ယခု ဆောင်းပါးလေးကတော့ ကျွန်တော့်ရဲ့ “ဖိတ်ခေါ်ခြင်း” ဆိုတဲ့ “ကလောင်သစ်တွေ” ပေါ်ထွန်း လာဖို့ ဖိတ်ခေါ်တဲ့ ဆောင်းပါးလေး အပြီးမှာ ပေါ်ထွက်လာတဲ့ ကလောင်သစ် တစ်ဦး ဖြစ်ပါတယ်။ ကလောင်နာမည် “သုတေတီ(မြန်မာ့ဆေးပညာ)” ဖြစ်ပြီး “မြန်မာ့ဆေးပညာနဲ့ ကျန်းမာရေး ဆောင်းပါးများ” ကို ရေးသွားတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ယခု သူ့ရဲ့ ပထမဆုံးလက်ရာဖြစ်တဲ့ “အသက်ရှည်ရာ ၊ အနာမဲ့ကြောင်း – (၁)” “ဆေးလည်း အစာ၊ ဘေးလည်း အစာ” ဆောင်းပါး ဖြစ်ပါတယ်။ အားပေး ဖတ်ရှုကြည့်ကြပါစို့။
မှတ်ချက်။ ။ ဆရာသုတေသီ၏ လက်ရေးမူကို “ဗေဒသုခုမ” Web Page ၏ “စတိုင်” နှင့် ကိုက်ညီအောင် (ဆရာ၏ ခွင့်ပြုချက်အရ) အနည်းငယ် ပြင်ဆင်ရေးသား ထားပါသည်။
————————————————————————————————————
ဆေးလည်း အစာ ၊ ဘေးလည်း အစာ
ဒီဆောင်းပါးလေးကို သမိုင်းဖြစ်ရပ်ကလေး တစ်ခုနဲ့ စ, လိုက်ချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)ကျော် (၅၀) လောက်က မြန်မာနိုင်ငံမှာ “နေလဝိဇ္ဇာ” ဆေးပညာလို့ ကျော်ကြားခဲ့တဲ့ ဆေးပညာ တစ်ခု လျှမ်းလျှမ်းတောက် ကျော်ကြားအောင်မြင်ခဲ့ပါတယ်။ ဒီပညာကို တတ်ကျွမ်းတဲ့ ဆရာတစ်ဦးဟာ ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်မှာ “နေလဝိဇ္ဇာ” ဆေးခန်းဆိုပြီး မြန်မာ့ဆေးခန်းလေး တစ်ခု ဖွင့်လှစ် ကုသခဲ့တာ ဘယ်လောက်တောင်မှ အောင်မြင်သလဲဆိုရင် “အနောက်တိုင်း ဆေးပညာ” နဲ့ ကုသတဲ့ ဆေးရုံတွေဟာ “ကျီးနဲ့ဖုတ်ဖုတ်” ဖြစ်သွား ရပါတယ်။
နေ့စဉ် ကြိတ်ကြိတ်တိုးနေတဲ့ ရောဂါသည် လူအုပ်ကြီးကို နေလဝိဇ္ဇာ ဆရာကြီးဟာ အင်မတန် ရိုးရှင်းလွယ်ကူတဲ့ ဆေးပေးနည်း နဲ့ ကုသခဲ့ရာ လူနာ ထောင်ပေါင်းများစွာဟာ ရောဂါတွေကနေ ပျောက်ကင်းခဲ့ကြပါတယ်။ ဒီ နေလဝိဇ္ဇာ ဆေးပညာအကြောင်း အကျယ် မချဲ့ လိုပေမယ့် နေလဝိဇ္ဇာ ဆေးပညာရဲ့ ကျောရိုးကို ပြောပါဆိုရင်တော့ “ဓာတ်စာ” ပါဘဲ။
လူတိုင်း လူတိုင်းမှာ ကိုယ်နဲ့ တည့်တဲ့ အစာရှိသလို မတည့်တဲ့ အစာလည်း ရှိပါတယ်။ ဒါကို နေလဝိဇ္ဇာ ဆေးပညာက “ပညတ်” အပေါ်မှာ “ဘောင်တင်” လိုက်ပြီး လူနာရဲ့ ပညတ်ကို အစာ ပညတ် နဲ့ ကုသလိုက်တဲ့ အခါမှာ လူနာတွေဟာ ပကတိ ကျန်းမာချမ်းသာ ခြင်းသို့ ရောက်ရပါတော့တယ်။
ဒီလို နေလဝိဇ္ဇာ ဆရာကြီး နာမည် လျှမ်းလျှမ်းတောက်နေတော့ အနောက်နိုင်ငံတစ်ခုက ပါမောက္ခ ဆရာဝန်မကြီးတစ်ဦးက လာပြီး လေ့လာပါတယ်။ သူလေ့လာကြည့်သလောက်တော့ အထင်ကြီးစရာ ရယ်လို့ တစ်ကွက်မှ မတွေ့ပါဘူး။
ဆေးကုသပုံ အကျဉ်းချုပ်ကို ပြောရရင် ပထမဆုံး – လူနာတွေကို “နေ,အုပ်စု” နဲ့ “လ,အုပ်စု” ဆိုပြီး အုပ်စု (၂)စု ခွဲလိုက်တယ်။
ပြီးရင် “နေအုပ်စု” ထဲက လူနာတွေကို ဆေးတစ်ဖုံစာ ပေးမယ်။ ဓာတ်စာ စာရွက် တစ်ရွက်စီ ပေးမယ်။ “လအုပ်စု” ထဲက လူနာတွေ ကိုလည်း ဒီလိုဘဲ တူညီတဲ့ ဆေးတစ်ဖုံစီပေးမယ်မယ်။ ဓာတ်စာ စာရွက် တစ်ရွက်စီ ပေးမယ်။ အဲဒီမှာ ရောဂါ ကုသခြင်း ပြီးဆုံးလေ သတည်းပေါ့။
(စကားပြန်နဲ့) အနီးကပ် လေ့လာနေတဲ့ အနောက်တိုင်း ပါမောက္ခကြီးကတော့ တယ်ပြီး ဘဝင်မကျ လှဘူးပေါ့ဗျာ။ သူတို့ အနောက်တိုင်း ဆေးပညာတွေကတော့ ဆယ်စုနှစ် တစ်ခုနီးပါး သင်အံရ၊ လက်တွေ့ လေ့လာရ၊ သုတေသနပြုရ ၊ ခွဲစိတ်ကုသရ တာတွေနဲ့ ယှဉ်လိုက်ရင် မြန်မာ့ဆေးပညာနဲ့ ဆေးကုတယ်ဆိုတာဟာ “ကလေး ကစားစရာ” လောက် သာ ဖြစ်နေတာကိုး။
နောက် လူနာတွေ ရှင်းသွားတော့ (စကားပြန်က တစ်ဆင့်) ဆရာဝန်မကြီးက နေလဝိဇ္ဇာ ဆရာကြီးကို မေးပါတယ်။ လူတွေကို ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ ? တဲ့ ။ ဆရာကြီးကလည်း တိုတိုတုတ်တုတ်ဘဲ ဖြေလိုက်ပါတယ်။ “စားတဲ့ အစာကြောင့်ပါ” တဲ့။ “စားတဲ့ အစာကြောင့် ရောဂါ ရရတာပါ” တဲ့။
အင်္ဂလိပ် ပါမောက္ခ ဆရာဝန်မကြီး လုံး၀ ဘဝင်မကျပါဘူး။ အဲဒီ အချိန်ကလည်း ကမ္ဘာမှာ အလွန် အင်အားကောင်းတဲ့ “မိုက်ကရိုစကုပ်” တွေ ပေါ်ထွန်းလာပြီး မျက်စေ့နဲ့ မမြင်နိုင်တဲ့ “အဏုဇီဝ” ပိုးမျိုးတွေကို တွေ့ရှိလာကြချိန်လည်း ဖြစ်တယ်။ “ဗက်တီးရီးယား” “ဗိုင်းရပ်စ်” “ဖန်းဂတ်စ်” ဆိုတဲ့ စကားလုံးတွေ အင်အား ကောင်းနေချိန်လည်း ဖြစ်တယ်။ အနာရောဂါမှန်သမျှ “အဏုဇီဝ” ပိုးအမျိုးမျိုး ကြောင့်သာ ဖြစ်ရခြင်းဖြစ်တယ် ဆိုတဲ့ အယူအဆဟာ အနောက်တိုင်း ဆေးပညာလောကမှာ “ရေပန်းစား” နေချိန်လည်း ဖြစ်တယ်။
ဒါကြောင့် လူတွေ နေ့စဉ် စားသုံးနေရတဲ့ “အစာ” ကြောင့် ရောဂါဖြစ်ရတယ်ဆိုတဲ့ မြန်မာ့ ဆေးပညာရှင်ကြီးရဲ့ စကားကို အင်္ဂလိပ် ဆရာဝန်မကြီးက လုံး၀ ပယ်ချလိုက်ပါတယ်။ အဲဒီနောက် သူ့နိုင်ငံကို ပြန်သွားပြီး ဆေးကုသခြင်း နဲ့ သုတေသနတွေကို ဆက်လုပ် နေခဲ့ ပါတယ်။
ဒီလိုနဲ့ နောင် အနှစ် (၃၀)လောက် ကြာတဲ့အခါ – ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေက ကမ္ဘာမှာ ငြိမ်သက်သွားပြီး နာတာရှည် အနာရောဂါတွေ ဖြစ်တဲ့ “သွေးတိုး၊ ဆီးချို ၊ နှလုံး ၊ ကျောက်ကပ် ၊ အသည်း ၊ လေဖြတ် ၊ ကင်ဆာရောဂါ အမျိုးမျိုးကြောင့်” ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ အသက်ဆုံးရှုံး လာရတဲ့ ခေတ်ကို ရောက်လာပါတယ်။ ဘယ်လို ပိုးမွှားဗိုင်းရပ်စ်မှ မပါဝင်တဲ့ ရောဂါတွေ ကြောင့် လူ့အသက်ပေါင်း များစွာ သေကြေပျက်စီးနေကြတဲ့ အချိန်ကို ရောက်လာပါတယ်။
အဲဒီအချိန်ကို ရောက်မှ မြန်မာပြည်ကို အလည်လာခဲ့ဘူးတဲ့ ပါမောက္ခဆရာဝန်မကြီးဟာ “လူတွေ ရောဂါရစေတဲ့ အကြောင်းရင်း” ဟာ “စားတဲ့အစာကြောင့်” ဆိုတာကို လက်ခံလာပါတော့တယ်။ ဒါကြောင့် မြန်မာ့နိုင်ငံက နေလဝိဇ္ဇာ သမားတော်ကြီးထံကို “ဆရာကြီးရဲ့ အယူအဆဟာ အမှန်ပင် ဖြစ်ကြောင်း သူလက်ခံသွားပြီဆိုတာ” စာတစ်စောင် ရေးပို့လိုက်ပါတယ်။ ဒါပေမယ့် အနောက်တိုင်းသူ ပါမောက္ခမကြီးထက် အနှစ်(၂၀)လောက် အသက်ပိုကြီးတဲ့ မြန်မာ့ သမားတော်ကြီးဟာ ကွယ်လွန်သွားပြီ ဖြစ်တာမို့ ဒီစာကို ဖတ်မသွား လိုက်ရပါဘူး။ (ဆရာကြီး၏ တပည့်ရင်းတစ်ယောက်မှ ပြောပြချက်)
နောက်တစ်ခု “အစာအဟာရ” နဲ့ “လူသားတို့ရဲ့ ကျန်းမာရေး” ဆက်စပ်မှု အကြောင်း စိတ်ဝင်စားစရာ သမိုင်းဖြစ်ရပ်လေး တစ်ခု ရှိပါသေးတယ်။
ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာပြီး “နာဇီ ဂျာမဏီ” တို့ဟာ ဥရောပ တစ်တိုက်လုံးကို သိမ်းပိုက်လိုက်တဲ့ အချိန်ကပေါ့။ အဲဒီအချိန်မှာ “မဟာမိတ်” တပ်ပေါင်းစုတွေဘက်က “အင်္ဂလန်” တစ်နိုင်ငံသာ “နာဇီဂျာမဏီ” ရဲ့ လက်အောက်ကို မကျရောက်သေးဘဲ ကြံ့ကြံ့ခံ နေပါတယ်။ နာဇီ ဂျာမဏီဟာ အင်္ဂလန်နိုင်ငံကို စားနပ်ရိက္ခာပြတ်တောက်သွားအောင် ရေကြောင်း ၊ လေကြောင်း တွေကို အဖက်ဖက်က ပိတ်ဆို့ထားလိုက်ပါတယ်။ အင်္ဂလန်နိုင်ငံကို စားနပ်ရိက္ခာ ပုံမှန်တင်ပို့နေတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို တားဆီး ပိတ်ပင်လိုက်တဲ့အတွက် အင်္ဂလန်ပြည်သူပြည်သားတွေဟာ “ပေါင်မုန့်လေးတစ်လုံး” ရဖို့အတွက် တစ်နေကုန် တန်းစီရတဲ့ ဘဝကို ရောက်သွားပါတော့တယ်။
ဒီလို တစ်တိုင်းပြည်လုံး စားနပ်ရိက္ခာ ပြတ်တောက်လုမတတ်ဖြစ်သွားတော့ နိုင်ငံအကြီးအကဲတွေ နဲ့ ကျန်းမာရေး အရာရှိတွေ အတော်လေး အထိတ်တလန့် ဖြစ်သွားကြပါတယ်။ ဆေးလောကထိပ်သီး ဆရာဝန်ကြီးတွေရဲ့ ပြောပြချက်အရ ဒီလိုသာ စားနပ်ရိက္ခာ ချို့တဲ့လာရင် ပြည်သူတွေရဲ့ ကျန်းမာရေးတော့ အကြီးအကျယ် ထိခိုက်တော့မယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံ ဆေးခန်း နဲ့ ကျန်းမာရေး ဌာနတွေကို “တပ်လှန့်” ထားလိုက်ပါတယ်။ အဟာရချို့တဲ့မှုကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်ပြင်ဆင် ထားလိုက်ကြပါတယ်။ ဆေးရုံတွေမှာ လူနာကုတင်တွေ ၊ ဆေးဝါးတွေကို အသင့်ပြင်ထားလိုက်ပါတယ်။
ဒါပေမယ့် . . . ဒါပေမယ့်ပေါ့ဗျာ ၊ လက်တွေ့မှာတော့ ဆရာဝန်ကြီးတွေ ကြိုတင်ခန့်မှန်းထားတွေနဲ့ တစ်ခြားစီ ဖြစ်နေပါတော့တယ်။ ဒီလို အင်္ဂလန်ကျွန်းကို နာဇီဂျာမဏီက အကြီးအကျယ် ပိတ်ဆို့ထားလိုက်လို့ အင်္ဂလန် ပြည်သူတွေ (၃)နှစ်လောက် အစာအဟာရ ဝ,လင်အောင် မစားခဲ့ရတဲ့ အကျိုးရလဒ်ကတော့ –
“အင်္ဂလန်နိုင်ငံသားတွေရဲ့ ကျန်းမာရေးဟာ သိသိသာသာ တိုးတက်ကောင်းမွန်လျှက် ရှိပြီး နာတာရှည် ရောဂါတွေဖြစ်တဲ့ “နှလုံး ၊ ဆီးချို ၊ သွေးတိုး ၊ လေဖြတ် ၊ ကင်ဆာ . . ” စတဲ့ ရောဂါဖြစ်ပွားမှုတွေဟာ အဆမတန်ကို ကျဆင်း သွားပါ သတဲ့။”
စစ်အတွင်းကာလ ဖြစ်တာမို့ ထိခိုက် ဒဏ်ရာရသူတွေကလွဲရင် “ နှလုံး ၊ ဆီးချို ၊ သွေးတိုး ၊ လေဖြတ် ၊ ကင်ဆာ” ရောဂါတွေကြောင့် ဆေးရုံတက်ရသူဆိုလို့ အလွန်ရှားပါးခဲ့တယ်လို့ ဆိုပါတယ်။
အဲ – စစ်ကြီးလည်း ပြီးရော (၃)နှစ်လုံးလုံး ငတ်ပြတ်နေခဲ့တဲ့ အင်္ဂလန်နိုင်ငံသားတွေဟာ “ဆီဦးထောပတ် နဲ့ အသားငါးမျိုးစုံ ၊ စည်သွပ်ဗူး ၊ ကြက်ဥ ၊ ဒိန်ခဲ . . . စတဲ့ အစားမျိုးစုံကို အလျှံအပယ် အတိုးချပြီး “တွယ်” ကြတော့တာပေါ့ဗျာ။ အဲဒီမှာ ဒုတိယကမ္ဘာစစ် တစ်လျှောက်လုံးမှာ မဖြစ်သလောက်ရှိခဲ့တဲ့ “ နှလုံး ၊ ဆီးချို ၊ သွေးတိုး ၊ လေဖြတ် ၊ ကင်ဆာ” ရောဂါ ဖြစ်ပွားနှုန်းတွေဟာ ကြောက်ခမန်းလိလိ ပြန်လည် များပြားလာပါတော့တယ်။
ဒါက ကမ္ဘာ့သမိုင်းထဲက အဖြစ်အပျက်မှန် တစ်ခုဖြစ်ပါတယ်။ နောက်ထပ် သမိုင်းထဲက အဖြစ်အပျက် တစ်ခု ရှိပါသေးတယ်။ ဒဏ္ဍာရီလို့ ဆိုချင်လည်း ဆိုနိုင်ပါတယ်။ ဒီလိုပါ။
တစ်ခါတုန်းက တိုင်းပြည်တစ်ခုကို အုပ်စိုးနေတဲ့ ရှင်ဘုရင်ကြီးဟာ ကျန်းမာရေး အလွန်ချို့တဲ့သူဖြစ်ပြီး “တစ်နေ့ရွှေ ၊ တစ်နေ့ငွေ” ဆိုတာလို လူနဲ့ ဆေးဝါးနဲ့ ပြတ်ရတယ်ကို မရှိပါဘူး တဲ့။ သူ့ကိုယ်သူ ဒီလို ကျန်းမာရေး ချို့တဲ့နေလို့ အတော်ကို စိတ်ပျက်မိပါတယ် တဲ့။ သမားတော်အမျိုးမျိုးနဲ့ ကုသပေမယ့်လည်း ကျန်းမာတယ်ကို မရှိပါဘူးတဲ့။
ဒါနဲ့ တစ်နေ့တော့ အကြံတစ်ခုရလာပါတယ်။ သူ့အကြံက ဒီလိုပါ။ သူ့ တိုင်းပြည်ထဲမှာ နေထိုင်တဲ့ ပြည်သူတွေထဲက “အသက်လည်း အလွန်ရှည်ပြီး အလွန်လည်း ကျန်းမာတဲ့ သူ” ကို ရှာဖွေမယ် ၊ ပြီးရင် နန်းတော်ထဲကို ခေါ်ထားပြီး သူ့ရဲ့ နေထိုင်ကျင့်ကြံပုံတွေကို လေ့လာပြီး အတုယူမယ် ပေါ့။ ဒါဆို ကျန်းမာရေး နဲ့ အသက်ရှည်ရေးရဲ့ လျှို့ဝှက်ချက်ကို သိလာနိုင်ပြီး သူကိုယ်တိုင်လည်း ကျန်းမာ လာပြီး အသက်ရှည်ရှည် နေရမယ်ပေါ့။
ဒီလိုနဲ့ မင်းချင်းတွေကို အမိန့်ချပြီး လိုက်ရှာခိုင်းလိုက်တဲ့အခါ – မကြာပါဘူး တွေ့တော့တာပါဘဲ။ တိုင်းပြည်အစွန်အဖျားတစ်ခုမှာ အသက်(၁၀၀)ကျော်အောင် ကျန်းမာသန်စွမ်းလျှက်ရှိတဲ့ “အဘိုးအို” တစ်ယောက် ကို ရှာတွေ့လိုက်ရပါတယ်။ ဒီအဘိုးအိုဟာ ဟင်းသီးဟင်းရွက် ကလေးတွေ စိုက်ပျိုးရောင်းချ အသက်မွေးသူတစ်ဦးဖြစ်ပြီး “အစာကို ဝလင်အောင် မစားရရှာတဲ့ သူဆင်းရဲ” တစ်ဦး လည်း ဖြစ်ပါတယ်။ ဒီလို ဆင်းရဲရှာပေမယ့် သူ့တစ်သက်မှာ တစ်ကြိမ်တစ်ခါမှ “နေမကောင်း” မဖြစ်ဘူးဘူး” လို့ ဆိုပါတယ်။
ဒါနဲ့ မင်းချင်းတွေဟာ ဘုရင့်အမိန့်နဲ့ အဘိုးအိုကို နန်းတွင်းသို့ ခေါ်ဆောင်လာပါတယ်။ ဘုရင်ဖြစ်သူလည်း အလွန်ကျေနပ်အားရ နေတာပေါ့။ နန်းတွင်းမှာ အဘိုးအိုအတွက် နေရာထိုင်ခင်း တစ်ခု စီစဉ်ပေးပြီး ဘုရင်ကြီးဟာ အဘိုးကြီးကို အနီးကပ် လေ့လာ ပါတော့တယ်။ ဘာများ ထူးထူးဆန်းဆန်းတွေ့မလဲပေါ့။
အဘိုးကြီးလည်း ဘုရင့်ရွှေနန်းတော်ကို ရောက်ပြီး အတော့်ကို ဟန်ကျနေတာပေါ့လေ။ ရှင်ဘုရင်ရဲ့ V.I.P ပုဂ္ဂိုလ်ဆိုတော့ – အချိန်တန်ရင် “ဘုရင့် စားတော်အုပ် အကျ” ကို စားလိုက် ၊ စားပြီးရင် အိပ်လိုက် ၊ အိပ်ယာကနိုးရင် စားလိုက်နဲ့ ၊ သူ့ဘဝမှာ တစ်ခါမှ မစားဘူးတဲ့ စားကောင်းသောက်ဖွယ် တွေစားပြီး စည်းစိမ်ရစ်နေတော့တာပေါ့။
အင်း – သိပ်မကြာလိုက်ပါဘူး။ တစ်သက်လုံး တစ်ကြိမ်တစ်ခါမှ နေမကောင်း မဖြစ်ဘူးတဲ့ အဖိုးအိုဟာ နန်းတွင်းရောက်ပြီး ဘုရင့်ပွဲတော်အုပ်ကျ စားကောင်းသောက်ဖွယ်တွေ စားရင်း စားရင်း နဲ့ နေမကောင်း ထိုင်မသာ ဖြစ်လာပါတယ်။ နောက်တော့ ဟိုရောဂါ ဖြစ်လာ ဒီရောဂါ ဖြစ်လာနဲ့ နန်းတွင်းကိုရောက်ပြီး (၆)လလောက်လည်းကြာရော အသက်တစ်ရာကျော် အဘိုးကြီး ဟာ ရောဂါမျိုးစုံနဲ့ “အနိစ္စရောက်” သွားပါတော့ တယ်။
ဒီတော့မှဘုရင်ကြီးလည်း သဘောပေါက်သွားပါတော့တယ်။ သြော် ငါ့ကျန်းမာရေးကို ဖျက်ဆီး နေတာ ငါနေ့စဉ် စားသောက်နေတဲ့ စားကောင်းသောက်ဖွယ်တွေ ကြောင့်ပါလား ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားပါတော့တယ်။
စာဖတ်သူ မိတ်ဆွေ ခင်ဗျား – အသက်ရှည်ရာ ၊ အနာမဲ့ကြောင်းကို အမှန်တကယ် အလိုရှိတယ်ဆိုလျှင် ပထမဆုံး လိုက်နာရမည့် ဥပဒေသသည် “ဆေးဝါးအမျိုးမျိုးလည်း မဟုတ် ၊ ဆေးပညာလည်း မဟုတ် ၊ သမားတော်လည်း မဟုတ် ၊ အထူးကု ဆေးခန်းလည်း မဟုတ်ပါ” ။
မိမိနေ့စဉ် စားသုံးနေသည့် အစာအဟာရကို “အဆီ အအိမ့်” နည်းနိုင်သမျှ နည်းစေခြင်း နှင့် ထိုအစားအစာကို နေ့စဉ် “အလွန်အကျွံ (အဝအပြဲ) စားသုံးခြင်း” မှ ရှောင်ကျဉ်ခြင်းကို “ပထမ ဥပဒေ အဖြစ်” လိုက်နာကျင့်သုံးခြင်းသည်သာ “အသက်ရှည်ရာ ၊ အနာမဲ့ကြောင်း” နည်းလမ်းကောင်း တစ်ခု အမှန်ဖြစ်ကြောင်းပါ ခင်ဗျား။
လူသားအားလုံး “ကျန်းမာခြင်း/အသက်ရှည်ခြင်း” ဆုလာဘ်ကို ရရှိနိုင်ကြပါစေ။
သုတေသီ (မြန်မာ့ဆေးပညာ)