(ဝ)ကြွင်း မဟာဘုတ်ဖွားများအကြောင်း အလှည့်ကျလာပါပြီ။ ကိုယ် ကိုယ်တိုင်က (ဝ)ကြွင်းသမား ဖြစ်နေတော့ “ဆန်ရင်း နာနာဖွပ်” ဆိုတဲ့ စကားလို ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရတော့မယ့် အလှည့် ရောက်ပြီ ပေါ့။ (ဝ)ကြွင်းသမားတွေဟာ အကြမ်းဖျဉ်းပြောရရင် ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ အားနည်းပျော့ညံ့ ကြသူတွေ များပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် မှုဘက်မှာလည်း အားနည်းတတ်တာ များတယ်။ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှု မှာလည်း အားနည်းတတ်တာ များတယ်။ စိတ်နုတယ်။ စိတ်ထိခိုက် လွယ်တယ်။ ဝမ်းနည်းလွယ်တယ်။ မျက်ရည် ကျလွယ်တယ်။ ကိုယ့်ကို မကောင်းပြောခံရရင် တနုံ့နုံ့ တွေးပြီး စိတ်ဆင်းရဲ နေတတ်တယ်။ လောကဓံ တရားကို သိပ်ခံနိုင်ရည် မရှိတတ်ကြဘူး။ စိတ်ဆတ်ပြီး ကိုယ့်ကိုယ်ထိပါး ပုတ်ခတ်လာရင် ချက်ခြင်း တုန့်ပြန်တတ်ကြသူများ ဖြစ်ကြတယ်။ တစ်ချို့ (ဝ)ကြွင်းဖွား တွေဟာ ဒေါသသိပ်ကြီးတတ်ကြပြီး အမှားတွေ လုပ်မိကာ နောက်မှ နောင်တ ရတတ် ကြတာမျိုး တွေ ဖြစ်တတ်ပါတယ်။
(ဝ)ကြွင်းတွေဟာ များသောအားဖြင့် စိတ်ထားကောင်းပြီး သူတစ်ပါးအပေါ်မှာ သနားကြင်နာ လွယ်သူတွေ ဖြစ်ကြပေမယ့် စိတ်နုတာ၊ မခံချင်စိတ် ကြီးမားလွယ်တာ၊ အထင်လွဲလွယ်တာ၊ သဘောထားမကြီးတာ တွေဟာ အားနည်းချက်တွေ ဖြစ်နေတတ်တယ်။
(ဝ)ကြွင်း သမားတွေဟာ ဆတ်ဆတ်ထိ မခံ သမားတွေ များပါတယ်။ ဒါပေမယ့် သူတို့ဟာ သူများအပေါ် မနာလို ဝန်တိုစိတ်တို့၊ ပြိုင်ချင်ဆိုင်ချင်တဲ့ စိတ်တို့တော့ နည်းတတ်တယ်။ ကိုယ့်ဟာကိုယ် အေးအေးချမ်းချမ်း နေလိုတယ်။ အပေါင်းအသင်း နည်းမယ်။ တစ်ခါ တစ်လေ ရည်မှန်းချက် အလွန်ကြီးပေမယ့် တစ်ခါတစ်လေ ထမင်းမငတ်ရင် ပြီးတာဘဲ စိတ်မျိုး ထားနိုင်ကြတယ်။ သူတစ်ပါး စိတ်ပါ လက်ပါ ကူညီ ကြလိုသူများ ဖြစ်တယ်။ ကိုယ့်ထက် နိမ့်ကျသူတွေ အပေါ်မှာ ကြင်နာစိတ် ကြီးမားတတ်တယ်။ ပေးကမ်း စွန့်ကြဲလွယ်တတ်တယ်။ ဒါပေမယ့် လောကွတ်တော့ သိပ်မလုပ်တတ်ဘူး။ မဖားတတ်ဘူး။ မျက်နှာလို မျက်နှာရ မလုပ်တတ်ကြဘူး။ သူများဆီက ကျေးဇူးခံပြီးရင် တစ်နည်းနည်းနဲ့ ပြန်ဆပ်ရမှ ကျေနပ်ကြ သူများ ဖြစ်တယ်။
(ဝ)ကြွင်းတွေထဲမှာ အေးအေးချမ်းချမ်းနေချင်စိတ် များလွန်းတဲ့ သူများကြတော့ တစ်ချို့ဆို ပျင်းတဲ့ဘက်ကိုပါ ရောက်သွား တတ်တယ်။ (ဝ)ကြွင်းတွေဟာ အလုပ်လုပ်ရာမှာ များသောအားဖြင့် “အထနှေး” တတ်ကြတယ်။ အပျင်းထူတတ်ကြတယ်။ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့ လုပ်တတ်ကြတယ်။ ဒါပေမယ့် လုပ်ပြီဟေ့ ဆိုရင် လည်း မီးကုန်ယမ်းကုန် မအိပ်မစား လုပ်နိုင်ကြတယ်။ (ဝ)ကြွင်းသမားတွေဟာ ဉာဏ်ပညာ သိပ်မထက်မြက်ကြပေမယ့် စူးစူးစိုက်စိုက် လုပ်နိုင်တဲ့ ဇွဲသတ္တိတော့ ကောင်းကြတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျပြန်တော့လည်း (ဝ)ကြွင်းသမားတွေဟာ ချုခြာပျော့ညံ့ ကြပါတယ်။ တစ်နေ့ရွှေ တစ်နေ့ငွေ ဆိုတာမျိုး လိုပါဘဲ။ အားနည်းတဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိတတ်ကြတယ်။ အာရုံကြောအားနည်းတာ၊ သွေးအားနည်းတာ၊ အစာအိမ်အားနည်းတာ၊ နှလုံး အားနည်းတာ တွေဟာ (ဝ)ကြွင်းသမားတွေမှာ အဖြစ်များကြပါတယ်။ အပင်ပန်းဒဏ်ကို မခံနိုင်ကြဘူး။
(ဝ)ကြွင်းသမား အတော်များများဟာ အစားအသောက် ဇီဇာကြောင်ကြပါတယ်။ အစားကောင်း အသောက်ကောင်းကို ခုံမင်တတ်ကြပါတယ်။ အစား အသောက်မှ မဟုတ်ဘူး။ နေရာတော်တော်များများမှာ ဇီဇာကြောင်တတ်ကြပါတယ်။ ကိုယ့်အဖေ အမေ အဖိုးအဖွားတွေထဲမှာ (ဝ)ကြွင်းများပါလာရင် ပြုစုရတာ သိပ်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဟိုဟာ အလိုမကျ ဒီဟာ အလိုမကျ ဖြစ်တတ်ပါတယ်။ (ဝ)ကြွင်းသမားတွေဟာ အဝတ်အစား ဆိုရင်လည်း ဟိုအရောင်မကြိုက်၊ ဒီပုံစံ မကြိုက် နဲ့ အလွန်ဂျီးများပါတယ်။
(ဝ)ကြွင်း သမားတွေဟာ အချစ်ရေး ကိစ္စတွေမှာ နူးညံ့သိမ်မွေ့ကြသူများ ဖြစ်ကြပါတယ်။ သူတို့ဟာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်တဲ့ ရုပ်ရည်မျိုး ရှိတတ်ကြတယ်။ ငယ်စဉ်ကာလမှာ အလွန် “စန်း” ပွင့်တတ်ကြတယ်။ ဒါပေမယ့် သူတို့ဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်သူများဖြစ်ပြီး အချစ်ရေး၊ အိမ်ထောင်ရေး ရှုတ်ထွေးမှု နည်းတတ်ကြတယ်။ များသောအားဖြင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ အရှက်အကြောက်ကြီးတယ်။ အိန္ဒြေသိက္ခာ ထိန်းနိုင်ကြတယ်။
(ဝ)ကြွင်းတွေထဲမှာ ကြာသပတေး(ရာဇ) နဲ့ အင်္ဂါ (မရဏ)တို့ကလွဲရင် အချစ်ရေး အိမ်ထောင်ရေး ကိစ္စ ရှုတ်ထွေးမှု သိပ်မရှိတတ်ကြဘူး။ အင်္ဂါ နဲ့ ကြာသပတေး တွေကတော့ အရှုတ်များတတ်တယ်။ ကျန်တဲ့ နေ့ဖွားများကျတော့ များသော အားဖြင့် အိမ်ထောင်ရေး အဆင်ပြေကြပါတယ်။ အိမ်ထောင်ကွဲမှု နည်းတယ်။ ဒါပေမယ့် (ဝ)ကြွင်းဖွား အင်္ဂါသမီး (မရဏ)ဖွား များကြတော့ အိမ်ထောင်ရေးကံ တော်တော် ဆိုးတတ်ကြပါတယ်။ တစ်ခုလပ်၊ မုဆိုးဖို၊ မလွတ်လပ်သူများနဲ့ တွေ့ကြုံတတ်ပြီး အိမ်ထောင်ရေးမှာ အမြဲစိတ်ဆင်းရဲတတ်ကြတာများပါတယ်။ လင်ဆိုးများတတ် ရတတ်တာကို သတိထား ရပါမယ်။ (ဝ)ကြွင်းတွေထဲမှာ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး သားသမီးတွေဟာ အိမ်ထောင်ရေး ညံ့တတ်ပါတယ်။ ယေဘူယျ ပြောရရင်တော့ (ဝ)ကြွင်းဖွားတွေမှာ ယောင်္ကျားလေး တော်တော်များများကတော့ အိမ်ထောင်ရေး ကံ ကောင်းကြ ပါတယ်။ ကိုယ့်အပေါ် အရမ်းချစ်တဲ့ မိန်းမမျိုးတွေနဲ့ အိမ်ထောင် ကျတတ်တယ်။ မိန်းကလေး (ဝ)ကြွင်းဖွားကျတော့ အိမ်ထောင်ရေး နဲနဲ ညံ့တတ်ပါတယ်။
(ဝ)ကြွင်းသမားများဟာ များသောအားဖြင့် ဘဝကံ ကောင်းကြပါတယ်။ သိပ်ကြီးမားတဲ့ လောကဓံမျိုးတွေ တွေ့ရခဲပါတယ်။ သိပ်မချမ်းသာတောင်မှ လက်ထဲမှာ ငွေမပြတ်တတ်ကြပါဘူး။ ငွေကြေး ကံကောင်းကြတာ များတယ်။ အခက်အခဲ ဒုက္ခ တွေ့ရင်လည်း သိပ်အကြာကြီး မခံရဘဲ လွတ်မြောက် သွားကြပါတယ်။ ဆင်းရဲ ဒုက္ခကို ရေရှည်ခံစား နေရတာမျိုး တွေ့ရခဲပါတယ်။ လောကဓံ အလွန်များပါတယ်ဆိုတဲ့ (4)ဂဏန်းသမားများတောင် (ဝ)ကြွင်းဖြစ်နေရင် အခြား (4)သမားတွေ ထက် သက်သာပါတယ်။ အခက်အခဲကြုံရင် ကိုယ့်ကို ကူညီမယ့်သူ အမြဲရှိတတ်ပါတယ်။
(ဝ)ကြွင်းတွေမှာ သူများကို အောက်မကြို့ချင်တဲ့ မာနမျိုး ရှိတတ်တာမို့ သူတစ်ပါး လက်အောက်ခံလုပ်ငန်း၊ လခစား လုပ်ငန်းများနဲ့ ရေရှည် မသင့် တော်ပါဘူး။ ကိုယ်ပိုင် လုပ်ငန်းများနဲ့သာ သင့်တော်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ရင်လည်း အောင်မြင်လွယ် တတ်ကြပါတယ်။ ဒါပေမယ့် (ဝ)ကြွင်း သမားများဟာ လုပ်ငန်းတစ်ခု စလုပ်တဲ့နေရာမှာတော့ အခက်အခဲ ပြဿနာမျိုးစုံနဲ့ ကြုံပြီးမှသာ အောင်မြင်ကြတာများပါတယ်။
(ဝ)ကြွင်းသမားတွေဟာ ဆွေမျိုးသားခြင်း၊ ညီအစ်ကို မောင်နှမ အလွန်အကျိုးမပေးပါဘူး။ ကိုယ့်ဘက်ကရော၊ ကိုယ့် ယောင်္ကျား/မိန်းမ ဘက်ကရော နှိပ်စက်ကြသူတွေ များပါတယ်။ သူတို့ကို ဘယ်လောက် ကောင်းအောင်လုပ်ပေးပေမယ့်၊ ကူညီပေမယ့် ကွယ်ရာမှာ မကောင်းပြောပြီး ကျေးဇူး မသိတတ်ကြတဲ့ ဆွေမျိုးတွေက များပါတယ်။ ဆွေမျိုးအကျိုး မပေးပေမယ့်မိတ်ဆွေတော့ အလွန်အကျိုးပေးပါတယ်။ (ဝ)ကြွင်းသမားတွေမှာ မိတ်ကောင်း ဆွေကောင်း တွေနဲ့ တွေ့ကြုံ ရမယ့် ကံဇာတာ ပါပါတယ်။ ကိုယ် ဒုက္ခရောက်ရင် ကူညီမယ့် မိတ်ဆွေကောင်းတွေ ရှိတတ်ပါတယ်။ လူချစ်လူခင် များတတ် ကြပါတယ်။
(ဝ)ကြွင်း သမားတွေ ဘဝမှာ အထူးဂရုစိုက်ရမှာက “ကျန်းမာရေး” ပါ။ မကောင်းတဲ့ ဂြိုဟ် သက္ခတ်တွေထဲ ရောက်ပြီ ဆိုရင် တစ်ခြား အကြွင်းသမား တွေက စီးပွားရေး ပြဿနာဖြစ်၊ အိမ်ထောင်ရေး ပြဿနာဖြစ်၊ အမှုအခင်း ဖြစ်ကြပေမယ့် (ဝ)ကြွင်းဖွားများကတော့ ကျန်းမာရေးကိစ္စဘဲ ဖြစ်ကြတာ များပါတယ်။ အထူးသဖြင့် “အင်္ဂါသက္ခတ် နဲ့ စနေသက္ခတ်” မှာ ကျန်းမာရေး အထူးသတိထားကြရပါမယ်။ ဘဝမှာ ခွဲစိတ်ကုသခံရခြင်း၊ သွေးထွက် သံယိုဖြစ်ခြင်းများ ဖြစ်လွယ်ပါတယ်။ Accident များလည်း အလွန်ဖြစ်လွယ်ပါတယ်။ (ဝ)ကြွင်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါ တွေ၊ အစာအိမ်ရောဂါ၊ အူရောင်ရောဂါ၊ နှလုံးတုန်ရင်ခုန်ခြင်း (နှလုံးရောဂါ အစစ်မဟုတ်)၊ စိတ်ချောက် ခြားတဲ့ရောဂါ၊ ည အိပ်မပျော်တဲ့ရောဂါ၊ ခေါင်းကိုက် ဇက်ကြောတက်ရောဂါ၊ စိတ္တဇ ရောဂါ၊ အမျိုးသမီးများမှာ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ အဖြစ်များကြပါတယ်။
(ဝ)ကြွင်း သမားများအနေနဲ့ ဘဝမှာ အောင်မြင်တိုးတက်လိုရင် စိတ်သဘောထားကြီးဖို့၊ သည်းခံစိတ်မွေးဖို့၊ သူတစ်ဖက် သားကို အထင်လွဲ မလွယ်ဖို့၊ အရာရာမှာ ဇီဇာမကြောင်ဖို့၊ မပျင်းရိ ဖို့ လိုပါတယ်။ စိတ်နုတာ၊ စိတ်ဆတ်တာတွေကြောင့် ဘဝမှာ အောင်မြင်သင့်သလောက် မအောင်မြင်တဲ့ (ဝ)ကြွင်းတွေ တော်တော်များပါတယ်။ တစ်ချို့ (ဝ)ကြွင်းဖွားတွေ ကျပြန်တော့လည်း ပျင်းရိပြီး အပင်ပန်းမခံနိုင်ကြလို့ တိုးတက်သင့်သလောက် မတိုးတက်ကြပါဘူး။ (ဝ)ကြွင်းမှာ ကိုယ့်ဟာကိုယ် သီးသီးသန့်သန့် နေချင်တာကြောင့်ရယ်၊ လောကွတ်မလုပ်တတ်တာရယ် တို့ကြောင့် တစ်ချို့လူတွေ အမြင်မှာ “ဘဝင်မြင့်၊ မာနကြီးသူတွေ” လို့ မကြာခဏ အထင်ခံရတတ်တာကို သတိပြုပါ။ တစ်ကယ်တော့ (ဝ)ကြွင်း သမားတွေဟာ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ဘဲ သူတို့ နေတတ်သလို နေကြလို့ ဒီလို အထင်ခံရတာ ဖြစ်ပေမယ့် ဒီကိစ္စဟာ ဘဝအောင်မြင်ရေးကို ထိခိုက်နိုင်လို့ နဲနဲတော့ သတိထားသင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် (ဝ)ကြွင်းသမားတွေဟာ အကြွင်းအားလုံးထဲမှာ လောကဓံ အနည်းဆုံးဖြစ်ပြီး ဘဝကို သက်တောင့် သက်သာ နေထိုင်ဖို့ အခွင့်အလမ်း များသူတွေ ဖြစ်ပြီး ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်သူတွေ ဖြစ်ကြောင်းပါခင်ဗျား။
ကမ္ဘာကျော်တဲ့ (ဝ)ကြွင်းသမားတွေရဲ့ စာရင်းကတော့- ရှိတ်မူဂျီဘူရာမန် (ဘင်္ဂလားဒေ့ရှ် သမ္မတဟောင်း)၊ ရစ်ချတ်နစ်ဆင် (အမေရိကန် သမ္မတဟောင်း)၊ ဖရန်စစ်ဖာဒီနန် (ပထမ ကမ္ဘာစစ်မီး တောက်လောင်စေခဲ့တဲ့ လုပ်ကြံခံ အိမ်ရှေ့မင်းသား)၊ ဟောလီဝုဒ် မင်းသားကြီး ဟင်နရီဖောင်ဒါ၊ ဂျာမန် သိပ္ပံပညာရှင် ဟိန်းနရစ် ဟာ့ဇ်၊ စာရေးဆရာကြီး အိုက်ဇက် အက်ဆီမော့ဗ်၊ အာကာသထဲကို ပထမဆုံးရောက်ခဲ့တဲ့ ဆိုဗီယက်ယူနီယံနိုင်ငံသား ယူရီဂါဂါရင် ၊ လူထူးဆန်း သန်းကြွယ်သူဌေးကြီး ဟောင်းဝပ်ဟူး၊ Apple ပန်းသီးကွန်ပျူတာကုမ္ပဏီတည်ထောင်သူ စတီဗင် ပေါလ်ဂျော့၊ ပလူတိုဂြိုဟ်ကို တွေ့ရှိခဲ့သူ နက္ခတ်ပညာရှင် ကလိုက် တွမ်ဘော့ ၊ Discovery Channel သရုပ်ဆောင် မိကျောင်းမုဆိုး စတိဗ် အာဝင်၊ ဟောလီဝုဒ် သရုပ်ဆောင် ကီဗင် ကော့စ်နာ၊ ကယ်လ်ဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး နဲ့ အက်ရှင်မင်းသားကြီး အာနိုးလ် ၊ နာမည်ကျော်ကြားချိန်မှာ ရုတ်တရက် ကွယ်လွန်ခဲ့ရတဲ့ ဟောင်ကောင် ကွန်ဖူး မင်းသားကျော် ဘရုစ်လီ ၊ ဟောလီဝုဒ် အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီ ၊ ပြိုင်ကားမောင်း ချန်ပီယံ မိုက်ကယ် ရှုးမေကာ၊ အမေရိကန် လူမည်း အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ် ၊ ဂေါ့ဖ် ချန်ပီယံ အကျော်အမော် တိုက်ဂါးဝုဒ် ၊ အခုလက်ရှိ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဘားရက်အိုဘားမား ၊ ဘောလုံး စတားတွေ ဖြစ်ကြတဲ့ ပီတာဆက်ချ်၊ မိုက်ကယ် အက်ဆီယန် ၊ ဟာနန် ခရက်စပို၊ ဟာသသရုပ်ဆောင် ဂျင်မ်ကာရေး၊ အက်ရှင် မင်းသမီး အင်ဂျလီနာဂျိုးလီ၊ ဟောလီဝုဒ် သရုပ်ဆောင် ဒစ်ဇယ်ဝါရှင်တန်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်၊ လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ Accident နဲ့ ကွယ်လွန်သွားတဲ့ လေဒီဒိုင်ယာနာ၊ တစ်ခေတ်က အလွန်ကျော်ကြားခဲ့တဲ့ ဟောလီဝုဒ် မင်းသမီး မာရီလင် မွန်ရိုး ၊ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး အာဝင်ရွန်းမဲလ် ၊ ဂျူး (၆)သန်းကျော်ကို သတ်ဖြတ်ခဲ့သူ အဒေါ့ဖ် အိုက်ခမန်း၊ လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ ကုလသမ္မဂ္ဂ အတွင်းရေးမှူးချုပ် ဒက် ဟမ္မားရှိုး ၊ ကမ္ဘာကျော် ဘီတဲလ် တေးဂီတ အဖွဲ့ကို တည်ထောင်သူ လေးဦးထဲမှာ တစ်ဦးဖြစ်တဲ့ ဂျွန်လီနွန်၊ စိတ်သရုပ်ခွဲပညာရှင် ဆစ်ဂမန်ဖရွိုက်၊ မော်တော်ကားတာယာတွေကို တီထွင်ခဲ့သူ ချားလ် ဂွတ်ရီးယား၊ အမေရိကန် သမ္မတဟောင်း ဝုဒရိုး ဝီလ်ဆင်၊ စာရေးဆရာကြီး ဂျော့ဘားနတ်ရှော ၊ ပန်းပုပညာရှင် ပီကာဆို၊ ဗြိတိသျှ အယ်လီဇဘက် ဘုရင်မကြီး၊ ကျူးဘားသမ္မတ ဖီဒယ် ကတ်စထရို ၊ လုပ်ကြံခံရတဲ့ ဆွီဒင် ဝန်ကြီးချုပ် အိုလော့ပန်း ၊ ကမ္ဘာကျော် ဘရာဇီး ဘောလုံးသမားကြီး ပီလီ၊ အမေရိကန် သမ္မတဟောင်း ဟယ်ရီ အက်စ် ထရူမင်း ၊ စာရေးဆရာကြီး မက်ခ်တွိန်း ၊ ကြက်ခြေနီ အသင်းကို စတင်တည်ထောင်သူ ဟင်နရီ ဒူးနန့်၊ ရုရှား စာရေးဆရာကြီး လီယို တော်လ်စတွိုင်း၊ ကမ္ဘာကျော် သဘောၤသူဌေးကြီး အိုနာစစ် တို့ဘဲ ဖြစ်ကြပါတယ်ဗျာ။
ဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)