ပြီးခဲ့တဲ့ ရက်က “ဗုဒ္ဓဂုဏ်တော် တန်ခိုး” ဆောင်းပါးကို ရေးပြီးချိန်မှာ စိတ်ပါလက်ပါ ဝင်ရောက်ဖတ်ရှုကြတာကို တွေ့ရတာကြောင့် ရယ် ၊ အခုဆောင်းပါးကို ဆက်မရေးရင် အရင်ဆောင်းပါးက သိပ်ပြီး ပြည့်စုံမှာ မဟုတ်သေးတာကြောင့် အခုထပ်ပြီး “ဝဋ်” ဆိုတဲ့ ဆောင်းပါးလေးကို ဆက်ပြီး ရေးချင်ပါတယ်။
ဗေဒင်ပညာပေး ဝက်ဆိုဒ်မှာ ဘာသာရေးဆိုင်ရာတွေ ဝင်ရေးနေလို့ ဒီဆရာတော့ “လိုင်းကြောင်” သွားပြီလားလို့တော့ မထင်ကြပါနဲ့ဗျာ။ ဗေဒင်ပညာပေးတွေလည်း ဆက်ရေးသွားမှာပါ။ ကိုယ့်ပရိတ်သတ်တွေ ဗေဒင်မေးထားတဲ့ မေးခွန်းတွေ ကိုလည်း ဖြေပေးသွားမှာပါ။ အခုတော့ ဒီဆောင်းပါးလေးကို ဆက်ပြီး ရေးပါရစေဦး။ ဘာဖြစ်လို့လဲဆိုတော့ “လောကမှာ အကျိုးတရား ဟူသရွေ့ဟာ အကြောင်းတရား ကင်းပြီး ဖြစ်ရတယ်” လို့ မရှိပါဘူး။ အကျိုးရှိရင် အကြောင်း ရှိရမယ်။ Cause and Effect ပေါ့။ ကျွန်တော့်ဘဝမှာ ဒီလို အသက်(၁၈)နှစ်မှာ အသက်ဘေးကနေ သေလုမျောပါး ရုန်းကန်ပြီး လွတ်မြောက် လာခဲ့ရတဲ့ဖြစ်ရပ်(အကျိုးတရား)ဟာ ဒီဘဝမှာတွင် ကျွန်တော်ပြုလုပ်ခဲ့တဲ့ အကုသိုလ်တစ်ခု (အကြောင်းတရား) နဲ့ စပ်ဆက် ပတ်သက်နေလို့ပါဘဲ။
“ဝဋ်” ဆိုတဲ့ စကားလုံးကိုတော့ ဗုဒ္ဓဘာသာမှန်ရင် ကြားဘူးကြမှာပါ။ “ဝဋ်လည်တတ်တယ်” တို့၊ “ဝဋ်ကြွေးကြမ္မာ မပြေးသာ” တို့၊ “ဝဋ်မှာအမြဲ ငရဲမှာ အပ”တို့ “ဝဋ်တော် (၁၂)ပါးတို့” ၊ “ဝဋ်ဆိုတာ နောင်ဘဝမကူးဘူး” ဆိုတဲ့ စကားတွေဟာ ဗုဒ္ဓဘာသာ ဝင်တွေ အမြဲလိုလို ကြားနေကြရတဲ့ စကားတွေ မဟုတ်ပါလား။ အဲဒီထဲကမှ “ဝဋ်ဆိုတာ နောင်ဘဝမကူးဘူး” ဆိုတဲ့ စကားလေးဟာ ကျွန်တော့်ဘဝ၊ ကျွန်တော့်အဖြစ်အပျက်နဲ့ လုံး၀ သက်ဆိုင်နေလို့ ဒီ “ဝဋ်” ဆိုတဲ့ ဆောင်းပါးလေးကို ဆက်ပြီး ရေးသားလိုက်ရကြောင်းပါခင်ဗျား။
ကျွန်တော်ငယ်စဉ်ကပေါ့။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကျွန်တော့်ဖခင်ဟာ အိမ်မှာ တိရစ္ဆာန်မျိုးစုံကို မွေးတာကို သိပ်ဝါသနာ ပါတာကိုးဗျ။ သူများ တွေက အိမ်မှာ “ခွေး” လောက် “ကြောင်” လောက်ဘဲ မွေးတာ။ ကျွန်တော်တို့အဖေကတော့ အိမ်မှာ “ခွေး၊ ကြောင်၊ ကြက်တူရွေး၊ မျောက်၊ သာလိကာ၊ ယုန်၊ ကြွက်ဖြူ၊ ပူး၊ အလှမွေးငါး၊ အလှမွေးကြက် တွေသာမကကြံကြံဖန်ဖန် “စပါးအုံးမြွေကြီး” တွေပါ မွေးထား သဗျ။ ကျွန်တော်တို့ငယ်ငယ် (၅)နှစ်သားလောက်မှာ အိမ်ထဲမှာ တရွေ့ရွေ့သွားနေတဲ့ စပါးအုံးမြွေကြီးတွေပေါ် တက်ခွစီးတာကို ခပ်ရေးရေးတောင်မှ မှတ်မိပါသေးတယ်။ ဘယ်ကလေးကိုမှလည်း ဒုက္ခမပေးပါဘူး၊ ကလေးတွေကို “မြိုပစ်ဖို့” နေနေသာ အသားတုံးတွေကိုတောင် သူတို့ရှေ့ ချပေးရင် မစားလို့ ပါးစပ်ထဲကို ဒုတ်နဲ့ ထိုးထည့်ပြီး ခွန့်ရသဗျ။ ဒါပေမယ့် လူကြီးသူမတွေက အိမ်မှာ မြွေမမွေးကောင်းဘူး ဝိုင်းပြောကြတာနဲ့ နောက်ဆုံးမှာ ဒီစပါးအုံး မြွေကြီး(၂)ကောင်ကို “ရန်ကုန်တိရိစ္ဆာန် ဥယာဉ်”မှာ သွားပြီး လှူလိုက်ပါတယ်။
ဒီလို အိမ်မှာ ထူးထူးဆန်းဆန်း အကောင်တွေကိုတောင်မှ မွေးတာဆိုတော့ ခွေးတို့ ကြောင်တို့ဆိုတာ ရှိပြီပေါ့ဗျာ။ ကျွန်တော် ကလည်း “ခွေး” ကို ချစ်သလောက်၊ “ကြောင်” ဆိုရင် အရမ်းမုန်းပါတယ်။ လူပေါ်အတင်းတက်ပြီး “တဂွီးဂွီး” မည်ပြီး လာလာ“နှပ်” တဲ့အခါတိုင်း ကျွန်တော်က ကိုင်လွှင့်ပစ်တတ်လွန်းလို့ ကြောင်တော်တော်များများကလည်း ကျွန်တော့နားကို သိပ်မကပ်ကြပါဘူး။ အိမ်မှာကလည်း ကြောင်အကောင်က (၁၀)ကောင်လောက် ရှိတာကိုးဗျ။ ဒီအထဲမှာ အဝါရောင် ကြောင်အထီးကြီး တစ်ကောင်ဟာ အသက်ကလည်း အကြီးဆုံး၊ ထွားလည်း အထွားဆုံးဆိုတော့ ကျန်တဲ့ကြောင်ငယ်တွေ အပေါ်မှာ အမြဲဗိုလ်ကျလေ့ရှိပါတယ်။ ကြောင်တွေကို သူ့ခွက်နဲ့သူ အစာကျွေးပေမယ့် ဒီကြောင်ဝါကြီးက သူဗိုက်သိပ်မဝရင် (လူအလစ်မှာ) ကျန်တဲ့ကြောင်ငယ်တွေဆီက အစာကို လုစားတတ်တဲ့ အကျင့်ရှိပါတယ်။ ဒါကြောင့် ကြောင်စာကျွေးတဲ့အခါ တိုင်းမှာ လူတစ်ယောက်က အမြဲစောင့်ကြည့်နေရပါတယ်။ အဲဒီတုန်းက ကျွန်တော်က (၇)တန်းကျောင်းသား၊ အသက်က (၁၃)နှစ်လောက်ဘဲ ရှိဦးမယ်။
ဒီလို ကျွန်တော့်မျက်စေ့ထဲမှာ “ဒေါင့်မကျိုး” ဖြစ်နေပါတယ်ဆိုမှ တစ်နေ့တော့ ဒီကြောင်ဝါကြီးဟာ သူ့အနားကို (အမေနဲ့မှားပြီး) ပွတ်သီးပွတ်သပ်လာလုပ်တဲ့ နို့စို့အရွယ် ကြောင်ပေါက်ကလေးတစ်ကောင်ကို “ကိုက်” ပစ်လိုက်တာ ဒီကြောင်ပေါက် ကလေး သေပါလေရောဗျာ။ အဲဒီမှာ ကျွန်တော်က “အင်း- ဒီကြောင်အိုကြီးကိုတော့ ပညာပေးရမယ်” ဆိုပြီး ကြံတော့တာ ပေါ့ဗျာ။ သိပ်မစဉ်းစားလိုက်ရပါဘူး(မကောင်းမှုမို့လားတော့ မသိပါဘူး)။ ခေါင်းထဲကို အကြံတစ်ချက် ဝင်လာ ပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း “ကြောင်” ဆိုတာမျိုးက “ရေအင်မတန်ကြောက်တဲ့သတ္တဝါ” မဟုတ်လား။ ခြေဖျား လက်ဖျားလေးတွေ ရေစိုရင်တောင် “ခါလိုက်”၊ “ပါးစပ်နဲ့လျှက်လိုက်” နဲ့ ပြီးတော့တာမှ မဟုတ်တာ။ “ရေ” ဆိုတာ ကြောင်တွေ အကြောက်ဆုံး အရာတစ်ခုဘဲလေ။
ကျွန်တော်တို့ အိမ်ရှေ့မှာ အလျား(၄)ပေ၊ အနံ (၃)ပေ၊ အမြင့် (၄)ပေလောက်ရှိတဲ့ “အုတ်ရေကန်”လေးရှိပါတယ်။ အိမ်ရှေ့ မှာ စိုက်ထားတဲ့ သစ်ပင်ပန်းပင်တွေ ရေလောင်းဖို့ လုပ်ထားတာပေါ့ဗျာ။ ဒီကန်ကလေးကလည်း ရေအမြဲတမ်း ပြည့်နေတာ များပါတယ်။ အဲဒီမှာတင် ကျွန်တော် , အဲဒီကြောင်ဝါကြီး အိပ်နေချိန်မှာ လည်ဂုတ်က တစ်ချက်၊ ခါးကတစ်ချက် ဖမ်းချုပ် ကိုင်ပြီး အိမ်ရှေ့က ရေကန်ဆီကို ယူလာပြီး ရေထဲပစ်ချလိုက်တာပေါ့ဗျာ။
အို- ဘာပြောကောင်းမလဲ၊ ကြောင်ဆိုတာ ရေအလွန်ကြောက်တဲ့သတ္တဝါဖြစ်လေတော့ ကြောက်အားလန့်အားနဲ့ ရေထဲကနေ အတင်းရုန်းကန်, ကူးခတ် . . ပြီးတော့ ရေကန်ဘောင်ကို လက်သည်း နဲ့ ကုပ်ဖဲ့တက်ပြီး ခုန်ချထွက်ပြေးတာကို ကြည့်ပြီး ကျွန်တော့်မှာ သဘောကျလွန်းလို့ ရယ်လိုက်ရတာဗျာ။“ ဒီလောက်တောင် အနိုင်ကျင့်တဲ့ အကောင်တော့ မှတ်ကရောပေါ့”။ (ဒါပေမယ့် ကိုယ်က အနိုင်ကျင့်လိုက်တာကိုတော့ ကိုယ့်ဟာကိုယ် ပြန်မသိလိုက်ဘူး)
ဒါနဲ့ ဒီလိုဘဲ ဒီကြောင်ဝါကြီးကို အလစ်မှာ ဖမ်း,ဖမ်းပြီး ရေထဲပစ် ပစ်ချတာ (ကျွန်တော့အထင်တော့) ၄-၅-၆ ကြိမ်ထက် နည်းမယ် မထင်ပါဘူး။ ဒီကြောင်ဝါကြီးကလည်း ကျွန်တော့်ကိုမြင်ရင် “လန့်”လွန်းလို့ မြင်တာနဲ့ ထွက်ပြေးတော့တာဘဲ။ လွယ်လွယ်နဲ့ ဖမ်းရတာတော့ မဟုတ်ဘူး။ သူအိပ်ပျော်နေတုန်းကို အလစ်ဝင်ဖမ်းမှ ရတာကိုးဗျ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဒီလိုဘဲ ကြောင်ကြီးအိပ်နေတုန်း အလစ်ဝင်ဖမ်းပြီး ထုံးစံအတိုင်း အိမ်ရှေ့ရေကန်ထဲကို ပစ်ချလိုက်ပါတယ်။ အဲဒီနေ့က ခါတိုင်း အမြဲရေပြည့်နေတဲ့ ရေကန်ထဲမှာ ရေ “တစ်တောင်”လောက် လျော့နေတယ်ဗျ။ ဒီတော့ ကြောင်ဝါကြီးလည်း ခါတိုင်းလို ကန်ဘောင်ကို လက်နဲ့လှမ်းကုပ်တက်ပေမယ့် “တစ်တောင်လောက်ကွာနေတော့” မမှီတော့ဘူးဗျ။ ဒီတော့ အတင်းရုန်းကန် ကူးခတ်ပြီး ဒီဘက်ဘောင်မမှီတော့ ဟိုဘက်ဘောင် ကူးပြေးပြီးတက်. . . ဟိုဘက်ဘောင် ကလည်း မမှီတော့ ဒီဘက်ပြန်လာနဲ့ ရေထဲမှာ ချာချာလည် နေတော့တာပေါ့ဗျာ။ နောက်ဆုံးတော့ ကြောင်ဝါကြီးဟာ မောလွန်းလို့ ဆက်မကူး နိုင်တော့ဘဲ နံရံတစ်ဘက်ကို လက်သည်းနဲ့ကုပ်တွယ်ထားရင်းနဲ့ ကျွန်တော့်ကို လှမ်းကြည့်လိုက်တယ်ဗျ။ ကြည့်နေတာမှ အကြာကြီးဘဲ။ အခုပြန်စဉ်းစားလိုက်ရင်တောင်မှ ဒီကြောင်ကြီး ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ အကြည့်ကို ပြန်မြင်ယောင် မိပါသေးတယ်။
ဒီကြောင်ကြီး ကြည့်နေတဲ့အကြည့်ထဲမှာ “မုန်းတီးခြင်း၊ နာကျည်းခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ တောင်းပန်တိုးရှိုး အသနားခံခြင်း” တွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ကျွန်တော့်စိတ်ထဲမှာ ချက်ခြင်း သနားစိတ် ပြန်ဝင်လာပါတယ်။ ဒါကြောင့် ကြောင်ကြီးကို ဂုတ်ကနေဆွဲတင်ပြီး မြေကြီးပေါ်ပြန်ချပေးလိုက်ပါတော့တယ်။ ကြောင်ကြီး လည်း ထုံးစံအတိုင်း ထွက်ပြေး တော့တာပေါ့ဗျာ။ အဲသည်လို ဖြစ်ပြီးကတည်းက အဲဒီကြောင်ကြီးကို နောက်ထပ် ရေထပ် မနှစ်တော့ပါဘူး။
“ဗုဒ္ဓဂုဏ်တော်တန်ခိုး” ဆောင်းပါးထဲမှာ ကျွန်တော်ရေးခဲ့သလို ကျွန်တော်ဟာ မြစ်လယ်ခေါင်မှာရေနစ်ချိန်၊ “သေမင်းနဲ့ စစ်ခင်း” နေရတဲ့ အချိန်မှာ ကျွန်တော်စိတ်ထဲမှာ “ဖျတ်ကနဲ၊ ဖျတ်ကနဲ” ပေါ်လာတဲ့ အတွေးတွေ၊ အာရုံတွေက အများကြီးဘဲဗျ။ သေရမှာကြောက်ခြင်း၊ မသေချင်,သေးခြင်း၊ သေကို သေရတော့မှာလို့ထင်ခြင်း၊ ဘုရားဂုဏ်တော် အောက်မေ့မိခြင်း၊ မိခင်ဖခင်များကို သတိရခြင်း တွေသာမက လုံး၀ မေ့နေတဲ့ အကြောင်းတစ်ခုက ဖြတ်ကနဲ ပေါ်လာတော့ တာကိုး။ အဲဒါကတော့ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ကျွန်တော်လုပ်ခဲ့တဲ့ ကြောင်ဝါကြီးကို ရေထဲပစ်ချတာတွေ၊ အဲဒီ ကြောင်ဝါကြီး အသက်လုပြီး ရေကူးနေတာတွေ၊ ကျွန်တော့်ကိုသနားစဖွယ် စိုက်ကြည့်နေတာတွေဟာ တစ်ခုပြီးတစ်ခု ရုပ်ရှင် ဆလိုက် ထိုးပြသလို ပေါ်လာတော့တာကိုးဗျ ။ ဒါကို အရင်ဆောင်းပါးထဲမှာ မထည့်ခဲ့ပါဘူး။ ဒီဆောင်းပါးကျမှ ထည့်ရေးမယ် ဆိုပြီး ချန်ထား ခဲ့ပါတယ်။ မယုံမရှိကြပါနဲ့။ အမှန်တကယ်ပါဘဲဗျာ။ ကနေ့ထိအောင် ဒီကိစ္စကို ပြန်တွေးမိတိုင်း အတော်လည်း အံ့သြမိပါတယ်။
ဒါကြောင့် လူတစ်ယောက်ဟာ စုတိစိတ်ကျခါနီး(သေခါနီး)လာရင် သူပြုခဲ့သမျှ “ကုသိုလ်၊ အကုသိုလ်” တွေဟာ “ကမ္မနိမိတ်၊ ဂတိနိမိတ်” တွေအဖြစ် တစ်ခုပြီး တစ်ခု ပေါ်လာတယ်ဆိုတာ ဟုတ်လိမ့်မယ်ဗျ။ ဘယ်နှယ့်ဗျာ။ ဘယ်တုန်းကမှ မတွေးဘူးခဲ့တဲ့ ဒီကြောင်ကြီးကိစ္စက ဘာဖြစ်လို့ ဒီလို အသက်လုနေချိန်မှ အတွေးထဲမှာ သူ့အလိုလို ပေါ်လာရတယ်ဆိုတာ . . စဉ်းစားသာ ကြည့်ကြပါတော့ဗျ။ အကုသိုလ်ဆိုတာမျိုးဟာ ကိုယ်ကပြုခဲ့ပြီး မေ့မေ့ပျောက်ပျောက်နေပေမယ့် နောက်ဆုံး အချိန်ကို ရောက်လာပြီ ဆိုတဲ့အချိန်မှာတော့ တစ်ခုပြီးတစ်ခု “သက်သေလာခံ” ကြသလိုပါဘဲဗျာ။ အင်မတန် သံဝေဂရဖို့ ကောင်းလှ ပါတယ်။
ဒီနေရမှာ ကျွန်တော်ဖတ်ဖူးမှတ်ဘူးသမျှထဲက မှတ်သားဖို့ကောင်းတာလေးတစ်ခု တင်ပြချင်ပါတယ်။ သိပြီးသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူများအတွက်ပေါ့။
ဗုဒ္ဓဘာသာ ကျမ်းစာတွေမှာ လူတစ်ယောက်ဟာ “ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ” တစ်ခုခုကို ပြုတဲ့အချိန်မှာ “ဇော(၇)ကြိမ်” ကျလေ့ရှိတယ်လို့ဆိုပါတယ်။ (ဒါက ဗုဒ္ဓဘုရားရဲ့ ဉာဏ်တော်ကြီးနဲ့ တွေ့ရှိချက်ပါ၊ သာမန် ပုထုဇဉ်တွေ ကတော့ ဇော(၇)ကြိမ်ကို သိဖို့မပြောနဲ့၊ ကိုယ်လုပ်နေတဲ့အလုပ်ဟာ “ကုသိုလ်လား၊ အကုသိုလ်လား” ဆိုတာတောင် ခွဲခြား မသိတဲ့ လူတွေအများကြီးပါ)။ ဒီဇော(၇)ကြိမ်ကျတဲ့အခါမှ “ပထမဇော” ထဲမှာ ဝင်, သွားပြီဆိုရင် ဒီလူပြုတဲ့ “ကုသိုလ်/ အကုသိုလ်” ဟာ (၇)ရက် ၊ (၇)လ၊ (၇)နှစ် အတွင်းမှာ အကျိုးပေးမယ်တဲ့။ တကယ်လို့ (၇)ရက်၊ (၇)လ ၊ (၇)နှစ်အတွင်းမှ အကျိုးမပေးရင်တော့ “အဟောသိကံ” ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဘာမှ မဖြစ်တော့ဘူးပေါ့။
တကယ်လို့ “သတ္တမဇော” ထဲမှာ ဝင်, သွားရင်တော့ ဒုတိယဘဝမှာ အကျိုးပေးမယ်တဲ့။ ကျန် “အလယ်ဇော (၅)ချက်” ကတော့ တတိယဘဝကနေစပြီး နိဗ္ဗာန်ကို မျက်မှောက်မပြုမခြင်း အခါအခွင့် သင့်ရင် သင့်သလို အကျိုးပေးပါလိမ့်မယ်တဲ့။
ကျွန်တော် ကြောင်ကြီးကို ရေနှစ်ပြီး ညှဉ်းဆဲခဲ့တဲ့ ကံဟာ “ပထမဇော” ထဲကို ဝင်သွားပြီး (၇)နှစ်အတွင်း အကျိုးပေးခံရခြင်းလို့ ကျွန်တော်တော့ ယုံကြည် နေမိပါတယ်။ အဲဒီတုန်းက နောက်ဆုံးအကြိမ်အသိထဲမှာ ဝင်ရောက်လာတဲ့ “သနားကြင်နာစိတ် ကလေး” ကြောင့်ရယ်၊ ဘုရားဂုဏ်တော်ကို အောက်မေ့ သတိရခြင်းတို့ကြောင့်သာ သေလုမြောပါး ခံခဲ့ရပေမယ့် အသက်မသေခဲ့တာလို့လည်း ယုံကြည်မိပါတယ်။
ဒါကြောင့် “ဓမ္မမိတ်ဆွေသူငယ်ချင်းတစ်ယောက်” က ပြောဘူးပါတယ်။ “တင်ဗိုလ်ဗိုလ်”ရေ ၊ အကုသိုလ်များ တတ်နိုင်သရွေ့ မလုပ်မိအောင် ရှောင်ကွ” တဲ့။ “လုပ်လိုက်တုန်းကတော့ တစ်ခါဘဲလုပ်လိုက်ရတာ၊ ပြန်ခံရပြီဆိုရင် ဘဝပေါင်းမရေမတွက်နိုင် အောင် (နိဗ္ဗာန်ကို မဝင်မခြင်း) ခံလို့ကို မပြီးအောင် ပေးဆပ်ရတာမို့ လုပ်ရတာနဲ့တောင် မတန်ပါဘူးကွာ”တဲ့။
အတော်မှတ်သားစရာကောင်းလှပါတယ်။ ယုံကြည်သူများအတွက်ပေါ့လေ။ သံသရာတို့၊ နောက်ဘဝတို့၊ ဝဋ်တို့၊ ငရဲတို့ မယုံကြည်သူများအတွက်တော့ လုပ်ချင်ရာလုပ်ကြပေါ့။ ဒါပေမယ့် သေခါနီးအချိန်မှာတော့ ကျွန်တော် ကြောင်ကြီးကို မတရားလုပ်ခဲ့တာကို ပြန်မြင်ရသလို ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေ တစ်ခုပြီးတစ်ခု အစီအရီ ပေါ်လာလိမ့်မယ်ဆိုတာတော့ (ကိုယ်တွေ့မို့လို့) သတိပေးချင်ပါတယ်။
ကျွန်တော့်ဆောင်းပါးတွေထဲမှာ ရံဖန်ရံခါ ပါလာတတ်တဲ့ “ကျွန်တော် တရားအားထုတ်တဲ့အကြောင်း” ကလည်း လူအထင်ကြီး အောင်၊ ဟန်ပြကောင်းအောင် ရေးနေတာ မဟုတ်ဘူးခင်ဗျ။ ကျွန်တော်ဆိုတဲ့ကောင်ဟာ သေချိန်မရောက်သေးလို့သာ မသေ ခဲ့ရပေမယ့် “သေမင်းခံတွင်းဝ” ကို အကြိမ်ကြိမ် ရောက်ခဲ့ဘူးသူပါ။ စောစောက ပြောသလို “ရေနစ်” ဘူးတယ်။ ကား (၃)ကြိမ် မှောက်ဘူးတယ်။ အစာအိမ်ရောဂါကြောင့်တစ်ခါ၊ အူရောင်ငန်းဖျားရောဂါ ကြောင့်တစ်ခါ ဆေးရုံအရေးပေါ်ခန်းမှာ (၂)ကြိမ် တက်ခဲ့ဘူးတယ်။ တစ်ကြိမ်ဆိုရင် လုံး၀ မရတော့ဘူးထင်လို့ မိန်းမနဲ့ သားသမီးတွေကိုတောင် ရှေ့ဆက် လုပ်ရမယ့် လုပ်ငန်းတွေကို သေသေချာချာမှာကြားပြီး စိတ်လျော့ထားရာက ပြန်ကောင်းလာတာ ဖြစ်ပါတယ်။
ဒီလို သေမင်းခံတွင်းဝကို အကြိမ်ကြိမ် ရောက်ဘူးပြီး သေမင်းနဲ့ လက်တလုံးခြား လွတ်မြောက်ခဲ့သူမို့ “သေခြင်းတရား” ကို သူများတွေထက် ပိုပြီး နားလည်ပါတယ်။ သေခြင်းတရားဟာ ကိုယ်နဲ့ နီးနီးလေးဆိုတာ သူများတွေထက် ပိုပြီးခံစားတတ် ပါတယ်။ နောက်ပြီး ဒီလို သေဘေးကနေ အကြိမ်ကြိမ်လွတ်မြောက်လာခဲ့ပေမယ့် နောက်ဆုံး လုံးဝမလွတ်နိုင်တဲ့ အချိန်တစ်ခု ကိုလည်း မုချရောက်ရဦးမယ်ဆိုတာကို အသေအချာ သိနေပါတယ်။
ချစ်ခင်လေးစားလှစွာသော စာဖတ်ပရိတ်သတ်များခင်ဗျား။ သေခြင်းတရားကိုဆင်ခြင်ခြင်း ဆိုတဲ့ “မရဏနုဿတိ” ဟာ မကြာခဏ နှလုံးသွင်းကောင်းတဲ့ တရားတစ်ခုပါ။ “မရဏနုဿတိ” ကို မကြာခဏ နှလုံးသွင်းဆင်ခြင်သူဟာ “လောဘ၊ ဒေါသ၊ အတ္တ၊ မာန်မာန” တွေ လျော့နည်းလာနိုင်ပါတယ်။ “သြော် တစ်နေ့တော့ အားလုံးသေကြမှာဘဲလေ” ဆိုတဲ့ တွေးတော ဆင်ခြင်မှု ဟာ ကိုယ့်သဏ္ဍန်မှာရှိနေတဲ့ “အလွန်အကျွံဖြစ်မှု” အားလုံးကို လျော့နည်းစေနိုင်ပါတယ်။ ဘဝကို ပိုပြီး အေးချမ်း စေနိုင်ပါတယ်။ တန်ဖိုးမရှိတဲ့ ကိစ္စတွေနဲ့ အချိန်ဖြုန်းနေတာတွေကို သတိဝင်လာစေနိုင်ပါတယ်။ လူလူချင်း ညှာတာ ထောက်ထားစိတ်၊ ကိုယ်ခြင်းစာစိတ်တွေကို တိုးပွားလာစေနိုင်ပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝအတွင်း တန်ဖိုးရှိတာတွေကို ပိုပြီး လုပ်ကိုင်လာနိုင်စေပါတယ်။ ကျွန်တော်တော့ လက်တွေ့ကျင့်သုံးနေသူမို့ ဒီလို အကျိုးထူးတွေကို လက်တွေ့ ခံစား နေရတာ အမှန်ပါ။
နောက်ပြီး “ကိုယ်ပြုသည့်ကံ ၊ ပဲ့တင်သံ” ဆိုတာလို “သတ္တဝါအခြင်းခြင်း၊ အားကြီးသူက အားနည်းသူအပေါ် အနိုင်ထက်ပြု ညှင်းဆဲခြင်း” ဆိုတဲ့ တရားဟာလည်း ကမ္မနိယာမအရ ဇော(၇)ကြိမ်အကျိုးပေးပြီး ဒီဘဝမှာလည်း – “ဝဋ်” ပြန်လည်ချင် လည်မယ်။ ဒီဘ၀ မလည်ရင် နောက်ဘဝမှာ လည်မယ်။ နောက်ဘဝမှာ မလည်ရင် တတိယဘဝကနေစ,ပြီး “တေဘုမ္မက” သံသရာဝဋ်ဆင်းရဲ ရဟတ်ချားကြီး လည်ပတ်နေသရွေ့ မကုန်နိုင် မဆုံးနိုင် ခံစားကြရလိမ့်မည် ဖြစ်ပါကြောင်းခင်ဗျား။
သတ္တဝါအချင်းချင်း ငဲ့ညှာထောက်ထားခြင်းဖြင့် “ဝဋ်” လည်ခြင်းမှ လွတ်ကင်းနိုင်ကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)