အကြွေစောတဲ့ “ပက်ထရစ် ဆွေဇီ”

ယနေ့ နံနက် သတင်းထဲမှာ ကမ္ဘာကျော် “Ghost” ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား “ပက်ထရစ် ဆွေဇီ”  တစ်ယောက် ကွယ်လွန် သွားရရှာပါပြီ။ ဒီဇာတ်ကားထဲမှာတော့ သူဟာ မမျှော်လင့်ဘဲ အသတ်ခံ လိုက်ရလို့ “တစ္ဆေဘဝ” ကို ရောက်သွားပြီး“ကောင်းမှု နဲ့ မကောင်းမှု” တို့ရဲ့ အားပြိုင်မှုကို လူသားတွေ သံဝေဂ ရအောင် ရိုက်ကူးသွားလို့ ကမ္ဘာကျော်ခဲ့ရတဲ့ ဇာတ်ကား တစ်ကားပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကဘဲ TV-5 ကနေ “Ghost” ဇာတ်ကား ပြန်လာလို့ ကြည့်လိုက် ရပါသေးတယ်။ အခုတော့ သူ တစ်ကယ် ကွယ်လွန်သွားရ ရှာပါပြီ။

မင်းသား “ပက်ထရစ်ဆွေဇီ” ကို 1952 ခုနှစ် သြဂုတ်လ (18) ရက်နေ့မှာ  အမေရိကန်နိုင်ငံ Texas ပြည်နယ် Houston မြို့မှာ မွေးဖွားခဲ့ပါတယ်။ ယခု သူကွယ်လွန်ချိန်မှာ အသက် (57)ပြည့်ပြီး (58) ထဲကို ဝင်ရောက်လာချိန် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ မဟာဘုတ် သက္ခတ်မှာတော့ “အင်္ဂါသက္ခတ်” ထဲမှာ ရောက်နေ ချိန်ဖြစ်ပါတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက္ခတ်တွေဟာ မကောင်းတဲ့ သက္ခတ်တွေဖြစ်တယ်ဆိုတာ ကျွန်တော့် ပို့စ်ထဲက “ဒုက္ခပေးတဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” ဆောင်းပါးမှာ ပြန်ကြည့်နိုင်ပါတယ်။ ကိုယ် ဘယ်သက္ခတ်ထဲ ရောက်နေတယ် ဆိုတာကြည့်ချင်ရင်တော့ “သက္ခတ်အလွယ်ကြည့်နည်း နှင့် ယတြာများ” ကို Download လုပ်ပြီး ဖတ်ကြည့် နိုင်ပါတယ်။

သူဟာ မဟာဘုတ် အကြွင်းဖွားအရ (ဝ)ကြွင်းဖွားဖြစ်ပြီး တနင်္လာ (သိုက်ဖွား) ဖြစ်ပါတယ်။ ယခု ရောက်ရှိနေတဲ့ “အင်္ဂါ” သက္ခတ်ဟာ နဂိုကတည်းက ဒုက္ခ ပေးတတ်တဲ့ ဂြိုဟ်ဖြစ်တဲ့အပြင် မဟာဘုတ်ခွင်မှာ “မရဏ” ခွင်မှာ ရှိတဲ့ဂြိုဟ်ဖြစ်လို့ ဆိုးအား ပြင်းထန်ပါတယ်။ အောက်က မဟာဘုတ်ခွင်ကို ကြည့်ပါ။

လူသားတွေကို ဒုက္ခပေးတတ်တဲ့ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” ဂြိုဟ် (၃)လုံးရှိတဲ့အနက် (ဝ)ကြွင်း မဟာဘုတ် သမားတွေမှာ စနေ(ဝ) နဲ့ အင်္ဂါ (၃) တို့ဟာ “ဘင်္ဂ” နဲ့ “မရဏ” ဌာနမှာ ရှိကြလို့ ခံစရာရှိရင် အခြားအကြွင်းဖွားတွေထက် ပိုခံရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် 1962 နှစ်ခု ဧပြီလ ဖွားဖြစ်လို့ (ဝ) ကြွင်းသမားဘဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝမှာ ကျန်းမာရေး အသည်းအသန်ဖြစ်တဲ့နှစ်တွေ ၊ စီးပွားရေး ကသောင်းကနင်းဖြစ်တဲ့ နှစ်တွေကို ပြန်လေ့လာ ကြည့်ရင် “အင်္ဂါ နဲ့ စနေ” သက္ခတ် မှာဘဲ များပါတယ်။

အခုလည်း (ဝ)ကြွင်းသမားဖြစ်တဲ့ “ပက်ထရစ် ဆွေဇီ” ဟာ “အင်္ဂါသက္ခတ်” ထဲမှာ ကွယ်လွန်သွားရရှာပါပြီး။ ဒါကြောင့် “မဟာဘုတ် နဲ့ သက္ခတ်” ပညာဟာ ရိုးရှင်းပေမယ့် အမှန်များတယ်။ တိုက်ဆိုင်မှုများတယ်။ မှန်ကန်မှုအရာမှာ “နက္ခတ်ဗေဒင်” ပညာကြီးတွေထက် အောက်မကျဘူးဆိုတာကို ဒီဆောင်းပါးလေးနဲ့ သက်သေပြလိုက်ပါတယ်။  “ပက်ထရစ် ဆွေဇီ” တစ်ယောက် “Ghost” ဇာတ်ကားထဲကလိုဘဲ မြင့်မြတ်တဲ့ ကောင်းကင်ဘုံနန်းကို ရောက်ရှိနိုင်ပါစေ လို့ ဆုတောင်း ပေးလိုက် ပါတယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…