ကျွန်တော်တို့ဆီမှာ ရင်သွေးငယ်များ ခဏခဏဖျားနာနေတယ်ဆိုရင် မိဘများက စိတ်ပူပြီး (နာမည်ကြောင့်လား) ဆိုပြီး နာမည်စစ်ဆေးခိုင်းတာတွေ မကြာခဏ ရှိပါတယ်။ အဲ့ဒီမှာ ပြဿနာက မိဘတော်တော်များများဟာ ကလေး ဖျားပြီနာပြီဆိုရင် (နာမည်ကြောင့်လို့) ထင်နေကြတဲ့ ကိစ္စပါ။ နာမည်မှားလို့ အဖျားအနာ မကြာခဏဖြစ်တာမျိုး မရှိဘူး မဟုတ်ပါဘူး၊ ရှိပါတယ်။
ဒါပေမယ့် ကလေးရဲ့ နာမည်နဲ့ ဇာတာကို သေချာစစ်ကြည့်လိုက်ရင် ကလေး (၁၀၀)မှာ နာမည်ကြောင့် ဖျားနာတာက (၃၀%) ခန့်သာရှိပြီး (၇၀%)ကတော့ ရောက်နေတဲ့ ဂြိုဟ်စားသက်ရောက်ကြောင့် ဖျားနာကြတာကို အများဆုံး တွေ့ရပါတယ်။ များသောအားဖြင့် ကလေးတွေဟာ အသက် (၄) နှစ်နဲ့ (၇)နှစ်တွေမှာ (ဘုမ္မိဂြိုဟ်) သက်ရောက်နှစ်တွေဖြစ်လို့ ဖျားနာတတ်ကြတယ်။ ကလေးတိုင်းတော့ မဟုတ်ဘူးပေါ့။ ကျန်းမာရေးဓာတ်ခံ ညံ့တဲ့ကလေးဆို ဖျားနာတတ်တယ်။ ဒါက ဘာနေ့သားသမီးအတွက် မဆိုပါဘဲ။
တစ်ခါ နေ့သားအလိုက် ဖျားနာတတ်တဲ့ နှစ်ပိုင်းတွေလည်း ရှိသေးတယ်။ (အသက် (၁၀)နှစ်အတွင်းကို တွက်ပေးမယ်) အဲ့ဒါတွေက –
တနင်္ဂနွေသားသမီးဆိုရင် အသက် (၃)(၄)(၅) နှစ်
တနင်္လာသားသမီးဆိုရင် အသက် (၂)(၃)(၄) နှစ်
အင်္ဂါသားသမီးဆိုရင် အသက် (၁)(၂)(၃) နှစ်
ဗုဒ္ဓဟူး(ရာဟု) သားသမီးဆိုရင် အသက် (၁)(၂)(၈) နှစ်
ကြာသပတေးသားသမီးဆိုရင် အသက် (၆)(၇)(၈) နှစ်
သောကြာသားသမီးဆိုရင် အသက် (၄)(၅)(၆) နှစ်
စနေသားသမီးဆိုရင် အသက် (၁)(၇)(၈) နှစ် များဟာလည်း သက္ခတ်ဗေဒင်အရ ကျန်းမာရေးညံ့စေတတ်တဲ့ နှစ်များ ဖြစ်ကြပါတယ်။ ဆိုတော့ကာ အထက်ကပြောခဲ့တဲ့အတိုင်း ဘုမ္မိဂြိုဟ်တွေထဲမှာဘဲ ဖြစ်ဖြစ် ၊ သက္ခတ်ညံ့တွေထဲမှာဘဲ ဖြစ်ဖြစ် ကျန်းမာရေးဖြစ်ပြီဆိုရင် နာမည်ကြောင့်မဟုတ်ဘဲ ဂြိုဟ်ကြောင့်သာ ဖြစ်ရတာ ပိုများတယ်လို့ မှတ်ယူပါ။
နောက်တစ်ခု အရေးကြီးတာက နာမည်မှားလို့ ကလေးမကျန်းမာရင် (အလွန်ဆုံး) ကိုယ်ပူခေါင်းပူ ၊ ရင်ကြပ်ချောင်းဆိုး ၊ ဝမ်းပျက် ဗိုက်နာ အစရှိသည့် ခပ်ပါးပါး လောက်သာ ဖြစ်တာပါ။ အလူးအလဲဖြစ် ၊ အရေးပေါ် ဆေးရုံတင် ၊ ICU ထဲရောက် ၊ ခွဲရစိတ်ရ ထိအောင် ဖြစ်ရင် အဲ့တာ နာမည်ကြောင့် (လုံးဝ) မဟုတ်ပါခင်ဗျာ။ မူလဇာတာ(တနည်း) အတိတ်ကံ ကြောင့်ပါ။ နာမည်က အဲ့ဒီလောက် မစွမ်းပါဘူး။ အဲ့ဒီလောက် မလုပ်နိုင်ပါဘူး။
အဲဒီနေရာမှာ တချို့ကလေးတွေက ဒီ(၁၀)နှစ်အတွင်းမှာ ဘာမှ မဖြစ်ဘူး၊ တချို့ ခပ်ပါးပါး ဖြစ်တယ်၊ တချို့ ခပ်စိပ်စပ် ဖြစ်တယ်ဆိုတာတွေကလည်း နာမည်ကြောင့် မဟုတ်ဘဲ အတိတ်ကံအကျိုးပေးခြင်း မတူလို့သာ ဖြစ်ပါတယ်။ ကျန်းမာရေး ဒေါင်ဒေါင်မည်တဲ့ ကလေးက နာမည်မှားနေလည်း ဒေါင်ဒေါင်မည်မြဲ မည်နေတတ်ပြီး ၊ ကျန်းမာရေးညံ့တဲ့ကလေးကျပြန်တော့လည်း နာမည်ကို သေသေချာချာ မှည့်ထားတဲ့ကြားကကို ချူချာနေတတ်ပါတယ်။ ဒါကို ကြည့်ရင် အတိတ်ကံဆိုတာ ထင်ရှားပါတယ်
ဒါကြောင့် ဒီလို အသက်ပိုင်းတွေမှာ ကလေးတွေ ဖျားနာနေမကောင်းကြပြီဆိုရင် နာမည်ကြောင့်လားဆိုပြီး ဆရာတစ်ယောက်ပြီးတစ်ယောက် ပြောင်း၊ နာမည်တွေ လျှောက်ပြောင်းနေကြမယ့်အစား အကောင်းဆုံး အလုပ်သင့်ဆုံးဖြစ်တဲ့ (ကျန်းမာရေးယတြာ)တွေကိုသာ အရင် လုပ်ကြည့်ပါ။ နာမည်ကို ခဏထားလိုက်ပါ။
ကျွန်တော့် ဆရာသက်တမ်းတစ်လျောက်လုံးမှာ ဒီလို Case တွေကို နာမည်ကို အသာထားပြီး ယတြာကို အရင်လုပ်ခိုင်းလိုက်တာနဲ့ ကလေးပေါင်းများစွာ ပြန်လည်ကျန်းမာလာကြတာ လက်တွေ့ ရာချီနေပါပြီ။ ဒါကြောင့် ဒီနေ့မှာ မကျန်းမာသော ကလေးများအတွက် အကျိုးများစေမယ့် ပွဲဝင်လက်တွေ့ ယတြာလေးများကို တင်ပြပေးလိုက်ရပါတယ်။ နည်းစနစ်များက ကျွန်တော့်နည်းများ မဟုတ်ပါ။ လေးစားထိုက်သော အာစရိယအနွယ်ဝင် ဆရာသခင်များရဲ့ နည်းလမ်းများကို မျှဝေပေးခြင်းသာပါ။ လေ့လာကြည့်ရအောင်
ရင်သွေးများအတွက် ကျန်းမာရေး ယတြာများ (ဗုဒ္ဓဘာသာများအတွက်သာ)
——————————————————
ယတြာ(၁) ဂြိုဟ်ပြေနံပြေဘုရားတွင် ရင်သွေး၏ “မွေးနံဘုရား” မှ စ၍ လက်ဝဲရစ် နာရီလက်တံအတိုင်း ဘုရားတစ်ဆူလျင် ရေချမ်း(၉)ခွက် သပ္ပါယ်ပါ။ ဂြိုဟ်တိုင် ၊ ဂြိုဟ်ရုပ်ရှိလျှင်လည်း (၉)ခွက်စီ သပ္ပါယ်ပါ။
မွေးနံဘုရားမှ စ၍ နာရီလက်တံအတိုင်း ——- အစဉ်အလိုက်သွားပြီး မွေးနံဘုရားမတိုင်မီ ဘုရားတွင် အဆုံးသတ်မည်။ ထိုယတြာကို “တစ်လလျှင်တစ်ကြိမ်” မွေးနေ့တိုင်း မနက် (၉)နာရီမှ (၁၀)နာရီအတွင်း ပြုလုပ်ရမည်။ ဥပမာ – တနင်္ဂနွေသားအဖို့ တနင်္ဂနွေ ဘုရားမှ အစပြုလျှင် တနင်္လာ- အင်္ဂါ-ဗုဒ္ဓဟူး . . . . အစဉ်အတိုင်းသွားပြီး သောကြာနံဘုရားတွင် ဆုံးမည်။ ကျန်နေ့သားများလည်း ဤအတိုင်း ပြုလုပ်ရမည်။
ယတြာ(၂) မွေးနေ့တစ်နေ့တွင် ဈေးထဲမှ သတ်မည့် ငါးအရှင် သက်စေ့ဝယ်ယူပြီး မြစ်ချောင်း အင်းအိုင်များတွင် ဘေးမဲ့လွှတ်ပေးပါ။ ရင်သွေးငယ်အတွက် ဆုတောင်းပါ။ (တစ်လလျှင်တစ်ကြိမ်) ပြုလုပ်ပေးရမည်။ (သက်စေ့ထက် ပိုလျှင်လည်း ရသည်၊ များလေကောင်းလေ)
ယတြာ (၃) မွေးနေ့ တစ်နေ့နေ့တွင် ရင်သွေးငယ်၏ ခေါင်းမှ ဆံပင် အနည်းငယ်(၄-၅ပင်ခန့်) အရှည် လက်တဆစ်ခန့် ကို ဖြတ် ယူပြီး ပေါင်မုန့်အလုံး ၂ခုကို ယူခါ ဖြတ်ထားသော ဆံပင်စ အနည်းငယ်စီကို ပေါင်မုန့်ထဲသို့ မြုတ်ထည့်ပါ။ ထို့နောက် ပေါင်မုန့်(၂)လုံးကို ကုန်းတွင် တစ်လုံး ၊ ရေတွင်တစ်လုံး စွန့်ပစ်ရမည်။ ခွေးကျီး ငါးများ စသည့် သတ္တဝါများ စားသွားလျင် ပိုကောင်းပါသည်။ ထိုယတြာကို (တစ်ပါတ်လျင် တစ်ကြိမ်) မွေးနေ့တိုင်း ပြုလုပ်ရမည်။
ယတြာ(၄) ညအိပ်ယာဝင်လျင် ကလေး၏ မျက်နှာကို အိုးမဲ (သို့) အိုင်းလိုင်နာ ဆေးအမည်း သုတ်ပြီး ရုပ်ဖျက်ပြီးမှ အိပ်စက်ပါ။ (မျက်နှာတပြင်လုံး မဟုတ်ပါ။ နဖူး၊ ပါးနှစ်ဘက်၊ မေးစေ့ များလောက် သုတ်လျင် ရပါပြီ) ရုပ်ဖျက်ရခြင်း အကြောင်းမှာ လူသည် အိပ်စက်သောအခါ ပရလောကထဲသို့ ရောက်သွားပါသည်။ ထိုအခါ မကောင်းသော ပရလောကသားများသည် ကလေးငယ် ကံနိမ့်နေသည်ကို သိမြင်ကြပါသည်။ (နေမကောင်းခြင်းမှာ ကံနိမ့်နေခြင်းကြောင့် ဖြစ်ပါသည်) ထိုအခါ ကလေးကို ဖမ်းစား အန္တရာယ်ပြုတတ်ပါသည်။ ထို့ကြောင့် မိမိကလေး ကံနိမ့်နေသည်ကို မမြင်တွေ့စေရန် ရုပ်ဖျက် အိပ်ရခြင်း ဖြစ်ပါသည်။ ခပ်ဆန်းဆန်းဟု ထင်ရသော်လည်း အလွန်ထိရောက်ပါသည်။ ညစဉ် အိပ်ယာဝင်တိုင်း ပြုလုပ်ရပါမည်။
ထိုယတြာ(၄)ခုကို မပျက်မကွက် ပြုလုပ်သွားပါက ရက်လ အနည်းငယ်အတွင်း ကျန်းမာရေးပြန်ကောင်းလာပါလိမ့်မည်။ ယုံကြည်စွာ ပြုလုပ်ပါ။ ကျန်းမာပကတိချမ်းသာစွာရှိ စေသော်
မှတ်ချက်။ ။ အထက်ပါယတြာများနှင့် မထိရောက်လျှင် (သို့) မလုပ်လိုလျှင် နောက်ထပ် ယတြာဆရာတစ်ဉီးထံ လမ်းညွှန်ပေးပါဉီးမည်။ (ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်မှ အဆင်ပြေပါသည်)
ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား ဈေးရုံကြီးအတွင်းတွင် ”ဆရာကြီး ဉီးလင်းအောင်” တပည့် ဆရာဉီးအောင်ကြင် ၊ ဆရာဉီးမျိုးတို့မှ “နဝင်းယတြာပညာ” ဖြင့် (၇)ရက်သားသမီးများကို ကူညီလျက် ရှိပါသည်။ အသပြာဆရာများ မဟုတ်ပါ။ ထိုက်သင့်သော ငွေကြေးမျှသာ ယူပါသည်။ ဂျင်း(လုံးဝ) မထည့်ပါ။ ကျွန်ုပ်သည် လွန်ခဲ့သော အနှစ်(၂၀)မှ စ၍ မကျန်းမာသော ကလေးပေါင်းများစွာကို ထိုနဝင်းယတြာပညာရှင်များထံသို့ လမ်းညွှန်ပေးခဲ့ရာ မိဘပေါင်းများစွာ၏ ကျေးဇူးတင်ကြောင်း တုန့်ပြန်မှုများ ရာပေါင်းများစွာ ကြားသိခဲ့ရပါသည်။ ကလေးတိုင်းမဟုတ်သော်လည်း ၉၅% ခန့် ကျန်းမာသွားကြကြောင်း ကြားသိရပါသည်။
အချို့မိဘများပြောကြားချက်များအရ နဝင်းယတြာကို (၄) (၅)ကြိမ်မျှ ပြုလုပ်လိုက်သည်နှင့် မွေးကတည်းက ချူချာလာသော ကလေးမှာ ဒေါင်ဒေါင်မည် ကျန်းမာသော ဘဝသို့ ပြောင်းလဲရောက်ရှိသွားသည်ဟုပင် သိရပါသည်။ နောက်ထပ် မကျန်းမမာ လုံးဝပြန်မဖြစ်တော့ဟု ဆိုပါသည်။ အလွန်အစွမ်းထက်သော ”နဝင်းယတြာ” ပါပေ။ ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင် နေထိုင်သူဖြစ်က သွားသင့်ပါသည်။ အချို့ဆို ဝေးလံသော နယ်မြို့များမှပင် လာရောက်ယတြာပြုကြပါသည်။ (မသိသူကျော်သွား သိသူဖော်စား)
မေတ္တာများစွာဖြင့်
ဒေါက်တာတင်ဗိုလ်ဗိုလ် (နာမက္ခရနှင့် ဟူးရားပညာ)
ကွန်ပျူဗေဒသုခုမ