သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။

တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ကံကြမ္မာမျှသာ မကဘဲ တတိုင်းပြည်လုံးရဲ့ ကံကြမ္မာနဲ့ပါ သက်ဆိုင်နေပါတယ်။

တတိုင်းပြည်လုံးရဲ့ ကံကြမ္မာကပါ ဒီအချိန်မှာ ဒီလိုဖြစ်ရမယ်ဆိုတဲ့ အကြောင်းတရားပါနေလို့သာ ဖြစ်ပါတယ်။

ဒီလို တိုင်းပြည်နိုင်ငံတစ်ခုလုံး ကံကြမ္မာဆိုးနဲ့ တွေ့ရမယ့်အကြောင်းတရားတွေရှိလာတဲ့အခါမှာတော့ သီပေါမင်းဆိုတဲ့ လူသားတစ်ဦး ပေါ်ပေါက်လာပြီး ကံအကြောင်းတရားတွေဟာ သူ့အပေါ်မှာဘဲ စုပုံ ကျသွားတဲ့ သဘောပါ။

“သီပေါ” ဆိုတဲ့ နာမည်တစ်လုံးဟာလည်း တိုင်းပြည်ရဲ့ ကံကြမ္မာ၊ နောက်ဆုံးမင်းဆက်ရဲ့ ကံကြမ္မာတို့နဲ့ လိုက်လျောညီထွေအောင် ဖြစ်ပေါ်လာရခြင်းပါဘဲ။ ဒီလို ဖြစ်ရတဲ့ အကြောင်းကို လေ့လာကြည့်ကြရအောင်

သီပေါမင်းကို မြန်မာသက္ကရာဇ် ၁၂၂၀ ခုနှစ် နတ်တော်လဆုတ် ၁၂ ရက် (စနေနေ့) မှာ မင်းတုန်းမင်းတရားကြီးနဲ့ လောင်းရှည်မိဖုရားတို့မှ ဖွားမြင်ခဲ့ပါတယ်။ ငယ်နာမည် “မောင်ရေစက်” ဖြစ်ပါတယ်။ အရွယ်ရောက်တဲ့အခါ သီပေါမြို့ကို စားရလို့ ”သီပေါမင်းသား” လို့ အမည်တွင် လာပါတယ်။ မင်းတုန်းမင်းတရားကြီး နတ်ရွာစံတဲ့အခါမှာတော့ ထီးနန်းလျာကို ဆက်ခံခွင့် ရခဲ့ပြီး “သီပေါမင်း” ဆိုတဲ့ အမည် ခေါ်တွင်သွားပါတော့တယ်။

သူဟာ မဟာဘုတ်ဗေဒင်ပညာအရ (၂)ကြွင်းနှစ်မှာ မွေးဖွားတဲ့ စနေ(ရာဇဖွား) ဖြစ်ပါတယ်။ “မောင်ရေစက်” အမည်ကတော့ ပက္ခတ်လွတ်ပါတယ်။ သို့သော် သူတွေ့ကြုံရမည့် ကံတရားက ဒီနာမည်ကို ခွင့်မပြုခဲ့ပါဘူး။ သူ့ကံအကြောင်းတရားနဲ့ တိုင်ဆိုင်ညီညွတ်နေတဲ့ “သီပေါ” ဆိုတဲ့ နာမည်ကိုသာ ကံတရားက ခွင့်ပြုခဲ့ခြင်းသာ ဖြစ်ပါတယ်။

(၂) ကြွင်းသမားတစ်ယောက်အတွက် “သီပေါ” ဆိုတဲ့ နာမည်ဟာ “အဓိပတိ နဲ့ မရဏ” ပက္ခတ်ကျနေပါတယ်။ “အဓိပတိ+မရဏ” ပက္ခတ်ဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ

– အမြင့်ဆုံးသို့ ရောက်ပြီးမှ အနိမ့်ဆုံးသို့ ပြန်ကျခြင်း ၊ အိမ်ထောင်ရေးကံ ဆိုးဝါးခြင်း ၊ ဘေးဥပဒ်များ ကြုံတွေ့တတ်ခြင်း ၊ အဖမ်းအဆီးအချုပ်အနှောင်ခံရခြင်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရှိလို့ သူ့ဘဝကံကြမ္မာနဲ့ ထပ်တူကျနေတဲ့ နာမည် ဖြစ်နေပါတော့တယ်။

ဒီလို ကံ နဲ့ နာမည် ထပ်တူကျနေတဲ့ အကြောင်းတရားတွေရှိနေတဲ့ သီပေါမင်းဟာ အင်္ဂလိပ်+မြန်မာ တတိယစစ်ပွဲမှာ အင်္ဂလိပ်ကို ရှုံးနိမ့်ပြီး အကျဥ်းသားအဖြစ် ဖမ်းဆီးခံရကာ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ မှာ အကျဥ်းသားအဖြစ်နဲ့ နေထိုင်ရင်း သက်တော် (၅၉)နှစ်မှာ နတ်ရွာစံ ကံတော်ကုန် သွားခဲ့ရပါတယ်။

ဒါကြောင့် ဒီပို့စ်လေးမှာ အထူးပြောကြားလိုတဲ့ အချက်က

– လူတိုင်းလူတိုင်းမှာ အတိတ်ကပါလာတဲ့ ကံတရားကိုယ်စီ ရှိကြပါတယ်။ ထူးဆန်းတဲ့အချက်က လူတစ်ယောက်ရဲ့ ဘဝဟာ သူ့ရဲ့ အတိတ်ကံနဲ့ တိုက်ဆိုင် အကျိုးပေးမယ့် နာမည်တစ်ခု ရှိနေတတ်ခြင်းပါ။

ဒါဟာ လူတိုင်းမဟုတ်ပေမယ့် ၇၀-၈၀ % မျှသော လူတိုင်းဟာ ဒီလိုဘဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အတိတ်ကံ အလွန်ညံ့တဲ့ ကလေးတစ်ယောက်ကို ကံကောင်းတဲ့ နာမည်ကို ပေးလို့မရဘဲ ရှိတတ်ပါတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ နောက်ဆုံးမှာ သူ့ကံနဲ့ လိုက်လျောညီထွေမယ့် နာမည်ကိုသာ မှည့်ခေါ်ဖြစ် သွားကြတာကို ကျွန်တော်တို့ရဲ့ ဗေဒင်ပညာသက်တမ်းမှာ မကြာခဏ တွေ့ရပါတယ်။

သို့ပါသောကြောင့် မှန်ကန်စွာ နာမည်ပေးတတ်တဲ့ ဆရာသမားနဲ့ တွေ့ပါသော်လည်း စိတ်တိုင်းကျမှုမရှိဘဲ ဆရာအမျိုးမျိုးပြောင်းကာ နာမည်အမျိုးစုံနဲ့ ပတ်ချာလည်နေတဲ့ မိဘများဟာ ကိုယ့်သားသမီးရဲ့ ကံဇာတာက အညံ့ပါနေလို့ မှန်ကန်တဲ့နာမည်များအပေါ်မှာ စိတ်တိုင်းမကျ ဖြစ်နေရသလားလို့ စဥ်းစားဆင်ခြင်သုံးသပ်သင့်ပါတယ်။

နောက်ဆုံး အရေးကြီးဆုံးက အမှန်တကယ် ကျွမ်းကျင်တတ်မြောက်တဲ့ ဆရာသမားကောင်းများကို ရွေးချယ်တတ်ဖို့ကလည်း အလွန်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျာ။

မေတ္တာများစွာဖြင့်

ဒေါက်တာတင်ဗိုလ်ဗိုလ် (နာမက္ခရ နှင့် ဟူးရားနက္ခတ် ကျွမ်းကျင်သူ)

ကွန်ပျူဗေဒသုခုမ

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

နပိုလီယံ ဘိုနာပတ် နှင့် မဟာဘုတ် နာမည်အမှား

၁၈ရာစုနှစ် ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပြင်သစ် စစ်ဘုရင် နပိုလီယံဘိုနာပတ်ဆိုတာ ဗဟုသုတ မနည်းလှသူတို့ ကြားဖူးကြမှာပါ။ ဧကရာဇ်မင်းမျိုးမင်းနွယ်မဟုတ်ဘဲ သာမန်မိသားစုလေးက မွေးဖွားလာခဲ့တဲ့ နပိုလီယံဟာ ၁၈ ရာစုကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး အင်ပါယာသခင်ဖြစ်ခဲ့ပြီး မင်းဧကရာဇ်…