သင်္ကြန်မှာ သိကြားမင်း လူ့ပြည်မဆင်းပါ

အတာကူးတဲ့ နှစ်ဦးသင်္ကြန်ဟာ မြန်မာမာလူမျိုးတို့အတွက် နှစ်ဟောင်းကို စွန့်ပစ်ပြီး နှစ်သစ်ကို ကူးပြောင်းတဲ့ အခါသမယဖြစ်ပါတယ်။ ဒီကာလမှာ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောဖို့ရာ နဲ့ နှစ်သစ်မှာ လန်းဆန်းစိုပြေစေဖို့ အတာရေ ပက်ဖြန်းတဲ့ အလေ့ အထ ဖြစ်ပေါ်လာခဲ့ပါတယ်။ ရှေးယခင်များတော့ “သပြေခက် နဲ့  ရေပက် ကြတယ်” လို့ ဆိုပေမယ့် ယနေ့ခေတ်မှာတော့ “ရေပက်ပြီး အသေသတ် ကြတော့မလား” ထင်ရလောက်အောင် ကြမ်းတမ်းလှပါတယ်။

ကြည့်ရတာ လူတွေရဲ့ အကုသိုလ်က တနှစ်ထက်တနှစ် ပို, ပိုများလာလို့ နှစ်ဟောင်းက အညစ်အကြေးတွေ များများကွာကျ သွားအောင် ခပ်ပြင်းပြင်းလေး ပက်ပေးကြရပုံ ပေါ်ပါတယ်။ ထားပါတော့။ သင်္ကြန်တွင်းမှာ “ကဲ” ကြမယ့် သူတွေအတွက် စိတ်အနှောက်အယှက် မဖြစ်စေလိုပါဘူး။ ပျော်ကြပါ၊ ပါးကြပါ ။ ဒါပေမယ့် ကိုယ့်အန္တရာယ်လည်း ကိုယ်ကြည့်ရှောင်ကြနော်။

နှစ်တိုင်း နှစ်တိုင်း သင်္ကြန်ကာလမှာ ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာန ကို သွားကြည့်မယ်ဆိုရင် ခြေကျိုး၊ လက်ကျိုး၊ ခေါင်းပေါက်၊ ထိပ်ကွဲ ၊ သွေးရဲရဲ သံရဲရဲတွေ မမြင်ချင် အဆုံးပါ။ ညီငယ် ညီမငယ်တို့ သတိထားဆင်ခြင်ကြဖို့ ပြောတာပါ။ ကဲ ဒီကိစ္စ ဒီမှာဘဲ ထားပါ တော့လေ။

ဒီဆောင်းပါးလေးမှာ ပြောချင်တာက သင်္ကြန်ကာလမှာ သိကြားမင်း လူ့ပြည်ကို ဆင်း/မဆင်း ဆိုတဲ့ ကိစ္စလေးပါ။ လူတော်တော်များများ သင်္ကြန်တွင်းမှာ သိကြားမင်း လူ့ပြည်ကို ဆင်းပြီး “ခွေးသားရေ ပုရပိုဒ်” နဲ့ မကောင်းမှု ကျူးလွန်သူတွေကို မှတ်တမ်းတင်လေ့ ရှိတယ် လို့ ဆိုကြပါတယ်။ ဒါ တကယ် ဟုတ်ပါရဲ့လား။

သင်္ကြန်စာ လည်ရောင်းတဲ့သူတွေကလည်း “ဒီနှစ်မှာ သိကြားမင်း ကျွဲစီးဆင်းမယ်” “ဘီလူးစီး ဆင်းမယ်” စသည်ဖြင့် အောင်ဟစ်ရောင်းချ ကြလေ့ရှိပါတယ်။ ကာတွန်းတွေထဲမှာလည်း သိကြားမင်း လူ့ပြည်ဆင်းတဲ့ ဟာသကာတွန်းတွေကို အမြဲလို တွေ့နေကြတော့ တကယ်ဘဲ သိကြားမင်း လူ့ပြည်ဆင်းသလားပေါ့။ ထင်ကြမှာဘဲလေ။

သာမန်လူတွေကတော့ ထားပါတော့လေ။ မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံးလို့ ဆိုလောက်တဲ့ ဗေဒင်ပညာရှင်တစ်ဦးက အင်တာဗျုး တစ်ခုမှာ ဒီလိုပြောထားသဗျ။

“အခုနှစ်သင်္ကြန်စာမှာ သိကြားမင်းက ကျွဲစီးပြီး ဆင်းလာမယ်၊ လက်တဘက်က ရေအိုးနဲ့ နောက်လက်တဘက်က ပန်းကိုင်ပြီး ဆင်း လာမယ်” လို့ ရေးထားသဗျ။ “ထူးထွေသည့် အံ့ရာသော်” လို့သာ ဆိုချင်တော့တာပါဘဲဗျာ။

တကယ်တော့ သင်္ကြန်စာထဲမှာပါတဲ့ “အချွန်အတက်တွေနဲ့ ဦးထုပ်ကြီးကို ဆောင်းထားပြီး နတ်ဝတ်တန်းဆာတွေ ဆင်ယင်ထားသူ ပုဂ္ဂိုလ်ဟာ “သိကြားမင်း” မဟုတ်ပါဘူး။ “တနင်္ဂနွေဂြိုဟ်မင်း” သာ ဖြစ်ပါတယ်။ တနင်္ဂနွေဂြိုဟ်မင်းဆိုတာ တခြားဟုတ်ပါရိုးလားဗျာ။ “ဘာနုရာဇာ” လို့ခေါ်တဲ့ “နေမင်းကြီး” ပါဘဲ။ ဒီနှစ် သင်္ကြန်စာမှာ ပါတဲ့ တနင်္ဂနွေဂြိုဟ်မင်းရဲ့ ပုံကို ဆိုဒ်တစ်ခုကနေ ကူးယူဖေါ်ပြလိုက်ပါတယ်။

နှစ်သစ်ကူး အချိန်အခါတိုင်းမှာ ဒီလို သတ္တဝါ တစ်ကောင်ကောင်ကို စီးပြီး ဆင်းလာတာ “သိကြားမင်း” မဟုတ်ပါ။ တနင်္ဂနွေဂြိုဟ်မင်းသာ ဖြစ်ပါတယ်

ဒီနှစ် သင်္ကြန်စာမှာ ရေးထားတာကို ထုတ်နုတ်တင်ပြပါဦးမယ်။ Click နှိပ်ပြီး အကြီးချဲ့ ကြည့်နိုင်ပါတယ်။

ရှေးခေတ် နက္ခတ်ပညာရှင်တွေဟာ “တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ . . အစရှိတဲ့ ကောင်းကင်ကဂြိုဟ်တွေဟာ “နတ်ဒေဝတာတွေ” လည်း ဖြစ်တယ်လို့ ယူဆခဲ့ဖူးတာမို့ ယနေ့ခေတ်ထိအောင် ဒီအယူအဆရဲ့ အငွေ့အသက် အဖြစ် ကျန်ရစ် နေပါသေးတယ်။ ဒါကြောင့်မို့ နေမင်းကြီး ကို နတ်တစ်ပါးအသွင် ဆောင်ယူကာ သင်္ကြန်စာထဲမှာ သရုပ်ဖေါ် ထားတာ ဖြစ်ပါတယ်။

တနင်္ဂနွေဂြိုဟ်မင်းဟာ နှစ်စဉ် ဧပြီလ (၁၆)ရက်ဝန်းကျင်မှာ “မိန်ရာသီ” ကနေ “မိဿရာသီ” ကို ကူးပြောင်းရောက်ရှိ ပါတယ်။ အဲဒီနေ့ဟာ မြန်မာသင်္ကြန်အတက်နေ့ ဖြစ်ပါတယ်။ ဒီလို တနင်္ဂနွေဂြိုဟ်မင်းကြီးဟာ တစ်ရာသီကနေ တစ်ရာသီကို ကူးပြောင်း ရောက်ရှိ သွားတာ(တက်သွားတာကိုဘဲ) သိကြားမင်းကြီး ကောင်းကင်ပေါ် ပြန်တက်သွားတယ် လုပ်ကြပြန် ပါလေရော။

အဲဒီနေ့ အတက်နေ့ကိုဘဲ “အတာ,စားတယ်” ဆိုပြီး အတာအိုးထိုးကြတဲ့ ဓလေ့ ကလည်း ဘယ်ခေတ်ဘယ်အခါက ပေါ်လာတယ် မပြောတတ်ပါဘူး။ အတာစားတဲ့ နေ့သား (ယခုနှစ်ဆိုလျှင် သောကြာသား) ကျန်းမာရေး မကောင်းတတ်ဘူး၊ ကံညံ့တယ်လို့ ယူဆကြတာကိုလည်း ကျွန်တော်လက်တွေ့ လေ့လာကြည့်တော့လည်း သိပ်မမှန်လှပါဘူး။ တိုက်ဆိုင်တာလေးတွေ ရှိတတ် ပေမယ့် အဓိကက လူတစ်ဦးခြင်းရဲ့ ကံဇာတာနဲ့ဘဲ ပိုဆိုင်ပါတယ်။ ဒါပေမယ့်လည်း အိမ်သူဇနီးဖြစ်သူ နှစ်တိုင်း အတာအိုး ထိုးတာကို ကျွန်တော့်မှာ ပြောပိုင်ခွင့် မရှိပါဘူး။  အယူအဆက စွဲနေပြီကိုး။

ဒီလို ကာလရှည်ကြာစွာ အမှတ်မှားလာခဲ့ကြတော့ နောက်ဆုံး ဒါကဘဲ အမှန်တရားလို ဖြစ်လာပါတယ်။ ပြောရရင်တော့ သိကြားမင်း ဘဲဖြစ်ဖြစ်၊  တနင်္ဂနွေဂြိုဟ်မင်းဘဲ ဖြစ်ဖြစ်  သိပ်တော့လည်း မရေးမကြီးလှပါဘူး။ သူ့ဟာသူ ဘာကြီးဘဲ ဆင်းဆင်း ကိုယ်နဲ့ အနေသာကြီးပါ။ ဒါပေမယ့် အမှန်တရားလေးကို သိစေချင်တဲ့ ဆန္ဒလေးပါဘဲ။

နောက်တစ်ခုက  ဗုဒ္ဓဘာသာကျမ်းစာတွေအရ လူ့ပြည် နဲ့ နတ်ပြည် အချိန်ကာလ ကွာခြားမှု အလွန်ကြီးမားပါတယ်။ နတ်ပြည် (၆)ထပ်ရဲ့ အောက်ဆုံးဘုံဖြစ်တဲ့ “စတုမဟာရာဇ်” ဘုံမှာတောင်မှ သူတို့တစ်ရက်က လူ့ပြည်အနှစ်(၅၀)နဲ့ ညီမျှတယ်တဲ့။ တာဝတိ ံသာ ဆိုရင်တော့ မပြောနဲ့တော့။

ဒီတော့ လူ့ပြည့်မှာ သင်္ကြန်အကျနေ့ကနေ အတက်နေ့အထိ (၃-၄)ရက်ကာလလေးမှာ တစ်နှစ်တစ်ခါ လူ့ပြည်ကို ဆင်းနေရရင် သိကြားမင်းခမျာ လူ့ပြည်က ပြန်တက်သွားလိုက် ၊ တအောင့်လောက်နေတော့ တစ်နှစ်ပြည့်သွားလို့ ပြန်ဆင်း လာလိုက် နဲ့ “ပလ္လင်ပေါ်က မျောက်ကလေး၊ ဆင်းတက်လို့ပြေး၊ ဂျာအေး” ဆိုတာလို ဖြစ်နေမယ်ထင်ပါတယ်။ သိကြားမင်းကြီးခမြာ အခုတက်လိုက်/အခုဆင်းလိုက်- အခုတက်လိုက်/အခုဆင်းလိုက်နဲ့ သူ့ရဲ့ စည်းစိမ်ကိုတောင်မှ မခံစားရဘဲ လူ့ပြည် နဲ့ နတ်ပြည်ကြားမှာ “ဂျာအေး သူ့အမေရိုက်” ဖြစ်နေမှာကို မြင်ယောင်မိပါသေးသဗျာ။

ဒီတော့ သင်္ကြန်တွင်း သိကြာမင်း လူ့ပြည်ဆင်းတယ်ဆိုတာ ဟုတ်နိုင်မဟုတ်နိုင် စဉ်းစားကြည့်ကြပေါ့ဗျာ။ ရေပက်ခံကား တစ်စီးစီး ပေါ်မှာများ သိကြားမင်းကြီး “အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့ – သီချင်းဆိုပြီး “ကဲ” နေတာကို မျက်ဝါးထင်ထင်တွေ့တဲ့လူများ ရှိကြရင် ကျွန်တော့်ဆီ အကြောင်းကြားကြပါဦး။

နှစ်ဟောင်းကုန် နှစ်သစ်ကူးချိန်မှာ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

မှတ်ချက်။            ။ သင်္ကြန်သရုပ်ဖော်ဓာတ်ပုံများကို မူလဝက်ဆိုဒ်များမှ ကြိုတင်ခွင့်တောင်းခြင်းမပြုဘဲ ကူးယူဖော်ပြခြင်းကို နားလည်ခွင့်လွှတ် ပေးစေလိုပါသည်။ မည်သူ့ထံတွင် ခွင့်တောင်းရမည် မသိခြင်းကြောင့် ဖြစ်ပါသည်။