(၁၂)ရာသီခွင် နှင့် လူသားများ အပိုင်း (၁)ကို ရေးနေရင်း ပင်ပန်း နွမ်းနယ် မှုကြောင့် ခဏရပ်နားထားတဲ့ နေရာကနေ အခု အပိုင်း(၂)ကို ဆက်လက် ဖော်ပြ သွားပါမယ်။ အခု ဟောကိန်းတွေကတော့ အကျဉ်းချုပ်ပါဘဲ။ နောက်ပိုင်း ဆောင်းပါးတွေမှာ အကျယ်တဝင့် ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ယခင် အပိုင်း(၁)မှာ “ကရကဋ်ရာသီ” အထိ ပြီးသွားပြီမို့ အခု “သိဟ်ရာသီ” ကနေ ဆက်လက် ရေးသား သွားပါမယ်။
မှတ်ချက်။ ။ ယနေ့အတွက် ကိုသိန်းဖေ လာရောက်နိုင်ခြင်း မရှိသော ကြောင့် အမေး/ အဖြေ ပုံစံမျိုး ဖြင့် ဖော်ပြနိုင်ခြင်း မရှိပါ။
သိဟ်ရာသီဖွား (သို့) မြင့်မြတ်သော နှလုံးသား ရှိကြသူများ
အင်္ဂလိပ်ရက် ဇူလိုင်လ (23)ရက်ကနေ သြဂုတ်လ (22)အတွင်း မွေးဖွားကြသူများဟာ သိဟ်ရာသီဖွားများဖြစ်ကြပါတယ်။ သိဟ်ရာသီ ဟာ (၁၂)ရာသီခွင်မှာ (၅)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ နေမင်းကြီးဖြစ်တဲ့ “တနင်္ဂနွေဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ “နိစ်ဂြိုဟ်” “ဥုစ်” ဂြိုဟ် မရှိပါဘူး။ ရာသီခွင်ရုပ်ပုံကတော့ “ကေသရာဇာခြင်္သေ့မင်း” ဖြစ်ပါတယ်။ “ထိရရာသီ” , “မီးရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – ဦးစီးဦးဆောင် ပြုလိုစိတ် များကြသူ များဖြစ်တယ်။ သူတပါးကို သြဇာပေးလိုသူများဖြစ်တယ်။ ဘယ်သူ့ လွှမ်းမိုးမှုကိုမှ လက်မခံနိုင်ကြသူများ ဖြစ်တယ်။ ဒါပေမယ့် သဘောထားကြီးတယ်။ ပေးကမ်းစွန့်ကြဲတဲ့နေရာမှာ လက်လွယ်တယ်။ အပေါင်းအသင်းများအပေါ်မှာ အလွန်ဖြောင့်မတ်စွာ ဆက်ဆံကူညီတတ် ကြသူများဖြစ်တယ်။ အမှန်တရားကို မြတ်နိုးကြသူများဖြစ်တယ်။ မိသားစုကို ကာကွယ်စောင့်ရှောက် တတ်ကြတယ်။ များသောအားဖြင့် သည်းခံတတ်ကြသူများဖြစ်ပေမယ့် အလွန်အကျွံ စော်ကားခံရရင် တော့ ခြင်္သေ့လို ရဲရင့်စွာ တုန့်ပြန်တတ်ကြတယ်။ (၁၂)ရာသီခွင် အားလုံးထဲမှာ ဒီရာသီခွင်ဖွားများဟာ စိတ်သဘောထားကြီး သူတွေ၊ ခွင့်လွှတ်တတ်သူတွေ၊ ပြန်လည်တုန့်ပြန်မှုကို မမျှော်ကိုးဘဲ စိတ်ထားမှန်စွာ ကူညီတတ်ကြသူများအဖြစ် အတွေ့ရ များတာမို့ သူတို့ကို “မြင့်မြတ်သော နှလုံးသား ရှိကြသူများ” လို့ နာမည် ကင်ပွန်းတပ် ပေးလိုက်ပါတယ်။
ကန်ရာသီဖွား (သို့) စေ့စပ်သေချာလွန်းကြသူများ
အင်္ဂလိပ်ရက် သြဂုတ်လ (23)ရက်ကနေ စက်တင်ဘာလ (22)အတွင်း မွေးဖွားကြသူများဟာ ကန်ရာသီဖွားများ ဖြစ်ကြ ပါတယ်။ ကန်ရာသီဟာ (၁၂)ရာသီခွင်မှာ (၆)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “ဗုဒ္ဓဟူးဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ ဗုဒ္ဓဟူးဂြိုဟ်ဟာ “ဥုစ်” အဖြစ်ပြန်ရပ်တည်တာဟာ ထူးခြားချက် ဖြစ်ပါတယ်။ သောကြာဂြိုဟ် “နိစ်မူ” ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “လက်တစ်ဖက်မှာ ကောက်နှံကိုင်ထားတဲ့ အပျိုစင်ရုပ်” ဖြစ်ပါတယ်။ “ဒွေးဒဟရာသီ” , “မြေရာသီ” , “မ” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – ဗုဒ္ဓဟူးဂြိုဟ်ဟာ တစ်ရာသီထဲမှာ “ဥုစ်” ဂြိုဟ်ရော “ကသစ်” ဂြိုဟ် ပါ ဖြစ်နေလို့ “ကန်ရာသီ” ဖွားများဟာ ဉာဏ်ပညာအလွန် ထက်မြက်သူများဖြစ်ပါတယ်။ သိလွယ် တတ်လွယ်တယ်။ တင်္ခနုပ္ပတိဉာဏ် ကောင်းသူများဖြစ်တယ်။ အပြောအဟော၊ အရေးသား ကောင်းသူများလည်း ဖြစ်တတ်တယ်။ ပေါင်းသင်း ဆက်ဆံရေး ကောင်းကြတယ်။ ဒါပေမယ့် သူတို့ဟာ အရာရာကို အလွန်စေ့စပ် သေချာလွန်းကြသူများဖြစ်ပြီး သူများမမြင်တဲ့ အသေးစိတ်အချက်ကအစ အလွန်သိလွယ်မြင်လွယ်တာကြောင့် သူတစ်ပါးရဲ့ အားနည်းချက်ကို အလျှင်အမြန် ဖော်ထုတ်နိုင်စွမ်း ရှိကြသူများဖြစ်ကြတယ်။ နောက်ပြီး ဒီအားနည်းချက်ကို ထောက်ပြ ပြောဆိုဖို့လည်း လက်မနှေးကြတာကြောင့် ပတ်ဝန်းကျင်က သူတို့ကို အပြစ်ရှာတတ် ကြသူများအဖြစ် အသိအမှတ်ပြု ခံရတတ်ပါတယ်။ စည်းစိမ် ခံစားမှုကို ပေးနိုင်တဲ့ သောကြာဂြိုဟ်ကြီး “နိစ်မူ” ပြီး အားမရှိတဲ့အတွက် သူတို့ဟာ ချမ်းသာသည်ဖြစ်စေ ၊ မချမ်းသာ သည်ဖြစ်စေ ဇိမ်မခံနိုင်ကြဘဲ အမြဲပင်ပန်းကြီးစွာ အလုပ်လုပ်ကြရသူများလည်း ဖြစ်ပါတယ်။ အရာရာမှာ လက်တွေ့ကျပြီး ကံတရားကို သိပ်ပြီး ယုံကြည်ကြ သူများလည်း မဟုတ်တတ်ကြပါ။ မိမိအလုပ်ကိုလည်း စေ့စပ် သေချာစွာ လုပ်ကိုင်တတ် ကြတာမို့ သူတို့ဟာ အရာရာမှာ စေ့စပ်သေချာလွန်းကြသူများဖြစ်တတ်ကြပါတယ်။ ဒါကြောင့် “ကန်ရာသီ” ဖွားများကို “စေ့စပ်သေချာလွန်းကြသူများ” လို့ နာမည်ပေး ကင်ပွန်းတပ် ပေးလိုက်ပါတယ်။
တူရာသီဖွား (သို့) သဘောထားမျှတကြသူများ
အင်္ဂလိပ်ရက် စက်တင်ဘာလ (23)ရက်ကနေ အောက်တိုဘာ (22)အတွင်း မွေးဖွားကြသူများဟာ တူရာသီဖွားများ ဖြစ်ကြ ပါတယ်။ တူရာသီဟာ (၁၂)ရာသီခွင်မှာ (၇)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “သောကြာဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ စနေဂြိုဟ်ဟာ “ဥုစ်”အဖြစ် ရပ်တည်ပြီး တနင်္ဂနွေဂြိုုဟ်ဟာ “နိစ်မူ” တဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင် ရုပ်ပုံကတော့ “ချိန်ခွင်ရုပ်” ဖြစ်ပါတယ်။ “စရရာသီ” , “လေရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – တူရာသီဖွားများဟာ အေးချမ်းစွာ နေလိုတတ်ကြသူများဖြစ်ပြီး စည်းကမ်းသေဝတ်ကြသူများ၊ တရားဥပဒေ ကို ရိုသေလေးစားလိုက်နာကြသူများဖြစ်ပါတယ်။ သောကြာဂြိုဟ် ကသစ်ရလို့ နှစ်လိုဘွယ်ကောင်းတဲ့ ရုပ်ရည်၊ ဥပတိရုပ်မျိုး ရှိတတ်ကြပြီး လူအများနှင့်လည်း သင့်မြတ်စွာ ပေါင်းသင်းနိုင်ကြပါတယ်။ သူ့ဖက်ကိုယ့်ဖက် မျှတတဲ့ အယူအဆမျိုး ရှိပြီး ကိုယ်ခြင်းစာတရား မြင့်မားကြသူများလည်း ဖြစ်ကြပါတယ်။ စနေဂြိုဟ်ဟာ “ဥုစ်မူ” ပြီး အားပြည့် တာကြောင့် ဇွဲကောင်းသူများ၊ လုံ့လ ဝီရိယရှိသူများ၊ ရှေ့ရေးကို ကြိုတင်တွက်ဆပြီး ရေရှည်စီမံကိန်းများ ဆွဲတတ်ကြသူများလည်းဖြစ်ပါတယ်။ “စိတ်ရှည်၊ ဇွဲသန်၊ သည်းညဉ်းခံ” ဆိုတာ သူတို့ရဲ့ ဆောင်ပုဒ်လို့ တင်စားရမလိုပါဘဲ။ ဒါပေမယ့် “ချိန်ခွင်ရုပ်” ဟာ မျှတမှုကို ကိုယ်စားပြုသလို ချိန်ခွင်လျှာဟာ အတိမ်းအစောင်းမခံတဲ့ သဘာဝလည်း ရှိနေပါတယ်။ ဒါကြောင့် “တူရာသီဖွား” များဟာ အပေါင်းအသင်း မှားလို့ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းအရာကြောင့် ဖြစ်စေ ချိန်ခွင်တစ်ဖက်ကို အလေးပစ်ထည့်လိုက်တဲ့အခါ ချိန်ခွင်လျှာ စောင်းသွားသလို အတွေးအခေါ် အယူအဆ တိမ်းစောင်း သွားတတ်ပြီး အစွန်းရောက်ခြင်း၊ အယူသည်းခြင်း၊ လမ်းမှားရောက်ခြင်းများ နှင့် ကြုံဆုံရတတ်တာကို အထူးသတိပြု သင့်လှပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် “တူရာသီ” ဖွား အများစုဟာ ချိန်ခွင်ရုပ် သဏ္ဍန်နှင့် တူညီစွာ ပြုမူတတ်ကြလို့ သူတို့ကို “သဘောထားမျှတကြသူများ” လို့ အမည်ပေး ကင်ပွန်းတပ် ပေးလိုက်ပါတယ်။
ဗြိစ္ဆာရာသီဖွား (သို့) လျှို့ဝှက်ပြီး အသိရခက်သူများ
အင်္ဂလိပ်ရက် အောက်တိုဘာလ (23)ရက်ကနေ နိုဝင်ဘာလ (21)အတွင်း မွေးဖွားကြသူများဟာ ဗြိစ္ဆာရာသီဖွားများ ဖြစ်ကြ ပါတယ်။ ဗြိစ္ဆာရာသီဟာ (၁၂)ရာသီခွင်မှာ (၈)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “အင်္ဂါဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ ရာဟုဂြိုဟ်ဟာ “ဥုစ်”အဖြစ် ရပ်တည်ပြီး၊ တနင်္လာဂြိုုဟ်ဟာ “နိစ်မူ” တဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “ကင်းမြီးကောက်ရုပ်” ဖြစ်ပါတယ်။ “ထိရရာသီ” , “ရေရာသီ” , “မ” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – ဗြိစ္ဆာရာသီဟာ “အင်္ဂါဂြိုဟ်” ပိုင်တဲ့ရာသီဖြစ်လို့ စွန့်စားခြင်း၊ တိုက်ခိုက်ခြင်း၊ အကြံကြီး ခြင်း၊ ရည်မှန်းချက် ကြီးခြင်းများ ရှိပေမယ့် “ရာဟုဂြိုဟ်” ဥုစ်မူတဲ့အတွက် လျှို့ဝှက်ခြင်း၊ တိတ်တဆိတ်ကြံစည်ခြင်း၊ အချစ်ရေး အိမ်ထောင်ရေး စတဲ့ ဘ၀ ရှုတ်ထွေးမှုများခြင်းများ ရှိတတ်ပါတယ်။ “တနင်္လာ” ဂြိုဟ် အားမရှိလို့ စိတ်ထားပျော့ ပြောင်း နူးညံ့မှု မရှိလှဘဲ လိုအပ်လာရင် ကိုယ်ခြင်းစာတရားကို လစ်လျူရှုနိုင်ကြသူများဖြစ်တယ်။ ညအခါ ဘက်မှာ ထွက်ပြီး ကျက်စားတတ်တဲ့ “ကင်းမြီးကောက်” နဲ့ သဏ္ဍန်တူစွာ လျှို့ဝှက်စွာ ကြံစည်လုပ်ကိုင်တတ်ကြသူများဖြစ်တတ်တယ်။ သူတို့ ရဲ့ အတွင်းသဘောကို အလွန်အသိရခက်ပါတယ်။ အင်္ဂါဂြိုဟ်ပိုင်လို့ စိတ်ဓာတ် ထက်မြက်ပေမယ့် “ထိရ” ရာသီဖြစ်လို့ မိဿရာသီဖွား များလောက် အရင်မလိုတတ်ကြဘဲ အချိန်ကောင်းအခါကောင်းကို စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်ကြသူများ ဖြစ်ပါတယ်။ ကင်းမြီးကောက်ဟာ လက်မနှစ်ချောင်းကို အရောင်ပြပြီး အဆိပ်ပါတဲ့ အမြီးနဲ့ ထိုးတတ်သလို ဘဝတိုက်ပွဲကို တိုက်ခိုက်ဖို့ အရာရာကို အဆင့်သင့်ပြင်ထားတတ်ကြသူများဖြစ်ပါတယ်။ ခက်ခဲနက်နဲတဲ့ အတတ်ပညာရပ်များ၊ ဂမ္ဘီရပညာ ရပ်များ၊ လျှို့ဝှက်မှုကို ဖော်ထုတ်ရတဲ့ပညာရပ်များကို လိုက်စားနိုင်စွမ်းရှိပြီး ထူးလည်း ထူးချွန်တတ်ကြပါတယ်။ သူတို့ဘ၀ ဟာ လျှို့ဝှက်ခြင်းများ၊ ကွယ်ဝှက်ထားခြင်းများရှိတတ်ပြီး သူတို့ရဲ့ အတွင်းစိတ်အမှန်ကိုလည်း အကဲခတ်ရန် ခက်ခဲလှတာမို့ သူတို့ကို “လျှို့ဝှက်ပြီး အသိရခက်သူများ” လို့ နာမည်ကင်ပွန်းတပ်ပေးလိုက်ပါတယ်။
ဓနုရာသီဖွား (သို့) ဘ၀ စစ်သည်တော်များ
အင်္ဂလိပ်ရက် နိုဝင်ဘာလ (22)ရက်ကနေ ဒီဇင်ဘာလ (21)အတွင်း မွေးဖွားကြသူများဟာ ဓနုရာသီဖွားများ ဖြစ်ကြ ပါတယ်။ ဓနုရာသီဟာ (၁၂)ရာသီခွင်မှာ (၉)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “ကြာသပတေးဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ “ဥုစ်” ဂြိုဟ် နဲ့ “နိစ်” ဂြိုဟ် မရှိတဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “လေးနဲ့ချိန်ရွယ်ထားတဲ့ လူတစ်ပိုင်း မြင်းတစ်ပိုင်းရုပ်” ဖြစ်ပါတယ်။ “ဒွေးဒဟရာသီ” , “မီးရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – ဓနုရာသီဖွားများဟာ “ကြာသပတေးဂြိုဟ်” ကသစ်ရတဲ့ဂြိုဟ်ဖြစ်လို့ ဆရာသမား၊ အကြီးအကဲ၊ ဘာသာရေး ခေါင်းဆောင် ယုဂ်များ ရတဲ့ရာသီဖြစ်ပါတယ်။ ဓနုရာသီဖွားများဟာ ဘဝတိုက်ပွဲကို အမြဲတိုက်ခိုက်နေကြသူများ၊ တိုက်ခိုက်နေကြလိုသူများ ဖြစ်ပါတယ်။ သူတို့ဟာ အမြဲတမ်း ဘဝတက်လမ်း၊ ကြီးပွားရေး တိုးတက်ရေးများကို ကြံစည်နေ ကြသူများဖြစ်တယ်။ ဉာဏ်ပညာကြီးသူများဖြစ်ပြီး ဘယ်ပညာကိုမဆို အလွယ်တကူ တတ်မြောက်နိုင်ကြသူများ ဖြစ်ကြတယ်။ အမြဲတမ်း လေ့လာသင်ယူနေတတ်ကြသူများဖြစ်ပြီး အသက်ကြီးတဲ့အထိ အနားမယူကြတဲ့သူများထဲမှာ “ဓနုရာသီ” ဖွားများကို အများဆုံးတွေ့တတ်ပါတယ်။ ဒွေးဒေဟ ရာသီဖြစ်ပြီး မျက်နှာခြင်းဆိုင် (၇)တန့်ဘာ၀ မှာ “မေထုန်ရာသီ” တည်နေလို့ ဓနုရာသီဖွားများဟာ အိမ်ထောင်ဆက် များတတ်ကြသူများ ဖြစ်တတ်ပါတယ်။ သာယာချမ်းမြေ့တဲ့ အိမ်ထောင် ရေးမျိုးကို ဓနုရာသီဖွားတွေမှာ တွေ့ရခဲလှပါတယ်။ ဓနုရာသီဖွားများရဲ့ အကြီးဆုံးအားနည်းချက်ကတော့ သူတို့နဲ့ သဘောမတွေ့သူကို စကားဆိုရာမှာ “ပိသာလေး နဲ့ ဘေးကိုပစ်သလို” ပြောတတ်ကြလို့ လူချစ်လူခင် မများလှသူများလည်း ဖြစ်လေ့ ရှိတတ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် သူတို့ဟာ အမြဲတမ်းတက်ကြွလှုပ်ရှားနေသူများ ဖြစ်ကြပြီး ဘဝတက်လမ်းကို အမြဲတမ်း ကြံစည်လုပ်ကိုင်နေတတ်ကြလို့ သူတို့ကို “ဘ၀ စစ်သည်တော်များ” လို့ နာမည်ကင်ပွန်း တပ်ပေးလိုက်ပါတယ်။
မကာရရာသီဖွား (သို့) ပညာရှိသော်လည်း သတိဖြစ်ခဲလှသူများ
အင်္ဂလိပ်ရက် ဒီဇင်ဘာလ (22)ရက်ကနေ ဇန်နဝါရီလ (19)အတွင်း မွေးဖွားကြသူများဟာ မကာရရာသီဖွားများ ဖြစ်ကြ ပါတယ်။ မကာရရာသီဟာ (၁၂)ရာသီခွင်မှာ (၁၀)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “စနေဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ အင်္ဂါဂြိုဟ်ဟာ “ဥုစ်”အဖြစ် ရပ်တည်ပြီး၊ ကြာသပတေးဂြိုုဟ်ဟာ “နိစ်မူ” တဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “ဆိတ်တစ်ပိုင်းငါးတစ်ပိုင်း မကန်းကောင်ရုပ်” ဖြစ်ပါတယ်။ “စရရာသီ” , “မြေရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – အင်္ဂါဂြိုဟ် “ဥုစ်” ဖြစ်တာကြောင့် “စိတ်ဓာတ်တက်ကြွလျှင်မြန်မှု” နဲ့ စနေဂြိုဟ် ကသစ်ဖြစ်တာကြောင့် “ချင့်ချိန်ဝေဖန်နှိုင်းနှိုင်းဆဆလုပ်တတ်မှု” နှစ်ခုအကြားမှာ ပဋိပက္ခဖြစ်နေကြသူများ အဖြစ် တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ အလွန်တက်ကြွလျှင်မြန်သလို တစ်ခါတစ်ရံမှာ အလွန်ဖင့်နွဲ လေးကန် တတ်ကြသူများ ဖြစ်နေကြပြန်ပါတယ်။ ကုန်းသတ္တဝါ နဲ့ ရေသတ္တဝါ တို့ရဲ့ ပေါင်းစပ်မှုကြောင့် ကုန်းမှာ မှာလည်း အပြည့်ကျက်မစားနိုင်၊ ရေမှာလည်း အပြည့်ကျက်မစားနိုင်တာကြောင့် ဟိုမရောက်သည်မရောက်နဲ့ ဘဝကံကြမ္မာ တိုးလို့တန်းလန်းဖြစ်နေတဲ့ မကာရ ရာသီဖွားတွေကို အတွေ့ရအလွန်များပါတယ်။ အတွေးအခေါ်မြင့်မားပြီး လူကဲခတ် အလွန်ကောင်းကြသူများဖြစ်လို့ လူဆိုး/လူကောင်းခွဲခြားရာမှာ အလွန်တော်သူများဖြစ်ကြပါတယ်။ ဘာသာရပ်ပေါင်းစုံကို နှံ့စပ်ကျွမ်းကျင်ကြသူများဖြစ်လို့ ဘယ်လိုလူမျိုးနဲ့မဆို စကားအခြေအတင် ဆွေးနွေးပြောဆို နိုင်ကြပြီး အပေါင်းအသင်း အလွန်ဆန့်ကြသူများ ဖြစ်တတ် ကြပါတယ်။ လူစိမ်းများနှင့် ချက်ခြင်းမိတ်ဆွေဖြစ်လွယ်ပြီး တစ်ဖက်သား,ကျလောက်အောင် ပြောဆိုတတ်လို့ အပေါင်း အသင်း များသူများ၊ လူသိများသူများ ဖြစ်ကြပေမယ့် နေရာတစ်ကာ ဆရာလုပ်လိုတဲ့ “ဉာဉ်လေး” ရှိတတ်တာမို့ ရေရှည်မှာ အပေါင်းအသင်းမိတ်ဆွေများနှင့် ဆက်ဆံရေး မခိုင်မြဲတတ်တာကို တွေ့ရတတ်ပါတယ်။ ဒီလို လူမှုဆက်ဆံရေး ချို့ယွင်းလာကြောင့် ရေရှည်မှာ စီးပွားရေး၊ ကြီးပွားရေးတွေကို ထိခိုက်လာတတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို မကာရ ရာသီဖွား အတော်များများဟာ သတိမမူမိတတ်ကြပါဘူး။ ဒါကြောင့် သူတို့ကို “ပညာရှိသော်လည်း သတိဖြစ်ခဲ လှသူများ” လို့ အမည်ပေးကင်ပွန်းတတ် ပေးလိုက်ပါတယ်။
ကုံရာသီဖွား (သို့) သဲထဲရေသွန် ဖြစ်ရသူများ
အင်္ဂလိပ်ရက် ဇန်နဝါရီလ (20)ရက်ကနေ ဖေဖေါ်ဝါရီလ (18)အတွင်း မွေးဖွားကြသူများဟာ ကုံရာသီဖွားများ ဖြစ်ကြ ပါတယ်။ ကုံရာသီဟာ (၁၂)ရာသီခွင်မှာ (၁၁)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ရာသီပိုင်ဂြိုဟ်ဟာ “ယူရေးနပ်ဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ “ဥုစ်” ဂြိုဟ် နဲ့ “နိစ်” ဂြိုဟ် မရှိတဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “ရေအိုးထဲကနေ ရေသွန်ချနေတဲ့ ရေထမ်းသမားရုပ်” ဖြစ်ပါတယ်။ “ထိရရာသီ” , “လေရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – ကုံရာသီဟာ သိပ္ပံခေတ်ကြီးရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ “ယူရေးနပ်” ဂြိုဟ် ပိုင်ဆိုင်တဲ့ ရာသီဖြစ်လို့ ကုံရာသီဖွားများဟာ ခေတ်မှီခြင်း၊ အမြင်ကျယ်ခြင်း၊ ပွင့်လင်းလွတ်လပ်ခြင်း၊ အယူအဆဟောင်း အတွေးအခေါ်များကို တော်လှန်လိုခြင်း၊ သူများနှင့်မတူ ထူးခြားသွင် အသွင်သဏ္ဍန်ရှိခြင်း၊ လွတ်လပ်စွာနေထိုင်လိုခြင်း၊ ပတ်ဝန်းကျင်ကို ဂရုမစိုက် တတ်ခြင်း စတဲ့ ဂုဏ်အင်္ဂါများ ရှိကြပါတယ်။ သူတို့ဟာ လူမှုရေးစိတ်ဓာတ် ရှိသူများဖြစ်ပြီး လူမှုပတ်ဝန်းကျင်ကို အကူအညီ ပေးလိုကြသူများ ဖြစ်ကြပါတယ်။ လူမှုရေးလုပ်ငန်းများကို တက်တက်ကြွကြွလုပ်ကိုင်လိုကြပြီး မိမိစီးပွားရေး၊ ကြီးပွားရေး များထက် ပိုမိုစိတ်ဝင်စားသူများ ဖြစ်တတ်ကြပါတယ်။ သဘောထားကြီးပြီး ဖြောင့်မတ်မှန်ကန်သူများ၊ မိမိဘဝကို အခြားသူများအတွက် ပေးဆပ်ထားသူများကို “ကုံရာသီ” ဖွားများမှာ အများအပြား တွေ့ရတတ်ပါတယ်။ ယူရေးနပ်စ်ဂြိုဟ်ရဲ့ သဘာဝကြောင့် သူတို့ဘဝဟာ အခက်အခဲများ၊ ဘေးဥပဒ်များနှင့် ပြည့်နှက်နေတတ်ပါတယ်။ မိမိလုပ်ကိုင်ခဲ့သမျှကို မိမိပြန်လည် ခံစားခွင့်မရှိတတ်ခြင်း၊ မိမိလုပ်ထားတာကို မိမိဘဲ ပြန်ဖျက်တတ်ခြင်း၊ အသုံးအစွဲလက်ဖွာခြင်း၊ ပစ္စည်းဥစ္စာ စုဆောင်းမိလျှင်လည်း အကြောင်းအမျိုးမျိုးကြောင့် ကုန်ဆုံးတတ်ခြင်း တို့ကြောင့် သူတို့ဘဝဟာ ကုံရာသီရဲ့ အရုပ် နှင့် သဏ္ဍန်နှင့် တူညီလှတာမို့ သူတို့ကို “သဲထဲရေသွန် ဖြစ်ရသူများ” လို့ အမည်ပေး ကင်ပွန်းတပ် ပေးလိုက်ပါတယ်။
မိန်ရာသီဖွား (သို့) တရားတစ်ဖက် ဒါးတစ်လက် ပြုတတ်ကြသူများ
အင်္ဂလိပ်ရက် ဖေဖေါ်ဝါရီလ (19)ရက်ကနေ မတ်လ (20)အတွင်း မွေးဖွားကြသူများဟာ မိန်ရာသီဖွားများ ဖြစ်ကြ ပါတယ်။ မိန်ရာသီဟာ (၁၂)ရာသီခွင်မှာ နောက်ဆုံး (၁၂)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ရာသီပိုင်ဂြိုဟ်ဟာ “နက်ပကျွန်းဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ သောကြဂြိုဟ်ဟာ “ဥုစ်”အဖြစ် ရပ်တည်ပြီး၊ ဗုဒ္ဓဟူးဂြိုဟ်ဟာ “နိစ်မူ” တဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “လားရာခြင်း ဆန့်ကျင်နေတဲ့ ငါးနှစ်ကောင်ရုပ်” ဖြစ်ပါတယ်။ “ဒွေးဒဟရာသီ” , “ရေရာသီ” , “မ” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – နက်ပကျွန်းဂြိုဟ်ရဲ့ သတ္တိကြောင့် မိန်ရာသီဖွားများဟာ ခရီးသွားလာ ခြင်း၊ ရေကြည်ရာမြက်နုရာ ရှာတတ်ခြင်း၊ မိမိမွေးရပ်မှာ မနေထိုင်ရတတ်ခြင်း၊ ထူးဆန်းထွေလာ နှင့် ဂမ္ဘီရပညာရပ်များကို ဝါသနာထုံခြင်း၊ ဘာသာတရားအစွန်းရောက်တတ်ခြင်း စတဲ့ စရိုက်သဘာဝများ ရှိတတ်ပါတယ်။ သောကြာဂြိုဟ် “ဥုစ်” မူတဲ့ ရာသီဖြစ်လို့ “ကာမဂုဏ် အာရုံ” များကို အလွန်အမင်း လိုက်စားတတ်ပြီး၊ နေရာတစ်ကာမှာ “အကောင်းကြိုက်” သူများလည်း ဖြစ်တတ်ပါတယ်။ ဘဝမှာ “အနေချောင်လှသူများ” ဖြစ်တတ်ပြီး သက်သက်သာသာ စည်းစိမ်ရှိရှိ နေထိုင်တတ်ကြရသူများ လည်းဖြစ်တတ်ပါတယ်။ ပင်ပင်ပန်းပန်း လုပ်ကိုင်စားရတဲ့ မိန်ရာသီဖွား အရေအတွက် နည်းလှပါတယ်။ ဗုဒ္ဓဟူးဂြိုဟ် “နိစ်မူ” ခြင်းကြောင့် ရံဖန်ရံခါ စကားမတည်ကြည်ဘဲ မုသားကို အလွယ်တကူ သုံးတတ်သူများ အဖြစ်လည်း တွေ့ရတတ်ပါတယ်။ “နက်ပကျွန်းဂြိုဟ် နဲ့ ရေရာသီ” ပေါင်းစပ်မှုကြောင့် အကဲခတ်ရခက်သူများဖြစ်ပြီး စိတ်အပြောင်းအလဲ မြန်ဆန်ကြသူများ လည်း ဖြစ်ပါတယ်။ ဦးတည်ရာမတူတဲ့ ငါးနှစ်ကောင်ဟာ မတူညီတဲ့ စရိုက်သဘာဝနှစ်ခုကို တပြိုင်တည်း ကျင့်သုံးတတ်တာ ကို ပြဆိုပြီး “အပြော နဲ့ အလုပ် ဆန့်ကျင်ဘက်ဖြစ်ခြင်း” ကိုလည်း အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့် သူတို့ကို “တရားတစ်ဖက် ဒါးတစ်လက် ပြုတတ်ကြသူများ” လို့ နာမည်ကင်ပွန်းတတ်ပေးလိုက်ပါတယ်။
မှတ်ချက်။ ။ ယခု ဖော်ပြခဲ့သော ရာသီခွင်အဟောများသည် ယေဘူယျ အကျဉ်းချုပ်သဘောမျှသာဖြစ်ပြီး လူတိုင်း အတွက် မှန်ကန်မည် မဟုတ်ပါ။ ရှေ့လာမည့် ဆောင်းပါးများတွင် အကျယ်ဟောပြပြီး ရာသီခွင်တစ်ခုအတွင်း မွေးဖွားသော မွေးဂဏန်းများနှင့် ပေါင်းစပ်ဟောကိန်းများတွင် ယခုထက် ပို၍ အမှန်နှင့် နီးစပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
အလည်လာ ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)