(၁) အပျော်,အပြောင်အပျက် မမေးပါနဲ့။ ဒီဘလော့ကို ငွေအား/လူအား/အချိန် ဆုံးရှုံးမှုတွေနဲ့ တည်ဆောက်ထားရတာပါ။ ကိုယ်ခြင်းစာပါ။ အစက ဗေဒင်ပညာပေး ဆောင်းပါးများရေးရန် အတွက်သာ ရည်ရွယ်တာပါ။ ဗေဒင်ဟောဖို့ အစီအစဉ် မပါပါဘူး။ ဒါပေမယ့် တကယ် အခက်အခဲ တွေ့နေလို့ အကူအညီတောင်းလာကြပြန် တော့လည်း မနေနိုင်တာနဲ့ တစ်စုတစ်စည်း ထဲဖြစ်အောင် ကဏ္ဍတစ်ခု တည်ဆောက် ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကယ် အရေးကြီးမှ , သိလိုမှ မေးကြပါ။ အလုပ်မအားတဲ့ ကြားက လုပ်ရတာဖြစ်လို့ ယခုတိုင် မဖြေရသေးတဲ့ မေးခွန်းတွေ အများကြီး ကျန်နေပါ သေးတယ်။
(၂) မွေးသက္ကရာဇ် နဲ့ အချက်အလက်စုံလင်ပါစေ ။ လိုအပ်တာတွေကတော့ –
(A) မိမိ သိလိုသော မေးခွန်းအကြောင်းအရာ တစ်ခု။ တစ်ကြိမ်မှာ မေးခွန်းအမျိုးအစား တစ်ခုသာ မေးပါ။ နောက်မေးစရာ ရှိတာတွေ နောက်ရက် တွေမှာ ဆက်မေးပါ။ ခဏခဏ မေးလို့ စိတ်မဆိုးပါဘူး။ မေးခွန်းအမျိုးအစားတွေ အများကြီးမေးထားလို့ ဆရာဖြေမပေးရင် နောက်မှ အပြစ် မတင်ကြပါနဲ့။
(B) မွေးသက္ကရာဇ် ရက်/လ/ခုနှစ်/နေ့သားသမီး ကို “အင်္ဂလိပ်လို” ဘဲ ပေးပါ။ မြန်မာ ခုနှစ်တွေက လဆန်း/လဆုတ်တွေ မှန်မမှန် နှစ်တရာ ပြက္ခဒိန်နဲ့ တိုက်ကြည့်နေရလို့ အချိန်ကုန်ပါတယ်။ အထူးသဖြင့် ကိုယ်ဘာနေ့သားသမီးဆိုတာ ထည့်ပေးပါ။ (ကိုယ့် ချစ်သူ/အိမ်ထောင်ဘက် ပါရင်လည်း ဒီလိုဘဲ စုံစုံလင်လင်ထည့်ပေးပါ။
(C) နံပါတ် (၁) ကနေ (၁၀၈) အတွင်း မိမိ စိတ်ထဲမှာ လျှပ်တပျက် ပေါ်လာသော ဂဏန်းတစ်ခု။ (ကြိုက်ခြင်းမကြိုက်ခြင်းက အရေးမကြီးပါ)။ ဒီဂဏန်းဟာ “ဟူးရား” နည်းစနစ်နဲ့ ဟောမှာမို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ဟာကိုယ် စဉ်းစားဖို့ခက်ရင် ဒီပရိုဂရမ် လေးကို Download လုပ်ပြီး ဂဏန်းရှာကြည့်ပါ။
(D) မေးခွန်းတွေကို အတတ်နိုင်ဆုံး မြန်မာလိုဘဲ ရေးပါ။ ဆရာ အင်္ဂလိပ်စာ မတတ်လို့ မဟုတ်ပါ။ ကောင်းကောင်းဖတ်တတ်ပါတယ်။ ဒါပေမယ့် မြန်မာ ဝက်ဆိုဒ်မှာ မြန်မာ ဆန်ဆန်လေး ဖြစ်စေချင်လို့ပါ။
အထက်ပါ အချက်တွေနဲ့ မကိုက်ညီတဲ့ မွေးခွန်းတွေကိုတော့ ဆရာ့အနေနဲ့ ဖြေပေးမှာ မဟုတ်ပါ။ အဲဒီကျမှ စိတ်မဆိုးကြပါနဲ့။ ဆရာလည်း မေးတဲ့လူ များလွန်းလို့ ဒီလို စည်းကမ်းချက် သတ်မှတ်ရတာပါ။ ကြီးကျယ်တယ်လို့တော့ အထင်မလွဲကြစေချင်ပါဘူး။ ဆရာ့မှာ ဟောပေးချင်တဲ့ စိတ်သာ မရှိရင် ဒီ အမေးအဖြေ ကဏ္ဍကို ဖွင့်ပေးမှာတောင် မဟုတ်ပါဘူး။ နားလည်ပေးကြပါ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
သတိပြုရန်။ ။ Spam များနှင့် ပေါက်တတ်ကရ ဝင်ရေး၊ ဝင်မေး သူများရန်မှ ကာကွယ်ရန် Comments များကို Pending လုပ်ထားပါတယ်။ မေးခွန်းများကို လေ့လာဆန်းစစ်ပြီး ဖြေသင့်တဲ့ မေးခွန်းတွေကို Approve လုပ်ပြီး ပြန်တင်ပေးသွားမှာပါ။ စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)