မြန်မာ့ရိုးရာ သက္ခတ်ဗေဒင်ပညာနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးခဲ့တဲ့ “ဒုက္ခပေးတဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးစနေ အပိုင်း (၁) နဲ့ အပိုင်း (၂) ကို လေ့လာ ဖတ်ရှုပြီးသူများအနေနဲ့ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်များရဲ့ ဒုက္ခပေးတတ်တဲ့ သဘောတရားလေးတွေကို ပြန်ပြီးမှတ်မိကြပါလိမ့် ဦးမယ်။ အသက် (၃၅)နှစ်ကျော်ပြီးခန့် လူတစ်ယောက် ဆိုရင်တော့ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်များရဲ့ အတွင်း (အနည်းဆုံး) ၃ကြိမ်လောက် ဖြတ်သန်းပြီးပြီမို့ ဒီဂြိုဟ်တွေရဲ့ ဒုက္ခပေးမှုကို အနည်းနဲ့ အများ ခံစားကြဘူးကြမှာပါ။
ဒီကနေ့ ဆောင်းပါးမှာ အဲဒီ “အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်ဂြိုဟ်(၃)လုံးအနက် “အင်္ဂါဂြိုဟ် သက္ခတ်”အကြောင်းကို အထူးအလေးပေး တင်ပြလိုပါတယ်။ အင်္ဂါသက္ခတ်ဟာ “လောကဓံ(၈)ပါး ဗေဒင်” မှာ “လောကုတ္တရာနယ်ပယ်” ကို စ, တင် ဝင်ရောက်လာတဲ့ “စပ်ကူးမတ်ကူး” ကာလဖြစ်တယ်။
ရှေ့လာမယ့် သက္ခတ်အဆိုး (၃)ခုဖြစ်တဲ့ ဗုဒ္ဓဟူး ၊ စနေ နဲ့ ကြာသပတေး တို့ဟာ “ကောင်းမလား ၊ ဆိုးမလား” ဆိုတာကို “အင်္ဂါဂြိုဟ်သက္ခတ်” အတွင်း ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ တွေးခေါ်ကြံစည် ၊ လုပ်ကိုင်ဆောင်ရွက် ၊ ဆုံးဖြတ်မှုတွေ ဟာ အတော်လေး အရေးပါတာကို ကျွန်တော် သတိထားမိလာပါတယ်။
အင်္ဂါသက္ခတ်ဟာ ပြောခဲ့သလိုဘဲ ဒီသက္ခတ်ထဲ ရောက်လာရင် လူတွေဟာ စိတ်ကစား လာတတ်ကြတယ်။ အပြောင်းအလဲ တစ်ခုခု လုပ်ချင်လာတတ်ကြတယ်။ လက်ရှိ အလုပ်မှာ အဆင်ပြေနေတဲ့ သူကလည်း ဒီထက် အဆင်ပြေမယ့် လုပ်ငန်းတစ်ခုခုကို ကြံစည်လာ တတ်ကြတယ်။ လက်ရှိ အလုပ်မှာ အဆင်မပြေဖြစ်နေတဲ့ သူကလည်း လက်ရှိအလုပ်ကို “စုံကန်” ပြီး နောက်လုပ်ငန်းတစ်ခုကို စိတ်ဝင်စား လာတတ်ကြတယ်။
လက်ရှိမြို့ရွာ/နိုင်ငံမှာ နေထိုင်နေကြသူတွေကလည်း နောက်ထပ် မြို့ရွာ/နိုင်ငံတစ်ခုကို ရွှေ့ဖို့ ပြောင်းဖို့ ကြိုးစားလာတတ် ကြပြန်တယ်။ (ဒီအထဲမှာ ထူးထူးခြားခြား လက်ရှိ မယားကြီးကို စိတ်ကုန်ပြီး နောက်ထပ် မယားလေးကို အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေကြသူတွေလည်း ပါသဗျ)
နောက်ဆုံး ပြောရရင်တော့ “အင်္ဂါသက္ခတ်” ထဲမှာ အပြောင်းအလဲ လုပ်သူ (၇၅)% လောက်ကတော့ “သေချင်တဲ့ကျား တောပြောင်း” ဖြစ်သွားကြတာကို အတွေ့ရ များလှပါတယ်။ သူ့ဟာသူ ကိုယ်တစ်ယောက်ထဲ ကြီးပွားဖို့ ပြောင်းပြောင်း ၊ ကိုယ့်မိသားစု ကြီးပွားဖို့ ပြောင်းပြောင်း ၊ မိဘကို ကျေးဇူးဆပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဘဲ ပြောင်းပြောင်း အများစုကတော့ ဒီအပြောင်းအလဲအတွက် ငွေကြေး ၊ ကျန်းမာရေး ၊ စိတ်ပျော်ရွှင်ချမ်းမြေ့မှု တစ်ခုမဟုတ် တစ်ခုမှာ အရှုံးကြီး ရှုံးကြတာ များလှပါတယ်။
ဒီ ဘလော့ဂ်လေးကို ဖွင့်ပေးလိုက်ပြီး ဗေဒင်အမေး/အဖြေ ကဏ္ဍကနေ လူပေါင်းများစွာရဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းပေးရင်း နဲ့ ရလာတဲ့ အတွေ့အကြုံတစ်ခုကတော့ –
နိုင်ငံရပ်ခြားကို အလုပ်လုပ်ဖို့ရည်ရွယ်ချက်နဲ့ ထွက်သွားပြီး တိုင်းတပါးမှာ အဆင်မပြေဘဲ ဒုက္ခမျိုးစုံ ကြုံနေသူ အတော်များများဟာ “အင်္ဂါသက္ခတ်” ထဲမှာ ထွက်လာခဲ့ကြတဲ့သူတွေ များလွန်းလှတာကို တွေ့ရပါတယ်။ အခြား သက္ခတ်ထဲမှာ ထွက်လာပြီး အဆင်မပြေ ကြတာတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် အရေအတွက်ခြင်း ယှဉ်လိုက်ရင် အင်္ဂါသက္ခတ်ထဲမှာ ထွက်လာသူတွေက မယှဉ်နိုင်ပါဘူး။ အင်္ဂါသက္ခတ် အပြောင်းအလဲမှာ ဒုက္ခရောက်သူတွေက သိသိ သာသာကြီး ကို များနေပါတယ်။
ဒီလို အင်္ဂါသက္ခတ်ထဲမှာ အစ, မကောင်းခဲ့တာက ဒီတစ်နှစ်နဲ့ပြီးသွားသလား ဆိုတော့လည်း မပြီးဘူးဗျ။ ဒီလို အဆင်မပြေဖြစ်တဲ့ “လိမ်ဖယ်လိမ်ဖယ်” ဖြစ်စဉ်ကြီးဟာ “ဗုဒ္ဓဟူးသက္ခတ်” “စနေသက္ခတ်” များကိုပါ ဆက်လက်ဖြတ်သန်းသွားပြီး အဆင်မသင့်ရင် တစ်ဝက်ကောင်း/တစ်ဝက်ဆိုး ဆိုတဲ့ “ကြာသပတေး” သက္ခတ်ထိအောင် “ဒရွတ်ဆွဲပြီး” ပါသွားတတ်သဗျ။
နောက်တစ်မျိုးရှိသေးတယ်။ အင်္ဂါသက္ခတ်ထဲမှာ အပြောင်းအလဲ တစ်ခုကို လုပ်လိုက်တယ်။ အဆင်ပြေသွားတယ်။ ပြေတာမှ တစ်ဟုန်ထိုး အဆင်ပြေတာ။ အိုကေမှာ စိုပြေလို့။ အင်္ဂါ သက္ခတ်ပြီးလို့ ဗုဒ္ဓဟူးသက္ခတ်မှာလည်း ဘာမှမဖြစ်ဘူး။ ကောင်းမြဲ ကောင်းလျှက်ဘဲ။ အဲဒီနောက် စနေသက္ခတ် မှာလည်း အောင်လံထူဆဲပါဘဲ။ အဲ – နောက်ဆုံး “ကြာသပတေးသက္ခတ်” လည်း ရောက်ရော “အလဲ၊ အကွဲ” ဖြစ်တော့တာပါဘဲ။ အင်္ဂါ၊ ဗုဒ္ဓဟူး ၊ စနေ ကာလမှာ ရှာဖွေ စုဆောင်းထားသမျှ ပြုတ်ပြုတ်ပြုန်းကုန်တော့ တာပါဘဲ။ စီးပွားမဖြစ်ရင် ကျန်းမာရေး “ထိ” ပါလေရော။ ဒါမျိုးလည်း ရှိသေးတယ်။
အင်္ဂါဂြိုဟ်ဟာ နံပါတ်က (၃)ဂဏန်း ၊ ဂြိုဟ်သက်က (၈)နှစ်ဖြစ်တာကြောင့် “အင်္ဂါသက္ခတ်” ကာလမှာ အလုပ်သစ်၊ အကိုင်သစ် ၊ အကြံအစည်သစ် ၊ ဘဝသစ် ထူထောင်မှုများဟာ ချက်ခြင်း အောင်မြင်တယ်ဆိုရင်တောင်မှ စိတ်မချရသေးပါ။ နောက်(၃)နှစ် အကြာမှာ ဖြစ်စေ ၊ နောက်ထပ် (၈)နှစ် အကြာမှာဖြစ်စေ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးများနှင့် ဘဝအပြောင်းအလဲကြီးများကို ဖြစ်စေနိုင်ပါသေးတယ်။ (တနင်္လာ နဲ့ အင်္ဂါ အစပ် ကာလပေါ့)
ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်ပြီးရင် ကိုယ့်မှာ လတ်တလော အလုပ်ပြောင်း ၊ နေရာပြောင်းဖို့ စိတ်ကူးနေပြီ၊ စ,လုပ်နေပြီဆိုရင် ကိုယ့်ရဲ့လက်ရှိအသက်ပိုင်းရဲ့ “သက္ခတ်”ဟာ “အင်္ဂါသက္ခတ်” များဖြစ်နေသလားဆိုတာ အရင် ဆန်းစစ်ကြည့်သင့်လှပါတယ်။ “အင်္ဂါသက္ခတ်” များဖြစ်နေပြီ ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်စစ်ဆေး ကြည့်ပါဦး။ ဒီ အပြောင်းအလဲဟာ တကယ်လုပ်ဖို့ လိုအပ်သလား လို့။
ဒီမှာ နေ့သား တစ်ဦးစီအတွက် ဘဝတစ်သက်တာအတွင်း “အင်္ဂါသက္ခတ်” ကို ရောက်မယ့် နှစ်လေးတွေပါ။
တနင်္ဂနွေသားသမီးများ = (၃)နှစ်၊ (၁၁)နှစ် ၊ (၁၉)နှစ် ၊ (၂၇)နှစ် ၊ (၃၅)နှစ် ၊ (၄၃)နှစ် ၊ (၅၁)နှစ် ၊ (၅၉)နှစ် ၊ (၆၇)နှစ် ၊ (၇၅)နှစ် ၊ (၈၃)နှစ် ၊ (၉၁)နှစ် ။
တနင်္လာသားသမီးများ = (၂)နှစ်၊ (၁၀)နှစ် ၊ (၁၈)နှစ် ၊ (၂၆)နှစ် ၊ (၃၄)နှစ် ၊ (၄၂)နှစ် ၊ (၅၀)နှစ် ၊ (၅၈)နှစ် ၊ (၆၆)နှစ် ၊ (၇၄)နှစ် ၊ (၈၂)နှစ် ၊ (၉၀)နှစ် ။
အင်္ဂါသားသမီးများ = (၁)နှစ်၊ (၉)နှစ် ၊ (၁၇)နှစ် ၊ (၂၅)နှစ် ၊ (၃၃)နှစ် ၊ (၄၁)နှစ် ၊ (၄၉)နှစ် ၊ (၅၇)နှစ် ၊ (၆၅)နှစ် ၊ (၇၃)နှစ် ၊ (၈၁)နှစ် ၊ (၈၉)နှစ် ။
ဗုဒ္ဓဟူးသားသမီးများ = (၈)နှစ်၊ (၁၆)နှစ် ၊ (၂၄)နှစ် ၊ (၃၂)နှစ် ၊ (၄၀)နှစ် ၊ (၄၈)နှစ် ၊ (၅၆)နှစ် ၊ (၆၄)နှစ် ၊ (၇၂)နှစ် ၊ (၈၀)နှစ် ၊ (၈၈)နှစ် ၊ (၉၆)နှစ် ။
ကြာသပတေးသားသမီးများ = (၆)နှစ်၊ (၁၄)နှစ် ၊ (၂၂)နှစ် ၊ (၃၀)နှစ် ၊ (၃၈)နှစ် ၊ (၄၆)နှစ် ၊ (၅၄)နှစ် ၊ (၆၂)နှစ် ၊ (၇၀)နှစ် ၊ (၇၈)နှစ် ၊ (၈၆)နှစ် ၊ (၉၄)နှစ် ။
သောကြာသားသမီးများ = (၄)နှစ်၊ (၁၂)နှစ် ၊ (၂၀)နှစ် ၊ (၂၈)နှစ် ၊ (၃၆)နှစ် ၊ (၄၄)နှစ် ၊ (၅၂)နှစ် ၊ (၆၀)နှစ် ၊ (၆၈)နှစ် ၊ (၇၆)နှစ် ၊ (၈၄)နှစ် ၊ (၉၂)နှစ် ။
စနေသားသမီးများ = (၇)နှစ်၊ (၁၅)နှစ် ၊ (၂၃)နှစ် ၊ (၃၁)နှစ် ၊ (၃၉)နှစ် ၊ (၄၇)နှစ် ၊ (၅၅)နှစ် ၊ (၆၃)နှစ် ၊ (၇၁)နှစ် ၊ (၇၉)နှစ် ၊ (၈၇)နှစ် ၊ (၉၅)နှစ် ။
ရာဟုသားသမီးများ = (၅)နှစ်၊ (၁၃)နှစ် ၊ (၂၁)နှစ် ၊ (၂၉)နှစ် ၊ (၃၇)နှစ် ၊ (၄၅)နှစ် ၊ (၅၃)နှစ် ၊ (၆၁)နှစ် ၊ (၆၉)နှစ် ၊ (၇၇)နှစ် ၊ (၈၅)နှစ် ၊ (၉၃)နှစ် ။
(မှတ်ချက်။ ။ ဗုဒ္ဓဟူးနေ့ မွန်းလွဲမွေးသူ “ရာဟုသားသမီး” များအတွက် လက်တွေ့ တွေ့ရှိချက်အရ “ဗုဒ္ဓဟူး သားသမီး” များအတိုင်း ရေတွက်ခြင်းက ပိုပြီး အမှန်များတတ်သည်။ လက်တွေ့ နှိုင်းယှဉ် တွက်ချက်ကြည့်စေလိုပါသည်)
ကဲ အထက်က အသက်ပိုင်းတွေအရ ကိုယ်ရောက်နေတာ “အင်္ဂါသက္ခတ်” ဖြစ်တ်ဆိုရင်တော့ – တကယ်မလိုအပ်ဘဲ စိတ်လေပြီး ပြောင်းချင် ရွှေ့ချင်တာမျိုး ဟုတ်မဟုတ် ပြန်လည် သုံးသပ်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မအောင်မြင်ဖို့ ၊ ဒုက္ခတွေ့ဖို့က (၇၅)% အထက်မှာ ရှိနေတယ်လေ။ အဆိုးလွတ်မယ့် (၂၅)% ထဲမှာ ခင်ဗျား ပါမယ်လို့ မျှော်လင့် ရင်တော့ ဆက်လုပ်ပေါ့ဗျာ။ ဒါပေမယ့် ပါ,မပါကို ဘယ်လိုလုပ် တိတိကျကျ သိနိုင်မလဲ။
သိနိုင်တဲ့ နည်း(၂)နည်းတော့ ရှိပါတယ်။
(၁) ခင်ဗျားဟာ (ဝ)ကြွင်း ၊ (၂)ကြွင်း ၊ (၃)ကြွင်း ၊ (၆)ကြွင်း နှစ်တွေမှာ ဖွားမြင်သူဖြစ်ရင် (ဘာနေ့သားဖြစ်ဖြစ်) ခင်ဗျားဟာ အဆိုးလွတ်မယ့် (၂၅)%ထဲမှာ ပါဖို့ သိပ်မလွယ်လှတော့ပါဘူး။
(၂) အဆိုးလွတ်မယ့် (၂၅)% ထဲမှာ ပါ,မပါကို “ဟူးရားဗေဒင်” နဲ့ ဆုံးဖြတ်ကြည့်ပါ။ “ဟူးရားဗေဒင်” မှာ အကျုံးဝင်တဲ့ “ဆန်းဗေဒင်” “အယူတော် မင်္ဂလာ” “အင်္ဂဝိဇ္ဇာ” “မဟာကာလကြီး” “ဟူးရားမဟာဘုတ်” စတဲ့ ပညာတွေကို တကယ်တတ်ကျွမ်းသူနဲ့ တိုင်ပင် ဆုံးဖြတ် ကြည့်ပါ။
ဒီနေရာမှာ “မူလဇာတာ” ထက် “ဟူးရားဇာတာ” က ပိုပြီးရှင်းလင်းပြတ်သားတဲ့ အဖြေကို ထုတ်ပေးနိုင်တယ်ဆိုတာ (ဘဝအတွေ့ အကြုံအရ) ကျွန်တော် ပြောရဲပါတယ်။
ကဲ – “အပြောင်းအလဲများတတ်တဲ့သူကြီး” ဆိုတဲ့ “အင်္ဂါသက္ခတ်” နယ်ပယ်ကို ရောက်နေကြသူများအတွက် မှန်ကန်တဲ့ ရွေးချယ်မှု ရွေးချယ်နိုင်အောင် အကြုံပြုဆောင်းပါးလေး ဖြစ်ပါတယ်။ မယုံကြည်သူများ ဆက်လုပ်ကြပါ ခင်ဗျား။
ယုံကြည်သူများအတွက် ဆက်လုပ်/မလုပ် ကို ဆုံးဖြတ်ပြီး ဆက်လုပ်လိုလျှင် “အဆိုးလွတ်(၂၅)% မှာ ကိုယ် ပါ,မပါ” ကို တတ်ကျွမ်းသူများ နဲ့ တိုင်ပင်ဆွေးနွေးသင့်ကြောင်း တင်ပြလိုက်ရပါသည်။ (နောက်ဆုံးတော့ အဆုံးအဖြတ် လုပ်ပေးဖို့ ကိစ္စက ဆောင်းပါးရေးသူ ကျွန်တော့်ဆီသို့ ပြန်လည်ရောက်ရှိလာမည်ကို ကြိုတင်မြင်ယောင်မိပါကြောင်း)
မှန်ကန်သော ရွေးချယ်မှု ပြုနိုင်ကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)