အိပ်မက် . . (၂)

မိတ်ဆွေ ၊ ကျွန်တော်တို့ မနေ့က ဆွေးနွေးခဲ့တဲ့ “အိပ်မက်” . . (၁)ရဲ့ အဆက် အိပ်မက် . . (၂) ကို ဆက်ပြီး ဆွေးနွေး ကြရအောင်လား။

အိပ်မက်ဟာ လူသားတွေနဲ့ နာမ်လောကက ပုဂ္ဂိုလ်တွေ ဆက်သွယ်လို့ရတဲ့ နေရာတစ်ခုဖြစ်နိုင်တယ် ဆိုတဲ့ ကိစ္စကို ဆွေးနွေး ချင်ပါတယ်။ လူအတော်များများမှာ ဒီလို အတွေ့အကြုံမျိုး ရှိတတ်ကြပါတယ်။ ဘာလဲ ဆိုတော့ “ကွယ်လွန်သွားပြီးတဲ့” အဖိုးအဖွား၊ အမိ, အဘ ဆွေမျိုးတွေ ကိုယ့်ထံမှာ လာပြီး နေချင်တယ်လို့ အိပ်မက်ပေးပြီး သိပ်မကြာခင်မှာ ကိုယ်ဝန်ရှိ လာတာမျိုး တစ်ချို့မှာ ကြုံဘူးကြပါလိမ့်မယ်။

ကျွန်တော့်ရဲ့ ဒုတိယ သမီးဖြစ်သူကို မမွေးခင်မှာ ဒီလို အတွေ့အကြုံ ရှိခဲ့ဘူးပါတယ်။ ကျွန်တော်နဲ့ အလွန်ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းတစ်ဦးဖြစ်သူရဲ့ မိခင် ဖြစ်သူဟာ “အဆုတ်ကင်ဆာ” နဲ့ ကွယ်လွန်သွားပြီး လ, အနည်းငယ်အကြာမှာ ကျွန်တော် အိပ်မက် မက်ပါတယ်။ အိပ်မက်ထဲမှာ သူငယ်ချင်းရဲ့ မိခင်ဟာ အိမ်ကိုရောက်လာပြီး “သူ” ဒီအိမ်မှာ နေချင်ကြောင်း ၊ နေလို့ ရမလား ဆိုပြီး မေးပါတယ်။

ကျွန်တော်လည်း ဝမ်းသာအားရနဲ့ နေလို့ရကြောင်း ပြန်ပြောလိုက်ပါတယ်။ ခဏနေတော့ သူ အိမ်သာတက်ချင်ကြောင်း ပြောလို့ အိမ်သာကို လိုက်ပို့ပေးလိုက်ပါတယ်။ အိမ်သာထဲမှာ အချိန်အတော်ကြာနေလို့ အပြင်ကနေ ခေါ်ကြည့်တော့လည်း ပြန်မထူးတာနဲ့ စိတ်ပူပြီး အိမ်သာတံခါးကို ရိုက်ချိုးကြည့်လိုက်တော့ အဖွားကြီး မရှိတော့ပါဘူး။ အနှီးထုပ် ထဲမှာ ထွေးထားတဲ့ “မွေးခါစ, ကလေးငယ်လေး” ကိုသာ တွေ့လိုက်ရပါတယ်။ နောက် ရက်သတ္တပါတ် (၂)ပါတ်လောက်ရှိတော့ ကျွန်တော့်ဇနီးမှာ ကိုယ်ဝန်ရ လာပါတယ်။ မွေးလာတော့ မိန်းကလေးပါ။ ကျွန်တော့်ရဲ့ ဒုတိယ သမီးဖြစ်ပါတယ်။

ဒီနေရာမှာ “လူဝင်စားတစ်ဦး” ပြန်ပြောပြတဲ့ အကြောင်းလေးတစ်ခုကို ပြောပြပါဦးမယ်။ ဒီလူဝင်စား မိန်းကလေးဟာ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ဦးထံမှာ အလုပ်လုပ်တဲ့ အလုပ်သမလေး တစ်ဦးပါ။ သူဟာ သူ့ရဲ့ ယခင်ဘဝဟောင်းကို အသေးစိတ်မှတ်မိသူ ဖြစ်ပါတယ်။ ယခင်ဘဝက သူဟာ ယောင်္ကျားလေးပါ။ မိန်းမ နဲ့ ကလေးတွေ ရှိပါတယ်။ အလုပ်အကိုင်က “ထန်းလုပ်သား” ပါ။ “ထန်းလုပ်သား” ဆိုတာ ထန်းပင်တွေတက်တယ်၊ ထန်းနို့ လှီးတယ် ၊ ထန်းရေ ခံတယ်၊ ထန်းလျက် ချက်တယ် . . စတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်သူ ဖြစ်ပါတယ်။

တစ်နေ့မှာ သူဟာ ထန်းပင်ပေါ်မှာ “ထန်းနို့” လှီးရင်းနဲ့ သူ့လက်ကောက်ဝတ်ကို ထန်းလှီးဒါးနဲ့ ချော်ပြီး လှီးမိသားပါတယ်။ “ထန်းလှီးဒါး” ဆိုတာ မြင်ဘူးကြမလား မသိဘူး။ အလွန် အသွားထက်တဲ့ ဒါးပါ။ အဲဒီမှာ တစ်ခါတည်း သူ့ရဲ့ လက်ကောက်ဝတ် “သွေးလွှတ်ကြောမကြီး” ပြတ်ထွက်သွားပြီး သွေးတွေ “ထောင်ပန်း”လာပါတယ်။ သူလည်း ကြောက်အားလန့်အားနဲ့ ထန်းပင်ပေါ် ကနေ အမြန် ဆင်းလာပါတယ်။ ထန်းပင်အောက် ရောက်တော့ သူ သတိမေ့သွားပါတယ်။

ဒါပေမယ့် ချက်ချင်းလို သတိပြန်ရလာပြီး သူ, ကြောက်အားလန့်အားနဲ့ လျှောက်ပြေး နေပါတယ် တဲ့။ သူ့ကိုယ်သူ ဘာဖြစ် သွားမှန်း သူမသိပါဘူး။ သူ သတိထားမိတာတစ်ခုက အဲဒီလို လျှောက်ပြေးနေတဲ့ အချိန်မှာ သူ့ကိုယ့်ခန္ဓာဟာ အလွန်ပေါ့ပါး နေတာ ကိုပါဘဲ။ ဒီတော့မှ သူ သေဆုံးပြီး တစ္ဆေဘဝကို ရောက်သွားတာကို သိလိုက်ပါတယ်။ တစ္ဆေဘဝမှာ သူ (၂)လ လောက်ဘဲ နေခဲ့ရပါတယ်။ (တစ္ဆေဘဝမှာ နေရခိုက် အလွန်ဆန်းကြယ်လှတဲ့ သူ့ရဲ့ တမလွန်ဘ၀ အတွေ့အကြုံတွေကို “တစ္ဆေ” လို့ အမည်ပေးထားတဲ့ နောက်ဆောင်းပါးတစ်ခုမှာ အသေးစိတ်ရေးပါဦးမယ်)

နောက် (၂)လလောက် ကြာတော့ သူ အိမ်ကို လွမ်းလာပါတယ်။ သားသမီးတွေ နဲ့ ဇနီးကို သတိရလာပါတယ်။ ဒါနဲ့ သူ့အိမ်ကို ပြန်လာပါတယ်။ အိမ်ရှေ့မှာ သူ့အမေ တံမျက်စည်းလှဲနေတာကိုတွေ့ပါတယ်။ သူ့ကိုတွေ့တော့ “မင်း အခုမှ ပြန်လာရသလား” လို့ မေးပြီး ပြုံးပြုံးကြီး ကြည့်နေပါတယ်တဲ့။ သူက “အမေ . . ကျွန်တော် အမေ့ဆီမှာ လာနေချင်လို့ လာပြောတာပါ . . နေလို့ ရမလား” လို့ မေးတော့ သူ့အမေက “ဟဲ့ – ငါက သွေးဆုံးနေပြီဟဲ့ . . နင့်အမ, ဆီကို သွားပြောပါလား” လို့ ပြန်ပြောတာနဲ့ သူလည်း သူ့အစ်မဆီကို သွားပြီး “အစ်မရေ . . ငါ နင်တို့အိမ်ကို လာနေချင်တယ်” လို့ ပြောလိုက်တော့ အစ်မလုပ်တဲ့သူက ဝမ်းသာအားရနဲ့ “နင် လာနေချင်ရင် နေလေ” လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူလည်း အစ်မထံထံမှာ ဝင်စားလိုက်ပြီး လူ့ဘဝကို ပြန်ရောက်လာပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက “သူ့အမေ နဲ့ အစ်မ” ကို သွားပြောလိုက်တာဟာ အိပ်မက်ထဲမှာ မဟုတ်ပါဘူး တဲ့။ ဒီလိုဘဲ နေ့ခင်းအချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြောလိုက်တာမျိုးပါဘဲ တဲ့။ လူ လူချင်း အပြင်ဘက်မှာ တွေ့ကြ သလိုပါဘဲ တဲ့။ ဒါပေမယ့် သူ့အမေ နဲ့ သူ့အစ်မက (သူ ဝင်စားပြီး ကြီးလာတဲ့အခါ ပြန်ပြောပုံအရ) အိပ်မက်ထဲမှာ လာပြောတာ ပါတဲ့။ သူက အမေ နဲ့ အစ်မကို ဒီအတိုင်း သွားပြောလိုက်တယ်။ အမေ နဲ့ အစ်မက ဒါကို အိပ်မက်အဖြစ် မက်တယ်။ ဒီနေရာမှာ ကွဲလွဲချက်တစ်ခု ဖြစ်နေပြီး ဒီကွဲလွဲချက်ဟာ အတော် စိတ်ဝင်စားစရာပါ။

သူပြောပုံအရဆိုရင် ဝိဉာဉ်လောကထဲက သူတွေဟာ လူသားတွေနဲ့ မျက်နှာချင်းဆိုင် တွေ့နိုင်ပြောနိုင်ပြီး အိပ်မက်တွေဘာတွေ ပေးစရာမလိုဘူး . . လူသားတွေကတော့ ဝိဉာဉ်လောကထဲက လူတွေကို အိပ်မက်ထဲမှာသာ တွေ့ခွင့်ရတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေတယ်။ “အိပ်မက်” ဟာ လူသားတွေ နဲ့ ဝိဉာဉ်လောကသားတွေရဲ့ တွေ့ဆုံပေါင်းကူးရာ နေရာတစ်ခုလို့ ယူဆရမလို ဖြစ်နေ ပါတယ်။ ဒါကြောင့် အိပ်မက် မက်တယ်ဆိုတာ လူသားတွေ ဝိဉာဉ်လောကထဲကို ရောက်သွားတာဖြစ်တယ်လို့ ယူဆချင်စရာပါဘဲ။

ဒီ လူဝင်စား မိန်းကလေးဖြစ်သူကို ကျွန်တော် နဲ့ သူငယ်ချင်းဖြစ်သူဟာ ဒီကိစ္စကို အကြိမ်ကြိမ် အထပ်ထပ် မေးမြန်းစစ်ဆေး ကြည့်ရာမှာ ကွဲလွဲချက် လုံးဝမရှိတာကြောင့် အမှန်အတိုင်း ပြောတာလို့ ယူဆရမှာဖြစ်ပါတယ်။  (စိတ်ပညာ စမ်းသပ်စစ်ဆေးမှုများ အရ လူတစ်ယောက်ဟာ လိမ်ပြောတဲ့ အကြောင်းအရာတစ်ခုကို အထပ်ထပ် မေးမြန်းကြည့်ရင် တစ်ကြိမ်နဲ့ တစ်ကြိမ် ကွဲလွဲချက် တွေ ဖြစ်လာပါတယ် တဲ့။ အမှန်အတိုင်းပြောတာဆိုရင် အကြိမ်ပေါင်းများစွာ စစ်ဆေးမေးမြန်းသော်လည်း ကွဲလွဲချက် မရှိတတ်ဘူး လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ လူဝင်စားမိန်းကလေးပြောပြတဲ့ အတိတ်ဘဝအကြောင်းကို အကြိမ် (၂၀)ထက် မနည်း မေးမြန်းစစ်ဆေး ထားခြင်း ဖြစ်ပါတယ်)

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်ကလေးတစ်အုပ် ရှိပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ဘာသာပြန်တဲ့ “နှစ်လောက စစ်ပွဲ” ဆိုတဲ့ စာအုပ်ကလေးပါ။ တချို့လည်း ဖတ်ဖူးကြပါလိမ့်မယ်။ ဒီစာအုပ်လေးဟာ “ဒုတိယကမ္ဘာစစ်ကြီး” ကို နောက်ခံထားပြီး ရေးထားတဲ့ စာအုပ်ကလေးပါ။ အကြေင်းအရာ အကျဉ်းချုပ်ကတော့ “ဗြိတိသျှ ထိပ်တန်း စစ်အရာရှိကြီးများ” ရဲ့ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ စစ်ဆင်ရေးတွေဟာ ရန်သူ “ဂျာမဏီ” ဘက်က ကြိုကြိုသိနေပြီး စစ်ဆင်ရေးတွေ ပျက်ပြားအောင်၊ ဆုံးရှုံးအောင် လုပ်နေတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။ အစကတော့ အတွင်းလူ “သူလျှို” ရှိနေပြီလို့ ထင်ကြတယ်။ ဒါပေမယ့် အားလုံးကလည်း တကယ့် ထိပ်သီးခေါင်းဆောင်တွေဖြစ်နေတယ်။ သေသေချာချာ ထောက်လှမ်းကြည့်တောလည်း “သူလျှို” လို့ သံသယဖြစ်ဖွယ် တစ်ယောက်မှ မရှိဘူး။

နောက်တော့မှ “စိတ္တဗေဒပညာရှင်တွေ” ရဲ့ ဖော်ထုတ်မှုကြောင့် ရန်သူ “ဂျာမဏီ”ဟာ “အိပ်မက်” ကနေတဆင့် “ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီးများ” ရဲ့ စစ်ဆင်ရေးတွေကို ကြိုသိ နေတာ ဆိုတာသိလာရတယ်။ “နာဇီဂျာမဏီ” တို့ဟာ “မှော်ပညာ” တတ်တဲ့ ပညာရှင်တစ်ဦးကို လက်သပ်မွေးထားတယ်။ သူနဲ့ သူ့တပည့်တွေကနေ “ဗြိတိသျှ စစ်အရာရှိကြီးတွေ” ရဲ့ အိပ်မက်ထဲကို ဝင်ပြီး လျှို့ဝှက် စစ်ဆင်ရေးတွေကို ဖော်ထုတ်တာကိုး။

ဒါကြောင့် ဗြိတိသျှဖက်က စိတ္တဗေဒပညာရှင်တွေ ပူးပေါင်းပြီး အိပ်မက်ထဲကနေ “နာမ်လောက”သားချင်း စစ်ထိုးကြတော့တယ်။ မျက်မြင် လောကကြီးထဲမှာ “မဟာမိတ်” တွေနဲ့ “ဂျာမဏီ” အပြင်းအထန် စစ်တိုက်နေကြသလို “အိပ်မက်လောက”မှာလည်း နာမ်လောကသားချင်း အပြင်းအထန် စစ်ပွဲကြီး ဆင်နွဲကြပါတယ်။ အစပိုင်းမှာ “မဟာမိတ်တွေ”ဘက်က အရေးနိမ့်နေပေမယ့် နောက်ဆုံးတော့ “တရားမှု နဲ့ မတရားမှု” မှာ တရားမှုက အနိုင်ရမြဲ ဆိုတဲ့အတိုင်း အိပ်မက်လောကမှာ မဟာမိတ်တွေ ဘက်က အနိုင်ရသွားပါတယ်။ ဒါကြောင့် “ဒုတိယ ကမ္ဘာစစ်ပွဲကြီး” ဟာ “နာဇီ ဂျာမဏီ” အရေးနိမ့်သွားပြီး ပြီးဆုံးသွားရပါတော့တယ်။ စိတ်ကူးယဉ် ဝတ္တုလေးဖြစ်ပေမယ့် “အိပ်မက်” နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ စာအုပ်ကလေး တစ်အုပ်ဖြစ်ပါတယ်။ (စာအုပ်က ဖတ်ခဲ့တာ သိပ်ကြာခဲ့ပြီမို့ ဇာတ်လမ်း ပင်မကျောရိုးလောက်သာ မှတ်မိတော့ပြီး အသေးစိတ်မမှတ်မိတာကို ခွင့်လွှတ်ပါ)

ခုပြောပြခဲ့တဲ့ အကြောင်းအရာတွေဟာ “အိပ်မက်သည် နာမ်လောက နှင့် ဆက်သွယ်ရာနေရာဖြစ်နိုင်သည်” ဆိုတဲ့ ယူဆချက် ကလေးကို (ဖြစ်နိုင်တယ်ဆိုတဲ့ဘက်က) ဆွေးနွေးကြည့်တာသာ ဖြစ်ပါတယ်။ တိကျ ခိုင်လုံသော သက်သေပြချက်တော့ မဟုတ် သေးပါဘူး။

ဒါပေမယ့် “အိပ်မက်ဟာ နာမ်လောကရဲ့ ပြူတင်းပေါက်” ဆိုတဲ့ အဓိပ္ပါယ်ထက် ကျယ်ဝန်း နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ရှိသေးတယ် လို့ ကျွန်တော် ယူဆပါတယ်။ အိပ်မက်တွေဟာ “လူ့ဘဝရဲ့ ရှေ့ပြေးနိမိတ်” တွေလည်း ဖြစ်နိုင်သလို၊ “လမ်းညွှန်ချက်တွေ” လည်း ဖြစ်နိုင်ပါတယ်။ အန္တရာယ် တစ်ခုခု ကျရောက်မှာကို ကြိုတင်သတိပေးတာလည်း ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ (သို့) ဝမ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေတစ်ခုကို သတင်းပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ Message တွေဖြစ်နိုင်သလို အရေးမကြီးလှတဲ့ Message လည်း ဖြစ်နိုင်ပါတယ်။ အိပ်မက်တိုင်း အရေးကြီးတယ်လို့တော့ မယူဆ စေချင်ပါဘူး။

အိပ်မက်ဟာ “အနာဂါတ်ကိစ္စ တစ်ခုတည်း” လို့လည်း ကန့်သတ်လို့ မရပြန်ပါဘူး။ အချို့ အိပ်မက်များဟာ အတိတ်ဘဝများက တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်များကို ပြန်လည် သတိရလာအောင် စေ့ဆော်ပေးတဲ့ အိပ်မက်များလည်း ဖြစ်နေတတ်ပါတယ်။ လူတိုင်းတော့ ကြုံဘူးချင်မှ ကြုံဘူးလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ပြီးခဲ့တဲ့ အတိတ်ဘ၀ (၃)ဘဝလောက်ကို အိပ်မက်ကနေ ပြန်ရောက် သွားတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ  “လူအတော်များများအဖို့” ယုံကြည်နိုင်ဖို့ ခက်ခဲလွန်းတာကြောင့် ဒီနေရာမှာ ရေးပြဖို့ သိပ် မသင့်တော်လှဘူးလို့ ထင်မိပါတယ်။ သက်ဆိုင်တဲ့ ကာယကံရှင် များလည်း ကျွန်တော့်ရဲ့ အွန်လိုင်းစာမျက်နှာပေါ်က ပရိတ်သတ်တချို့ ဖြစ်နေလို့ပါ။ သူတို့ဆီက ခွင့်ပြုချက် ယူရပါဦးမယ်။

အိပ်မက်တိုင်းဟာ အကျိုးသက်ရောက်မှု ရှိပါမယ်လို့တော့ ပြောလို့ မရပါဘူး။ ထူးထူးခြားခြား မက်သည့်တိုင်အောင် ဘာမှ ဖြစ်မလာတဲ့ အိပ်မက်တွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒါကို ကောက်ယူပြီး အိပ်မက်ဟာ အဓိပ္ပါယ် လုံးဝမရှိပါဘူးလို့တော့ မပြောနိုင်ပါဘူး။ အိပ်မက်တော်တော်များများဟာ “အမြီးအမောက်မတည့်” ကပေါက်တိ ကပေါက်ချာ မက်တတ်ပေမယ့် ဒီလို ကပေါက်တိ ကပေါက်ချာ မက်တာကိုက အိပ်မက်ရဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေနိုင်ပါသေးတယ်။ ဒီလို အမြီးအမောက် မတည့်တဲ့ အထဲကနေ အမြီးအမောက်တည့်အောင်/အစီအစဉ်ကျအောင် စဉ်းစားယူရတဲ့ ပဟေဠိတစ်ပုဒ်လို ကိစ္စမျိုးလည်း ဖြစ်နိုင်ပါတယ်။

အိပ်မက်ဟာ အနာဂါတ် ရှေ့ပြေးနိမိတ်ဖြစ်တယ် ဆိုတာကို ဗုဒ္ဓဘုရားရှင်သော်မှ လက်ခံခဲ့တဲ့ သက်သေသာဓကတွေ ဗုဒ္ဓကျမ်းစာ တွေမှာ တွေ့မြင်နိုင်ပါတယ်။ “ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး” ရေးသားပြုစုတဲ့ “ဇိနတ္ထ ပကာသနီကျမ်း” ကြီးမှာ ဒီလို ရေးသားထားပါတယ်။

“ဇိနတ္ထ ပကာသနီကျမ်း” – စာမျက်နှာ (၄၉) ၊ အပိုဒ် (၃) . . . “ထို့နောက်မှ ကိုယ်တော်တစ်ယောက်တည်း ကျင့်တော်မူ၍ လူတို့ သက္ကရာဇ် ၁၀၃ ခု ၊ ကဆုန် လဆန်း ၁၄ ရက် အင်္ဂါနေ့ညဉ့်တွင် အိပ်မက်ကြီး ငါးအင်ကို မြင်တော်မူ၏။

အိပ်မက်ကြီး ငါးပါး

၁။ မြေအပြင်ကို အိပ်ရာပြု၍ ယူဇနာ ငါးရာရှိသော ဟိမဝန္တာတောင်ကို ခေါင်းအုံးလျက်၊ အရှေ့အနောက် သမုဒ္ဒရာအပြင် ထက် လက်တော်ကို ထားပြီးသော်၊ ခြေတော်အစုံကို တောင်သမုဒ္ဒရာ၌ ထားလျက် စက်တော်မူရသည်ဟု မြင်မက်သည်လည်း တစ်ပါး။

၂။ ဝင်ရိုးပမာ သန္တာနီ အဆင်းရှိသော “တိရိယ” မည်သော မြက်သည် ချက်တော်မှ ဖောက်၍ ဘဝဂ်သို့ ရောက်အောင် တက်သည်ဟု မြင်မက်သည်လည်း တစ်ပါး။

၃။ အဆင်းဖြူသော ပိုးမျိုးသည် ခြေတော်မှ ပုဆစ်တိုင်အောင် လွှမ်း၍ တက်သည်ဟု မြင်မက်သည်လည်း တစ်ပါး။

၄။ အထူးထူး အဆင်းရှိသော ငှက်အပေါင်းတို့သည် လေးမျက်နှာမှ လာကုန်၍ ခြေတော်ရင်းမှာ နေကုန်သော် အလုံးစုံ အဖြူ ချည်းသာဖြစ်သည်ဟု မြင်မက်သည်လည်း တစ်ပါး။

၅။ ကြီးစွာသော မစင်တောင်ထက်သို့ တက်၍ စင်္ကြံသွားသော်လည်း မစင်လိမ်းကပ်ခြင်း မရှိဟု မြင်မက်သည်လည်း တစ်ပါး။

ဤ ငါးပါးသော အိပ်မက်ကို မြင်တော်မူ၍ ဆင်ခြင်တော်မူလျှင် “ငါသည် ယနေ့စင်စစ် ဘုရားဖြစ်အံ့သည်” ဟု ကြံရည် ဆုံးဖြတ်၍ မိုးသောက်ယံ၌ ဆွမ်းခံသွားသော အချိန်ကို ငံ့လင့်တော်မူလျက် နံနက်စောစောကလျှင် လာတော်မူ၍ “သေနနိဂုံး” ၏ အနီး ကြီးစွာသော ညောင်ပင်ရင်း၌ ထွန်းလင်းသော ကိုယ်ရောင်ကို ဖြစ်စေလျက် နေတော်မူလင့်၏” . . . လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားတဲ့ “မဟာလူသားဗုဒ္ဓ” အလောင်းအလျာသော်မှ “အိပ်မက်” ကို မစွန့်ခဲ့တဲ့ ထင်ရှား တဲ့ ဥပမာ တစ်ခုပါ။

ရဟန္တာ အရှင်မြတ်ကြီးတစ်ပါး ဖြစ်တဲ့ “ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး” ခန္ဓာဝန်ချဖို့ ရက်အနည်းငယ် လောက် အလိုမှာ ဆရာတော်ကြီးကို သမီးရင်းချာပမာ ပြုစုနေတဲ့ “ဒေါ်တင်လှ” ကို ဆရာတော်ကြီးက ယခုလို မိန့်တော်မူပါတယ်။

“ဟဲ့ တင်လှ ၊ နင် အခုရက်ပိုင်း အိပ်မက်ထူးထူးဆန်းဆန်းတွေ မမက်ဘူးလား” လို့ မေးပါတယ်။

ဒေါ်တင်လှက “မှန်လှပါ၊ ညက အိပ်မက်ထူးထူးဆန်းဆန်း မက်ပါတယ်ဘုရား၊ အရှင်ဘုရားက စေတီတစ်ဆူရှေ့မှာ တရားထိုင် နေစဉ် စေတီတော်ဟာ မီးခိုးတွေ အူလာပြီး ဖောင်းရစ်ကနေ တအိအိပြိုဆင်းလာကာ ဆရာတော်ဘုရားအပေါ် ပိကျလာသော်လည်း ဆရာတော်က မည်သို့မှ မဖြစ်ဘဲ တရားထိုင်မြဲ/ထိုင်လျှက် ရှိနေတာကို မက်ပါတယ် ဘုရား” လို့ လျှောက်ပါတယ်။

ဆရာတော်ကြီးက “ဟဲ့ တင်လှ ၊ နင့် အိပ်မက်က “စင်း” လှချည်လား” လို့ ပြန်ပြီး မိန့်တော်မူပါတယ် တဲ့။ ဒေါ်တင်လှကတော့ ဒီအိပ်မက်ရဲ့ အဓိပ္ပါယ်ကို မသိခဲ့ပါဘူး။ နောက်ရက်အနည်းငယ်ခန့်မှာ မိုးကုတ်ဆရာတော်ကြီးဟာ  ကျန်းကျန်းမာမာရှိနေရာက မမျှော်လင့်ဘဲ ရုတ်တရက် ခန္ဓာဝန် ချသွားတော် မူပါတယ်။

နောက်ထပ် ရဟန္တာအရှင်မြတ်ကြီး တစ်ပါးဖြစ်တဲ့ “စွန်းလွန်းဆရာတော်ကြီး” ကလည်း အိပ်မက်နဲ့ ပတ်သက်ပြီး မိန့်ကြား ဘူးပါတယ်။ ဆရာတော်ကြီးဟာ “မဂ် (၃)တန်ကို ရရှိပြီး” ဆက်လက် အားထုတ်နေချိန် တစ်ညမှာ အိပ်မက်တစ်ခု မြင်မက် ပါတယ်။ အိပ်မက်ထဲမှာ ဆရာတော်ကြီးဟာ လူ့ဘ၀ ပုံစံနဲ့ ခိုင်းနွားတစ်ကောင်နောက်ကို လိုက်ပြီး ဖမ်းတာမှာ နွားရဲ့ “အမြီး” ကိုသာ ဖမ်းမိပြီး ဆောင့်ဆွဲလိုက်တာ နွားမြီးဟာ အရင်းကနေ ပြုတ်ထွက်လာပြီး လက်ထဲမှာ ကျန်နေခဲ့တယ်လို့ မြင်မက်ပါတယ်။ (ဒီ နေရာမှာ အိပ်မက်တွေရဲ့ “အမြီးအမောက် မတည့်ပုံ” လေး ပါဝင်နေပါတယ်။ မဂ် (၃)တန်ရပြီးသား ရဟန်းအရှင်မြတ်ကြီးဟာ အိပ်မက်ထဲမှာ “လူအဝတ်အစားနဲ့ နွားလိုက်ဖမ်းနေတာဟာ” အလွန့်ကို ကိုရိုးကားရားနိုင်လှတဲ့ အိပ်မက်တစ်ခုပါ)

ဒါပေမယ့် ဆရာတော်ကြီးကတော့ ဒီလို အဓိပ္ပါယ်ကောက်လိုက်ပါတယ်။ ဒီတစ်ခါတော့ “ကိလေသာမှန်သမျှ အရင်းအမြစ်ပါ မကျန်အောင် ပြုတ်ထွက်တော့မယ့် နိမိတ်ဘဲ” လို့ ကောက်ယူပြီး ပြင်းပြင်းထန်ထန် အားထုတ်လိုက်တာ တစ်ခါတည်း မဂ်(၄)တန် ဖိုလ်(၄)တန် နဲ့ အရဟတ္တဖိုလ်ကို ဆိုက်ရောက်သွားပါတော့တယ်။

ဒါတွေဟာ ဗုဒ္ဓဘုရားရှင် အပါအဝင် ၊ ရဟန္တာပုဂ္ဂိုလ်ထူးကြီးများပါ အိပ်မက်ကို မစွန့်ခဲ့ကြတဲ့ သာဓကလေးတွေပါ။ “အိပ်မက်” အခန်းဆက် ပို့စ်များကို အပိုင်း (၅)ပိုင်း (၆)ပိုင်းလောက်အထိ တင်ဆက်ဖို့ရှိလို့ ယနေ့အတွက် ဒီမျှလောက်နဲ့ ရပ်နားပါဦးမယ်။ ဆက်လက် ရေးသားသွားပါမယ်။

စိတ်ဝင်စားစွာ ဖတ်ရှုပေးကြသော စာဖတ်ပရိတ်သတ်ကြီးအား ကျေးဇူးအထူးတင်လျှက်ပါ။ ကျန်းမာ ချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)

မှတ်ချက်။ ။ မိမိတို့၌ ထူးဆန်းသော အိပ်မက်များ နှင့် လက်တွေ့တိုက်ဆိုင်မှု အတွေ့အကြုံများ ရှိလျှင် (ဗဟုသုတအလို့ငှာ) ကွန်းမန့်ထဲတွင် ဝင်ရောက် ရေးသား ပေးကြပါရန် ချစ်ခင်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။

You May Also Like
Read More

နာမည်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဒီစာအုပ်ကလေးကို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ ရိုက်နှိပ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ မှည့်ခေါ်တတ်တဲ့ နာမည်တွေ နဲ့ ဘဝအကျိုးပေးကို လက်တွေ့ လေ့လာ သုတေသနပြုပြီး ရေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အရောင်းသွက် စာအုပ်…
Read More

အိပ်မက် . . (၁)

မိတ်ဆွေ ၊ “အိပ်မက်” ဆိုတာကို ဘယ်လို နားလည်ပါသလဲ ? ဘယ်လို ထင်မြင်ယူဆပါသလဲ ? ၊  ယနေ့ ဒီဘာသာရပ် ကလေးကို ကျွန်တော်တို့ ဆွေးနွေး ကြည့်ကြရအောင်။ တစ်နေ့တာ…