သူ့ကို နိုင်လို ဆ, ကိုခို လိုရာဆေးဖေါ်သုံး

အင်္ဂဝိဇ္ဇာဗေဒင်ပညာဟာ မြန်မာနိုင်ငံမှာ ကုန်းဘောင်ခေတ်ဦးလောက်မှာ စတင်ပေါ်ပေါက်လာခဲ့ပုံ ရပါတယ်။ စတင် တီထွင်သူလို့ အသိအမှတ်ပြု ခံရသူကတော့ တောင်တွင်းကြီးမြို့နေ အတုလ “ခင်ကြီးဖျော်” လို့ အမည်နာမတွင်တဲ့ ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ဆရာတော် အတုလ ခင်ကြီးဖျော်နဲ့ ပတ်သက်ပြီး “ဝီကီမြန်မာ ဆိုဒ်” ထဲမှာ ဒီလို ရေးသားထား တာကို တွေ့ရပါတယ်။

ခင်ကြီးဖျော်

မကာရလောပ အကျော် ခင်ကြီးဖျော်သည် သက္ကရာဇ် ၁၀၆၈-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ နံနက် ၄ချက်တီးကျော်၌ တောင်တွင်းကြီး မြို့နယ်၊ မြို့လုလင်မြို့၏ မြောက်ဖက် ပုတီးကုန်းရွာသား အဖ ဦးတိုးပြေ+ အမိ ဒေါ်မယ်ကြာ တို့မှ ဖွားမြင်သည်။ ငယ်မည်မှာ မောင်ဖျော် ဖြစ်သည်။

ငယ်ဘဝ

မောင်ဖျော်သည် အသက် ၇-နှစ်အရွယ်တွင် မြို့လုလင်မြို့၊ ကန်ရိုး ကျောင်း ဘုန်းတော်ကြီးထံတွင် စာပေစတင်၍ သင်ကြားရာ မြန်မာ သင်ပုန်းကြီးကို နေ့ချင်းညချင်း တခဏအတွင်း တတ်မြောက်လေသည်။ သုံးလအတွင်း ပရိတ်ကြီး ၊ နမက္ကရ၊ လောကနီတိဇာတ်ကြီးဆယ်ဘွဲ့ ပါဠိ အနက်တို့ကို နှုတ်တက်ဆောင်၍ သဘောသဘာ၀ တို့ကိုလည်း မိမိရရ သိရှိလှသဖြင့် မေးသမျှ ခဲရာခက်ဆစ် တို့ကို ရုတ်တရက်ဖြေဆို နိုင်ပေသည်။

၁၀-နှစ်သားအရွယ်တွင် ကန်ရိုးကျောင်း ဆရာတော်ကို ဥပဇျွာယ်ပြု၍ ရှင်သာမဏေ ဘဝမှာ သဒ္ဒါ၊ သင်္ဂြိုဟ်၊ မာတိကာ၊ ဓာတုကထာ၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာတို့ကို ကောင်းစွာ သင်ကြားတတ်မြောက်သဖြင့် ဆရာသမားတို့၏ ချီးကျူး မြှောက်စားခြင်းကို ရရှိလေသည်။

အသက် ၂၀ ပြည့်သောအခါ ရဟန်းဘောင်သို့ တက်၍ ရှင်သာမဏေဘဝက ရရှိမှည့်ခဲ့သော ရှင်ဉာဏဘွဲ့မှ ဦးဉာဏ ဘွဲ့သို့ မှည့်ခဲ့သော်လည်း ရဟန်းဘွဲ့ ဦးဉာဏ အမည်မှာ မထင်ရှား မကျော်စော၊ ငယ်မည် မောင်ဖျော်မှ ရဟန်းဖြစ်သဖြင့် `ခင်ကြီးဖျော်´ဟူ၍သာ ကျော်စောထင်ရှားလေသည်။ ရဟန်းအဖြစ်သို့ ရောက်လျှင် တောင်တွင်းကြီးသို့ သွား၍ စာတတ်အကျော် ဆရာတော်ဘုရားကြီးများထံ နည်းခံ၍ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို ကျနသေချာစွာ သင်ယူပြီးလျှင် ဗေဒင်၊ သက္ကဋ၊ ဓာတ်ဗိန္ဓောပညာ၊ ကဗျာ၊ လင်္ကာ စသည် တို့ကိုလည်း ခဏလွယ်ကူ တတ်မြောက်တော်မူသဖြင့် နိုင်ငံပေါ်တွင် အလွန်တရာ ထင်ရှား ကျော်ကြားလေသည်။

ထိုသို့ လောကီ/လောကုတ္တ နှစ်လီစွယ်စုံ ပြည့်စုံလုံလောက် ကျမ်းဂန် တတ်မြောက်သော်လည်း အားရတင်းတိမ်ခြင်း မရှိဘဲ၊ လွန်ကဲသော ဆန္ဒအလျောက် ရဟန်း ၅-ဝါမြောက်တွင် ပေါက္ကံပြည် ရွှေကျောင်းဆရာတော် ဘုရားထံသို့ သွားရောက်၍ သဒ္ဒါဘက် ဆိုင်ရာ ဘေဒစိန္တာ၊ သဒ္ဒနီတိ၊ ရူပသိဒ္ဓိ အစရှိသော ပါဠိ သဒ္ဒါ အဖြာဖြာတို့ကို ကျနသေချာ ဝေဖြာသိရှိ ထိမိအောင် သင်ကြားတော်မူပြန်သဖြင့် သဒ္ဒါအရာ ရည်တူမရှိ၊ ကဝိတန်ခွန် ထူးချွန်ပြောင်မြောက် မုံသောက်မာတင် အာဇာနည်ဝင် ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ခင်ကြီးဖျော်မှာ ရွှင်သောဉာဏ်၊ ထက်သောဉာဏ်၊ နက်သောဉာဏ်၊ စူးရှထိုးထွင်းသောဉာဏ် တို့နှင့် ကုန်စင် အောင် စုံလင်ပြည့်ဝသဖြင့် မသိလှသောအရာ၊ မတတ်သောအရာ မရှိ သလောက်ဖြစ်၍ သာသနာဝင် ပညာရှိ အဆက်ဆက် တို့က မတစ်လုံးကျေသော`မကာရလောပ ခင်ကြီးဖျော်´ဟူ၍ ခေါ်စမှတ် ပြုကြသည်။

ထိုသို့ တူမတူအောင် လောကဓမ္မ နှစ်ဌာနတွင် တတ်ကျွမ်းလှသော ဂုဏ်၊ သီလ.သမာဓိ.ပညာဂုဏ် တို့နှင့် ပြည့်စုံတော် မူသောကြောင့် နေ လအသွင် အလွန်ထင်ရှားသဖြင့် `လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်း ဆောင်´ဆိုသလို လူအများ၏ နှုတ်ဖျားမှ တဆင့်စကား ပေါက်ကြား၍ သွားကာ ၁၁၁၆-ခုနှစ်မှာ အလောင်းမင်း တရားကြီးနှင့် သားတော်ကြီး အိမ်ရှေ့ဥပရာဇာ တို့က ရတနာသိင်္ဃ ကုန်းဘောင်မြို့သို့ ပင့်ဆောင်ပြီးလျှင် `ဉာဏာ လင်္ကာရ သဒ္ဓမ္မ သေနာပတိ မဟာဓမ္မရာဇဂုရု´ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းသည်။ ရတနာ ရွှေဘုံတုလွှတ်ကျောင်း တော်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းသည်။

ထို့နောက် သံဃရာဇာ သာသနာပိုင် အဖြစ်သို့ တင်မြှောက်ခံရသည့်အပြင် လောကီ၊ လောကုတ္တရာ အဖြာဖြာတို့၌ တူမတူအောင်၊ အတုမရှိအောင် တတ်မြောက်တော်မူသဖြင့် `အတုလဆရာတော် ခင်ကြီးဖျော်´ဟူ၍လည်း ရှင်လူအများတို့က ခေါ်ဝေါ်ကြသည်။

ပြုစုသောကျမ်းဂန်များ

သဒ္ဒါဘက်ဆိုင်ရာ ပုဒ်စစ် သုတ်စစ် သဒ္ဒါစစ် နည်းလေးဆယ်၊ သံဝဏ္ဏနာများကို မြန်မာစကားသွား တိတိကျကျ မိမိရရ ရေးသားသောကြောင့် မြန်မာစာအရာ၊ သဒ္ဒါအရာမှာ ကျေးဇူးများသဖြင့် ယခုထက်ထိ သာသနာတော်မှာ အစဉ်အဆက် သင်ကြား၍ ထင်ရှားသော ကျမ်းတစ်စောင် ဖြစ်လေသည်။ ထို့အပြင် အဘိဓမ္မာ အကောက်ကျမ်းများ၊ ဆေးကျမ်းများ၊ ဓာတ်ကျမ်းများ၊ နက္ခတ်ကျမ်းများ၊ ဗေဒင်ကျမ်းများနှင့် အင်းအိုင် တောတောင် မြို့ပြဆိုင်ရာ ဗဟုသုတများစွာပါသော ဇမ္ဗူ့တန်ဆောင်ကျမ်း၊ ဇမ္ဗူကွန်ချာကျမ်း၊ကဝေသာရကျမ်း၊ ရတုလင်္ကာများ၊ ဆုံးမစာများကို ရေးသားတော်မူခဲ့သည်။

ထို့အပြင် မင်းလက်ဝဲသုန္ဒရ၊ မင်းလက်ဝဲ နော်ရထာ စသော အမတ်ပညာရှိများ မေးလျှောက်ထားသော အမေးပုစ္ဆာ ပြဿနာများကိုလည်း တခဏအတွင်း ရုတ်ခြည်း ဖြေဆိုတော်မူသည်။ ထိုအမေးအဖြေများ ပါသော `အမေးတော်အဖြေကျမ်း´များလည်း မှတ်သားဘွယ်ရာ အနှစ်သာရ အတိနှင့် ပြည့်စုံလျှက် ရှိပေသည်။ ဤမျှ မကသေး သီဟို၊ ယိုးဒယား၊ တရုတ်၊ ဇင်းမယ်၊ ကသည်း၊ မဏိပူရပြည်များက မေးအပ်သောပုစ္ဆာ ပြဿနာများ ကိုလည်း ကောင်းစွာ လွယ်ကူ ဖြေဆိုတော်မူသည်။

ဘဝနိဂုံး

မိမိတကာတော်ရင်း ဖြစ်သော နောင်တော်ကြီးမင်း လက်ထက် သက္ကရာဇ်၁၁၂၄-ခု၊ သက်တော် ၅၆-နှစ်၊ ဝါတော် ၃၆-ဝါ တွင် လေရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသည်။

ဒါကတော့ မြန်မာဝီကီပိဒီယ အွန်လိုင်းစွယ်စုံကျမ်းက ရေးသားချက်တွေဖြစ်ပါတယ်။ ဆရာတော် ခင်ကြီးဖျော် ဟာ တစ်ခေတ် တစ်ယောက် ဆိုလောက်တဲ့ ပုဂ္ဂိုလ်ထူး တစ်ပါးဖြစ်ပါတယ်။ ဒီခေတ်အခေါ်လို ဆိုရင်တော့ Super Genius လို့ ခေါ်ရမယ် ထင်ပါတယ်။ ဒီ မြန်မာဝီကီပိဒီယ ထဲမှာ မပါသေးတဲ့ ဆရာတော်ရဲ့ အကြောင်းတွေလည်း ရှိပါသေးတယ်။

ဆရာတော်ဟာ ဒီလို မတတ်တာ၊ မသိတာ မရှိတဲ့ “မ,တစ်လုံးကြေ ဆရာတော်” ဆိုပြီး နာမည်ကြီးနေချိန်မှာ ပညာစမ်းလိုသူ လူနှစ်ယောက်က ဘုန်းကြီးနဲ့ မလှမ်းမကမ်းနေရာကနေ “ဘုန်းကြီးဆိုတာ သီချင်းဂီတပညာတွေကျရင် (သံဃာတွေနဲ့ မအပ်စပ်လို့) ဒါတွေကိုတော့ သိမှာ မဟုတ်ပါဘူး” လို့ မကြားတကြား ပြောသတဲ့။ ဒါကို ခင်ကြီးဖျော်က ကြားတော့ “မင်းတို့ တီးမှုတ်တဲ့ တူရိယာ ပစ္စည်းတွေ အားလုံးယူခဲ့ကြစမ်း” လို့ မိန့်သတဲ့။

ဒါနဲ့ စောစောက ဒကာနှစ်ယောက်လည်း ဆိုင်းဝိုင်းကြီးကိုပါ မ, လာကြတော့တာပေါ့။ ဒါနဲ့ ဆိုင်းဝိုင်းထဲက တူရိယာတစ်မျိုးစီကို တီးမှုတ်စေပြီး သေချာစွာ နားထောင်ပါသတဲ့။ ပတ်ဝိုင်းသမားကလည်း ပတ်ဝိုင်း၊ နှဲသမားကလည်း နှဲ၊ ကြေးနောင် သမားကလည်း ကြေးနောင်၊ ပတ္တလားသမားကလည်း ပတ္တလား၊ ဗုံသမားကလည်း ဗုံပေါ့ အသီးသီး ကိုယ်ကျွမ်းကျင်သလောက် တီးမှုတ်ပြကြ စေပါသတဲ့။

ဆရာတော်က သေသေချာချာဘဲ နားစိုက်ထောင်နေပါတယ်။ နောက်ဆုံးမှ ပေရွက်ပေါ်မှာ ကညစ်နဲ့  (၃)ပေါက်သံ၊ (၄)ပေါက်သံ၊ (၆)ပေါက်သံ စတဲ့ “ဂီတသင်္ကေတ” တွေကို ရေးချလိုက်ပြီး တေးသွားတစ်ခုကို ဖန်တီးလိုက်ပါတယ် တဲ့။ ပြီးရင် ပတ်ဝိုင်း သမားကို ဒီနေရာမှာ ဒီလိုတီး၊ နှဲသမားကို ဒီနေရာမှာ ဒီလိုမှုတ်၊ ကြေးနောင်သမား, ပတ္တလားသမားတွေကို လည်း ဘယ်နေရာမှာ ဘယ်လိုဝင်၊ ဘယ်လိုထွက် ဆိုတာတွေ ညွှန်ကြားပြီး စတင် တီးမှုတ်စေကြတဲ့အခါ “တစ်သက်လုံး ဂီတပညာနဲ့ ကြီးပြင်း လာတဲ့သူတွေတောင်မှ တစ်ခါမှ မကြားဘူးတဲ့ “နတ်တို့၏ တူရိယာများကို တီးမှုတ်သည့်အလား” သာယာ ညှင်းပျောင်း လှတဲ့ သီချင်းတစ်ပုဒ် ပေါ်ထွက်လာခဲ့ပါတယ်တဲ့။ ဝိုင်းအုံကြည့်ရှုနေကြတဲ့ လူပရိတ်သတ် များလည်း အားရနှစ်ထောင်း လက်ခုပ်သံ တဖြောင်းဖြောင်းပေါ့။ တီးမှုတ်နေတဲ့ ဂီတပညာရှင် တွေတောင်မှ ဒီတေးသံဟာ သူတို့ ကိုယ်တိုင် တီးခေတ် နေကြတာမှ ဟုတ်ရဲ့လားလို့တောင် မယုံကြည်နိုင်အောင် ဖြစ်ကြရပါသတဲ့။ ဆရာတော်ခင်ကြီးဖျော်ဟာ ဒီလို ပုဂ္ဂိုလ်ထူး ဖြစ်ပါတယ်။

တစ်ခါကလည်း တံငါသည် နှစ်ယောက်ဟာ ဒီလိုဘဲမကြားတကြားနဲ့ “ဘုန်းကြီးဆိုတော့ ပါဏာတိပါတာကံကို စောင့်ထိန်းရ  တာမို့ ငါတို့လို ငါးဖမ်းတဲ့ ပညာကိုတော့ တတ်မှာမဟုတ်ပါဘူးလို့” ပြောကြပြန်သတဲ့။ ဒါကို ခင်ကြီးဖျော်ကြားပြန်တော့ စောစောက တံငါ နှစ်ဦးကို ခေါ်ယူပြီး လှေပေါ်မှာ တင်ကာ ငါးဖမ်းပိုက်ကွန်ပစ်ပုံ၊ ဖမ်းယူပုံကို လေ့လာပါသတဲ့။ ခဏလောက် စောင့်ကြည့်ပြီး “ကြည့် – ငါ ပစ်ပြမယ်” ဆိုကာ စောစော တံငါသည်တွေ ကွန်ပစ်ပုံနဲ့ မတူတဲ့ ကွန်ပစ်ပုံနဲ့ ပစ်ပြီး ဖမ်းလိုက်တဲ့အခါ “တစ်သက်လုံး တံငါသည်အလုပ်နဲ့ အသက်မွေးလာတဲ့ တံငါသည်နှစ်ဦး စောစောက ကွန်ပစ်ပြီးရတဲ့ ငါးတွေထက် (၃)ဆ လောက် ပိုရတယ်လို့ သတင်းကျော်ကြားသွားပါတယ်။ ပြီးမှ ငါးတွေကို ပြန်လွှတ်လိုက်ပါတယ်။

ဆရာတော်ဟာ ဒီလို ပါရမီရှင်တစ်ဦးပါ။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ အနှစ်တစ်ထောင်အတွင်း တစ်ယောက် ပေါ်ပေါက်ဖို့ မလွယ်ပါဘူး။ သူနဲ့ ပတ်သက်ပြီး တင်ပြစရာတွေ အများကြီးရှိတဲ့အနက်က ယနေ့ “အင်္ဂဝိဇ္ဇာ ပညာ” ကို တင်ပြချင်ပါတယ်။ အင်္ဂဝိဇ္ဇာ ပညာ နဲ့ ခင်ကြီးဖျော် ဆိုတာဟာ ခွဲမရတဲ့ အတွဲတစ်ခုဘဲဖြစ်ပါတယ်။ ယနေ့ ဗေဒင်ဆရာတွေ “အင်္ဂဝိဇ္ဇာပညာ ဆိုရင် ဆရာတော်ခင်ကြီး ဖျော်ရဲ့ ပညာလို့” ဘဲ သိရှိထားကြပါတယ်။

ဗေဒင်ပညာနဲ့ နားစိမ်းနေသူတွေကတော့  “အင်္ဂဝိဇ္ဇာပညာ” လို့ ဆိုရင် လူတစ်ယောက်ရဲ့ “မျက်နှာ အင်္ဂရုပ်၊ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ အသံ၊ ပြောပုံဆိုပုံတွေကို ကြည့်ပြီး ဟောတဲ့ပညာလို့ အမှတ်မှားတတ်ကြပါတယ်။ လုံး၀ မဟုတ်ပါဘူး။ ဒီလို ကိုယ်လက်အင်္ဂါ တွေကို ကြည့်ပြီး ဟောတဲ့ပညာဟာ “အင်္ဂရုပ် ပညာ” သာ ဖြစ်ပါတယ်။ အင်္ဂဝိဇ္ဇာပညာ မဟုတ်ပါဘူး။

အင်္ဂဝိဇ္ဇာပညာဆိုတာကတော့ “တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ” တည်းဟူသော ဂြိုဟ်(၇)လုံးရဲ့ ပုံမှန် အစီအစဉ်ကနေ “ဆပွတ်” အစီအစဉ်နဲ့ ပြန်လည် နေရာချထားလိုက်ပြီး ဒီ ဆပွတ်ဂြိုဟ်ကို မူလ စတင် ရေတွက်တဲ့ဂြိုဟ်ကနေ “အပေါ်တစ်လုံး အောက်တစ်လုံး” ပြန်စီစဉ်နေရာချထားလိုက်တဲ့ “အင်္ဂဝိဇ္ဇာ” တိုင် ဆိုတာ ရရှိလာပါ တယ်။ “ဒါကို ခယားဇောက်တိုင်ထူတယ်” တနည်း “ ဆပွတ် ရိုက်တယ်” လို့လည်း ခေါ်ကြပါတယ်။

ဂြိုဟ်တွေကို “ဆပွတ်” အစီအစဉ်နဲ့ နေရာချထားမှုကို ဆရာတော် ခင်ကြီးဖျော် မပေါ်ပေါက်ခင်ကတည်းက ရှိနေခဲ့တဲ့  “အိန္ဒိယ” နိုင်ငံက နက္ခတ်ရှေးဟောင်းကျမ်းတွေမှာ တွေ့ရှိနေရတာမို့ ဒါဟာ ဆရာတော်ရဲ့ “မူ” အစစ်မဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီလို “အထက်တစ်လုံး၊ အောက်တစ်လုံး” ခယားစောက်တိုင် ထူသွားတာကတော့ ဆရာတော်ရဲ့ ဆင့်ပွားတီထွင်ခဲ့တဲ့ မူ အစစ် ဖြစ်ပုံရပါတယ်။ အထက်တစ်လုံး၊ အောက်တစ်လုံးချသွားတဲ့ “အင်္ဂဝိဇ္ဇာတိုင်” ကတော့ ဆရာတော် ခင်ကြီးဖျော်ရဲ့  နောက်ပိုင်းမှာ ထွက်တဲ့ ဘယ်နိုင်ငံခြား စာအုပ်မှာမှ မတွေ့ဘူးသေးပါ။ (ကျွန်တော် လေ့လာမိသလောက်ပေါ့။ တွေ့ရင်လည်း ပြောကြပါဦး)

အထက်က ဂီတပညာ၊ ငါးဖမ်းပညာတွေကို ဆင့်ပွားတီထွင်ခဲ့သလိုပေါ့။ ဆင့်ပွား ဆိုပေမယ့် ဆရာတော်ရဲ့ ပါရမီကြောင့် မူလပညာတွေထက် အစွမ်းပိုထက် နေတာကို တွေ့ရပါတယ်။

ဂြိုဟ်တွေကို “ဆပွတ်” အစီအစဉ်နဲ့ ပြန်လည် နေရာချထားလိုက်တော့ “တနင်္ဂနွေ — သောကြာ — ဗုဒ္ဓဟူး — တနင်္လာ — စနေ — ကြာသပတေး — အင်္ဂါ” ဆိုတဲ့ အစီအစဉ် ပြန်ဖြစ်သွားပါတယ်။ ပါဠိလိုဆိုတော့ “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စန္ဒြော၊ သောရီ၊ ဂုရု၊ ဘောမ” ပေါ့။ ဒါကို အင်္ဂဝိဇ္ဇာ ခယားဇောက်တိုင် ထူမယ်ဆိုရင် – တနင်္ဂနွေ (၁)ဂဏန်းကို အလယ်ထားပြီး အပေါ်တစ်လုံး, အောက်တစ်လုံး (၁-၆-၄-၂-ဝ-၅-၃) ချကြည့်ပါ။ အောက်ကပုံကို ရပါမယ်။

၅  (ဂုရု=ကြာသပတေး) = ပဉ္စပွတ်

 

၂  (စန္ဒြော=တနင်္လာ)     = အညွန့်

 

၆  (သောကြ=သောကြာ)= ဆပွတ်

 

-၁-  (သူရဇ္ဇ=တနင်္ဂနွေ)   = မူလ (အချာ)

 

၄  (ဗုဒ္ဓ=ဗုဒ္ဓဟူး)             = စတုရန်း

 

၀  (သောရီ=စနေ)          =  အမြစ်

 

၃  (ဘောမ=အင်္ဂါ)          = တြိရန်း

ဆိုတဲ့ ဆပွတ်တိုင်(အင်္ဂဝိဇ္ဇာတိုင်) ကို ရပါလိမ့်မယ်။ ဒီ ဆပွတ်တိုင်လေးဟာ အင်္ဂဝိဇ္ဇာဗေဒင်ပညာ ကို လေ့လာကျက်စားကြမယ့် သူများ မဖြစ်မနေတတ်မြောက်ထားရမယ့် တိုင်စဉ်ချနည်းပါ။ ဒီတိုင်လေးဟာ ဗေဒင်ပညာ၊ ဓာတ်ရိုက်ဓာတ်ဆင်ပညာ၊ ဆေးပညာ၊ အင်းပညာ၊ အဂ္ဂိရတ်ပညာ နဲ့ ထွက်ရပ်လမ်းတွေထိအောင် အသုံးချလို့ ရတယ်လို့ ဆိုပါတယ်။ (ကျွန်တော်လည်း အားလုံး မတတ်ပါဘူး။ အဟောပညာ နဲ့ ဓာတ်ရိုက်ဓာတ်ဆင်ပညာ တစ်စိတ်တစ်ပိုင်းမျှသာ တတ်မြောက်ပါတယ်)

ဒီနေ့ ပို့စ်မှာ  အင်္ဂဝိဇ္ဇာကျမ်းရင်းကြီး လင်္ကာ  (၄၀) ထဲက နံပါတ် (၁၀)ဖြစ်တဲ့ “သူ့ကို နိုင်လို ဆ, ကို ခို၊ လိုရာဆေးဖေါ်သုံး” ဆိုတဲ့  အဓိပ္ပါယ်လေးကို ရှင်းပြချင်ပါတယ်။ အဓိပ္ပါယ်က “ ဓာတ်တစ်ခုကို နိုင်ချင်ရင် ဒီဓာတ်(နေ့နံ) ကနေ ဆ, ဆိုတဲ့ (၆)ခု မြောက်ကို အသုံးချရပါတယ်” တဲ့။

ဒါကြောင့် တနင်္ဂနွေနံကို နိုင်ချင်ရင် ဆပွတ်ဖြစ်တဲ့ သောကြာနံ နဲ့

တနင်္လာနံကို နိုင်ချင်ရင် ဆပွတ်ဖြစ်တဲ့ စနေနံ နဲ့

အင်္ဂါနံကို နိုင်ချင်ရင် ဆပွတ်ဖြစ်တဲ့ တနင်္ဂနွေနံ နဲ့

ဗုဒ္ဓဟူးနံကို နိုင်ချင်ရင် ဆပွတ်ဖြစ်တဲ့ တနင်္လာနံ နဲ့

ကြာသပတေးနံကို နိုင်ချင်ရင် ဆပွတ်ဖြစ်တဲ့ အင်္ဂါနံ နဲ့

သောကြာနံကို နိုင်ချင်ရင် ဆပွတ်ဖြစ်တဲ့ ဗုဒ္ဓဟူးနံ နဲ့

စနေနံကို နိုင်ချင်ရင် ဆပွတ်ဖြစ်တဲ့ ကြာသပတေးနံ နဲ့ သတ်မယ်ဆိုရင် ခံနိုင်စွမ်းမရှိပါဘူးတဲ့။

ဒါပေမယ့် သူတစ်ခုတည်းနဲ့တော့ သိပ်အစွမ်းမထက်သေးပါဘူး။ ဆပွတ် နံနဲ့ တွဲဖက်ရမယ့် နံတစ်ခု ရှိပါသေးတယ်။ သူက တော့ “စတုရန်းနေ့နံ” ဖြစ်ပါတယ်။ “ဆပွတ် နဲ့ စတုရန်း” အတွဲဟာ “ကောင်းတာ သုံးရင် ဆေး၊ မကောင်းတာ သုံးရင် ဘေး” ကို ဖြစ်စေနိုင် ပါတယ်။ အင်္ဂဝိဇ္ဇာတိုင်တစ်ခုကို လေ့လာကြည့်ရင် မူလ(အချာ)ဂြိုဟ်ကို “ဆပွတ်ဂြိုဟ် နဲ့ စတုရန်းဂြိုဟ်” တို့က ညှပ်ထားတာကို တွေ့ရပါလိမ့်မယ်။

တကယ်တော့ အင်္ဂဝိဇ္ဇာပညာဟာ အလွန်အစွမ်းထက်ပြီး ကြောက်စရာလည်း အလွန်ကောင်းပါတယ်။ ဆပွတ် နဲ့ စတုရန်း တွဲလုံးဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာမှာ စွဲကပ်နေတဲ့ အနာရောဂါများကို သတ်ပစ်နိုင်သလို “လူတစ်ယောက်ရဲ့ အသက်ကို လည်း နိဂုံးချုပ်သွားစေနိုင်ပါတယ်။

မြန်မာ့သမိုင်းမှာ သမိုင်းမှာ သတိုးမဟာဗန္ဓုလ လို့ ကျော်ကြားခဲ့တဲ့ စစ်သူကြီးမဟာဗန္ဓုလ ဟာ ဘကြီးတော်မင်းတရား လက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲမှာ အင်္ဂလိပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ ရတာကိုတော့ အများသိပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အများမသိသေးတဲ့ (အသိနည်းတဲ့) နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ခု ရှိပါတယ်။

ဒါဟာ မြန်မာ့လူမျိုးတို့ရဲ့ အင်မတန် အစွမ်းထက်လှတဲ့ “ဓာတ်ရိုက်ဓာတ်ဆင် ပညာ” ကို အလွန်ခေတ်မှီလှပါတယ် ဆိုတဲ့ အင်္ဂလိပ်လူမျိုးတွေက ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ သမိုင်းကို ပြန်လှန်ကြစို့။

ဘကြီးတော်ဘုရားလက်ထက်မှာ ခရစ် (၁၈၂၄) ခုနှစ်မှာ “အင်္ဂလိပ်မြန်မာ ပထမစစ်” ဖြစ်ပွားပါတယ်။ ဒီတိုက်ပွဲကို ဦးဆောင် တိုက်ခိုက်ခဲ့တဲ့ “စစ်သေနာပတိချုပ်” ကတော့ သတိုးမဟာဗန္ဓုလ ဖြစ်ပါတယ်။ မဟာဗန္ဓုလဟာ အင်္ဂလိပ်ကို  ပထမအကြိမ် တိုက်တဲ့ “ရှင်မဖြူကျွန်း” တိုက်ပွဲမှာ အောင်နိုင်ခဲ့ပေမယ့်  ရန်ကုန် “ရွှွေတိဂုံကုန်းတော်” ကို ခံတပ်စွဲထားတဲ့ အင်္ဂလိပ်ကို တိုက်ရာမှာတော့ အရေးမလှလို့ “ဓနုဖြူမြို့” ကို ဆုတ်ခွာခဲ့ရပါတယ်။ “ဓနုဖြူ” မြို့မှာ အခိုင်အလုံတပ်စွဲထားတဲ့ စစ်သူကြီး မဟာဗန္ဓုလ နဲ့ မြန်မာစစ်သည်တော်တွေကို အင်္ဂလိပ်တွေဟာ ရေတပ်၊ ကြည်းတပ်များနဲ့ ဝိုင်းဝန်း လုပ်ကြံကြပေမယ့် အခွင့်မသာဘူး ဖြစ်နေပါတယ်။ အလွန်ခက်ခဲစွာ လုပ်ကြံနေရပါတယ်။

ဒီအချိန်မှာ အမျိုးသား သစ္စာဖောက် ဗေဒင်ဆရာတစ်ယောက်ဟာ အင်္ဂလိပ် စစ်ဗိုလ်များထံကို ချည်းကပ်ပြီး မဟာဗန္ဓုလကို “မြန်မာ့ဓာတ်ပညာ” နဲ့ လုပ်ကြံလို့ရနိုင်ကြောင်း၊ အကယ်၍ သူ့အား ဆုတော် လာဘ်တော်များ ချီးမြှင့်ပါက လုပ်ပေးနိုင်ကြောင်း လျှောက်ထားပါသတဲ့။ သိပ္ပံပညာကို အလွန်ကိုးကွယ်တဲ့ အင်္ဂလိပ်လူမျိုးဟာ ဒီလိုဘက်မှာလည်း မခေဘူးခင်ဗျ။ မဟာဗန္ဓုလ သာ ကျဆုံးခဲ့ရင် စစ်လည်း ပြီးသွားနိုင်လို့ ဒီဗေဒင်ဆရာကို “လုပ်စေ” လို့ တာဝန်ပေးလိုက်ပါတယ်။

ဒီတော့ သစ္စာဖောက် ဗေဒင်ဆရာလည်း အင်္ဂလိပ်တပ်စွဲတဲ့ တစ်ဖက်ကမ်းမှာ ရှိတဲ့ “ခံတက်” ပင်ကြီး တစ်ပင်ကို လိုက်ရှာ။ ပြီးတော့ အဲဒီ ခံတက်ပင်ခွကြားမှာ အမြှောက်တစ်လက်ကို အခိုင်အမာဆင်ပြီး မဟာဗန္ဓုလရှိရာ ခံတပ်ဖက်ကို အဆက်မပြတ် ပစ်ခိုင်းလိုက်တာ စစ်သူကြီးမဟာဗန္ဓုလ ခမျာ အမြှောက်ဆံ တည့်တည့် ထိမှန်ပြီး ကျဆုံးသွားရပါတယ်။ (အနီးကပ်ပြီး ပေါက်ကွဲ တာမဟုတ်ဘူးနော်၊ တည့်တည့်ကိုထိတာပါ)။ ဒီလို စစ်သူကြီး မဟာဗန္ဓုလကို လုပ်ကြံခဲ့တဲ့ “ဓာတ်ပညာဟာ” အထက်က ကျွန်တော်တင်ပြခဲ့တဲ့ “ဆပွတ်+စတုရန်း” တွဲလုံးနဲ့ လုပ်ကြံလိုက်တာပါ။

မဟာဗန္ဓုလဟာ ငယ်နာမည် “မောင်ရစ်” ဗုဒ္ဓဟူးသား ဖြစ်ပါတယ်။ သူ့ကို ပစ်တဲ့အမြှောက်ဆင်ထားတာ “ခံတက်” ပင်ပါ။ တနင်္လာ+စနေ အတွဲပါ။ အောက်က ပုံကို ကြည့်ပါ။

ဒီပုံကို ကြည့်ရင် ဗုဒ္ဓဟူးနံကို ဆပွတ်+ စတုရန်း ဖြစ်တဲ့ (တနင်္လာ+စနေ) အတွဲ “ခံတက်” နဲ့ “သတ်” လိုက်တာဘဲ ဖြစ်ပါတယ်။ “သူ့ကို နိုင်လို ဆ, ကို ခို၊ လိုရာဆေးဖေါ်သုံး” ဆိုတဲ့ လင်္ကာကို အသုံးချသွားတာပါ။ ဒါပေမယ့် “ဆပွတ်” တစ်ခုတည်း အစွမ်းမထက်မှာစိုးလို့ ညှပ်သတ်ကိန်းဖြစ်အောင် “စတုရန်း” နံကိုပါ တွဲပြီး အသုံးပြုသွားတာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့ အင်္ဂဝိဇ္ဇာပညာဟာ “သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး” ဖြစ်သွားနိုင်တဲ့ ပညာပါ။ လူမသမာ၊ လူညစ်ပတ်တွေ လက်ထဲရောက်သွားရင် လူသားတွေအတွက် အန္တရာယ် ရှိတယ်ဆိုတာ ဒီ သမိုင်းဖြစ်ရပ်က သက်သေခံ နေပါ တယ်။

ဒါဆို ဒီလို ကြောက်စရာကောင်းတဲ့ ပညာကို ဘာလို့ ဆောင်းပါးထဲမှာ ထည့်ရေးနေသလဲ? ။ သူများတွေ အသုံးမချနိုင်ဘူးလား လို့ မေးစရာ ရှိပါတယ်။ ဒီလောက်နဲ့ အသုံးမချနိုင်သေးပါဘူး ခင်ဗျား။ ဘာဖြစ်လို့လည်း ဆိုတော့ အလွန်အရေးကြီးတဲ့ ဓာတ်အစီအရင် တစ်ခု ကျန်နေပါသေးတယ်။ ဒီလို အစီအရင်သာ မပါရင် အမြှောက်ပစ်လိုက်တဲ့ အချိန်မှာ ကျန်တဲ့ “ဗုဒ္ဓဟူးသား” တွေပါ “မာလက”ပြီး အကုန်ကြွ ကုန်ကြရမှာပေါ့။ ကံမကောင်းရင် အစီအရင်လုပ်တဲ့ “ဆရာကိုယ်တိုင်” ကြွသွား နိုင်ပါတယ်။ သြစတေလျတိုက်က ဌာနေ တိုင်းရင်းသားတွေကိုင်တဲ့ “ဘူးမားရင်း” လက်နက်လိုပေါ့။ အကိုင်အတွယ် မတတ်ရင် ကိုယ့်ဆီပြန်လာပြီး ကိုယ့်ကို ပြန်ဆော်တတ်ပါတယ်။

ဒါကြောင့် တပ်စခန်းထဲမှာရှိတဲ့ မြောက်များလှစွာသော “ဗုဒ္ဓဟူးသား” တွေအနက် “မောင်ရစ်” အမည်ရှိသော သူကိုသာ အမြှောက်ဆံ ထိမှန်ဖို့အတွက်  “အထိန်းဓာတ်” တစ်ခု ရှိပါသေးတယ်။ (ပဲ့ထိန်း ဒုံးကျည် လိုပေါ့)။ ဒီလို အထိန်းဓာတ် မပါဘဲ လုပ်ရင်တော့ မကောင်းသူထိပ်၊ ကောင်းသူထိပ် ဆိုတာလိုပါဘဲ။ သူလည်း “ရှော” ၊ ကိုယ်လည်း “ရှော” တတ်ပါတယ်။ သတိပြုပါ။

မြန်မာ့ပညာဆိုတာ ဒီလိုပါလားလို့ သိအောင်သာ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ ပညာကုန် ရေးပြ၍ မဖြစ်ပါ။ ဖတ်နေသူများထဲတွင် လူပေါင်းစုံ ပါမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ပစ်မှတ်ကို အတည့်ထိသော နောက် “ဓာတ်အစီအရင်” အဆင့်ကို မရေးဘဲ ချန်လှပ်ခဲ့သည် ကို စာဖတ်သူများ နားလည်ခွင့်လွှတ်နိုင်ကြမည် ထင်ပါသည်ခင်ဗျား။

ဖတ်ရှုသူအားလုံး ကျန်းမာ ချမ်းသာကြပါစေ။

မြန်မာတို့၏ ရိုးရာ လျှို့ဝှက်ပညာရပ်များသည် ပြည်သူအများအကျိုးအတွက်သာ ဖြစ်ပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

ဘာသာရေး နှင့် ဗေဒင်ပညာ

(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊  စိတ်ဆတ်လွယ်…
Read More

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် /နှစ်သစ် ဟောကိန်းများ

ပြီးခဲ့တဲ့ (၄)လ လောက်က ခရစ်နှစ် ၂၀၁၀ ခုနှစ် “ခရစ်နှစ်သစ်” ဟောကိန်းများ ရေးပြီး အခုတစ်ခါ မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ် “မြန်မာနှစ်သစ်” အတွက် ဟောကိန်းများ ရေးရပြန်ပါပြီ။ ကျွန်တော်တို့ ဗေဒင်ဆြာ…