အိပ်မက် . . (၁)

မိတ်ဆွေ ၊ “အိပ်မက်” ဆိုတာကို ဘယ်လို နားလည်ပါသလဲ ? ဘယ်လို ထင်မြင်ယူဆပါသလဲ ? ၊  ယနေ့ ဒီဘာသာရပ် ကလေးကို ကျွန်တော်တို့ ဆွေးနွေး ကြည့်ကြရအောင်။

တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေ ပြီးဆုံးတဲ့ အခါ လူတွေဟာ “အနားယူဖို့” အိပ်စက်ကြရပါတယ်။ ဒါဟာ တမင်တကာ လုပ်ယူစရာမလိုတဲ့ “သဘာဝဖြစ်စဉ်” တစ်ခုပါ။ သဘာ၀ တရားကြီးဟာ “နေ့” နဲ့ “ည” ဆိုပြီး ဖန်တီးပေးထားပြီး နေ့ဘက်မှာ ဝမ်းစာရှာဖို့ ၊ ညဖက်မှာ အနားယူဖို့ ဖန်တီးပေးထားပါတယ်။ နေ့ဘက်မှာ အိပ်စက်ပြီး ညဘက်မှာ ဝမ်းစာရှာတဲ့ သတ္တဝါ အနည်းငယ် လည်း ရှိပါတယ်။ ဒါပေမယ့် “လူသား” အပါအဝင် သတ္တဝါ အတော်များများကတော့ “ည” ဆိုတာ အိပ်စက် အနားယူ ဖို့ပါ။

ဒီနေရာမှာ ညဖက်ကိုရောက်ရင် လူကသာ အိပ်စက်ခြင်းနဲ့ အနားယူလိုက်ပေမယ့် “စိတ်” ကတော့ အနားမယူပါဘူး။ အိပ်စက်နေခြင်းမှာ “အိပ်မက်” ဆိုတဲ့ ဖြစ်စဉ်တစ်ခုနဲ့ “စိတ်” ဟာ ဆက်ပြီး အလုပ်လုပ်ပါတယ်။ “ဗုဒ္ဓဒဿန” မှာတော့ ဒီ စိတ်ကို “ဘဝင်စိတ်” လို့ ခေါ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ ဖြစ်တဲ့ စိတ်ပါ။

“အိပ်မက်”ဟာ လူသားတိုင်းနဲ့ မကင်းနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့် ယနေ့အချိန်အထိ “အိပ်မက်” အကြောင်းကို ဘယ်ပညာရှင်၊ ဘယ်ဘာသာရပ်ကမှ “ဘာလဲဆိုတာ” ကို အတိအကျ မပြောနိုင်ကြသေးပါဘူး။ ယနေ့အချိန်အထိ လေ့လာဆဲ ၊ စူးစမ်းဆဲ ကိစ္စတစ်ခု ဖြစ်နေပါသေးတယ်။ အဖြေရှာလို့ မရတဲ့ ပဟေဠိတစ်ပုဒ်လို ဖြစ်နေပါသေးတယ်။

ယနေ့ခေတ် ဆေးသိပ္ပံပညာရပ်တစ်ခုဖြစ်တဲ့ “ဇီဝကမ္မဗေဒပညာ” ကတော့ “အိပ်မက်” ကို အာရုံကြောဆိုင်ရာ တုန့်ပြန်မှု တစ်ခုအဖြစ် ယူဆပါတယ်။ လူတစ်ယောက် အိပ်ပျော်နေစဉ်မှာ ဦးနှောက်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ “သံလိုက်လှိုင်း” တွေကို လေ့လာကြည့်ကြပါတယ်။ သူတို့ ပြောနိုင်တာ တစ်ခုက လူတစ်ယောက်ဟာ အိပ်ပျော်နေစဉ် မှာလည်း ဦးနှောက်ဟာ အလုပ်လုပ်လျှက် ရှိတယ် ဆိုတာပါဘဲ။  ဦးနှောက်လှိုင်းတွေရဲ့ လှုပ်ရှားမှုတွေဟာ နိမ့်မြင့် တက်ကျ ဖြစ်နေတာကို ကြည့်ခြင်းဖြင့် လူတစ်ယောက်ရဲ့ စိတ်ဟာ အိပ်ပျော်နေစဉ်မှာလည်း (တသမတ်တည်းမဟုတ်ဘဲ) ခံစားမှုတွေနဲ့ အလုပ်လုပ် နေကြောင်းကို တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီထက်တော့ ပိုမပြောနိုင်ကြပါဘူး။

“စိတ္တဗေဒပညာ”ရပ် မှာတော့ အိပ်ပျော်နေစဉ် ဖြစ်တဲ့ “စိတ်” ကို Subconscious mind (မသိစိတ်) လို့ အမည်တပ်ကြပါတယ်။ “မသိစိတ်” ဟာ နိုးကြားနေချိန်မှာ ဖြစ်ပေါ်နေတဲ့ “သိစိတ်” Conscious mind ထက် အဆပေါင်းများစွာ အင်အားကြီးမားတဲ့ စိတ်လို့ ယူဆကြပါတယ်။ လူသားတွေဟာ “မသိစိတ်” ကိုသာ ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရင် “လောကမှာ မဖြစ်နိုင်တာ မရှိ” ဆိုလောက်အောင် အင်အားကြီးမားလှပါတယ် တဲ့။

စိတ္တဗေဒ ပညာရှင်တွေဟာ လူတစ်ယောက်ကို “အိပ်မွေ့ချ” ပြီး ဆန်းကြယ်တဲ့ ကိစ္စတွေကို သက်သေပြခဲ့ပါတယ်။ ဒီအထဲမှာ သာမန် “အသိစိတ်” နဲ့ မ,မ နိုင်တဲ့ ဝန်ထုပ်တစ်ခုကို အိပ်မွေ့ချထားတဲ့ “မသိစိတ်” နဲ့ မ,ပြတာတို့၊ လေထဲမှာ အိပ်စက်ပြတာတို့၊ အနာဂါတ်ကို သွားပြီး ဘာတွေ ဖြစ်မယ်ဆိုတာ သွားကြည့် ခိုင်းတာတို့ စတဲ့ အလွန်အံ့သြဖွယ် ကောင်းတဲ့ ကိစ္စရပ်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့လည်း “အိပ်မက်” ရဲ့ အကြောင်းကို ဒီထက်ပိုပြီး မပြောနိုင် ကြပြန်ပါဘူး။

“စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ” အထူးပြုလေ့လာနေတဲ့ “လောကီပညာရှင်များ” ရဲ့ အလိုအရတော့ “အိပ်မက်” တွေဟာ Message of Gods လို့ အဓိပ္ပါယ် ဖွင့်ကြ ပြန်ပါတယ်။ ဒီနေရာမှာ Gods ဆိုတာ “ဘုရားသခင်” ဆိုတဲ့ အဓိပ္ပါယ်မျှလောက်သာ မဟုတ်ဘဲ “နတ်ဘုရားများ” “ကောင်းကင် ဒေဝတာများ” “ဝိဉာဉ်လောက မှ ပုဂ္ဂိုလ်ထူးများ” ကိုပါ ရည်ညွှန်းခြင်း ဖြစ်ပါတယ်။

“စိတ်ဝိဉာဉ်အကြောင်း” လေ့လာနေတဲ့ ပညာရှင်များကတော့ . . . “အိပ်မက်” တွေဟာ “နတ်ဒေဝတာ၊ နာမ်လောက ပုဂ္ဂိုလ်ထူး” များရဲ့ “သတင်းပေးပို့ချက်” များဖြစ်တယ် . . . ဒါတွေဟာ လျှစ်လျှူရှုရမယ့် ကိစ္စတွေ မဟုတ်ဘူး . . .  “အိပ်မက်” တွေဟာ လူ့ဘဝရဲ့ လမ်းညွှန်ချက်တွေဘဲ” ဖြစ်တယ် . . . ဒါတွေကို စနစ်တကျ အဓိပ္ပါယ်ကောက်ယူပြီး လူ့ဘဝရဲ့ လမ်းညွှန်ချက်အဖြစ် ကောက်ယူကျင့်သုံးရမယ် . . . လို့ ယူဆကြပါတယ်။

ဒါပေမယ့် သူတို့လည်း “ဘယ်အိပ်မက်ဟာ၊ ဘယ်လို လမ်းညွှန်ချက်ဖြစ်တယ်” ဆိုတာကို တိတိကျကျ အဓိပ္ပါယ် မဖေါ်နိုင်ကြပြန်ပါဘူး။ အိပ်မက်ရဲ့ အဓိပ္ပါယ် ဖော်ချက်တွေဟာ ပညာရှင် တစ်ယောက် နဲ့ တစ်ယောက် ကွဲလွဲမှုတွေ ရှိနေသလို “ပြည့်စုံတိကျမှု” လည်း ယနေ့တိုင် မရှိကြ သေးပါဘူး။

Symbology လို့ခေါ်တဲ့ “သင်္ကေတဗေဒ” ပညာရပ်မှာတော့ “အိပ်မက်” ကို Language of Soul လို့ ဖွင့်ဆိုပါတယ်။ “ဝိဉာဉ်၏ ဘာသာစကား” လို့ ပြန်ဆိုရမယ် ထင်ပါတယ်။ Symbology ပညာရှင်တွေရဲ့ ယူဆချက်အရ “အိပ်မက်” ကို “ဘာသာစကား” တစ်ခုအဖြစ် ယူဆထားတာဟာလည်း စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သူရယ်လို့ကလည်း မရှိပြန်ပါဘူး။

ကျွန်တော်တို့ မြန်မာလူမျိုး အပါအဝင် “အရှေ့တိုင်းသား” အတော်များများဟာ “အိပ်မက်” ကို အနာဂါတ်ရဲ့ ရှေ့ပြေးနိမိတ်လို့ ယူဆကြပါတယ်။ Signs of Future ပေါ့။ ဒါကြောင့် ညက အိပ်မက် ထူးထူးဆန်းဆန်းမက်ရင် ဘာဖြစ်မယ် ဆိုတာ နိမိတ်ကောက်ကြပါတယ်။

မနှစ်မြို့ဖွယ် “အနိဌာရုံ” အိပ်မက်ကို မက်ရင် နောက်နေ့ တစ်နေ့လုံး စိတ်မကြည်မသာ ဖြစ်နေကြရပါတော့တယ်။ ပျော်ရွှင်စရာ ကောင်းတဲ့ အိပ်မက်မျိုးကို မက်ရင်တော့ တစ်နေ့လုံး လန်းဆန်းပျော်ရွှင်နေကြပါတော့တယ်။ ဒီအချိန်မှာ ပျော်ရွှင်စရာ ကောင်းတဲ့ ကိစ္စတစ်ခု ကြုံတွေ့လာတာနဲ့ “ကဲ – ငါ မပြောလား၊ ညက အိပ်မက်ကောင်း မက်ပါတယ်ဆို” စသည်ဖြင့် ပြောဆိုလေ့ ရှိကြပါတယ်။

ဒါပေမယ့် အိပ်မက်နဲ့ လက်တွေ့အဖြစ်အပျက် “တိုက်ဆိုင်တဲ့အခါ” ရှိသလို၊ “မတိုက်ဆိုင်တဲ့အခါ” များလည်း ရှိတတ်ပါတယ်။

လက်တွေ့ လေ့လာချက်များအရတော့ “အိပ်ပျော်ခါစမှာ မက်တဲ့ အိပ်မက်” နဲ့ “နံနက်လင်းအားကြီး အိပ်ယာနိုးလုလု” မှာ မက်တဲ့ အိပ်မက်တွေဟာ အနာဂါတ် ဖြစ်ရပ်တွေနဲ့ နီးနီးစပ်စပ် မှန်တတ်တာကို တွေ့ရပါတယ်။ အထူးသဖြင့် “နံနက်လင်းအားကြီး မက်တဲ့ အိပ်မက်” ဟာ မှန်တတ်ပါတယ်။ (အားလုံးကိုတော့ မဆိုလို ပါဘူး)

အိပ်မက်ကို လူတစ်ချို့ မယုံကြည်ကြတဲ့ အကြောင်းတစ်ခုကတော့ “အမြီးမမောက် မတည့်ခြင်း” ဖြစ်ပါတယ်။ ကြုံဖူးကြပါလိမ့်မယ်။ အိပ်မက်ထဲမှာ လူတစ်ယောက်ကို စကားပြောနေရင်း ခဏနေတော့ အဲဒီလူမဟုတ်တော့ဘဲ နောက်ထပ် လူတစ်ယောက်ဖြစ်သွားတာမျိုးတွေ . . . လူတွေ အတောင်ပံပေါက်လာပြီး လေထဲမှာ ပျံဝဲနေတာမျိုးတွေ . . . အိပ်မက်ထဲမှာ “ကိုယ်လုံးတီးနဲ့”  အရှက်မရှိ လျှောက်သွားနေတာမျိုးတွေ . . . “လဘ္ဘက်ရည်” ဆိုပြီး သောက်နေရင်း နဲ့ “ဘီယာ” ဖြစ်သွားတာမျိုးတွေ . . . စတိတ်ရှိုးပေါ်မှာ ဘုန်းကြီးတစ်ပါးက သီချင်းတက်ဆိုနေတာမျိုးတွေ . . . စတဲ့ အမြီးအမောက် မတည့်တာတွေ အတော်များများ မက်လာတဲ့အခါ “အိပ်မက်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး” ဆိုပြီး ယူဆ လာတတ်ကြပါတယ်။ အထူးသဖြင့် “ဆောင်းတွင်း အိပ်မက် ၊ ကယောက် ကယက်” ဆိုတဲ့ အတိုင်း ဆောင်းတွင်းမှာ ဒီလို အမြီးအမောက် မတည့်တာတွေ အမက်များတတ်ပါတယ်။

ဒါမေပယ့် အိပ်မက်ဟာ လုံးဝအဓိပ္ပါယ်မရှိပါဘူးလို့ မပြောနိုင်တဲ့ အကြောင်းလေးတွေလည်း လူတိုင်းလူတိုင်းမှာ ရှိနေတတ်ကြပါတယ်။ ဥပမာ- သူငယ်ချင်း တစ်ယောက်နဲ့ စကားတစ်ခုကို ပြောနေရင်း နဲ့ စိတ်ထဲမှာ ငါ ဒီ ကိစ္စ / ဒီအကြောင်းအရာကို ဒီ နေရာလေးမှာ ဒီလိုဘဲ ပြောဘူးပါတယ် . . ဆိုတဲ့ ခံစားချက် မျိုးပေါ့။ အတော်များများ ဖြစ်ဘူးကြမှာပါ။ ဒါဟာ အိပ်မက်ထဲမှာ ဖြစ်ခဲ့တာ မဟုတ်ပေဘူးလား။ ပြန်စဉ်းစားကြည့်ရင် အိပ်မက်ထဲက ဖြစ်ဘူးတယ် ဆိုတာ ပေါ်လာတတ်ပါတယ်။ တချို့ကြပြန်တော့လည်း လူစိမ်းတစ်ယောက်ကို “ပထမဆုံးအကြိမ်” တွေ့ဘူးတာ ဖြစ်ပေမယ့် ဒီလူကို တစ်နေရာရာမှာ မြင်ဘူး/စကားပြောဘူးပါတယ် ဆိုတဲ့ အတွေးမျိုးတွေကော ဖြစ်တတ်ပါတယ်။

ကိုယ်တစ်ခါမှ မရောက်ဘူးတဲ့ နေရာ ဒေသတစ်ခုကို ရောက်သွားပြီး ဒီနေရာ၊ ဒီလမ်းလေးကို ငါရောက်ဘူးပါတယ် ဆိုတဲ့ အတွေ့အကြုံမျိုးလည်း ရှိတတ်ကြပါတယ်။ ဒီလို အဖြစ်အပျက်အတော်များများဟာ “အိပ်မက်” နဲ့ ဆက်စပ် နေတတ်ကြပါတယ်။ တစ်ခါက ကျွန်တော် အိပ်မက်ထဲမှာ “ကရင်ပြည်နယ်” က မြို့လေးတစ်မြို့ကို ရောက်သွားပါတယ်။ အပြင်မှာတော့ ဒီမြို့ကလေး (ရောက်ဘူးဖို့ဝေးလို့) ကရင်ပြည်နယ်ရဲ့ ဘယ်အစိတ်အပိုင်း နားမှာ ရှိမှန်းတောင် မသိပါဘူး။

အိပ်မက်ထဲမှာ အဲဒီမြို့က ခရစ်ယာန်ဘုရားကျောင်းလေးတစ်ခု ကို ရောက်သွားပြီး “ဦးဒင်နီရယ်” လို့ခေါ်တဲ့ “သင်းအုပ်ဆရာ” တစ်ယောက် နဲ့ စကားစမြီ ပြောခဲ့ရတာကို မက်ဘူးပါတယ်။ ဒီ အိပ်မက်ဟာ အတော့်ကို ထင်ထင်ရှားရှားမက်တာ ဖြစ်လေတော့ ဒီအိပ်မက်ကို နှစ်အတော်ကြာသည်အထိ မေ့မသွားဘဲ မှတ်မိနေပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် နောက် (၂)နှစ်လောက်ကြတော့ သူငယ်ချင်းတစ်ယောက်ဟာ အဲဒီမြို့သူ မိန်းကလေး တစ်ယောက်နဲ့ “ညားသွား” ပါတယ်။ ဒါနဲ့ သူက အဲဒီမိန်းကလေးရဲ့ မြို့ကို “ဆွေပြမျိုးပြ” သွားဖို့ ဖြစ်လာတော့ ကျွန်တော်က သူငယ်ချင်းဖြစ်သူကို အဲဒီမြို့မှာ “ခရစ်ယာန်ဘုရားရှိခိုးကျောင်း” ရှိမရှိစုံစမ်းဖို့ နဲ့ “ဦးဒင်နီရယ်” ဆိုတဲ့ “သင်းအုပ်ဆရာ” ကို ရှာဖို့ တောင်းပန်တော့ သူက မယုံတယုံ ဖြစ်နေပါတယ်။ ရှာကြည့်ဖို့တော့ ကတိပေး သွားပါတယ်။ ကျွန်တော်က အိပ်မက်ထဲက အတိုင်း ဘယ်လမ်းက ဘယ်လိုသွားရတယ်ဆိုတာနဲ့ ခရစ်ယာန်ဘုရားကျောင်းရဲ့ ပုံစံကိုပါ ပြောပြလိုက်ပါသေးတယ်။

သူပြန်လာတော့ အလွန်အံ့သြနေပါတယ်။ ကျွန်တော်ပြောတဲ့အတိုင်း အားလုံး ကွက်တိပါ ဘဲတဲ့။ လမ်းအနေထား၊ နေရာအနေအထား ၊ ခရစ်ယာန် ဘုရားကျောင်းပုံစံက အစ အားလုံး ကွက်တိဖြစ် နေပါတယ်။ ဒါပေမယ့် “ဦးဒင်နီရယ်” ဆိုတဲ့ သင်းအုပ်ဆရာကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားပါပြီတဲ့။ ဒါဟာ ကျွန်တော့်ဘဝမှာ အိပ်မက်နဲ့ ပတ်သက်ပြီး ကြုံဘူးတဲ့ အဖြစ်အပျက်တစ်ခုပါ။

အိပ်နေစဉ် အပြင်ဘက်က “အသံတစ်ခု” နဲ့ “အိပ်မက်ထဲက အသံ” တို့ ထပ်တူကွက်တိ ဖြစ်နေတာမျိုးဟာလည်း အံ့သြစရာ တစ်ခုပါ။ ငယ်ငယ်က ဇာတိမြို့ ကလေးမှာ နေစဉ်တုန်းက အိပ်မက်တစ်ခု မက်ပါတယ်။ အိပ်မက်ထဲမှာ ကျွန်တော် “ဒုတိယ ကမ္ဘာစစ်” ကြီးထဲကို ရောက်သွားပါတယ်။ အဲဒီမှာ ဗုံးကြဲ လေယာဉ်ပျံကြီး တစ်စီးပေါ်ကနေ ဗုံးတွေ ကြဲချလိုက်တာကို မြင်ရပါတယ်။ ဗုံးတွေဟာ လေထဲမှာ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး မြေပေါ်ကို ကျတာနဲ့ “အုန်းကနဲ” မည်သံကြီးနဲ ပေါက်ကွဲသွားပြီး ကျွန်တော် အိပ်ယာက လန့်နိုးလာပါတယ်။ အမှတ်တကယ် လန့်နိုးရတဲ့အကြောင်းရင်းက အိမ်ခေါင်မိုး “သွပ်တန်း” ပေါ်ကို အိမ်ဘေးမှာရှိတဲ့ အုန်းပင်က “အုန်းခိုင်အတွဲလိုက်ကြီး” ပြုတ်ကျလာပြီး “အုန်းကနဲ” မည်သွားလို့ပါ။

ဘယ်အချိန်မှာ ပြုတ်ကျမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်တဲ့ “အုန်းသီးတွဲကြီး” နဲ့ “သွပ်မိုး” နဲ့ ထိတဲ့ အချိန်ဟာ အိပ်မက်ထဲက ဗုံးပေါက်ကွဲတဲ့ အချိန်နဲ့ စက္ကန့်မခြား တစ်ထပ်တည်း ဖြစ်နေတာ အတော်အံ့သြမိပါတယ်။ အိပ်မက်ဟာ တစ်ခုခု ဖြစ်မှာကို ကြိုသိတာများလားလို့ တွေးမိပါတယ်။

များသောအားဖြင့် အိပ်မက်တွေဟာ ပြတ်တောင်း၊ ပြတ်တောင်း မက်တတ်ပါတယ်။ တစ်ညတည်းမှာ အဖြစ်အပျက်များစွာ ၊ အစိတ်အပိုင်းများစွာကို မက်တတ်ပါတယ်။ ဒါပေမယ့် တစ်ညလုံးလုံး အိပ်မက်တစ်မျိုးတည်း မက်တာမျိုးကိုလည်း လူတချို့ ကြုံဘူးကြပါလိမ့်မယ်။ ရုပ်ရှင်ကြည့် နေသလိုမျိုးပေါ့။  ဇာတ်လမ်း ဇာတ်ကွက် တစ်ခုတည်းပါ။ တစ်ရေးနိုးလာလို့ အပေါ့အပါးသွားပြီး ပြန်အိပ်ရင်တောင် ပြတ်သွားတဲ့ နေရာကနေ ပြန်ပြီး မက်ပါတယ်။ ဗီဒီယို အခွေကို ခဏ Pause လုပ်ထားသလိုပေါ့။ ဒီလို အလွန်ဆန်းကြယ်တဲ့ “အိပ်မက်ရှည်ကြီးတွေ” ကို ကျွန်တော့်ဘဝမှာ (၄)ကြိမ်လောက် မက်ဘူးပါတယ်။

ဒါပေမယ့် ဒီအိပ်မက်ဟာ အနာဂါတ်အကြောင်းလို့ ပုံသေ ပြောမရပါဘူး။ များသောအားဖြင့်တော့ “အတိတ်အကြောင်း”၊ “ယခင်ဘဝဟောင်းများ” က အကြောင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို အိပ်မက်မျိုးကို မက်တာဟာ တင်စားပြောရင် – “ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကား” ကို ကိုယ်တိုင် ပြန်ကြည့် နေရသလို ခံစားရပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ တော်ပါဦးမယ်။ မနက်ဖြန်မှာ ကျွန်တော်ကိုယ်တိုင် “အိပ်မက်” ကနေ “အတိတ်ဘဝ” များကို ပြန်ရောက်သွားပုံအကြောင်းကို “အိပ်မက်” အပိုင်း(၂)မှာ ပြောပြ ပါဦးမယ်။ နောက်တစ်ခါ လူဝင်စားတစ်ယောက်က ပြောပြတဲ့ “အိပ်မက်” အကြောင်းလေးလည်း ပြောပြချင်ပါသေးတယ်။ ဒီအကြောင်းလေးကနေ အိပ်မက်များဟာ လူသားတွေ နဲ့  ဝိဉာဉ်တွေ နဲ့ တွေ့ဆုံ ကြတဲ့ နေရာတစ်ခု ဖြစ်တယ်ဆိုတာ ယုံကြည်နိုင်လောက်တဲ့ အထောက်အထား ရှိကြောင်း တင်ပြပေးပါဦးမယ်။ အခြား အိပ်မက်နဲ့ ပတ်သက်ပြီး သိကောင်းစရာလေးတွေ / အိပ်မက် အဆိုးအကောင်း ခွဲခြားနည်း တွေကိုပါ တင်ပြပေးပါမယ်။ အိပ်မက်အကြောင်း သိကောင်းစရာ အဖုံဖုံပေါ့ဗျာ။

စိတ်ဝင်စားရင်တော့ စောင့်, ဖတ်ပါ။ ခပ်ကြောင်ကြောင် နိုင်တယ် ထင်ရင်တော့ As you like ပါဘဲ။

စာဖတ်သူအားလုံး ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

နာမည်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဒီစာအုပ်ကလေးကို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ ရိုက်နှိပ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ မှည့်ခေါ်တတ်တဲ့ နာမည်တွေ နဲ့ ဘဝအကျိုးပေးကို လက်တွေ့ လေ့လာ သုတေသနပြုပြီး ရေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အရောင်းသွက် စာအုပ်…
Read More

အိပ်မက် . . (၂)

မိတ်ဆွေ ၊ ကျွန်တော်တို့ မနေ့က ဆွေးနွေးခဲ့တဲ့ “အိပ်မက်” . . (၁)ရဲ့ အဆက် အိပ်မက် . . (၂) ကို ဆက်ပြီး ဆွေးနွေး ကြရအောင်လား။…