မိတ်ဆွေ
လူငယ်တော်တော်များများက တွေးကြတယ်၊ ပြောကြတယ်။ “တရားလုပ်တယ်ဆိုတာ လူကြီးတွေရဲ့ အလုပ်တဲ့” “လူငယ်တွေနဲ့ ဘာမှ မဆိုင်သေးပါဘူး” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်ဆိုတာ သေခြင်းတရား နဲ့ ဝေးသေးလို့ တဲ့။ လူကြီးတွေ ကတော့ သေခြင်းတရားနဲ့ နီးလာလို့ တရားကို မဖြစ်မနေ လုပ်ကို လုပ်ကြရတာပါတာ တဲ့။
ဟုတ်ပါရဲ့လား။ ဒီစကား မှန်နိုင်ပါ့မလား။ မိတ်ဆွေ ရော ဒီလို ယူဆပါသလား။
မဟုတ်ပါဘူးမိတ်ဆွေ။ သတင်းစာ နာရေးကြော်ငြာတွေကို တစ်ချက်လောက် ကြည့်လိုက်စမ်းပါ။ နေ့စဉ် နဲ့အမျှ သေဆုံးနေကြ တဲ့ အသက်အရွယ်မျိုးစုံနဲ့ လူတွေကို တွေ့ပါလိမ့်မယ်။ ဒါက သတင်းစာထဲ ထည့်နိုင်တဲ့ လူတန်းစားလောက်ပါ။ မထည့်နိုင်တဲ့ လူတန်းစားအရေအတွက် က ဒီထက် ပိုများပါလိမ့်မယ်။
ဒီလူတွေရဲ့ အသက်တွေကိုရော ကြည့်လိုက်စမ်းပါ။ အရွယ်စုံ အသက်စုံကို တွေ့ရပါလိမ့်မယ်။ အသက် (၆၀) (၇၀)တွေက များတယ် ဆိုပေမယ့် အသက် (၃၀)(၄၀) ဝန်းကျင်တွေလည်း မနည်းလှပါဘူး။ အရွယ်ကောင်းလေးတွေဘဲနော်။ လောကကြီးရဲ့ အကြောင်း၊ ဘဝရဲ့ အရသာဆိုတာတွေကို မခံစားလိုက်ရဘဲ အသက် (၃)(၄)(၅)နှစ်နဲ့ သေသွားတဲ့ ကလေးငယ်တွေလည်း တွေ့ရပါလိမ့်မယ်။
တကယ်တော့ သေခြင်းတရားဟာ အရွယ် (၃)ပါး ရွေးမနေပါဘူး။ ယောင်္ကျား/မိန်းမ၊ ကြီးသူ/ငယ်သူ၊ ချမ်းသာ/ဆင်းရဲ ဘယ်သူ့ကိုမှ ရွေးနေမှာ မဟုတ်ပါဘူး။ သတ္တဝါရယ်လို့ ဖြစ်လာရင် မွေးလာကတည်းက ကိုယ့်နောက်က ကပ်လိုက်နေတဲ့ တရားဟာ သေခြင်းတရားပါဘဲ။ သူက နောက်ကလိုက်၊ ကိုယ်က ရှေ့ကပြေး ။ လိုက်တမ်း ပြေးတမ်း ကစားနေသလိုပါဘဲ။ မှီလာတဲ့အချိန်မှာ ဘယ်အသက်အရွယ်ဘဲ ဖြစ်နေနေ သေမင်းက ဖမ်းချုပ်ခေါ်ဆောင်သွားတော့ တာပါဘဲ။
တကယ်တော့ တရားလုပ်တယ်ဆိုတာ သေခြင်းတရားကို ကြောက်ရွံ့ခြင်း၊ သေခြင်းတရားကို ထိတ်လန့်ခြင်းတွေကြောင့်သာ လုပ်သင့်တာမျိုး မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေရဲ့ “အသိတရား” ဟာ “တရားအသိ” နဲ့ တိုက်ရိုက် ပတ်သက် နေလို့ပါဘဲ။
တိုတောင်းလှတဲ့ လူ့ဘဝလေးထဲမှာ လူဟာ “လူ့အသိတရား” ရှိရပါမယ်။ သတ္တလောကကြီးတစ်ခုလုံးမှာ ရှိတဲ့ သတ္တဝါ အားလုံးထက် လူသားတွေကပိုမို သာလွန်နေရတာဟာလည်း ဒီအသိတရားကြောင့်ပါဘဲ။ အသိတရားမြင့်မားမှု (သို့) အသိဉာဏ် မြင့်မားမှုဟာ လူ နဲ့ တိရိစ္ဆာန်တွေကို ကွဲပြားစေပါတယ်။
ဒါပေမယ့် ဒီလူသားမျိုးနွယ်ထဲမှာသော်မှ လူတစ်ယောက်နဲ့တစ်ယောက် အသိတရားခြင်း မတူကြပါဘူး။ တစ်ချို့ကြ အသိတရား မြင့်မားကြတယ်။ တစ်ချို့ကျတော့ လူလို့သာ ခေါ်ရပေမယ့် တိရိစ္ဆာန်လောက်နီးပါး အသိတရား နည်းပါးကြသူတွေလည်း ရှိကြ ပါတယ်။ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ လူလူခြင်း အကြမ်းဖက်မှု၊ အနိုင်ထက် ပြုကျင့်မှုတွေဟာလည်း လူ့အသိတရား နည်းပါးမှုရဲ့ ပြယုဂ်တွေပါဘဲ။ ဒီလို လူ့အသိတရား နည်းပါးလာခြင်းကြောင့် အမှားကို အမှန်ထင်၊ မကောင်းမှုကို ကောင်းမှုထင်၊ အမည်းကို အဖြူ ထင်ပြီး “အစွန်းရောက်ဝါဒီ” တွေဖြစ်ပေါ်လာပြီး လူသားအခြင်းခြင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ၊ ရာဇဝတ်မှု တွေဟာ တစ်နေ့ထက် တစ်နေ့များပြားလာနေပါပြီ။
နေ့စဉ်လူနေမှု ဘဝထဲမှာလည်း တစ်ဦး နဲ့ တစ်ဦး ညှာတာထောက်ထားမှုရယ်လို့ မရှိကြဘဲ ဦးသူစားစတမ်း၊ လျှင်သူက စားစတမ်း ဆိုသလို အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလုပ်နေကြတာတွေ ၊ နည်းမျိုးစုံသော မသမာမှုတွေနဲ့ စီးပွားရှာ နေကြတာလည်း အသိတရား ခေါင်းပါးလာခြင်းရဲ့ ပြယုဂ်များဘဲဖြစ်ပါတယ်။
တဖက်က တစ်နေ့ထက်တစ်နေ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေဟာ အံ့မခန်းလိလိ ဖြစ်နေပေမယ့်၊ တဖက်ကကြည့်ရင် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကတော့ တစ်နေ့ထက် တစ်နေ့ ကျဆင်းလို့သာ နေပါတော့တယ်။ တကယ်တော့ တိုးတက် နေတဲ့ ခေတ်ကြီးမှာ ပေါ်ထွန်းနေတဲ့ ရုပ်ဝတ္တု ပစ္စည်းအမျိုးမျိုးတွေဟာ စိတ်ပိုင်းနဲ့အသိဉာဏ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူ မပေးနိုင်တဲ့အပြင် ပိုပြီး ဆုတ်ယုတ်ကျဆင်း စေတာကိုတောင် သတိထားမိရင် တွေ့ရပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့တဲ့ ဘယ်ဘာသာတရားမှာမဆို ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေနောက်ကို မလိုက်စားကြဖို့ သတိပေး ထားတာကို အမြဲလို တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာတရားတွေဟာ နောက်ဆုံး “အန္တိမရည်မှန်းချက်” ပိုင်းမှာသာ ကွဲပြားသွားပေမယ့် အခြေခံကျတဲ့ လူ့ကျင့်ဝတ်(သီလ)ပိုင်းမှာတော့ တစ်ခုနဲ့တစ်ခု သိပ်မကွာခြားကြပါဘူး။ လူသားတွေကို ပိုပြီး ယဉ်ကျေးလိမ္မာစေဖို့ သွန်သင်ဆုံးမကြတဲ့ ဘာသာတရားချည်းသာ ဖြစ်ကြပါတယ်။ ဒါပေမယ့် သိပ္ပံပညာက သိပ်တိုးတက် လာတော့ ဒီဘာသာတရားဆိုတဲ့ ကိစ္စတွေဟာ လူငယ်တွေအမြင်မှာ မော်ဒယ်အောက်နေတဲ့ အတွေးအခေါ် များလို့ ယူဆထင်မြင် လာကြပါတော့တယ်။
“ဖန်ဆင်းရှင်ဝါဒ” ကို မယုံကြည်လာကြသလို “ကမ္မနိယာမ” ကိုလည်း မယုံကြည်ကြတော့ပါဘူး။ အမေရိကန်နိုင်ငံလို စစ်တမ်း ကောက်ယူနိုင်တဲ့ နိုင်ငံမျိုးမှာ စစ်တမ်းကောက်ယူချက်အရ ဘာသာတရားမဲ့သူအရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ များသည်ထက် များလာပါတော့တယ်။ ဒီအကျိုးရလဒ်ကတော့ အင်မတန် ရုပ်ဝါဒ တိုးတက်လှတဲ့ အမေရိကန်နိုင်ငံကြီးဟာ လူတွေအဖို့ ကိုယ့်ဘဝလုံခြုံရေးကို အမြဲစိတ်မချရဘဲ လူလူခြင်း ယုံကြည်စိတ်ချရမှု နည်းသထက် နည်းလာပါတော့တယ်။
ကျန်တဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဒီထက်ပိုဆိုးပါတယ်။ အာဏာ နဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားတဲ့ အုပ်စုတွေက အာဏာမဲ့သူ၊ ဆင်းရဲသူတွေအပေါ်မှာ အကြင်နာကင်းမဲ့စွာ နိုင်ငံရေး နဲ့ တစ်မျိုး ၊ စီးပွားရေး နဲ့ တဖုံ နှိပ်စက်နေကြတာတွေဟာ ကြည့်လို့မြင်လို့မကောင်းအောင်ကို ဖြစ်နေပါတော့တယ်။
ဒါတွေအားလုံးဟာ လူသားတွေမှာ ဘာသာရေး အသိစိတ် နိမ့်ကျလာရတာကြောင့် ဖြစ်တယ်ဆိုတာ ငြင်းနိုင်မယ် မထင်ပါဘူး။ ဘာသာတရားတိုင်းဟာ တစ်ကိုယ်ကောင်းစိတ်မမွေးကြဖို့၊ လူလူခြင်း ညှာတာထောက်ထားကြဖို့၊ စိတ်ကို ဖြူစင်သန့်ရှင်း အောင် နေထိုင်တတ်ကြဖို့၊ ရောင့်ရဲလွယ်ဖို့၊ မှန်ကန်သော အသက်မွေးမှုနှင့်သာ အသက်မွေးကြဖို့သာ သင်ကြားခဲ့ကြတာပါ။
အခုတော့ ဒီလို ဘာသာတရားတွေရဲ့ သွန်သင်ဆုံးမမှုတွေဟာ ပြောင်းပြန်ဖြစ်ကုန်ပါပြီ။ လူတွေဟာ တစ်ကိုယ်ကောင်းစိတ် တွေကို ပိုမွေးလာကြတယ်၊ လူလူခြင်း လုံးဝညှာတာမှု မရှိကြတော့ဘူး၊ စိတ်ထားတွေကလည်း အစွမ်းကုန် ညစ်ပတ် စုတ်ပဲ့ နေကြပါပြီ။ ရောင့်ရဲခြင်းဆိုတာ ကြားတောင်မကြားဘူးတော့ဘဲ ငွေ နဲ့ ရုပ်ဝတ္တုပစ္စည်းတွေနောက်ကို အာသာတငမ်းငမ်းနဲ့ လိုက်လို့မဆုံးအောင် လိုက်နေကြပါတယ်။ သမ္မာအာဇီ၀ ဆိုတာလည်း ပြတိုက်ထဲမှာ ဖုန်အလိမ်းလိမ်း တက်နေတဲ့ အရာတစ်ခု ဖြစ်သွားပါပြီ။
ဒါတွေရဲ့ အကျိုးဆက်ကတော့ လူ့ကမ္ဘာ လူ့လောကကြီးဟာ လူလူခြင်းလုပ်တဲ့ ဘေးဒုက္ခတွေ၊ သဘာဝဘေးဥပဒ် တွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ အမျိုးမျိုးသော ကူးစက်ရောဂါဆန်းတွေကြောင့် ကမ္ဘာလောကကြီးဟာ ဘေးမကင်း ရန်မရှင်းတဲ့ ကမ္ဘာ လောကကြီး ဖြစ်လာနေပါပြီ။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးဟာ ပျက်သုဉ်းတော့မယ့်ဘေးအန္တရာယ်ရဲ့ ခြောက်လှန့်မှုကို ခံနေကြရပါပြီ။ ဒါမေပယ့် လူတွေကတော့ ဆက်ပြီး မိုက်လို့ ကောင်းတုန်းဘဲ ရှိပါသေးတယ်။
လူ့လောကကြီး တစ်ခုလုံးကို မပျက်သုန်းအောင် ကယ်တင်နိုင်မှာကတော့ “ဘာသာတရား” အပြင် အခြားမရှိပါဘူး။
အလုံးစုံသော မကောင်းမှု ဟူသမျှဟာ “ငါ” တည်းဟူသော အထင်ရောက်မှု နဲ့ မာန်မာနကနေ ပေါက်ဖွားလာကြတာချည်းသာ ဖြစ်တယ် ။ “ငါ” “ငါ့ဥစ္စာ” “ငါ့ပစ္စည်း” “ငါ့မိသားစု” “ငါ့နိုင်ငံ ငါ့လူမျိုး” “ငါ့နိုင်ငံ ငါ့ဝါဒ” “ငါ့ဘာသာတရား” “ငါ့အုပ်စု ငါ့ပါတီ” စတဲ့ “တ, ငါတည်းငါ” နေကြတဲ့အတွက် ကမ္ဘာပေါ်မှာ ပြဿနာမျိုးစုံ၊ ဘေးအန္တရာယ်မျိုးစုံ၊ ဆင်းရဲ ဒုက္ခမျိုးစုံကို ကြုံတွေ့ နေကြရတာပါ။
ဘာသာတရားကို နက်နဲစွာ လေ့လာလိုက်စားခြင်းဟာ “ငါဆိုတဲ့အတ္တမာန” ကို လျော့နည်းစေရုံမက၊ နောက်ဆုံးမှာ ခန္ဓာကိုယ်၌ “ငါတည်းဟူသော အတ္တကောင်” မရှိတဲ့ အဖြစ်ကိုပါ သိမြင်လာစေတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တည်းဟူသော (၆) ဒွာယ နဲ့ အာရုံ(၆)ပါးနဲ့ ထိတွေ့မှုတွေအပေါ်မှာ တပ်မက်စွဲလန်းမှုဖြစ်တာကိုဘဲ ငါမြင်တယ်၊ ငါသိတယ်၊ ငါလိုချင်တယ်ဆိုတဲ့ “အတ္တဒိဌိ” က ပူးကပ်လိုက်တဲ့အခါ အလွန်ကြီးမားလှတဲ့ လောဘ၊ ဒေါသ၊ မောဟနဲ့ သက္ကာယ များ ဖြစ်လာရခြင်းဖြစ်တယ်။
ခန္ဓာကိုယ် အတ္တဘောကြီးထဲမှာ “ငါ” တည်းဟူသော “အတ္တ” မရှိတာကို အမှန်တကယ် သိမြင်ရိပ်စားလာမိချိန်မှာတော့ သတ္တဝါ ဟူသမျှဟာ အာရုံ(၆)ပါးရဲ့ စေခိုင်းမှုနောက်ကို တစ်ကောက်ကောက်လိုက်ပါနေရပြီး “ငါ” ခိုင်းတာကို လုပ်နေကြရတဲ့ “အတ္တကျေးကျွန် လုံးလုံးသာ” ဖြစ်တယ်ဆိုတာကို သဘောပေါက်လာစေပါတယ်။ နေ့စဉ် လုပ်နေကြရတဲ့ အလုပ်တွေ၊ အသက် မသေသေးသမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်နေကြရတဲ့ အလုပ်တွေဟာ ဒီ “ငါ” ဆိုတဲ့ အတ္တ နဲ့ လောဘရဲ့ စေခိုင်းမှုကြောင့် မမောနိုင် မပန်းနိုင်လုပ်နေရတာကို သဘောပေါက်လာရင်တော့ တရားအသိ တစ်ခု ဖြစ်ထွန်းလာပြီလို့ ဆိုရပါတော့မယ်။
ဒီလို “ငါမဟုတ်တဲ့” တရားအမှန်ကို သိတဲ့ “တရားအသိ” ကြောင့် ကိုယ့်ရဲ့ “အသိတရား”တွေဟာ ရင့်ကျက်လာပါလိမ့်မယ်။ “ငါ” တည်းဟူသော အတ္တရဲ့ မညှာမတာ စေခိုင်းမှုကို သိလာတဲ့အချိန်မှာ “လောဘသက္ကာယ နဲ့ မာန” တရားတွေ လျော့ကျလာ ပါလိမ့်မယ်။ “ကိုယ့်ကိုယ်ကို ငါလို့ ထင်နေတာ အထင်မှားမှု သက်သက်သာဖြစ်ပြီး တကယ်တော့ အာရုံ(၆)ပါးအပေါ်မှာ ကပ်ညိ မိတဲ့ “တဏှာ” နဲ့ “ဒိဌိ” ရဲ့ စေခိုင်းမှုအောက်မှာ ကျွဲလို နွားလို ရုန်းနေရတဲ့ ကိုယ့်အဖြစ်ကို သဘောပေါက်လာပါလိမ့်မယ်။
အဲဒီအခါမှာ ကိုယ့်သဏ္ဍန်မှာ ရှိတဲ့ “လောဘ၊ ဒေါသ၊ အတ္တ၊ မာန” ကြီးမားမှုတွေနည်းလာပြီး “ကိုယ်ခြင်းစာတရား” ခေါင်းပါးမှု ကနေလွတ်မြောက်လာပါလိမ့်မယ်။ သူလည်း တဏှာလောဘရဲ့ အခိုင်းခံ၊ ငါလည်း တဏှာလောဘရဲ့ အခိုင်းခံ – – အတူတူ နဲ့ အနူနူပါဘဲ လားဆိုတာ သဘောပေါက်လာတော့ လူအချင်းချင်းအပေါ်မှာ ဂရုဏာ ထားနိုင်လာပါလိမ့်မယ်။ ဒီလို စိတ်ထားမျိုး ထားနိုင် လာတာဟာ အသိတရားမြင့်မားလို့သာ ထားနိုင်လာဆိုတာ ငြင်းနိုင်ပါ့မလား။
ဒီလို တရားအသိ မြင့်မားလာတဲ့လူဟာ တွေးခေါ်မျှော်မြင်ရေးဘက်မှာ သိသိသာသာ အဆင့်မြင့်မားလာတာကို တွေ့ရပါမယ်။ တရားအသိကြောင့် အတုအယောင်နဲ့ အစစ်အမှန်ကို ခွဲခြားသိမြင်လာတာမို့ လောကမှာ လူတွေတန်ဖိုးတကယ် ထားအပ်တဲ့ အရာတွေက ဘာတွေ၊ တန်ဖိုးမထားအပ်တဲ့အရာတွေက ဘာတွေဆိုတာ ပိုင်ပိုင်နိုင်နိုင် သိမြင်လာပါလိမ့်မယ်။ လူတွေဟာ ဘာမှ တန်ဖိုးမရှိတဲ့အရာတွေ၊ တန်ဖိုးမရှိတဲ့ ကိစ္စတွေနဲ့ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်နွမ်းနယ်နေကြတာကို သိမြင် တရားကျလာပါ လိမ့်မယ်။
တရားအသိ ပိုင်ပိုင်နိုင်နိုင်ရှိလာလို့ အသိတရားမြင့်မားလာတဲ့သူဟာ ရုပ်သွင်လက္ခဏာက အစ ပြောင်းလဲလာပါလိမ့်မယ်။ လောဘတရား၊ မာနတရားတွေကြောင့် ဂဏှာ မငြိမ်တဲ့ အမူအယာ၊ ပြာလောင်ခတ်နေတဲ့အမူအယာ၊ ဘဝင်မြင့်နေတဲ့ အမူအယာ မျိုးတွေ မရှိတော့ဘဲ အေးချမ်းတည်ငြိမ်တဲ့ ရုပ်ရည်ရူပကာမျိုးပါ ဖြစ်လာစေနိုင်ပါတယ်။ လုပ်သမျှ ကိုင်သမျှမှာလည်း အမှားနည်း လာပြီး အမှန်များလာပါလိမ့်မယ်။ မှန်ကန်မျှတတဲ့ အပြောအဆို အလုပ်အကိုင်တွေကြောင့် အထက်လူ , အောက်လူ၊ ကြီးသူ, ငယ်သူတို့အကြား မှာလည်း ကြည်ညိုလေးစားစရာ ပုဂ္ဂိုလ် ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် တရားအားထုတ်လေ့လာလိုက်စားခြင်းဟာ ဆုတ်နစ်တဲ့ ကိစ္စမဟုတ်ဘဲ “တရားအသိကြောင့် အသိတရားပါ” မြင့်မား လာစေပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာနိုင်စေတဲ့အပြင် ၊ လူတိုင်းလူတိုင်း မလွဲမသွေ ရင်ဆိုင်ရမယ့် “သေခြင်းတရား” ကိုပါ မကြောက် မရွံ့ တည်ငြိမ်အေး ချမ်းစွာ လက်ခံနိုင်စွမ်းရှိသူ တစ်ဦးဖြစ်လာစေပါတယ်။
ဒါကြောင့် လူငယ်တိုင်း လူငယ်တိုင်း တရားကို ကိုယ်နဲ့ မဆိုင်ဟု ထင်မြင်ယူဆခြင်းမှ ဖယ်ခွာပြီး လက်တွေ့ ကိုယ်တိုင် တရားဓမ္မ အားထုတ်ပြီး “အသိတရားမြင့်မားရင့်ကျက်သူများ” ဖြစ်လာစေခြင်းဖြင့် လူ့ကမ္ဘာလောကကြီး လူ့လောကကြီးအား အကျိုးပြု နိုင်သူများ ဖြစ်ကြပါစေဟု ဆန္ဒမွန် များစွာဖြင့် ရပ်နားပါဦးမည်။
အနေတတ်၊ အသေတတ်ခြင်း မှသည် အနေကင်း၊ အသေကင်းရာဆီသို့ တက်လှမ်းနိုင်ကြပါစေ။
သရဝဏ်