတွေကလည်း ဒီ (၁၂)ရာသီခွင် အဟောတွေဘဲများပါတယ်။ လစဉ်ထုတ် မဂ္ဂဇင်းနဲ့ ဂျာနယ်တွေထဲမှာလည်း ဒီဟောကိန်းတွေဘဲဗျ။ နောက်နောင်ဆိုရင် ဒီ (၁၂)ရာသီခွင် အဟောတွေဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာ (၇)ရက်သားသမီးဗေဒင်တွေကိုပါ ဝါးမြိုပစ် တော့မလား မသိပါဘူးဗျာ။

ကျွနု်ပ် ။                ။ အင်း ဒါတော့ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမယ့် (၁၂)ရာသီဟောကိန်းဘဲဖြစ်ဖြစ်၊ (၇)ရက် သားသမီးဟောကိန်းဘဲဖြစ်ဖြစ် အားလုံးဟာ ယေဘူယျ ချည်းပါဘဲ။ မှန်တဲ့လူမှန်မှာဖြစ်သလို လွဲတဲ့လူလည်း လွဲလိမ့်မယ်။ လူတိုင်းမှန်ဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။

ကိုသိန်းဖေ ။              ။ ဆရာရေ၊ ကျွန်တော်တို့ဖာသာ ကျွန်တော်တို့ ထင်ရာမြင်ရာပြောနေလို့မဖြစ်သေးဘူးဗျ။ ကျွန်တော်တို့ စကားဝိုင်းက အင်တာနက်ပေါ်မှာတင်မှာဆိုတော့ လိုရင်းအချက်တွေကို ပြောကြရအောင်လားဗျာ။

ကျွနု်ပ် ။               ။ ဟုတ်ပါ့ဗျား။ ခင်ဗျား သတိပေးပေလို့ပေါ့။ ကျွန်တော် အထက်မှာ ပြောခဲ့သလို (၁၂)ရာသီခွင်အဟော တွေကို “နက္ခတ်ဗေဒင်” ပညာထဲကနေ ဆွဲထုတ်ယူမှာ ဖြစ်လို့ “နက္ခတ်ဗေဒင်” အခြေခံတွေကို အရင်တင်ပြဖို့ စိတ်ကူးပေမယ့် စာဖတ်သူတွေ အရမ်းငြီးငွေ့သွားမှာလည်း စိုးရတယ် ။ ဒါကြောင့် ဒီအခြေခံတွေကို မတင်ပြခင် ဒီအပါတ်အတွက် (၁၂)ရာသီခွင်ဖွားတွေရဲ့ စရိုက်လက္ခဏာတွေကို အကျဉ်းချုံးတင်ပြသွားပါမယ်။ စာအုပ်တစ်အုပ်အုပ်ထဲက “ကူးချ” ထားတာ မျိုးမဟုတ်ဘဲ ကိုယ်ပိုင်လက်တွေ့လေ့လာချက်တွေကို ဦးစားပေးတင်ပြ သွားပါမယ်။ အခုတော့ အကျဉ်းချုပ်ပေါ့ဗျာ။ နောက်ပိုင်းမှာ အကျယ်၊ အသေးစိတ် တင်ပြသွားပါမယ်။

ပြန်ကောက်ကြရအောင်။ ဒီလို ချားလ်ဒီးယန်းတွေဟာ ရာသီခွင် (၁၂)ခု ပိုင်းခြားပြီးတဲ့အခါ နေမင်းကြီးဟာ ဒီ (၁၂)ရာသီခွင် ထဲမှာ တစ်ရာသီကို တစ်လ(အကြမ်းဖျဉ်း)လှည့်ပတ်သွားလာနေပြီး တစ်နှစ်(၃၆၅)ရက် ပြည့်တဲ့အခါ တစ်ပတ်ပြည့်တယ် ဆိုတဲ့အချက်ကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် “မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်” ဆိုတဲ့ (၁၂)ရာသီခွင်ထဲမှာ နေမင်းက မိဿရာသီခွင်မှာ ရောက်ရှိနေချိန်မှာ မွေးဖွားသူများကို မိဿရာသီဖွား၊ နေမင်း ပြိဿရာသီခွင်မှာ ရောက်ရှိနေချိန် မှာ မွေးဖွားကြသူများကို ပြိဿရာသီဖွား . . . စသည်ဖြင့် သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ကဲ စာဖတ်သူတွေ အပျင်းပြေသွားအောင် ရာသီခွင်ဖွားဟောကိန်း အကျဉ်းချုပ်ကလေးတွေကို တင်ပြပြီး ဒီနေ့အတွက် ပို့စ်ကို အဆုံးသတ်လိုက် ကြရအောင်လားဗျာ။

မိဿရာသီဖွား (သို့) အလှမ်းကျယ်၍ အလယ်လပ်ကြသူများ

အင်္ဂလိပ်ရက် မတ်လ (21)ရက်ကနေ ဧပြီ (19)အတွင်း မွေးဖွားကြသူများဟာ မိဿရာသီဖွားများဖြစ်ကြပါတယ်။ မိဿရာသီ ဟာ (၁၂)ရာသီခွင်မှာ “ပထမ” ဦးဆုံး ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “အင်္ဂါဂြိုဟ်” ဖြစ်ပြီး၊ ဥုစ်ဂြိုဟ်ဟာ “တနင်္ဂနွေဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ “စနေဂြိုဟ်” ဟာ နိစ် မူပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “သိုးထီး”  ရုပ်ဖြစ်ပါတယ်။ “စရရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – မိဿရာသီဖွားများဟာ အကြံကြီးတယ်၊  ရည်မှန်းချက်ကြီးတယ်၊ ဦးဆောင်လိုတယ်၊ စိတ်မြန်တယ်၊ ခုဆို ခုမှ ဆိုတဲ့ လူစားမျိုးတွေဖြစ်တယ်။ အင်္ဂါဂြိုဟ်ဟာ စိတ်ဇောကြီးစေပေမယ့် စနေဂြိုဟ်နိစ်မူလို့ အားမရှိတဲ့အတွက် ဝီရိယ အားနည်းသူများဖြစ်တယ်။ ဟုန်းကနဲ ထတောက်လွယ်ပေမယ့် ငြိမ်းလွယ်တဲ့ ကောက်ရိုးမီးလို လူစားမျိုးတွေဖြစ်တယ်။ အချိန် မှန်မှန်လုပ်ရတဲ့ အလုပ်တွေ ၊ အချိန်ယူလုပ်ရတဲ့ အလုပ်တွေကို ငြီးငွေ့တတ်သူတွေဖြစ်တယ်။ ခရီးသွားလာရခြင်း၊ စွန့်စား  ရခြင်းများကို ဝါသနာထုံတယ်။ စိတ်ရှည်မှု၊ သည်းခံမှု နည်းသူများဖြစ်တယ်။ အချစ်စိတ်၊ ရာဂစိတ်ပြင်းထန်တတ်ကြပေမယ့်  အလွန်အကျွံမဖြစ်အောင်လည်း ထိန်းသိမ်းနိုင်စွမ်းရှိကြသူများတယ်။ စည်းစနစ်ကျနမှု နည်းပြီး ကပျစ်ကညစ်နေတတ်ကြသူ များဖြစ်ကြတယ်။ ဒါကြောင့် မိဿရာသီဖွားများဟာ အောင်မြင်လိုစိတ်၊ ကြီးပွားလိုစိတ် ပြင်းထန်ကြပေမယ့် စေ့စပ်သေချာမှု အားနည်းတတ်ကြလို့ “အလှမ်းကျယ်ပြီး အလယ်လပ်ကြသူများ” လို့ ယေဘူယျ ကင်ပွန်းတပ်ပေးလိုက်ပါတယ်။

ပြိဿရာသီဖွား (သို့) ပေသီးခေါက်လွန်းကြသူများ

အင်္ဂလိပ်ရက် ဧပြီ (20) မှ မေ (20)အတွင်း မွေးဖွားလာကြသူများဟာ ပြိဿရာသီဖွားများ ဖြစ်ပါတယ်။ ရာသီပိုင်ဂြိုဟ် (ကသစ်)ဂြိုဟ်ဟာ သောကြာဂြိုဟ်ဖြစ်ပြီး၊ တနင်္လာဂြိုဟ် ဥုစ်မူတဲ့ ရာသီဖြစ်ပါတယ်။ ရာဟုဂြိုဟ် နိစ်မူရာ ရာသီခွင်လည်း ဖြစ်ပြီး ရာသီအရုပ်ကတော့ “နွားသိုး” ရုပ်ဖြစ်ပါတယ်။ “ထိရ” ရာသီ “မ” ရာသီ ဖြစ်ပါတ်။ ဒီအချက်တွေကို  ပေါင်းစပ်လိုက်ရင်  ပြိဿရာသီဖွားများဟာ အပြောင်းအလဲ နှေးကွေးတတ်သူများဖြစ်ပြီး အရာရာကို အလွယ်တကူ လက်မခံတတ်ကြသူများ ဖြစ် ပါတယ်။ အရာရာကို စွဲစွဲမြဲမြဲ ရှိတတ်ကြပြီး စည်းကမ်းသေဝတ်ကြသူများလည်း ဖြစ်ပါတယ်။ ဘဝကြီးပွားရေး၊ စီးပွားရေး တွေမှာ စိတ်လောမကြီးတတ်ကြဘဲ “ဖြေးဖြေး မှန်မှန် ၊ နည်းလမ်းမှန်” ဆိုတဲ့ သဘောတရားမျိုးကို ခံယူကျင့်သုံးတတ်ကြ သူများဖြစ်ပါတယ်။ အပြောင်းအလဲနှေးကွေးတဲ့ သူများဖြစ်ပြီး တစ်ချို့ဆိုရင် “ဘူးဆိုရင် ၊ ဖရုံ မသီး” တတ်ကြသူများဖြစ် ပါတယ်။ အရာရာမှာ သတိကြီးတယ်။ အမှတ်သည်းခြေ ကြီးတယ်။ လူစိမ်းတွေအပေါ်မှာ သတိကြီးကြီးထားပြီး ဆက်ဆံ တတ်တယ်။ ဘယ်သူ့ကိုမှ သိပ်မယုံတတ်ဘူး။ ငွေကြေးသုံးစွဲမှုမှာ စီစစ်ချွေတာ လွန်းတတ်ကြတာမို့ ကပ်စေးနှဲသူများလို့ အတူနေသူများက အသိအမှတ်ပြုခံရ တတ်ပါတယ်။ အရာရာမှာ တန်ရာတန်ကြေးကို သိပ်တွက်ပြီး ဈေးဆစ်တတ်ကြလို့ သူတို့ကို “ပေသီးခေါက်လွန်းကြသူများ” လို့ နာမည် ကင်ပွန်းတပ် ပေးလိုက်ပါတယ်။

မေထုန်ရာသီဖွား (သို့) တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကြသူများ

အင်္ဂလိပ်ရက် မေလ (21) မှ ဇွန်လ (20)အတွင်း မွေးဖွားလာကြသူများဟာ မေထုန်ရာသီဖွားများ ဖြစ်ပါတယ်။ သုံးခုမြောက် ရာသီခွင်ဖြစ်ပြီး ရာသီအိမ်ပိုင်ဂြိုဟ် (ကသစ်)ဂြိုဟ်ဟာ ဗုဒ္ဓဟူးဂြိုဟ်ဖြစ်ပြီး၊ ဥုစ်ဂြိုဟ် ကသစ်ဂြိုဟ် မရှိပါဘူး။ ဒွေးဒေဟရာသီ ဖြစ်ပြီး ရာသီခွင် အရုပ်ကတော့ “ယောင်္ကျား၊ မိန်းမ” နှစ်ကိုယ်တွဲပုံဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်တဲ့အခါမှာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ လျှင်မြန်သွက်လက်မှု၊ မတည်ငြိမ်မှု၊ ဒွေးဒေဟရာသီရဲ့ နှစ်ခွဖြစ်မှု သဘောတရားတို့ကြောင့် မေထုန်ရာသီဖွား များဟာ နာရီချိန်သီးလို ယောက်ယက်ခပ် လှုပ်ရှားနေကြသူများဖြစ်တယ်။ ဘယ်အရာကိုမှ စွဲစွဲမြဲမြဲ မရှိဘူး။ ဘာကိုမှ တိတိကျ ကျ မဆုံးဖြတ်နိုင်ဘူး။ ဉာဏ်ကောင်းတယ်။ စကားပြောကောင်းတယ်။ တင်္ခနုပ္ပတိဉာဏ်ကောင်းတယ်။ လူမှုဆက်ဆံရေး ကောင်းတယ်။ ဒါပေမယ့် ခိုင်မာတဲ့ ရည်မှန်းချက်၊ ဘဝခံယူချက်တွေ နည်းတယ်။ သူများစကား နားယောင်လွယ်တယ်။ ဇွဲမရှိဘူး။ ဇွဲ၊ ဝီရိယနဲ့ လုပ်ရမယ့် အလုပ်ဆိုရင် သူတို့နဲ့ မတည့်လှဘူး။ အနုပညာဗီဇရှိတယ်။ အနုပညာနဲ့ ကျော်ကြားတတ် တယ်။ နေရာတစ်နေရာ၊ အလုပ်တစ်ခုခုမှာလည်း ကြာကြာမတည်မြဲတတ်ဘူး။ အပေါ်ယံ ကြည့်လိုက်ရင်တော့ ပျော်ပျော် နေတတ်သူများလို့  ထင်စရာ ရှိပေမယ့် တကယ်တော့ သူတို့ဘဝဟာ “တစ်ခုခုလိုအပ်နေပြီး” ၊ စိတ်ထားမတည်ငြိမ်ကြတာ မို့ သူတို့ကို “တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကြသူများ” လို့ နာမည်ကင်ပွန်းတပ်ပေးလိုက်ပါတယ်။

ကရကဋ်ရာသီဖွား (သို့) လောကကြီးကို ဂွတိုက်တတ်ကြသူများ

အင်္ဂလိပ်ရက် ဇွန်လ (21) မှ ဇူလိုင်လ (22)အတွင်း မွေးဖွားလာကြသူများဟာ ကရကဋ်ရာသီဖွားများ ဖြစ်ပါတယ်။ (၄)ခုမြောက် ရာသီခွင်ဖြစ်ပြီး ရာသီပိုင်ဂြိုဟ်က တနင်္လာဂြိုဟ် (လမင်း)ဖြစ်ပါတယ်။ ကရကဋ်ရာသီမှာ ဂုရုလို့ခေါ်တဲ့ ကြာသပတေးဂြိုဟ်ကြီးဟာ “ဥုစ်” မူပြီး “အင်္ဂါ”ဂြိုဟ် “နိစ်” မူတဲ့ ရာသီခွင်လည်းဖြစ်ပါတယ်။ ရာသီအရုပ်ကတော့ “လက်မထောင်ပြီး ဘေးတိုက်သွားနေတဲ့ လယ်ပုဇွန်လုံးရုပ်” ဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် ကရကဋ်ရာသီ ဖွားများဟာ မိမိနေအိမ်မိသားစုကို  ခင်တွယ်တယ်။ ကာကွယ်စောင့်ရှောက်တတ်တယ်။ တနင်္လာဂြိုဟ်ဖြစ်ပြီး “မိန်းမ” ရာသီ ဖြစ်လို့ မိခင်စိတ်ရှိသူများဖြစ်ကြတယ်။ အသိပညာ၊ အတတ်ပညာတွေကို ငွေကြေးဓနဥစ္စာထက် ပိုမို ခုံမင်တတ်တယ်။ ဒါပေမယ့် လက်မထောင်နေတဲ့ လယ်ပုဇွန်လုံးသရုပ်သကန်ကြောင့် “ဝင့်ဝါတယ်၊ မောက်ကြွားတတ်တယ်”၊ အတွင်းစိတ်က နူးညံ့သိမ်မွေ့ပေမယ့် နှစ်လိုဘွယ်ရာ စကားမျိုးကို မပြောတတ်ဘဲ “ကန့်လန့်တိုက်တတ်ကြလို့” လူချစ်လူခင် သိပ်မများလှ တာကို တွေ့ရတယ်။ သူတစ်ပါးကို လှောင်ပြောင်ပြောဆိုတတ်တယ်။ ရန်သူပေါတယ်။ ဘေးကျကျပြောတတ်ပေမယ့် အင်္ဂါဂြိုဟ် နိစ်ဖြစ်တာမို့ တစ်ကယ်တန်းကျ သတ္တိနဲပြီး၊ သွေးငယ်တတ်သူများဖြစ်တယ်။ တနင်္လာဂြိုဟ်ရဲ့ ကသစ်အိမ် ဖြစ်ပြီး ကြာသပတေးဂြိုဟ် ဥုစ်မူတာကြောင့် “စန္ဒြဂုရုယုဂ်” ရတဲ့ ရာသီဖွားများဖြစ်လို့ စိတ်ထားဖြူစင်ကြပေမယ့် ဘယ်သူနဲ့ မှ ရေရှည်တည့်အောင် မပေါင်းနိုင်ကြလို့ သူတို့ကို “လောကကြီးကို ဂွတိုက်တတ်ကြသူများ” လို့ နာမည်တပ် ပေးလိုက်ပါတယ်။

ကဲ – ကိုသိန်းဖေ ရေ။ ဒီနေ့တော့ တော်တော်ပင်ပန်းသွားပြီးမို့ ကျန်ရာသီခွင် အဟောတွေကို နောက်ရက်များမှ ဆက်ကြရ အောင်လားဗျာ။

ကိုသိန်းဖေ ။            ။ ကောင်းပါပြီ ဆရာ။ ဆရာ့ကြည့်ရတာလည်း တော်တော်  ပင်ပန်းနွမ်းနယ်သွားတဲ့ ပုံဖြစ်နေလို့ နားထောင်လို့ကောင်းပေမယ့် တော်ကြရအောင်ပါ။ ကျန်တာတွေတော့ နောက်ရက်တွေပေါ့နော်။

ကျွနု်ပ် ။         ။ ဟုတ်ပါတယ်။ အခုဟာက အကျဉ်းချုံးထားတဲ့ သရုပ်သကန်တွေဘဲ ရှိပါသေးတယ်။ အခု အပိုင်း(၁) ဆိုတော့ နောက်ထပ် ကျန်အပိုင်း တွေ ဆက်တိုက် ရေးသွားမှာ ဖြစ်ပါတယ်။ “၁၂ ရာသီခွင် နဲ့ လူသားများ” ဆောင်းပါးဟာ အနည်းဆုံး အပိုင်း (၁၀)ပိုင်းလောက် ရေးရလိမ့်မယ်ထင်တယ်။ နောက်ပိုင်းမှာ ရာသီခွင်တစ်ခုအတွင်းမှာ မွေးဖွားတဲ့ ဂဏန်း ပိုင်ရှင်များကိုပါ သီးခြားခွဲထုတ်ရေးသွားမှာဖြစ်ပါတယ်။ ဥပမာ- “မိဿ” ရာသီထဲမှာတွင် (၁)ဂဏန်းသမား (၂)ဂဏန်းသမား၊ (၃)ဂဏန်းသမား . . . စသည်ဖြင့် ပိုင်းခြားရေးသားတင်ပြသွားမှာပါ။ ဒီနေ့အဖို့တော့ ဒီလောက်ဘဲပေါ့ဗျာ။

အလည်လာသူ၊ ဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရွှင်လန်းကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

အမေရိကန်နိုင်ငံ , ဘားရတ် အိုဘားမား နဲ့ (၄) ဂဏန်း

ကျွန်တော်တို့မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်၊နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်း ထားသလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန် နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု…
Read More

(6 ဂဏန်းသမားများ အကြောင်း တစေ့တစောင်း)

အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။…