ရောင်စုံခြယ်တဲ့ကမ္ဘာ

ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ အရောင်အသွေး စုံလင်လှတဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ သက်ရှိသက်မဲ့ အရာအားလုံး အရောင် ကိုယ်စီ ကိုယ်ငှ ရှိကြပါတယ်။ ကုန်းပေါ်မှာသာမက ဟိုး အလွန်နက်ရှိုင်းလှတဲ့ ပင်လယ် သမုဒ္ဒရာများထဲမှာကျက်စားကြတဲ့ သက်ရှိ  သတ္တဝါများမှာ တောင်မှ အလွန်ဆန်းကျယ်လှတဲ့ အရောင်တွေ ရှိကြတာကို တွေ့ရ ပါလိမ့်မယ်။ ဒီအထဲမှာ လူဆိုတဲ့ သက်ရှိသတ္တဝါ ကတော့ အခြားသော သက်ရှိများထက် ပိုတယ်လို့ ဆိုရပါမယ်။ သတ္တလောကမှာ အသိဉာဏ် အရှိဆုံး သတ္တဝါဖြစ်တာနဲ့ အညီ သဘာဝကပေးတဲ့ အရောင်များသာ မက တီထွင်ပေါင်းစပ်ထားတဲ့ ဆေးရောင်စုံများနဲ့ မိမိတို့ ဝတ်ဆင်တဲ့ အဝတ်အစားများ၊ မိမိတို့ ကိုင်တွယ်သုံးစွဲနေကြတဲ့ အရာဝတ္တုများ၊ နေအိမ်အဆောက်အဦးများပါမကျန် ဆေးရောင်စုံအမျိုးမျိုးနှင့် ချယ်သ ထားလိုက်ကြတာများ- လူ့ကမ္ဘာ လူ့လောကကြီးဟာ အရောင်အသွေး တွေ စုံလင်တောက်ပလွန်း နေပါတော့တယ်။

ယနေ့ခေတ်မှာတော့ အရောင်အမျိုးမျိုးကို ပေါင်းစပ်တီထွင်လိုက်ကြတာ တစ်ချို့အရောင်တွေဆိုရင် ဘယ်လို အမည်နာမ တပ်ခေါ်ရမှန်း မသိအောင်ကို ဆန်းကျယ်လှပါတော့တယ်။ ဒါပေမယ့် မူလအခြေခံအရောင်ကတော့ (၃)ရောင်သာ ရှိပါတယ်။ အဲဒါကတော့ “အနီရောင်၊ အပြာရောင် နဲ့ အဝါ” ရောင် တို့ဘဲဖြစ်ပါတယ်။ ကျန်တဲ့အရောင်တွေဟာ ဒီအခြေခံအရောင် (၃)ရောင်ရဲ့ ပေါင်းစပ်မှုအမျိုးမျိုးနဲ့ ဖြစ်ပေါ်လာရတာချည်းဖြစ်ပါတယ်။ အနီ နဲ့ အပြာကို စပ်လိုက်ရင် ခရမ်းရောင် ဖြစ်ပေါ်စေပြီး ၊ အပြာ နဲ့ အဝါကို ရောစပ်လိုက်ရင်တော့ အစိမ်းရောင်ဖြစ်သွားပါလိမ့်မယ်။ ပန်းချီဆရာများ၊ ဂရပ်ဖစ် ဒီဇိုင်နာများက ပိုပြီးသိကြပါလိမ့်မယ်။

အဖြူရောင် ကတော့ နဲနဲထူးဆန်းပါတယ်။ သူ့ကို “အရောင်မရှိ” လို့ သတ်မှတ်ကြပေမယ့် တစ်ကယ်တော့ သူဟာ “သက်တန့်ရောင်” လို့ခေါ်တဲ့ ရောင်စဉ်(၇)ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကို လက်တွေ့သက်သေ ပြခဲ့သူကတော့ “သိပ္ပံပညာရှင် ဆာအိုက်ဇက်နယူတန်” ဘဲဖြစ်ပါတယ်။ သူဟာ “သုံးမြှောင့်ဖန်တုံး” တစ်တုံးကို အဖြူရောင် အလင်းတန်းတစ် ခု ဖြတ်သန်းစေလိုက်တဲ့အခါ တစ်ဖက်ကနေ သက်တန့်ရောင် (၇)ရောင် ထွက်လာတာကို ပထမပြသပြီး နောက်တစ်ခါ အခြားဖက်ကနေ သက်တန့်ရောင်စဉ်များပေါင်းစပ်ပြီး ပြန်လွှတ် လိုက်တာ ဒီဖက်မှာ အဖြူရောင် ပြန်ထွက် လာတာကို လက်တွေ့သက်သေပြခဲ့ပါတယ်။

အရောင်များနဲ့ လူတို့၏ စိတ်နေစိတ်ထားများဆက်နွယ်မှု ကို သုတေသန ပညာရှင်အများက လေ့လာသုတေသန ပြုခဲ့ကြပြီး ဖြစ်ပါတယ်။ လေ့လာပုံ ဦးတည်ချက်ခြင်းမတူကြပေမယ့် အားလုံးတစ်ညီတစ်ညွတ်ထဲ ကောက်ချက်ချ လိုက်ကြတာကတော့ “အရောင်များ ဟာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်း နဲ့ စိတ်ပိုင်းအပေါ်မှာ အကျိုးသက်ရောက်မှု ဧကန်ရှိတယ်” ဆိုတဲ့ အချက်ပါဘဲ။ ဒါကြောင့် ယနေ့ခေတ်မှာ စီးပွားရေးနှင့်အရောင်းမြှင့်တင်ရေးပညာ၊ ဒီဇိုင်းပညာ ရပ်အမျိုးမျိုး၊ ကျန်းမာရေးနှင့် ဆေးကုသမှု ပညာရပ်တွေမှာ အရောင်တွေကို အသုံးချလာကြတာကို တွေ့ရပါတယ်။

ဘယ်အရောင်တွေဟာ လူတွေရဲ့ ဝယ်ချင်စိတ်ကို ဆွဲဆောင်နိုင်မလဲ၊ ဘယ်အရောင်က အစားအသောက် စားသုံးသူတွေကို ဖိတ်ခေါ်နိုင်မလဲ၊ ဘယ်အရောင်တွေက ကိုယ်သုံးစွဲတဲ့ ပစ္စည်းအပေါ်မှာ ယုံကြည်စိတ်ချမှုဖြစ်စေမလဲ . . . စသည်ဖြင့် လက်တွေ့သုတေသနပေါင်းများစွာနဲ့လေ့လာခဲ့ကြပါတယ်။

ဆေးပညာဆိုင်ရာမှာလည်း ဘယ်အရောင်ဟာ နာကျင်မှုတွေကို သက်သာစေနိုင်သလဲ၊ဘယ်အရောင်က ဆရာဝန်နဲ့ ဆေးရုံအပေါ်မှာ ယုံကြည် စိတ်ချမှုများကို ဖြစ်စေသလဲ၊ ဘယ်အရောင်က ရောဂါမှ ပြန်လည် နလံထလာမှုကို မြန်ဆန်စေနိုင် သလဲဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။

ဒီလို သိပ္ပံပညာပိုင်းက လေ့လာခဲ့ကြသလို ဂမ္ဘီရ နဲ့ ဗေဒင်ပညာရှင်များဘက်ကလည်း အရောင်များနဲ့ လူ့ကံကြမ္မာ ဆက်စပ်မှုကို လေ့လာခဲ့ ကြပါတယ်။ ဒါပေမယ့် (ကျွန်တော်ဖတ်ခဲ့ဖူးသမျှ စာအုပ်တွေအရ) သိပ္ပံပညာဘက်က လေ့လာမှုတွေက ပိုပြီး စနစ် ကျနမှု ရှိသလို လက်တွေ့မှာလည်း ထိထိရောက်ရောက် အသုံးချနိုင်တာကို တွေ့ရ ပါတယ်။

ဂမ္ဘီရ ဗေဒင်ပညာဘက်ကတော့ ဘယ်အရောင်ကို ဘယ်ဂြိုဟ်ကစိုးမိုးတယ် ဆိုတဲ့နေရာမှာကို “အရှေ့တိုင်း အယူအဆက တစ်မျိုး၊ အနောက်တိုင်းအယူအဆက တစ်ဖုံ” ၊ “လက်ရိုးက တစ်ခြား နဲ့ လက်ဆန်းက တစ်ဘာသာ” နဲ့ အမျိုးမျိုး ကွဲပြားခြားနားနေကြတာကြောင့် ပညာရှင်ခြင်း ငြင်းခုံနေကြတာနဲ့ဘဲ သုတေသန များကိုလည်း ထိထိရောက်ရောက် မလုပ်နိုင် ကြတာကိုတွေ့ရပါတယ်။ လက်တွေ့မှာလည်း အသုံးချနိုင်မှု နည်းလှပါတယ်။

ဒါကြောင့် ရှေးဦးစွာ သိပ္ပံပညာရှင်များလေ့လာခဲ့ကြတဲ့ “အရောင်များ နှင့် လူစိတ်ပိုင်း၊ ရုပ်ပိုင်း အကျိုးသက်ရောက်မှု များ” ကို တင်ပြပါဦးမယ်။ ပထမဦးစွာ အခြေခံအရောင်ဖြစ်တဲ့ “အနီ ၊ အပြာ နဲ့ အဝါ” ရယ်။ အလင်းအမှောင်ရောင် ဖြစ်တဲ့ “အဖြူရောင် နဲ့ အနက်ရောင်” ငါးမျိုးကို လေ့လာကြည့်ရအောင်။

 

အနီရောင်

 

အနီရောင်ဟာ စိတ်ဓာတ်တက်ကြွမှုကို ဖြစ်စေတယ်။ ရဲရင့်ခြင်းနဲ့ မိမိကိုယ်ကို ယုံကြည်ခြင်းတို့ကို ဖြစ်စေတယ်။ လူအများနဲ့ ဆက်ဆံလိုစိတ် ဖြစ်စေတယ်။ သွေးစည်းညီညွတ်ခြင်းကို ဖြစ်စေတယ်။  ရုပ်ပိုင်း၊ စိတ်ပိုင်း လှုပ်ရှားမှုတွေကို သွက်လက် မြန်ဆန်စေတယ်။ ဂုဏ်ပြုချီးမွမ်းခံလိုမှုကို ဖြစ်စေတယ်။ အောင်မြင်မှုကို ဖော်ညွှန်းတယ်။ လိင်စိတ်ကိုလည်း ထက်သန် တက်ကြွစေတယ်လို့ ဆိုတယ်။ (ဒါကြောင့် တရုပ်လူမျိုးတွေဟာ မင်္ဂလာအခန်းအနားတွေမှာ အနီရောင်ကို အများဆုံး အသုံးပြုကြတာဖြစ်တယ်) နာမကျန်းဖြစ်သူ များနှင့် စမ်းသပ် တဲ့အခါ အနီရောင်ဟာ သွေးခုန်နှုံးကို မြန်စေပြီး၊ သွေးဖိအားကို မြင့်တတ်စေတယ်၊ သွေးနီဥ အရေအတွက်ကိုလည်း တိုးတက်လာစေတယ် လို့ ဆိုကြပါတယ်။

 

ဒါကြောင့် အနီရောင်ဟာ စိတ်ဓာတ်ထိုင်းမှိုင်လေးလံနေသူများ၊ ယုံကြည်မှုနည်းနေသူများ ၊ အေးစက်စက်ဖြစ်နေသူများ ကို လှုံ့ဆော်ပေးတဲ့အရောင်ဖြစ်လို့ အရောင်းပြခန်းများ၊ နိုက်ကလပ်များ၊ ကပွဲများ၊ စားသောက်ဆိုင်များ မှာ အများဆုံး သုံးလေ့ ရှိကြတာကို တွေရ့ပါတယ်။ နိုင်ငံရေးဘက်မှာလည်း လူထုကို တက်ကြွလှုပ်ရှားလာစေရင် အနီရောင်နဲ့ အများဆုံး ဆွဲဆောင် ကြတာကို တွေ့ရပါလိမ့်မယ်။ ဂုဏ်ပြုချီးမွမ်းခြင်းရဲ့ အမှတ်အသားဖြစ်လို့ အထူး ဧည့်သည်တော်တွေကို “ကောဇောနီ”ခင်းပြီး ဧည့်ခံတာမျိုးတွေကို တီဗွီ သတင်းတွေထဲမှာတွေ့ရပါလိမ့်မယ်။ အရောင်းပြခန်းတွေမှာလည်း အထူးအသားပေးကြော်ငြာချင် တဲ့ ပစ္စည်းတွေကို အနီရောင် အောက်ခံပေါ်မှာ တင်ထား ကြတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ “နောက်ဆုံးပေါ်ပစ္စည်း၊ အကောင်းစားပစ္စည်း ဖြစ်တယ်” ဆိုတာကို အသိပေး တာဖြစ်ပါတယ်။

 

ဒါပေမယ့် အနီရောင်ဟာ သိပ်အသုံးများလွန်းရင် စိတ်ဓာတ်တက်ကြွလွန်းပြီး အကြမ်းဖက်လိုစိတ်၊ ဆူပူလိုစိတ်များ ဖြစ်ပေါ် တတ်လို့ သတိထားသုံးစွဲရတဲ့အရောင်ဖြစ်ပါတယ်။ ဆေးပညာမှာတော့ သွေးအားနည်းရောဂါ၊ နှလုံးခုန်နှေးကွေးတဲ့ရောဂါများ များကို ကုသရာမှာ အနီရောင်ကိုသုံးလေ့ရှိပြီး သွေးအားကောင်းဆေးတဲ့ဆေးကိုလည်း အနီရောင်အလွှာနဲ့ ဖုံးအုပ်ထားတတ် ကြပါတယ်။

 

အပြာရောင်

 

အပြာရောင်ကတော့ စိတ်အေးချမ်းတည်ငြိမ်ခြင်း၊ ရင့်ကျက်စေခြင်း၊ သည်းခံစေခြင်း၊ အာရုံစူးစိုက်စေခြင်း၊ သီးသီးသန့်သန့် နေလိုခြင်း၊ သက်တောင့် သက်သာဖြင့် အနားယူလိုခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်း လှုပ်ရှားမှုများကို နှေးကွေးစေခြင်းများ ဖြစ်နိုင် ပါတယ်။ ဒါကြောင့် အရောင်းအဝယ်လုပ်ငန်းတွေမှာ အပြာရောင်ကို အသုံးနည်းကြပါတယ်။ စတိုးဆိုင်တွေမှာ စားသောက်ကုန်တစ်မျိုးထဲကို အနီရောင်၊ အပြာရောင်နဲ့ အဝါရောင် (၃)မျိုးနဲ့ ချယ်သထုတ်ပိုးထားတဲ့အခါ အနီရောင် နဲ့ အဝါရောင် အထုတ်တွေကိုသာ လူတွေက အများဆုံး ရွေးချယ် ကြတာကို တွေ့ရပါတယ်တဲ့။ အပြာရောင်က အရောင်းထိုင်းပါ တယ်တဲ့။ ဒါပေမယ့် အန္တရာယ်များပြီး အာရုံစူးစိုက်မှု အပြည့်အဝနဲ့ လုပ်ကိုင်ကြရတဲ့ စက်ရုံအလုပ်ရုံ လုပ်သားတွေကို အပြာရောင်ကို ဝတ်ဆင်စေတဲ့ အခါ အာရုံစူးစိုက်မှု တိုးတက်လာလို့ မတော်တဆဖြစ်မှုများ ပိုနည်းပါး  သွားစေပါတယ်လို့ဆိုပါတယ်။ ဒါကြောင့် အပြာရောင် ဟာ စက်ရုံလုပ်သားရောင်ဖြစ်လာရတာဖြစ်ပါတယ်။

 

အဝါရောင်

 

အဝါရောင်ဟာ စိတ်ဓာတ်ပျော်ရွှင်လန်းဆန်းမှုကို ဖြစ်စေပါတယ်။ လူ့အများရဲ့ အာရုံကို  ဖမ်းစားနိုင်တယ်။ စိတ်ဝင်စားမှုကို ဖြစ်စေတယ်။ ဒါကြောင့် “ဆိုင်းဘုတ်တွေအတော်များများ” ဟာ အဝါရောင် ဖြစ်နေတာကို တွေ့ရပါတယ်။ အရောင်တွေအများကြီး စီချထားရင် လူ့မျက်လုံးထဲကို ပထမဆုံးရောက်လာတာ အဝါရောင်ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါကြောင့် အဝါရောင်ကို အရောင်းမြှင့်တင်ရေးလုပ်ငန်း၊ ကြော်ငြာလုပ်ငန်းတွေမှာ အများဆုံး အသုံးပြုကြပါတယ်။ ကိုယ့်ကို လူအများက အာရုံစိုက်တာကို ခံချင်ရင် အဝါရောင်ကို ဝတ်ဆင်ပေးပါတဲ့။ လူတစ်ယောက်ဟာ အပြင်ကို သိပ် မထွက်ချင်၊ လူကြားသူကြားထဲ သိပ်မသွားချင်ရင် အဝါရောင် ဝတ်ဆင်ပေးပါ။ အဝါရောင်ဟာ လူအုပ်စုများအတွင်း ရောနှော နေထိုင်လိုခြင်း၊ ပြင်ပကမ္ဘာနဲ့ ဆက်ဆံထိတွေ့ လိုခြင်းများကို ဖြစ်စေပါတယ်။ အဝါရောင်ဟာ အကောင်းဆုံးတွေ ဖြစ်လာမယ် ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ဖြစ်စေပါတယ်တဲ့။ အရှေ့တိုင်းနိုင်ငံတွေမှာတော့ အဝါရောင်ဟာ ဘာသာတရားနဲ့ ဆက်နွယ် နေတဲ့ အရောင်ဖြစ်ပြီး ရိုသေကိုင်းရှိုင်းမှု နဲ့ ကြည်ညိုသဒ္ဓါကို ဖြစ်စေလို့ ရဟန်းတော်များဟာ အဝါရောင် များကို ဝတ်ဆင် လေ့ရှိကြပါတယ်။

 

အဖြူရောင်

 

အဖြူရောင်ဟာ စိတ်ကို ငြိမ်သက်စေတယ်။ ငြိမ်းချမ်းစေတယ်။ ဖြူစင်သန့်ရှင်းစေတယ်။ စည်းစနစ်ကျန စေတယ်။ ယုံကြည်မှု ကို ဖြစ်ထွန်းစေတယ်။ အကောင်းမြင်ဝါဒကိုလည်း ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ စိတ်ကို ငြိမ်းချမ်းငြိမ်သက် စေခြင်း၊ စည်းစနစ် ကျစေခြင်းတို့ကြောင့် စိတ်ရောဂါကု ဆေးရုံတွေမှာ အဖြူရောင် အများဆုံးသုံးကြပါတယ်။ အဖြူရောင်တွေဟာ သန့်ရှင်းစင်ကြယ်မှုကို ခံစားစေနိုင်ခြင်းကြောင့် စားသောက်ဆိုင် စားပွဲခင်းများ၊ ဟော်တယ် အိပ်ယာခင်းများ မှာ အဖြူရောင်ကို အများဆုံးသုံးကြပါတယ်။ အဖြူရောင် နဲ့ အနက်ရောင် (၂)ခုတွဲလိုက်ရင် လူတစ်ဖက်သားကို စိတ်ချယုံကြည် စေခြင်း၊ အထင်ကြီးစေခြင်းတို့ကို ဖြစ်စေနိုင်လို့ တရားသူကြီး ရှေ့နေများဟာ အဖြူအနက်တွဲပြီး ဝတ်ဆင်ကြတာဖြစ်တယ်။ ကိုယ့်ကို လူကြီးလူကောင်းတစ်ယောက်လို့ အထင်ရောက်စေချင်ရင် အပေါ်ပိုင်း အဖြူရောင် နဲ့ အောက်ပိုင်းအနက်ရောင် ဝတ်ဆင် သင့်တယ်လို့ အကြံပေး လိုပါတယ်။ အရှေ့တိုင်းမှာတော့ အဖြူရောင်ကို သူတော်စင်များနှင့် ဆက်နွယ်နေသော အရောင်အဖြစ် သတ်မှတ် ကြပါတယ်။

 

အနက်ရောင်

 

တည်ငြိမ်လေးနက်စေခြင်း၊ နက်နဲစွာတွေးခေါ်မှုတွေကို ဖြစ်စေခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ အားငယ်စေခြင်း၊ ကြောက်ရွံ့စေခြင်း၊ ဝမ်းနည်းကြေကွဲမှု များကို ခံစားရခြင်း အဓိပ္ပါယ်မျာကို ဆောင်ပါတယ်။ နိုင်ငံလူမျိုးများစွာမှာ အနက်ရောင်ကို “အသုဘ” အရောင်အဖြစ် သတ်မှတ်ပြီး အသုဘ အခမ်းအနားတွေမှာ အသုံးပြုပါတယ်။ လက်မောင်းမှာ အနက်ရောင် ပိတ်စကို ပတ်ထားတာဟာ ဝမ်းနည်းကြေကွဲမှု ရဲ့ အထိမ်းအမှတ်ဖြစ်ပါတယ်။ ဒါပေမယ့် အနက်ရောင်ဟာ “သြဇာအရှိန်အဝါ အလွန် ကြီးမားစေတဲ့ ခံစားမှု” ကိုလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကမ္ဘာကျော် အဖိုးတန်ဇိမ်ခံကားတွေဟာ အနက်ရောင်များချည်းသာ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အနက်ရောင်ဟာ အဖြူရောင်နဲ့ တွဲလိုက်တဲ့ အခါမှာ ခန့်ငြား ထည်ဝါစေပြီး ယုံကြည်မှုရဲ့ သင်္ကေတ ဖြစ်စေပါတယ်

 

ဒီအခြေခံအရောင်(၃)မျိုး ရယ်၊ အဖြူရောင်ရယ်၊ အနက်ရောင်ရယ် အချိုးအစားအမျိုးမျိုးနဲ့ ရောစပ်လိုက်တဲ့ အခါမှာတော့ ဘာ အရောင်ရယ်လို့ မပြောနိုင်တဲ့ အလွန်ထူးခြားဆန်းကျယ်တဲ့အရောင်များကို ရရှိလာပါတော့တယ်။ အဲဒီထဲက အခြေခံကျပြီး လူသုံးများ ၊ လူသိများတဲ့အရောင်တွေကို ဆက်လေ့လာရအောင်။

 

အစိမ်းရောင်

 

အပြာရောင် နဲ့ အဝါရောင် ရောစပ်လို့ရတဲ့အရောင်ဖြစ်ပါတယ်။ စိတ်ရွှင်လန်းလတ်ဆတ်စေခြင်း၊ အေးမြစေခြင်း၊ ကြည်နူး ချမ်းမြေ့ခြင်း များကို ဖြစ်စေနိုင်ပါတယ်။ စီးပွားရေးပညာမှာတော့ အစိမ်းရောင်ကို Money Color အဖြစ် သတ်မှတ်ကြပါတယ်။ ငွေကြေးသုံးစွဲမှုကို တိုးတက်စေနိုင်လို့ အရောင်းမြှင့်တင်ရေးပညာမှာ သုံးများတဲ့ အရောင်ဖြစ်ပါတယ်။ အစိမ်းရောင်ဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ဖြစ်စေနိုင်တဲ့အတွက် အားငယ်တတ်သူများ၊ စိုးရိမ်မှု ကြီးမားသူများအတွက် အသုံးပြုသင့်တဲ့ အရောင်ဖြစ်ပါတယ်။ ခွဲစိတ်ခန်းမှာ ဆရာဝန်တွေဟာ အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်မှုဟာ လူနာရဲ့ စိတ်အားငယ်မှုကို လျော့နည်းစေနိုင်ပါတယ်တဲ့။ ဂမ္ဘီရဗေဒင်ပညာမှာတော့ အစိမ်းရောင်ဟာ ငွေကြေး၊ ဓနဥစ္စာ တိုးတက်မှု နဲ့ချမ်းသာကြွယ်ဝမှု ကိုဖြစ်စေနိုင်တယ်လို့သတ်မှတ်ပါတယ်။ ကြော်ငြာဆိုင်းဘုတ် တွေမှာ အဝါရောင် နဲ့ အစိမ်းရောင် စပ်ထားခြင်းဟာ ဆွဲဆောင် မှုကို ပိုဖြစ်စေနိုင်ပြီး ယုံကြည်စိတ်ချမှုကိုပါ တိုးပွားစေတယ်လို့ဆိုပါတယ်။

 

လိမ္မော်ရောင်

 

အနီရောင် နဲ့ အဝါရောင် ရောစပ်လိုက်တဲ့အခါ လိမ္မော်ရောင်ကို ရပါတယ်။ လိမ္မော်ရောင်ဟာ စိတ်နှလုံးကို ရွှင်လန်း တက်ကြွ စေပြီး အကောင်းမြင်စိတ် ကို ဖြစ်ပေါ်စေပါတယ်။ လိမ္မော်ရောင်ဟာ အဝါရောင်ထက်ပင် မျက်စေ့ မြင်ကွင်းထဲကို ပိုမိုဝင်ရောက် လာတတ်သော အရောင်ဖြစ်လို့ အသက်ကယ်လှေများ၊ အသက်ကယ်အင်္ကျီများဟာ လိမ္မော်ရောင် ဖြစ်နေရခြင်း ဖြစ်ပါတယ်။ မိမိ၏ အရောင်အလင်းလှိုင်းကို အဝေးဆုံးသို့ရောက်အောင် ပို့ပေးနိုင်သော ကြောင့် အသက်ကယ် သူများ ထင်သာမြင်သာအောင် လိမ္မော်ရောင်ကို အသုံးပြုကြခြင်းဖြစ်တယ်။ လိမ္မော်ရောင်ရှိတဲ့ အချိုရည်တွေဟာ အခြား အရောင်များထက်စာလျှင် သောက်သုံးသူအနေဖြင့် လန်းဆန်းခြင်းနှင့် ခွန်အားတက်ကြွခြင်း ကို ပိုမိုခံစား ရတယ်လို့ ဆိုပါတယ်။

 

ခရမ်းရောင်

 

အပြာရောင် နဲ့ အနီရောင်ကို ရောစပ်လိုက်ရင် ခရမ်းရောင်ကို ရပါတယ်။ ခရမ်းရောင်ဟာ အလွန် ဂမ္ဘီရဆန်တဲ့အရောင်ဖြစ်ပြီး လျှို့ဝှက်ချက်တွေ အများကြီးရှိပါတယ်။ ခရမ်းရောင်ဟာ လူတစ်ဘက်သားရဲ့ ယုံကြည်အားကိုးမှုကို အလျှင်အမြန် ရစေတဲ့ အရောင် ဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ စမ်းသပ်ချက်တွေမှာ ခရမ်းရောင်ဟာ ကိုယ်ခန္ဓာခုခံစွမ်းအားမြင့်မားမှုကို ဖြစ်စေပြီး အလျှင်အမြန် နလံထမှုကိုလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။ စိတ်ယောက်ယက်ခပ်လှုပ်ရှားနေသူကို ခရမ်းရောင်နဲ့ များများ ထိတွေ့စေတဲ့အခါ စိတ်တည်ငြိမ်လာတယ် လို့လည်း ဆိုကြပါတယ်။ ခရမ်းရောင်ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ကုစားနိုင်တဲ့ အရောင်ဖြစ်ရုံမက လူမှုရေး ပြဿနာများ၊ အဆင်မပြေမှုများကိုလည်း ပြေလည်စေနိုင်တယ်လို့ ယူဆကြပါတယ်။ နာမ်လောကနဲ့ ပေါင်းကူး ဆက်ဆံပေးနိုင်တဲ့အရောင်လို့လည်း ဂမ္ဘီရပညာရှင်များက သတ်မှတ်ကြပါတယ်။ နာမ်လောကရဲ့ အကူအညီကို ရစေနိုင်ပါတယ်တဲ့။ ဒါကြောင့် စိတ်ဓာတ်ကျနေသူများ၊ ဒုက္ခမျိုးစုံကြုံနေရသူများ၊ အစစအရာရာ အဆင်မပြေ ဖြစ်နေသူ များ ခရမ်းရောင်ကို များများ အသုံးပြုပေးရန် တိုက်တွန်းလိုပါတယ်။

 

မီးခိုးရောင်

 

အဖြူရောင် နဲ့ အနက်ရောင် စပ်လိုက်ရင် မီးခိုးရောင်ကို ရပါတယ်။ မီးခိုးရောင်ဟာ အာရုံခံစားမှုတွေကို နှေးကွေးစေပြီး စိတ်ငြိမ်သက် ထိုင်းမှိုင်းစေတတ်တဲ့အရောင် ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် စိတ်ကျရောဂါ ခံစားနေရသူများ၊ စိတ်ဓာတ်ကျနေသူများ မသုံးသင့်တဲ့အရောင်ဖြစ်ပါတယ်။  အေးအေးဆေးဆေး နေလိုစိတ် နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေလိုစိတ် များကို ဖြစ်စေနိုင်တယ်။ မီးခိုးရောင်ဟာလည်း အနက်ရောင်နဲ့ တွဲဘက် ဝတ်ဆင် လိုက်ရင် တစ်ဖက်သားရဲ့ အထင်အမြင် ကြီးမှုကို ရစေနိုင်ပါတယ်။ အပေါ် မီးခိုးရောင် နဲ့ အောက်ပိုင်း အနက်ရောင်ဟာ (အဖြူ နဲ့ အနက် အတွဲလိုဘဲ) ယုံကြည်မှုကို ရရှိစေနိုင်ပါတယ်။ အခြားသူများရဲ့ အမြင်မှာ မိမိဟာ အဆင့်အတန်း မြင့်မားသူတစ်ဦး အဖြစ် အထင်ရောက်စေနိုင်တယ်လို့ ဆိုပါတယ်။

 

ပန်းနုရောင်

 

အနီရောင် နဲ့ အဖြူရောင်ကို ရောစပ်ရင် ပန်းနုရောင်ကို ရပါတယ်။ ပန်းနုရောင်ဟာ နုပျိုလန်းဆန်းမှုကို ခံစားရနိုင်တယ်။ ကာမဂုဏ်အာရုံကို တက်ကြွစေနိုင်တဲ့အရောင်အဖြစ် သတ်မှတ်ပါတယ်။ အရှေ့တိုင်းမှာတော့ မင်္ဂလာအရောင်အဖြစ် သတ်မှတ်ပါတယ်။ ဒါပေမယ့် ပန်းနုရောင်ဟာ တစ်ဖက်သားရဲ့ အထင်ကြီးမှုကိုတော့ မရစေဘူးလို့ဆိုပါတယ်။ ပန်းနုရောင် ဝတ်ထားသူတစ်ယောက်အပေါ်မှာ လူငယ်ဆန်တဲ့၊ ကလေးဆန်တဲ့ ခံစားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်တဲ့။ မရင့်ကျက်သေးဘူးဆိုတဲ့ ခံစားမှုကို ဖြစ်စေနိုင်ပါတယ်တဲ့။ ပန်းနုရောင်ဟာ ရင့်ကျက်မှု မရှိသေးတဲ့ ကလေးငယ်တစ်ဦးရဲ့ ချစ်စဖွယ် ကောင်းတဲ့ အဓိပ္ပါယ်ကို ဆောင်ယူလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ် များရဲ့ အသုံးအဆောင်များကို ပန်းနုရောင် ကို အများဆုံး အသုံးပြုတာကို တွေ့ရပါတယ်။

 

မိုးပြာရောင်

 

အပြာရောင်ကို အဖြူရောင်နဲ့ရောစပ်လိုက်ရင် မိုးပြာရောင် ကိုရပါတယ်။ ကောင်းကင်ပြင်ကြီးနဲ့ အရောင်တူတဲ့ မိုးပြာရောင် ဟာ အပြာရောင်နဲ့ နဲနဲကွဲပြားမှုကို ဖြစ်စေပါတယ်။ လွတ်လပ်တဲ့အရသာ ပေါ့ပါးတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။ အတွေး များကို ငြိမ်သက်စေပါတယ်။ ဘာမှမတွေးချင်တဲ့စိတ်ကို ဖြစ်စေပြီး စိတ်လှုပ်ရှားမှုကို လျော့နည်း စေပါတယ်။ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ငြိမ်းချမ်းစိတ်ကို ဖြစ်စေပါတယ်။ စိတ်လှုပ်ရှား လွယ်သူများ နဲ့ ဒေါသကြီးလွယ်သူများ မိုးပြာရောင်ကို ဝတ်ဆင်သင့်ပါတယ်။ ကျေနပ်ရောင့်ရဲစိတ်များကို ဖြစ်စေပါတယ်။ ထောင်သားများကို အပြာနုရောင်ကို ဝတ်ဆင်စေခြင်းဖြင့်ဟာ မကျေနပ်စိတ်၊ ရန်လိုစိတ်များ နည်းပါးသွားတာကို တွေ့ရပါတယ်တဲ့။ စိတ်ထားနူးညံ့စေပြီး မိမိတို့အခြေအနေမှန်ကို လက်ခံလိုစိတ်ဖြစ်လာစေပါတယ် တဲ့။ ဒါကြောင့် နိုင်ငံအတော်များများမှာ မိုးပြာရောင်ကို ထောင် ဝတ်စုံ အဖြစ် အသုံးပြုနေကြခြင်း ဖြစ်ပါတယ်။

 

အညိုရောင်(ယောဂီယောင်)

 

မြန်မာနိုင်ငံမှာ လူသိများတဲ့ ယောဂီရောင်လို့ အသိများတဲ့ အညိုရောင်ဟာ တည်ငြိမ်အေးချမ်းစိတ်၊ ရိုသေ ကိုင်းရှိုင်းစိတ် များ နဲ့ သဒ္ဓါတရားများကို ဖြစ်ပေါ်စေပါတယ်။ စိတ်ကို လိမ္မာယဉ်ကျေးစေပြီး နူးညံ့သိမ်မွေ့ စေနိုင်တာကြောင့် အရမ်းဆိုးတဲ့ ကလေးငယ်များကို အညိုရောင် ဝတ်ဆင်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အညိုရောင်ဟာ စိတ်အားငယ်မှုကို ဖြစ်စေနိုင်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ အားကိုးမှုများကို နည်းစေပြီး သူများ အပေါ်မှီခိုအားထားလိုစိတ်များကို ဖြစ်စေတယ် လို့လည်း ဆိုပါတယ်။ ဒါကြောင့် စိတ်ဓာတ် ကျနေသူများ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းသူများ မဝတ်ဆင်သင့်တဲ့ အရောင်ဖြစ်တယ်လို့ ပြောကြပါတယ်။

 

.

 

အနောက်တိုင်းပညာရှင်တစ်ချို့က ဒီလိုကိစ္စတွေကြုံရင် ဒီလို ဝတ်ဆင်သွားရမယ်လို့ ဆိုကြပါတယ်။

 

.

 

= အတိုက်အခံပြောဆိုရမယ်၊ ခပ်ကြမ်းကြမ်းချဲလင့်ထုတ်ရမယ် —————– အနီရောင်  ဝတ်ဆင်သွားပါ။

 

= ဒါပေမယ့် ပဋိပက္ခလည်း သိပ်မကြီးချင်ဘူး —————– နဲနဲရင့်တဲ့ နီညိုရောင်ကို ဝတ်ပါ။

 

= ဖြောင်းဖြောင်းဖျဖျနဲ့ ပြောဆိုတိုက်တွန်းရမယ် —————– အပြာရောင် ဝတ်ဆင်သွားပါ။

 

= အကောင်းဆုံးတွေဖြစ်လာမှာပါလို့ မျှော်လင့်ချက်ပေးရမယ်၊ —————– အဝါရောင်၊ လိမ္မော်ရောင် ဝတ်ဆင်သွားပါ။

 

= လုံခြုံစိတ်ချမှုရှိတယ်လို့ ပြောရမယ်ဆိုရင် —————– အညိုရောင် ဝတ်ဆင်သွားပါ။

 

= ဒုက္ခပင်လယ်ဝေနေသူကို နှစ်သိမ့်ဖို့ဆိုရင် —————– အစိမ်းရင့်ရောင် ဝတ်ဆင်သွားပါ။

 

= စည်းကမ်းစနစ်ကျနဖို့ကိစ္စ ပြောရမယ်ဆိုရင် —————– အပေါ်အဖြူ၊ အောက် အနက်ရောင်

 

= အချစ်ရေးကိစ္စ ပြောဖို့ဆိုရင် —————– ပန်းနုရောင် (သို့) မိုးပြာရောင်

 

= စိတ်ရှည်ရှည်နဲ့ ဆက်လုပ်ဖို့ပြောရမယ်ဆိုရင် —————– မိုးပြာရောင်

 

= အကြံဉာဏ်ခြင်းယှဉ်ပြိုင်ပြီး အကြိတ်အနယ်ပြောဖို့ —————– အဖြူ အနက်တွဲ (သို့) အဖြူ အစိမ်းတွဲ

 

= ကျွန်တော်/ကျွန်မ သစ္စာရှိပါတယ်၊ ကတိတည်ပါတယ် ပြောဖို့ —————– အဝါ နှင့် အဖြူတွဲ

 

= ကျုပ်ကို အားကိုးလိုက်စမ်းပါ။ ခင်ဗျားကို မ,စ နိုင်ပါတယ်။ —————– ခရမ်းရောင်

 

= ဝမ်းနည်းကြေကွဲမိပါကြောင်း စကားသွားဆိုရင် —————– အနက်ရောင်၊ နက်ပြာရောင်

 

.

 

ဂြိုဟ်များ၊ ဂဏန်းများ နှင့် အရောင်

 

ဗေဒင်ပညာမှာ အထက်ကပြောခဲ့သလိုဘဲ ဂြိုဟ်တွေရဲ့ အရောင်တွေဟာ အရှေ့ နဲ့ အနောက် “မူတွေ” သိပ်ကွဲနေတာကြောင့် ဘယ်ဟာက အမှန်ဆိုတာ သိပ်မပြောနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် အသုံးများတဲ့ “မူ” နဲ့ အဲဒီထဲက စာရေးသူ လည်း နှစ်သက်မိတဲ့ အရောင်စနစ်ကို ဖော်ပြလိုက်ပါတယ်။

 

= တနင်္ဂနွေဂြိုဟ်  (သိ့ု) 1 ဂဏန်းသမား ——————– လိမ္မော်ရောင်၊ ရွှေအိုရောင် ။

 

= တနင်္လာဂြိုဟ်  (သို့) 2 ဂဏန်းသမား ——————– အဖြူရောင်၊ အစိမ်းနုရောင်။

 

=  ကြာသပတေးဂြိုဟ်  (သိ့ု) 3 ဂဏန်းသမား ——————– အဝါရောင်၊ ခရမ်းရောင်၊ အညိုရောင် ။

 

=  ယူရေးနပ်ဂြိုဟ် (သို့) 4 ဂဏန်းသမား ——————–  မီးခိုးရောင်၊ သတ္တုရောင်။

 

=  ဗုဒ္ဓဟူးဂြိုဟ်  (သို့) 5 ဂဏန်းသမား ——————– အစိမ်းရောင်။

 

=  သောကြာဂြိုဟ်  (သို့) 6 ဂဏန်းသမား ——————– ပန်းနုရောင်၊ မိုးပြာရောင်။

 

= နက်ပကျွန်းဂြိုဟ် (သို့) 7 ဂဏန်းသမား ——————–  အစိမ်းပုပ်ရောင်၊ ရွှံ့ပုပ်ရောင်။

 

= စနေဂြိုဟ် (သို့) 8 ဂဏန်းသမား ——————– အနက်ရောင်၊ နက်ပြာရောင်။

 

= အင်္ဂါဂြိုဟ် (သို့) 9 ဂဏန်းသမား ——————–  အနီရောင်၊ နီညိုရောင်၊ စစ်စိမ်းရောင်။

သင်္ချာဗေဒပညာအရ ကိုယ့်မွေးဂဏန်းစိုးမိုးတဲ့ အရောင်များကို မကြာခဏ ဝတ်ဆင်ပေးခြင်းဖြင့် “ကံကောင်းခြင်း နှင့် အစစ အရာရာ အဆင်ပြေခြင်းများ ရရှိနိုင်တယ်” လို့ ဆိုကြပေမယ့် စာရေးသူအနေနဲ့တော့ ဒီကိစ္စကို သုတေသန ပြုလုပ်ဘူး သေးခြင်း မရှိသောကြောင့် “ထောက်ခံခြင်း” သို့မဟုတ် “ကန့်ကွက်ခြင်း” မပြုလုပ်လိုသေးပါ။ မိမိနှစ်သက်လျှင် သုံးစွဲ ကြပါကုန်သော်။

 

အလည်လာသူ၊ ဖတ်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေသော်။

 

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

နာမည်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဒီစာအုပ်ကလေးကို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ ရိုက်နှိပ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ မှည့်ခေါ်တတ်တဲ့ နာမည်တွေ နဲ့ ဘဝအကျိုးပေးကို လက်တွေ့ လေ့လာ သုတေသနပြုပြီး ရေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အရောင်းသွက် စာအုပ်…
Read More

အိပ်မက် . . (၂)

မိတ်ဆွေ ၊ ကျွန်တော်တို့ မနေ့က ဆွေးနွေးခဲ့တဲ့ “အိပ်မက်” . . (၁)ရဲ့ အဆက် အိပ်မက် . . (၂) ကို ဆက်ပြီး ဆွေးနွေး ကြရအောင်လား။…