အမေရိကန်နိုင်ငံ , ဘားရတ် အိုဘားမား နဲ့ (၄) ဂဏန်း

ကျွန်တော်တို့မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်၊နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်း ထားသလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန် နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်သွား ခဲ့ပါပြီ။

ရွေးကောက်ပွဲ မတိုင်မှီကတည်းက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာကို တွက်ချက် ကြည့်ရင်းနဲ့ နိုင်ချေရှိတဲ့ ဘားရက်အိုဘားမား ရဲ့ မွေးဂဏန်းကို သင်္ချာဗေဒ (Numerology) ပညာနဲ့ လေ့လာ ကြည့်တဲ့ အခါမှာ ထူးခြားချက် တွေ တွေ့လာရပါတယ်။

အမေရိကန်နိုင်ငံဟာ (၄) ဂဏန်း စိုးမိုးတဲ့ နိုင်ငံတစ်ခုလို့ပြောရင် မမှားပါဘူး။ လွတ်လပ်ရေးနေ့ဟာ ဂျူလိုင်လ (၄) ရက်ဖြစ်သလို၊ ဂျူလိုင်လ (၄) ရက်နေ့ဟာ ကရကဋ်ရာသီခွင် ဖြစ်လို့ မိဿရာသီ ကနေ စပြီးရေရင် (၄) ခုမြောက် ရာသီ ဖြစ်နေပြန်ပါတယ်။ တစ်ခါ အမေရိကန် လွတ်လပ်ရေး ကြေငြာလိုက်တဲ့ ၁၇၇၆ ခုနှစ်ဟာလည်း ရာစုဂဏန်းဖြစ်တဲ့ ၁၇ ကို ဖယ်ထားပြီး ဆယ်စုနှစ်ဂဏန်းကို ပေါင်းလိုက်ရင် (၇+၆)=၁၃=၁+၃= (၄)ဂဏန်းဘဲ ရပါတယ်။

နောက်ပြီး အမေရိကန်နိုင်ငံကို အင်္ဂလိပ်ကိုလိုနီဘဝကနေ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့တဲ့ ပထမဆုံး သမ္မတကြီး ဂျော့ဝါရှင်တန်ဟာဆိုရင်လည်း (၂၂)ရက်နေ့မွေးတဲ့ (၄)ဂဏန်းသမားဖြစ်ပါတယ်။ သူနဲ့အတူ လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန် လွတ်လပ်ရေး ကြေငြာစာတမ်းကြီးကို ရေးသား ကြေငြာ ခဲ့သူ (၃)ဦးမြောက် သမ္မတ ဖြစ်တဲ့ သောမတ်ဂျက်ဖာဆန် ဟာလည်း (၁၃)ရက်နေ့မှာ မွေးတဲ့ (၄)ဂဏန်းသမားတစ်ဦးပါ။

ဒီလို အမေရိကန်နိုင်ငံတည်ထောင်ခဲ့တာ (၂ဝဝ) ကျော်လွန်လာခဲ့ပြီး သမ္မတအယောက်ပေါင်း (၄၃)ယောက် တက်လာခဲ့တဲ့နေရာမှာ ထူးခြားချက်ကြီး တစ်ခုကို သွားတွေ့မိပါတယ်။

အဲဒါကတော့ အမေရိကန်နိုင်ငံမှာ သမ္မတ တာဝန်ကို ထမ်းဆောင်နေရင်း လုပ်ကြံခံရတာ(၆)ဦးနဲ့ သမ္မတတာဝန် ထမ်းဆောင်စဉ်မှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားသူ (၄) ဦး – စုစုပေါင်း (၁ဝ)ဦး ရှိခဲ့ပါတယ်။ သူတို့တစ်တွေကတော့-

(၁) ဝီလီယံ ဟင်နရီ ဟယ်ရစ်ဆင် – (၉) ဦးမြောက် သမ္မတ

 

(၂) ဇာခရီ တေလာ (၁၂) ဦးမြောက် သမ္မတ

 

(၃) အေဘရာဟမ်လင်ကွန်း (၁၆) ဦးမြောက် သမ္မတ – (လုပ်ကြံခံရ)

 

(၄) ဂျိမ်းစ် ဂါဖီးလ် (၂ဝ) ဦးမြောက် သမ္မတ – (လုပ်ကြံခံရ)

 

(၅) ဝီလီယံ မက်ကင်လေ (၂၅) ဦးမြောက် သမ္မတ – (လုပ်ကြံခံရ)

 

(၆) သီအိုဒို ရုစ်ဘဲ့လ် (၂၆) ဦးမြောက် သမ္မတ – (လုပ်ကြံခံရသော်လည်း အသက်မသေ)

 

(၇) ဝါရင် ဂျီ ဟာဒင်း (၂၉) ဦးမြောက် သမ္မတ

 

(၈) ဖရင်ကလင် ဒီ ရုစဗဲ့လ် (၃၂) ဦးမြောက် သမ္မတ

 

(၉) ဂျွန် အက်ဖ် ကနေဒီ (၃၅) ဦးမြောက် သမ္မတ – (လုပ်ကြံခံရ)

 

(၁ဝ)ရော်နယ်ရီဂင် (၄ဝ) ဦးမြောက် သမ္မတ – (လုပ်ကြံခံရသော်လည်း အသက်မသေ)

 

အဲဒီမှာ ဘာထူးခြားချက်သွားတွေ့လည်းဆိုရင် ဒီ (၁ဝ) ဦးထဲမှာ (၅)ဦးဟာ သူတို့ရဲ့ သမ္မတဖြစ်လာတဲ့ အပတ်စဉ်ဂဏန်းကို အမေရိကန်နိုင်ငံရဲ့ စိုးမိုးဂဏန်း ဖြစ်တဲ့ (၄) နဲ့စားရင် သုညကြွင်းပြီး “ပြတ်” နေတာကို သွားတွေ့ ရပါတယ်။

 

= ဇာခရီ တေလာ ဟာ (၁၂) ဦးမြောက်ဖြစ်တဲ့အတွက် (၄)နဲ့စားရင် ပြတ်တယ်။

 

= အေဘရာဟမ်လင်ကွန်း ဟာ (၁၆) ဦးမြောက်ဖြစ်တဲ့အတွက် (၄)နဲ့စားရင် ပြတ်တယ်။

 

= ဂျိမ်းစ် ဂါဖီးလ် ဟာ (၂ဝ) ဦးမြောက်ဖြစ်တဲ့အတွက် (၄)နဲ့စားရင် ပြတ်တယ်။

 

= ဖရင်ကလင် ဒီ ရုစဗဲ့လ် ဟာ (၃၂) ဦးမြောက်ဖြစ်တဲ့အတွက် (၄)နဲ့စားရင် ပြတ်တယ်။

 

= ရော်နယ်ရီဂင် ဟာ (၄ဝ) ဦးမြောက်ဖြစ်တဲ့အတွက် (၄)နဲ့စားရင် ပြတ်တယ်။

 

သီအိုဒို ရုစ်စဗဲ့လ် နဲ့ ဂျွန် အက်ဖ် ကနေဒီ ကျတော့ (၂၆) ဂဏန်း နဲ (၃၅)ဂဏန်းတွေဖြစ်ပြီး (၄)နဲ့ စားလို့မပြတ်ပေမယ့် (၄) ဂဏန်းနဲ့ မတည့်ဆုံးဖြစ်တဲ့ (၈) ဂဏန်းရတဲ့ (၂၆) နဲ့ (၃၅)ဦးမြောက် သမ္မတတွေ ဖြစ်နေပြန်တော့ သူလည်း ဒီကံကြမ္မာထဲမှာ ပါဝင်ပတ်သက် နေတယ်လို့ ဆိုရပါမယ်။ (၄) ဂဏန်း နဲ့ (၈) ဂဏန်းဟာ လုံးဝ မတည့်ကြတာကိုတော့ သင်္ချာဗေဒ လေ့လာဘူးတဲ့သူတိုင်း သိလောက်ပါတယ်။

 

(၄) ဂဏန်း နဲ့ (၈) ဂဏန်း (ယူရေးနပ်စ် နဲ့ စနေဂြိုဟ်) ဟာ ကမ္ဘာ့ရန်သူဖြစ်ကြတာကို ကျွန်တော် နောက်ပိုင်းမှာ တင်ပြပါဦးမယ်။ အထက်ကပြောခဲ့သလို (၄)နဲ့ စားရင် ပြတ်တဲ့ အကြိမ်တွေမှာရယ်၊ ပေါင်းလိုက်ရင် (၈) ဂဏန်းကျတဲ့ အကြိမ်တွေမှာရယ် ရွေးကောက် တင်မြှောက် ခံရတဲ့ သမ္မတွေဟာ ကံဆိုးကြမ္မာဆိုးတွေနဲ့ တွေ့တတ်ကြတာဟာ တိုက်ဆိုင်မှု တစ်ခုလို့ပြောချင်ပြောနိုင်ပေမယ့် တိုက်ဆိုင်လွန်းတယ်လို့ကော မဆိုနိုင်ဘူးလားခင်ဗျာ။

 

အခုတက်လာမယ့် ဘားရတ် အိုဘားမားကျတော့ကော – ?

 

(၄၄) ဦးမြောက်ဖြစ်တဲ့အတွက် (၄)နဲ့ စားရင် ပြတ်နေပြန်ပါတယ်။ ပိုဆိုးတာက (၄၄) ဂဏန်းနှစ်လုံးကို ပြန်ပေါင်းရင် (၄+၄)=၈ ဖြစ်နေတာပါဘဲ။ သူရဲ့ တွဲလုံးက (၄)နဲ့စားရင်လည်းပြတ်၊ ပေါင်းရင်လည်း (၈)ဂဏန်း ရဆိုတာဆိုတော့ “သမ္မတ လင်ကွန်းတို့၊ ဂျိမ်းစ်ဂါဖီးလ်တို့၊ ရော်နယ်ရီဂင် တို့လို ကံကြမ္မာမျိုးသာမက၊ သီအိုဒို ရုစ်စဗဲ့လ် နဲ့ ဂျွန်အက်ဖ်ကနေဒီတို့ရဲ ကံကြမ္မာမျိုးပါ” နှစ်မျိုးစလုံး ပါဝင်နေတာကို တွေ့ရပါတယ်။

 

သချာၤဗေဒပညာရှင်တွေဟာ (၄)ဂဏန်း နဲ့ (၈)ဂဏန်းအတွဲတွေဖြစ်တဲ့ (၄၄) တို့ ၊ (၄၈) တို့ (၈၄) တို့ကို သိပ်ကြောက်ကြပါတယ်။ ဒီဂဏန်းနှစ်လုံးတွဲမိရင် ပြဿနာကြီးတွေဖြစ်တတ်ပါတယ်။

 

နောက်တိုက်ဆိုင်မှုက အိုဘားမားကိုယ်တိုင်က (၄)ဂဏန်းသမား။ သြဂုတ်လ (၄)ရက်နေ့မှာမွေးတယ်။ ပြီးတော့ အခု သမ္မတပြိုင်ပွဲမှာ အနိုင်ရတဲ့ အသက်ပိုင်းက (၄၈)နှစ်။ (၄) နဲ့ (၈) အတွဲဘဲ။ နောက်ပြီးရွေးကောက်ပွဲ လုပ်တဲ့နေ့ကလည်း နိုဝင်ဘာလ (၄)ရက်နေ့လေ။

 

နောက်ပြီး အဲဒီရွေးကောက်ပွဲနေ့မှာ ကောင်းကင်ဂြိုဟ်သွားအရ ကုံရာသီမှာရှိတဲ့ ယူရေးနပ်စ်ဂြိုဟ် နဲ့ သိဟ်ရာသီမှာရှိတဲ့ စနေဂြိုဟ်တို့ဟာ (၁၈ဝံ) ဒီဂရီ (သမသတ်အမြင်) နဲ့ ဒီဂရီ အတိအကျ မြင်နေတာကို တွေ့ရပါတယ်။ ယူရေးနပ်စ်ဂြိုဟ်ဆိုတာ (၄)ဂဏန်း ပိုင်တဲ့ဂြိုဟ်ဖြစ်ပြီး စနေဂြိုဟ်ကတော့ (၈)ဂဏန်းကို ပိုင်ပါတယ်။ (၁၈ဝံ) ဆိုတဲ့ သမသတ်အမြင်ကတော့ အနောက်တိုင်းနက္ခတ်ဗေဒင်ပညာမှာ အဆိုးဆုံး ဂြိုဟ်မြင်ဖြစ်ပါတယ်။

 

ဒါတွေကို ခြုံပြီး သုံးသပ်ရရင် အိုဘားမားဟာ (၄)နဲ့စားရင် ပြတ်တဲ့အတွဲထဲမှာ ဝင်နေပြီး ပေါင်းလိုက် ရင်လည်း (၈)ဂဏန်းဖြစ်တဲ့ (၄၄)ဦးမြောက် သမ္မတဖြစ်နေတဲ့အတွက် အတော်ရင်လေးစရာပါ။ သမ္မတလင်ကွန်း၊ ဂျိမ်းစ်ဂါဖီးလ်၊ သီအိုဒိုရုစ်ဗဲ့လ်၊ ဂျွန်အက်ဖ်ကနေဒီ၊ ရော်နယ်ရီဂင်တို့ရဲ့ ကံကြမ္မာမျိုးကနေ လွတ်မြောက် နိုင်ပါ့မလား။

 

ဒါနဲ့ပတ်သက်ပြီး ရယ်စရာလိုလိုနဲ့ တကယ့်ဖြစ်ရပ်မှန်တစ်ခုက သေနတ်ပစ်ခံရပြီး မသေဘဲ လွတ်မြောက် လာတဲ့ သမ္မတ ရော်နယ်ရီဂင်ဟာ (၄)နဲ့စားရင် ပြတ်တဲ့ (၄ဝ)ဦးမြောက် သမ္မတဖြစ်နေတော့ သူရဲ့ ကံကြမ္မာ မကောင်းတာကို ယတြာချေတဲ့အနေနဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်မှာ သူဟာ (၁ဝ)မိနစ်လောက် ရှာမတွေ့ဘဲ ပျောက်နေပြီး သတ်မှတ်ထားတဲ့အချိန်ထက် (၁ဝ)မိနစ်နောက်ကျ ပြီးမှ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ (အိမ်ဖြူတော် တနေရာရာမှာ ယတြာချေနေတယ်နဲ့ တူပါတယ်)

ဒါကြောင့် သူဟာ သေနတ်ပစ်ခံရပေမယ့်လည်း မသေဘဲ လွတ်မြောက် လာတာလို့လည်း ပြောကြပါတယ်။ ရော်နယ်ရီဂင်ရဲ့ မိခင်ဖြစ်သူဟာ နက္ခတ်ဗေဒင် ကျွမ်းကျင်သူတစ်ဦးဖြစ်တယ်လို့ လည်းဆိုကြပါတယ်။ ဒီယတြာကို သူ့မိခင်က ပြုလုပ်ပေးတာလို့ ပြောကြပါတယ်။ ဒါက အရပ်စကားလည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ ဂဏန်းဗေဒင်ပညာအရ ဘားရတ်အိုဘားမားအတွက် အခုရောက်ဆဲ အသက် (၄၈) နှစ် ဟာ (၄)ဂဏန်း နဲ့ (၈)ဂဏန်း အတွဲဖြစ်ပြီး ၊ (၄၉) နှစ်ကျတော့ ပေါင်းကိန်းဟာ (၄) ပြန်ကျနေတာကြောင့် ဒီအသက် ပိုင်းတွေမှာ (ဂဏန်းဗေဒင်အမြင်အရ) ပြဿနာကြီးတွေ ကြုံတွေ့နိုင်ပြီး အဆင်မသင့်ရင် အသက်ကိုတောင် ရန်ရှာ ခံရနိုင်ကြောင်း၊ သူ့အရင် သမ္မတတွေတုန်းကလည်း ဒီလို အသက်ကို ရန်ရှာ ခံခဲ့ရကြောင်းကို တင်ပြလိုပါတယ်။

အထူးသဖြင့် အခု ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ နဲ့ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ၊ ဧပြီလ၊ ဇွန်လ နဲ့ အောက်တိုဘာလတွေမှာ ကံမကောင်းနိုင်ကြောင်း တင်ပြလိုက် ရပါတယ်ခင်ဗျား။

ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

You May Also Like
Read More

(6 ဂဏန်းသမားများ အကြောင်း တစေ့တစောင်း)

အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။…
Read More

(1)ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

ယနေ့သည် ကိုသိန်းဖေ အလည်လာမည့်နေ့ဖြစ်လေသည်။ သို့သော် ကျွနု်ပ်စဉ်းစားမိသည်မှာ ယခု အပတ်စဉ် စနေ၊တနင်္ဂနွေ တင်ဆက် နေသော မဟာကာလကြီးသည် လူတိုင်းနှင့် လက်လှမ်းမမှီ။ ပညာ လိုက်စား နေဆဲသူများသာ နားလည် နိုင်မည်ဖြစ်သောကြောင့်…