အာမက်ဒီနီဂျက်ဘဲ ပြန်နိုင်မှာပါ , သို့သော် ….

ကနေ့(၁၂)ရက်နေ့မှာ လက်ရှိ သမ္မတ အာမက်ဒီနီဂျက်နဲ့ ပြိုင်ဘက် သမ္မတ လောင်းတို့ဟာ အကြိတ်အနယ် မဲဆွယ်ပြီး မဲပေးပွဲ စတင် နေပြီ ဆိုပါလား။ အီရန် သမ္မတ “အာမက် ဒီနီဂျက် ” ဆိုတာလည်း တကမ္ဘာလုံးက စောင့်ကြည့် ခံရတဲ့ ပုဂ္ဂိုလ်ဘဲ။ ဒါကြောင့် ဒီ ရွေးကောက်ပွဲ လေးကို အီရန်နိုင်ငံ မှာ မဲပေးနေတဲ့ အချိန်မှာဘဲ “မဟာကာလကြီး” ဇာတာနဲ့ ကောက်တွက် ကြည့်လိုက်တော့ အာမက်ဒီနီဂျက်ဘဲ ပြန်နိုင်ဖို့ များတယ်ဗျ။

မဟာကာလကြီးနဲ့ ဖွဲ့ထားတဲ့ ဇာတာခွင်ကို ကြည့်ပါ။

ဇာတာဖွဲ့ချိန်= ၁၈နာရီ၊ ၃၄ မိနစ်။ ဇွန်လ (၁၂)ရက်၊ ၂ဝဝ၉ ခုနှစ်။ လဂ်နံပါတ် = ၁၈

တူလဂ်ဖြစ်ပြီး စရလဂ်ဖြစ်လို့ အားကောင်းတဲ့ လဂ်တစ်ခုဖြစ်ပါတယ်။ လဂ်သခင် သောကြာဟာ ရန်အိမ်ဖြစ်တဲ့ သိဂ်ရာသီမှာ (၁၁)တန့်မှာ ရပ်တာဟာ အတော်အားကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ဟူးရားဇာတာတွေမှာ (၁၁)တန့်ဟာ နောက်ဆုံး အဆုံးအဖြတ်ပေးတဲ့ အိမ်မျိုးဖြစ် နေတတ်ပါတယ်။ ရန်အိမ်ဖြစ်တဲ့ အတွက် အခက်အခဲ အတိုက်အခံရှိပါတယ်။ အထူးခြားဆုံးကတော့ သူရဲ့ အလုပ်အကိုင်နဲ့ဆိုင်တဲ့ (၁ဝ)တန့် ဘာဝကိုမှာ ကြာသပတေးဟာ “ဥုစ်” ဂြိုဟ်ဖြစ်ပြီး သူ့အိမ်ရှင် တနင်္လာဂြိုဟ်ကို (၂)တန့်မှာထားပြီး (၅)တန့်အမြင်နဲ့ မြင်နေတဲ့ အမြင်ဟာ အလွန်အား ကောင်းတဲ့ သမ္မန္ဓဖြစ်ပါတယ်။

သူ့အလုပ်ဟာ သမ္မတအလုပ်ဆိုတော့ (၁ဝ)တန့်ဟာ အရေးပါပါတယ်။ (၁ဝ)တန့်အိမ်ရှင်လည်းဖြစ်၊ ဟူးရာဗေဒင်မှာ အရေးပါတဲ့ဂြိုဟ် လည်းဖြစ်တဲ့ စန်းဟာ မိတ်အိမ်ဖြစ်တဲ့ ဗြိစ္ဆာရာသီမှာ အိမ်ရှင်ဂြိုဟ်နဲ့ပူးယှဉ်နေတာလည်း အင်မတန် အားကောင်းတဲ့ ယုဂ်တစ်ခုဖြစ်ပါတယ်။

မကောင်းတဲ့အချက်။ ။ အားနည်းချက်တွေကတော့ (၁၁)အိမ်ရှင် တနင်္ဂနွေ (၁၂)တန့်ဗျာယဘာဝမှာရပ်တာရယ်၊ လဂ်ကို ပါပကတ္တရိ သင့်နေတာရယ်။ လဂ်သခင်ကို စနေမြင်တာရယ်ဟာ မကောင်းတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအားနည်းချက်တွေဟာ အထက်က အားသာချက်တွေကို ကျော်နိုင်မှာ မဟုတ်တဲ့အတွက် လက်ရှိအီရန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အာမက်ဒီနီဂျက်သာလျှင် အောင်ပွဲခံ သွားဖို့ အခွင့်အလမ်းများကြောင်းပါခင်ဗျား။

ထပ်မံဖြည့်စွက်ချက် (၁၉/၆/ဝ၉)။ ။ ဗေဒင်မိတ်ဆွေလေး ကိုရမ်းဂန်းလေးက မေးလို့ အီရန်သမ္မတ အာမက်ဒီနီဂျက် နိုင်ပေမယ့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ထပ်မံတင်ပြပါဦးမယ်။ နက္ခတ်ဗေဒင်ဇာတာခွင် တစ်ခုမှာဘဲဖြစ်ဖြစ်၊ မဟာကာလကြီးဇာတာခွင်တစ်ခုမှာဘဲဖြစ်ဖြစ် အကြောင်းအရာအားလုံးဟာ ပါပြီးသားပါ။ ဒါပေမယ့် လုံးစေ့ ပတ်စေ့ မတင်ပြဖြစ်တာဘဲဖြစ်ပါတယ်။ အပေါ်ဆုံးကဖွဲ့ထားတဲ့ မဟာကာလဇာတာကြီးကို ပြန်သုံးသပ်ပြပါမယ်။ အာမက်ဒီနီဂျက် ရဲ့ မဟာကာလဇာတာမှာ အဓိကကြည့်ရမယ့် ဂြိုဟ်က (၃)လုံးရှိပါတယ်။ အဲဒါတွေက (၁)လဂ်နဲ့ လဂ်အိမ်ရှင်ဂြိုဟ်။ (၂) သူရဲ့ သမ္မတအလုပ်ဖြစ်တဲ့ (၁ဝ)တန့်ဘာဝအိမ်ရှင်ဂြိုဟ်။ သူ့ရဲ့ ဆန္ဒတွေကို ပြည့်ဝစေမယ့် (၁၁)တန့် အိမ်ရှင် ဂြိုဟ်တို့ဖြစ်ပါတယ်။

(၁)= လဂ်ကို တနင်္ဂနွေ နဲ့ အင်္ဂါဆိုတဲ့ ပါပဂြိုဟ်နှစ်လုံးက ညှပ်ထားတဲ့ အတွက် “ပါပကတ္တရိ ” သင့်နေပါတယ်။ ဒါဟာ အကျဉ်းအကျပ်ထဲကိုရောက်မယ်ဆိုတာပြတာပါ။

(၂) =(၁ဝ)တန့် အိမ်ရှင်ဂြိုဟ်ဟာ နိစ္စဘင်္ဂယုဂ်ရပြီး (၁ဝ)တန့်မှာ ဥုစ်ဖြစ်နေတဲ့ ကြာသပတေးဂြိုဟ်က အလွန်အားကောင်းစွာ မြင်နေတဲ့အတွက် သူဟာ သမ္မတပြန်အရွေးခံရတာပါ။ ဒါပေမယ့် ဒီ (၁ဝ)တန့်အိမ်ရှင် တနင်္လာကို အင်္ဂါဂြိုဟ်ပူးပြီး စနေဂြိုဟ် မြင်နေတာဟာ ဆူပူမှု၊ အဓိကရုဏ်းနဲ့၊ သွေးထွက်သံယိုမှုတွေကို ဖြစ်နိုင်ပါတယ်။ လက်ရိုးဗေဒင်ကို လေ့လာဘူးသူတိုင်း အင်္ဂါနဲ့စနေဂြိုဟ် နှစ်လုံးတွဲမိရင် ဆူပူအကြမ်းဖက်မှု၊ သွေးထွက်သံယိုမှု၊ ပေါက်ကွဲမှုတွေကိုဖြစ်စေနိုင်တယ်ဆိုတာ သိပါလိမ့်မယ်။

(၃) သူရဲ့ဆန္ဒတွေကို ပြည့်ဝစေမယ့် (၁၁)တန့်မှာ လဂ်အိမ်ရှင်ဟာသွားပြီးရပ်တည်တာဟာလည်း သူ့ကို သမ္မတအဖြစ် ပြန်ရွေးကောက်ခံရပါစေတယ်။ ဒါပေမယ့် ဒီသိဂ်ရာသီဟာ ရန်အိမ် ဖြစ်နေပြီး (၁၁)တန့် အိမ်ရှင် တနင်္ဂနွေဟာ ဗျာယဘာဝမှာ ပြန်ရပ်နေတာလည်း လုံးဝအားယုတ်သွားစေပြန်ပါတယ်။ ဒီကြားထဲ ဒီလဂ်အိမ်ရှင်ကို စနေဂြိုဟ်က သမသတ်က ပြန်မြင် ထားပြန်ပါတယ်။

အဲဒီတော့ ဒီကိစ္စမှာ အတိုက်အခံတွေ စွပ်စွဲနေသလို မဲရွေးတဲ့နေရာမှာ မရိုးသားမှုတွေရှိနေတယ်ဆိုတာကော ဟုတ်နိုင်ရဲ့လားလို့ ဒီဇာတာခွင်ထဲမှာဘဲ ပြန်ကြည့်ရအောင်။ လူတစ်ယောက်ရဲ့ ရိုးသားဖြောင့်မတ်မှုကို ကြည့်ချင်ရင် တနင်္လာ နဲ့ ဗုဒ္ဓဟူးဂြိုဟ်ကို ကြည့်ရပါမယ်လို့ ဟူးရားဗေဒင်ကဆိုပါတယ်။ ဒီဇာတာမှာ တနင်္လာဂြိုဟ်ဟာ ဗြိစ္ဆာရာသီအိမ်မှာ “နိစ်” အဖြစ်ရပ်တည်နေပြီး အင်္ဂါဂြိုဟ်ကပူး၊ စနေဂြိုဟ်ကနေ (၁ဝ)တန့်အမြင်နဲ့မြင်တာဟာ ရိုးသားဖြောင့်မတ်မှု မရှိတာကို ပြတာပါ။ ဗြိစ္ဆာရာသီအိမ်ရဲ့ သဘောသဘာဝကလည်း “လျို့ဝှက်ကြံစည်လုပ်ကိုင် တတ်တာ”ကို ပြပါတယ်။ စနေဂြိုဟ်ဟာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ တနင်္လာဂြိုဟ်ကို တပြိုင်နက်မြင်နေတာဟာလည်း လိမ်လည်လှည့်ဖြားမှုတွေကို ပြဿနေပါတယ်။

နက္ခတ်ဗေဒင်ပညာမှာ စနေ နဲ့ ဗုဒ္ဓဟူး ဟာ အဆိုးမြင် မြင်နေရင် ရိုးသားဖြောင့်မတ်မှုမရှိတတ်ဘူး လို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီတော့ အထက်က်က အချက်တွေအားလုံး ခြုံငုံသုံးသပ်ရရင် ဒီမဲဆန္ဒပေးပွဲဟာ ရိုးသားဖြောင့်မတ်မှုမရှိတာ ထင်ရှား နေပါတယ်။

အဲဒီတော့ ဘာတွေဆက်ဖြစ်နိုင်သလဲ

ဒီဇာတာခွင်မှာ တူလဂ်ကို သမ္မတဒီနီဂျက်လို့ သတ်မှတ်ရင် (၅)တန့် ဘာဝဟာ သူရဲ့ နိုင်ငံသားတွေပါ။ အဲဒီမှာ စနေဂြိုဟ် ရပ်ပါတယ်။ အင်္ဂါဂြိုဟ်က (၄)တန့်အမြင်နဲ့ လှမ်းမြင်နေပါတယ်။ စနေက အင်္ဂါကို (၁ဝ)တန့်အမြင်နဲ့မြင်သလို အင်္ဂါကလည်း (၄)တန့်အမြင်နဲ့ အပြန်အလှန်မြင်နေတာဟာ အလွန်အားပြင်းလှတဲ့ “သမ္မန္ဓ” ဖြစ်ပါတယ်။ ဒီအကျိုးဆက် ကြောင့် ဒီ ဆန္ဒပြပွဲတွေဟာ တော်တော်နဲ့ ပြီးဦးမှာမဟုတ်ဘဲ အကြမ်းဖက်ဖြိုခွဲခံရခြင်း၊ အဖမ်းအဆီးခံရခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း များကိုပါ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းပါခင်ဗျား။

ဖြည့်စွက်ချက်(၂)။ ။ (၁၉/၆/၂ဝဝ၉) သောကြာနေ့မှာ ကျွန်တော်ကြိုတင်ဟောကိန်းထုတ်ထားသလို စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ဆန္ဒပြပွဲဟာ ပိုမိုဆိုးဝါးလာပြီး အစိုးရဖက်က အကြမ်းဖက် ဖြိုခွဲမှုကြောင့် ယခုစာရေးနေချိန်အထိ လူ (၁၇)ယောက် သေဆုံးသွားပြီလို့ သတင်းရပါတယ်။

နောက်တစ်ခု ဇာတာခွင်အရ သတိထားမိတာတစ်ခု အတိုက်အခံခေါင်းဆောင် “မီယာဟူစိန်မူဆာဘီ” နဲ့ သူ့ရဲ့အတိုက်အခံ ခေါင်းဆောင်တွေအပေါ်မှာ ဘေးဥပဒ်ကြီးကြီးမားမားတစ်ခု ကျရောက်ကြုံတွေ့လာနိုင်တဲ့ ဂြိုဟ်အနေအထားမျိုး ရှိနေပါတယ်။ ဖြစ်မဖြစ်ကိုတော့ စောင့်ကြည့်ရပါဦးမယ်။

You May Also Like
Read More

ချစ်ဖို့ကောင်းတဲ့ မြန်မာ့ဟူးရားဗေဒင် (၂)

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက ချစ်စရာကောင်းတဲ့ မြန်မာ့ဟူးရား ဗေဒင် ကို ရေးခဲ့ပြီး ဟူးရား ဗေဒင်နဲ့ ပတ်သက်လို့ နောက်ထပ် ရေးချင်စိတ် ပေါ်လာတဲ့ အတွက် ယခင် ဆောင်းပါးကို အမှတ် (၁)…
Read More

ချစ်ဖို့ကောင်းတဲ့ မြန်မာ့ ဟူးရားဗေဒင် (၁)

ဟူးရားဗေဒင်ဆိုတာ မွေးသက္ကရာဇ်၊ မွေးနေ့၊ မွေးချိန်မလိုဘဲ လက်ရှိ ရောက်နေတဲ့ အချိန်ပေါ်မှာ မူတည်ပြီး ဇာတာဖွဲ့၊ လက်တပ်ပြီး ဟောပြော တဲ့ပညာဖြစ်တယ်။ အင်္ဂလိပ်ကို (Horary Astrology) လို့ ခေါ်ပါတယ်။ Hora…