မနေ့က ကွန့်မန့်ထဲမှာ စာဖတ်သူတစ်ယောက်က “အခုအချိန်ဟာ သီတင်းကျွတ်ပြီမို့ မင်္ဂလာဆောင်သင့်တဲ့ ရက်ကောင်းရက်မြတ်နဲ့ ပတ်သက်ပြီး ရှောင်ရန်/ဆောင်ရန်” လေးတွေ ရေးပေးပါဆိုလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။
ဟုတ်ပါ့ဗျား။ နှစ်စဉ်နှစ်တိုင်း ဝါလကင်းလွတ် သီတင်းကျွတ်ပြီ ဆိုတာနဲ့ – လာလိုက်တဲ့ မင်္ဂလာ ဖိတ်စာတွေ၊ များလိုက်တဲ့ မင်္ဂလာဆောင်တွေ (ဝါတွင်း (၃)လုံး “အောင့်ထား” ရသလား မှတ်ရတယ် )။ ပလူကို ပျံလို့။
တခြားလတွေကော မင်္ဂလာဆောင်လို့ မရတော့တာ ကျနေတာဘဲ။ “ကျွတ်” ဆိုတဲ့ စကားလုံးပါလို့ “လူပျို၊ အပျို” ဘဝတွေကနေ ကျွတ်ကြ၊ လွတ်ကြအောင် “နိမိတ်ယူ” ကြတာနဲ့ တူပါတယ်။
အောင်မယ် – သီတင်းကျွတ်ရင် ပြီးတာဘဲ ဆိုပြီး ဆောင်ချင်တဲ့ရက် ဆောင်ကြတယ်လို့တော့ မအောက်မေ့လေနဲ့နော်။ ရက်ကောင်း ရက်မြတ်ကလေးတော့ ရွေးပြီး ဆောင်ကြတာဘဲဗျ။ ဗေဒင်ဆရာ ရွေးပေးတဲ့ ရက်ဖြစ်ဖြစ် ၊ ကိုယ်ကိုးကွယ်တဲ့ ဆရာတော် ရွေးပေးတဲ့ ရက်ဖြစ်ဖြစ်ပေါ့။ ဒီလိုတော့ လုပ်ကြပါတယ်။ “ဆရာတို့ ၊ ဘုန်းဘုန်းတို့ ကောင်းတယ်ဆိုရင် ပြီးတာပါဘဲ” ဆိုတဲ့လူ များပါတယ်။ (တကယ် ကောင်းမကောင်းတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး)
ရက်ကောင်းရက်မြတ် ရွေးတာနဲ့ ပတ်သက်လာရင် လူတိုင်းလိုလို “သိ” နေကြတဲ့ ရက်ရွေးနည်းကတော့ “ရက်ရာဇာ၊ ပြဿဒါး” ပါဘဲ။ ရက်ရာဇာ ဆိုရင် ကောင်းတယ်။ ပြဿဒါးဆိုရင် မကောင်းဘူးဆိုတာ “ဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်ရန်” အသည်းထဲထိအောင် စွဲနေကြ ပါပြီ။ ဒါပေမယ့် စောစောက ပြောခဲ့သလိုဘဲ တကယ်ကောင်းမကောင်းတော့ ဘယ်သူမှလည်း သေသေချာချာ မသိကြပါဘူး။
“ရက်ရာဇာ၊ ပြဿဒါး” နဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာ စွဲနေတဲ့ ပုံပြင်လေး တစ်ပုဒ် တစ်ခုရှိပါတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။ ကုန်သည်တစ်ယောက်ဟာ ကုန်ရောင်းကုန်ဝယ်ထွက်ဖို့ ရက်ရွေးရာမှာ “ရက်ရာဇာ” ရက်တွေကိုချည်း ရွေးပြီး ထွက်တယ်တဲ့။ ပြဿဒါးရက် ဆိုရင် အသေအလဲရှောင်တယ်တဲ့။ ဒါနဲ့ တစ်နေ့တော့ လမ်းခရီးမှာ “ဓါးပြ” အတိုက်ခံရပါလေရော။ “ဓါးပြ”တွေက ပစ္စည်းတွေကို ယူငင်သိမ်းဆည်းနေတုန်းမှာ ဒီကုန်သည်ကြီးက ညည်းတွားသတဲ့။ “အင်း – ရက်ရာဇာဆိုပြီး ခရီးထွက်လိုက်တာ ဓါးပြ တိုက်ခံရပါပေါ့လား” ဆိုပြီး ညည်းတွားမိသတဲ့။
အဲဒီမှာ အနားမှာ ရှိတဲ့ “ဓါးပြ” တစ်ယောက်က ကြားတော့ “ဟက်ဟက်ပက်ပက်” ရယ်မောပြီး၊ “ဟေ့လူ ၊ ခင်ဗျားမှ ရက်ရာဇာ ရွေးတာ မဟုတ်ဘူး၊ ကျုပ်တို့ ဓါးပြတွေကလည်း ဓါးပြတိုက်ရာမှာ အဆင်ပြေအောင် ရက်ရာဇာကို ရွေးပြီးမှ တိုက်တာဗျ။ ပြဿဒါးနေ့ဆိုရင် ပြဿနာ တက်မှာစိုးလို့ ရှောင်တယ်ဗျို့” ဆိုပြီး ပြန်ပြောလိုက်သတဲ့။
ဒီစကားကို ကြားတော့ “ကုန်သည်ကြီး” ရဲ့ အသိဉာဏ်မှာ အလင်းတစ်ချက် ဖြာသွားပါတယ်။ “အင်း သူတို့ကလည်း ရက်ရာဇာကို ရွေးပြီး ဓားပြတိုက်တယ်၊ ငါတို့ကလည်း ရက်ရာဇာကို ရွေးပြီး ခရီးထွက်တယ် – ဒါဆိုရင် . . . ? ? ? ” ။ ကုန်သည်ကြီး အဖြေတစ်ခု ရသွားပါတယ်။
အဲဒီနေ့ကနေ စ,ပြီး ကုန်ရောင်းကုန်ဝယ်ထွက်တိုင်း “ပြဿဒါးနေ့” ကို ရွေးပြီး ခရီးထွက်ပါတော့တယ်။ လမ်းခရီးမှာ “ရက်ရာဇာ” ကျတဲ့နေ့ဆိုရင် ရွာတစ်ရွာမှာ ဝင်ပြီး ခိုနားနေပါတယ်။ ပြဿဒါးနေ့ကျမှ ပြန်ပြီး ခရီးထွက်ပါတယ်။ ကျန်တဲ့လူတွေကတော့ အထူး အဆန်းပေါ့လေ။ ဒါပေမယ့် ဒီကုန်သည်ကြီးဟာ သူ့တစ်သက်မှာ နောက်ထပ် “ဓါးပြ” အတိုက်မခံရတော့ပါဘူးတဲ့။
ဒီပုံပြင်လေးက ရလိုက်တဲ့ သင်္ခန်းစာကတော့ ကျွန်တော်လည်း “ရက်ရာဇာ၊ ပြဿဒါး” အစွဲကျွတ် သွားတော့တာပါဘဲဗျာ။ ကျွန်တော် အစွဲကျွတ်သွားတာတော့ ထားပါလေ။ ခက်တာက ကျွန်တော့ ဗေဒင်ပရိတ်သတ်တွေကတော့ လွယ်လွယ်ကူကူနဲ့ အစွဲမကျွတ်ကြဘူးဗျ။
ကျွန်တော်က ပြောတယ်လေ – “မင်္ဂလာ ဆောင်တာဘဲဗျာ၊ ဆောင်ချင်တဲ့ရက် ဆောင်လိုက်ပေါ့ ၊ သူ့ကံနဲ့သူ လာကြပြီးသားပါ။ အိမ်ထောင်ရေးကံ ညံ့မယ်သူက ညံ့ကို ညံ့မှာဘဲ။ ကောင်းမယ့်လူကလည်း ကောင်းကို ကောင်းမှာပါဘဲ။ ရက်ကောင်းလေး ရွေးလိုက်ရုံနဲ့ အကောင်း ဖြစ်မလာပါဘူးဗျာ” လို့ ကျွန်တော်ကပြောတော့ “ဂွစကား” ပြောတယ် ဖြစ်ကုန်ရော။ ဒီတော့ သူတို့ စိတ်ချမ်းသာအောင် “မင်္ဂလာ ရက်ကောင်းရက်မြတ်” ဆိုတဲ့ ကိစ္စကို မရွေးချင်ဘဲနဲ့ ရွေးပေးနေရတော့ တာပါဘဲဗျာ။
ဘယ်လိုဘဲဖြစ်ဖြစ် အကောင်းဆုံးလေးတော့ ဖြစ်သွားအောင်လို့ “မင်္ဂလာ ရက်ကောင်းရက်မြတ်” ရွေးကို ရွေးချင်ပါတယ် ဆိုရင်ကော ဘယ်နည်းစနစ်ကို သုံးမှာလဲ ဆိုတဲ့ ပြဿနာက ပေါ်လာပြန်ရော။
တကယ်တော့ လက်ရိုး “နက္ခတ်ဗေဒင်ပညာ” မှာဘဲ ကြည့်ကြည့်။ မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်ပညာ မှာဘဲ ကြည့်ကြည့်။ ရက်ကောင်းရက်မြတ် ရွေးနည်းတွေ ရှိပါ့ဗျား။ သူ့ဟာနဲ့ သူတော့ ကောင်းနေကြတာဘဲလေ။ ဘယ်နည်းစနစ်ကို သုံးမလဲ။
ဆရာရေ – အကောင်းဆုံးဖြစ်သွားအောင် လက်ရိုး လက်ဆန်း အကုန်လုံး ညီညွတ်အောင် ရွေးပေးပါလားဗျာ လို့များ ပြောချင်သေးလား။ ဒါဆိုရင်တော့ ခင်ဗျားရဲ့ မင်္ဂလာကိစ္စ ဘယ်တော့မှ ဖြစ်မလာတော့ဘူးလို့ ဆိုရပါလိမ့်မယ်။
ဟုတ်တယ်လေ။ လက်ရိုး နက္ခတ်ဗေဒင်နည်းနဲ့ ရွေးချယ်လိုက်ရင် “လက်ဆန်း” ဗေဒင်နည်းနဲ့ မလွတ်။ လက်ဆန်းဗေဒင်နည်းက ကောင်းတယ်ဆိုပြန်တော့လည်း လက်ရိုးက မကိုက်ပြန်။ တစ်ခါ “ဂဏန်းဗေဒင်နည်း” နည်းကလည်း ရှိသေး။ ဆရာရေ – အကုန်လုံးကိုက်အောင် ကြိုးစားရွေးပေးပါဆိုရင်တော့ “ဆရာ တစ်ခေါင်းလုံး ဖြူသွားမယ်သာမှတ်”။ ရက်ကောင်းကတော့ မထွက်ရေးချ မထွက်ပါခင်ဗျား။
ကိုင်းဗျာ။ ဒီလို “ဂွတီး ဂွကျတွေ” လျှောက်ပြောနေလို့လည်း မပြီးသေးပါဘူး။ စာဖတ် ပရိတ်သတ်ရဲ့ တောင်းဆိုချက်ကလေးလည်း ပြည့်သွားအောင် နဲနဲတော့ ရေးရဦးတော့မှာပေါ့ဗျာ။
ဒီတော့ နည်းစနစ်တွေ အမျိုးမျိုး အဖုံဖုံ ရှိကြတဲ့အထဲက မြန်မာလူမျိုးတို့ရဲ့ မြန်မာ့ရိုးရာနည်းစနစ် ကလေးတွေကိုဘဲ လေ့လာ ကြည့်ကြရအောင်။
ကန်ဦးမူ “သဗ္ဗမင်္ဂလာ အခါပေးကျမ်း” ထဲမှာတော့ “အကြင်သတို့သမီး၏ အသက်ပိုင်း “စုံဂဏန်းကျသော” နှစ်များတွင် မင်္ဂလာ မပြုအပ် လို့ ဆိုပါတယ်။ မိန်းကလေးဖြစ်သူရဲ့ အသက်ဟာ ၁၈, ၂၀, ၂၂, ၂၄ . . စသည်ဖြင့် စုံဂဏန်းကျနေရင် မဆောင်ကောင်းဘူး။ မင်္ဂလာ မပြုအပ်ဘူး လို့ဆိုထားပါတယ်။(ယေဘူယျ ဆန်လွန်းပါတယ် . . . ကျွန်တော်တော့ သိပ်မကြိုက်လှပါ)
လ, အနေနဲ့ ပြောရရင် “မဆောင်(၆)လ ၊ ဆောင် (၆)လ” တဲ့ဗျား။ တန်ခူးလ ၊ ဝါဆိုလ၊ ဝါခေါင်လ ၊ တော်သလင်းလ ၊ နတ်တော်လ ၊ တပေါင်းလ ဆိုတဲ့ (၆)လမှာ မင်္ဂလာ မဆောင်နှင်း အပ်ပါဘူးတဲ့။ ကဆုန်လ၊ နယုန်လ၊ သီတင်းကျွတ်လ ၊ တန်ဆောင်မုန်းလ ၊ ပြာသိုလ၊ တပို့တွဲလ ဆိုတဲ့ (၆)လ မှာတော့ မင်္ဂလာ ပြုကောင်းပါတယ်တဲ့။
နေ့အနေနဲ့ ပြောရင် “တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ” တည်းဟူသော ပါပနေ့များ၌ မင်္ဂလာ မဆောင်ကောင်း၊ “တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့” များတွင်သာ ဆောင်နှင်းရမည် ဟုဆိုပြန်ပါတယ်။ (ဒါကတော့ ပါပ၊ သောမ ဆိုတဲ့ ယေဘူယျ အယူ အဆဖြစ်ပါတယ်။ ပိုပြီး သင့်မြတ်ကောင်းမွန်တာက “မဟာဘုတ်အကြွင်းအရ ပုတိ၊ ဘင်္ဂ၊ မရဏ ကျနေသော နေ့များကို မင်္ဂလာ မပြု အပ်ဆိုရင် ပိုပြီး သင့်မြတ်မယ်ထင်ပါတယ်။
ယခုနှစ်(၁၃၇၂)အတွက် တနင်္ဂနွေ၊ စနေ ၊ အင်္ဂါနေ့ (၃)နေ့ ကိုက်ပေမယ့် နောက်နှစ် (၁၃၇၃)အတွက်ဆိုရင် တနင်္ဂနွေ၊ တနင်္လာ ၊ ဗုဒ္ဓဟူး နေ့များဟာ မသင့်မြတ်တဲ့နေ့တွေ ဖြစ်သွားပါမယ်)။ တစ်နှစ်ကို တစ်ခါ ပြောင်းလဲ နေမှာ ဖြစ်ပါတယ်။
ရက်ရာဇာ ၊ ပြဿဒါးကို အစွဲဖြစ်နေကြလို့ မငြင်းလိုပေမယ့် ဒီနေ့တွေထက် အရေးကြီးတာက “ဝါရမိတ္တူ(ရက်ကြီး)” က ပိုပြီး ရှောင်သင့် ပါတယ်။ ဝါရမိတ္တု(ကြီး)တွက်ရတာ လွယ်ပါတယ်။ ပုံသေပါဘဲ။ လ,တိုင်း လ,တိုင်းအတွက် –
လဆန်း (သို့) လဆုတ် (၁)ရက်နေ့ဟာ တနင်္ဂနွေနေ့ဖြစ်နေမယ်ဆိုရင် –
လဆန်း (သို့) လဆုတ် (၄)ရက်နေ့ဟာ တနင်္လာနေ့ဖြစ်နေမယ်ဆိုရင် –
လဆန်း (သို့) လဆုတ် (၈)ရက်နေ့ဟာ အင်္ဂါနေ့ဖြစ်နေမယ်ဆိုရင် –
လဆန်း (သို့) လဆုတ် (၉)ရက်နေ့ဟာ ဗုဒ္ဓဟူးနေ့ဖြစ်နေမယ်ဆိုရင် –
လဆန်း (သို့) လဆုတ် (၆)ရက်နေ့ဟာ ကြာသပတေးနေ့ဖြစ်နေမယ်ဆိုရင် –
လဆန်း (သို့) လဆုတ် (၃)ရက်နေ့ဟာ သောကြာနေ့ဖြစ်နေမယ်ဆိုရင် –
လဆန်း (သို့) လဆုတ် (၇)ရက်နေ့ဟာ စနေနေ့ဖြစ်နေမယ်ဆိုရင် – အဲဒီနေ့များဟာ ဝါရမိတ္တုကြီး ကျတဲ့ ရက်များ ဖြစ်ပါတယ်။
ခင်ဗျားအနေနဲ့ ရက်ရာဇာ ၊ ပြဿဒါးကို အလေးထားသူဖြစ်ရင် – “ဝါရမိတ္တုကြီး” ဆိုတဲ့ ရက်ကို ပိုပြီး အလေးထားသင့်ပါတယ်။ ဒီရက်တွေက ပိုပြီး အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ မင်္ဂလာ မဆောင်သင့်တဲ့ ရက်ပေါ့နော်။
ဝါရမိတ္တု(ငယ်) ဆိုတာလည်း ရှိပါတယ်။ အကြမ်းအားဖြင့် နေ့နဲ့ ရက်ပေါင်း (၁၃)ဂဏန်း ကျရင် ဝါရမိတ္တု(ငယ်) ရက် ဖြစ်ပါတယ်။ ဥပမာ- လဆန်း (သို့) လဆုတ်ရက် (၁၂)ရက်နေ့ဟာ တနင်္ဂနွေနေ့ ဖြစ်နေရင် (၁၂+၁=၁၃)ဖြစ်လို့ ဝါရမိတ္တုငယ်ရက် ဖြစ်ပါတယ်။
ထိုနည်းတူ – လဆန်း (သို့) လဆုတ်ရက် (၁၁)ရက်နေ့ဟာ တနင်္လာနေ့ ဖြစ်နေရင် (၁၁+၂=၁၃)
လဆန်း (သို့) လဆုတ်ရက် (၁၀)ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်နေရင် (၁၀+၃=၁၃)
လဆန်း (သို့) လဆုတ်ရက် (၉)ရက်နေ့ဟာ ဗုဒ္ဓဟူးနေ့ ဖြစ်နေရင် (၉+၄=၁၃)
လဆန်း(သို့) လဆုတ်ရက် (၈)ရက်နေ့ဟာ ကြာသပတေးနေ့ ဖြစ်နေရင် (၈+၅=၁၃)
လဆန်း(သို့) လဆုတ်ရက် (၇)ရက်နေ့ဟာ သောကြာနေ့ ဖြစ်နေရင် (၇+၆=၁၃) . . . ဝါရမိတ္တု(ငယ်) နေ့များဖြစ်ကြပါတယ်။
ဝါရမိတ္တု(ငယ်)နေ့ဟာလည်း မင်္ဂလာအခါပြုဖို့အတွက် ရှောင်သင့်တဲ့ နေ့ရက်ထဲမှာ ပါနေပါတယ်။ ပြဿဒါး ၊ ရက်ရာဇာကို အထူးရှောင်တတ်သူဖြစ်ရင် ဝါရမိတ္တု (ကြီး,ငယ်) ရက်များက ပိုပြီး ရှောင်သင့်ပါတယ်။ ဝါရမိတ္တုရက်တွေရဲ့ ဆိုးအားနဲ့ ယှဉ်လိုက်ရင် ပြဿဒါး ရက်ရာဇာဆိုတာ ဘာမှ မဟုတ်တော့ပါဘူး။
နောက်တစ်ခါ မဟာရက်ကြမ်း တို့ ၊ ရက်ယုတ်မာ ၊ ရှမ်းရက် ၊ သမားဖြူရက် ၊ သမားညိုရက် ၊ ရက်ပုပ် ဆိုတာတွေ လည်း ရှိသေးတယ်ဗျာ။ အကုန်လုံးသာ ရှောင်ရရင်တော့ “တောင်ပြေး ၊ မြောက်ပြေး ရွာဆော်ကြီးခွေး” ဆိုတာလို တောင်ပြေးပြီး ဟိုဟာရွေးရမလိုလို၊ မြောက်ပြေးပြီး ဒီဟာရွေးရတော့ မလိုလို ဖြစ်တော့မှာမို့ မဖော်ပြလိုတော့ပါ။
နောက်ဆုံးတစ်ခုကတော့ “ကျွန်တော့ ဆောင်းပါးတွေမှာ မကြာခဏ ဖော်ပြနေတဲ့ “အင်္ဂါ၊ ဗုဒ္ဓဟူး ၊ စနေ” သက္ခတ်များဘဲ ဖြစ်ပါတယ်။ အကြင် မင်္ဂလာဆောင်နှင်းမည့် သတို့သား၊ သတို့သမီးရဲ့ အသက်ပိုင်းတွေဟာ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ နှင့် ရာဟု” သက္ခတ်များအတွင်း ကျရောက်နေလျှင် မင်္ဂလာ မပြုသင့်ပါ။ ကျန် “ကြာသပတေး၊ သောကြာ၊ တနင်္ဂနွေ ၊ တနင်္လာ” သက္ခတ်များမှာတော့ မင်္ဂလာ ပြုရင် သင့်လျှော်တယ်လို့ ဆိုရပါမယ်။ (မင်္ဂလာရက်လည်း ရွေးပြီးပြီ၊ ဒါပေမယ့် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု” သက္ခတ်များထဲ ရောက်နေကြတဲ့ သူများအတွက်တော့ ဘာမှ လုပ်မရတော့လို့ “ကံတရားအတိုင်း ဖြစ်လာတာ” လို့သာ မှတ်ယူလိုက်ကြပါ။ ဖြစ်သမျှ အကြောင်း အကောင်းဘဲပေါ့)
ဒါကြောင့် ဒီဆောင်းပါးလေးရဲ့ အချုပ်ကတော့ – လက်ထပ်ဖို့ ရက်မြတ်မင်္ဂလာ ရွေးချယ်ခြင်း ဟူသည်မှာ “မြန်မာ့ရိုးရာ အစဉ်အလာ တစ်ခု” အနေဖြင့် သင် ရွေးချယ်လိုက ရွေးချယ်နိုင်ပါသည်။ သို့သော် ထိုရက်ကလေး တစ်ခုတည်း ရွေးခြင်းမျှလောက်ဖြင့် အိမ်ထောင်တစ်ခု၏ ကောင်းကျိုး၊ ဆိုးကျိုးကိုမူ ဖန်တီးနိုင်စွမ်း ရှိမည်မဟုတ်ကြောင်းပါခင်ဗျား။ ရိုးရာအစဉ်အလာတစ်ခု အနေဖြင့် လောက်သာ သဘောထားသင့်ကြောင်း/ရွေးချယ်သင့်ကြောင်းပါခင်ဗျား။
မင်္ဂလာမောင်မယ် အားလုံးအတွက် သက်ဆုံးတိုင် ပေါင်းဖော်ကြရမည့် မင်္ဂလာလက်ထပ်ပွဲ တစ်ခု ဖြစ်ပါစေ ဟုကား အမြဲ ဆန္ဒပြုလျှက် –
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)