မွေးနေ့ မွေးရက် ထပ်တူကျခဲ့လျှင်

ကျွန်တော်ရေးလိုက်တဲ့ ဆောင်းပါးမှန်သမျှ ဆောင်းပါးရှည်တွေချည်းသာ ဖြစ်နေလို့ ကနေ့တော့ ဆောင်းပါးတိုလေး တစ်ခုကို တင်ပေးလိုက် ပါတယ်။ စောစောလေးက ကျွန်တော့်သမီး (စနေသမီး) ဖြစ်သူက  16.1.2010 မှာကျရောက်မယ့် သူ့မွေးနေ့က စနေနေ့ဖြစ်နေလို့ သူ့ရဲ့ မွေးနေ့မွေးရက်ထပ်တဲ့အကြောင်း လာပြောတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာလေး ရှိလို့ ချက်ခြင်း ကောက်ရေးပြီး တင်ပေး လိုက်ပါတယ်။

မွေးနေ့မွေးရက် ထပ်တယ်ဆိုတာ ကိုယ့်မွေးရက် (အင်္ဂလိပ်ရက်) ဟာ ကိုယ်မွေးနေ့(တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ . . . စသည်တို့နဲ့) ထပ်တူ ဖြစ်နေတာကို ပြောတာနော်။ မြန်မာရက်ကို မယူရပါဘူး။ အင်္ဂလိပ်ရက်ကို ယူမှ အမှန်ရပါမယ်။

ဒီကိစ္စဟာ အမြဲတမ်းမဖြစ်ပါဘူး။ (၆)နှစ်(၇)နှစ်မှ တစ်ခါလောက် ဖြစ်တတ်တာပါ။ ဒါလည်း ပုံသေမဟုတ်ပါဘူး။ တစ်ချို့လည်း (၁၀)နှစ်လောက်ရှိမှ တစ်ခါထပ်တာလည်း ရှိပါတယ်။ ဒီတော့ ဖြစ်တောင့် ဖြစ်ခဲကိစ္စမို့လို့ ဒီလို မွေးနေ့မွေးရက် ထပ်ခဲ့ရင် ကောင်းတယ်လို့ ယူဆကြတာများပါတယ်။ (ဖြစ်ခဲလှတာကိုး)။ ကျွန်တော် ကိုယ်တိုင်လည်း တစ်ချိန်က ဒီလိုဘဲ ထင်ခဲ့ ဘူးပါတယ်။ မိတ်ဆွေရော ဒီလို ထင်ပါသလား?။

မဟုတ်ဘူးခင်ဗျ။ ပြန်စစ်ကြည့်လိုက်တော့ လူတစ်ယောက်ဟာ တစ်နှစ်တစ်ခါ ကျရောက်တဲ့ မွေးရက်မှာ ကိုယ့်မွေးနေ့နဲ ထပ်ခဲ့ရင် အဲဒီ နှစ်မှာ “ကျန်းမာရေး” အထူးညံ့တတ်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု နဲ့ Accident တွေ ဖြစ်တတ်ပါတယ်။ ဒီလို ထပ်တဲ့အခါတိုင်း အမြဲတမ်းဖြစ်မယ်လို့မပြောနိုင်ပေမယ့် “အဖြစ်များ” ပါတယ်။ ဒါကြောင့် သတိပြုနိုင်အောင် တင်ပြ ပေးလိုက် တာပါ။

ဗေဒမိတ်ဆွေ ကိုရန်းဂန်းရဲ့ အဆိုအရတော့ “လူမှုရေး ပြဿနာကြီးတွေ” လည်း ဖြစ်နိုင်ပါတယ်တဲ့။ အောက်မှာ သူ Comment ဝင်ပေး ထားပါတယ်။

သိပ်ဝေးဝေး ပြန်မကြည့်ပါနဲ့။ ဒီနှစ်ထဲမှာ ကွယ်လွန်သွားတဲ့ “Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်” ဟာ သြဂုတ်လ (၂၉)ရက်မှာ မွေးတဲ့ “သောကြာသား”ပါ။ ပြီးခဲ့တဲ့ 2008 ခုနှစ် သူ့အသက် (၅၀)ပြည့်တဲ့ သြဂုတ်လ(29)ရက်နေ့ဟာ “သောကြာနေ့” ဖြစ်ပြီး မွေးနေ့မွေးရက် ထပ်နေတာကို တွေ့ရပါလိမ့်မယ်။ မယုံရင် မနှစ်က ပြက္ခဒိန်ကို ပြန်လှန် ကြည့်လိုက်ပါ။

နောက် ကျွန်တော်ကိုယ်တိုင်ပေါ့။ ကျွန်တော်က “ဗုဒ္ဓဟူး” သားပါ။ ကျွန်တော် ရေနစ်ပြီး Accident ဖြစ်ခဲ့တဲ့ 1979 ခုနှစ် ဧပြီလ (၁၁)ရက်နေ့ မွေးနေ့ဟာလည်း “ဗုဒ္ဓဟူး” ဖြစ်နေတာကို တွေ့ရပါတယ်။ 2001 ခုနှစ် “အူရောင်ငန်းဖျား” အသည်းအသန်ဖြစ်ပြီး ဆေးရုံပေါ်မှာ တစ်လလောက်တက်ခဲ့ရတဲ့နှစ်က မွေးနေ့ဟာလည်း “ဗုဒ္ဓဟူး” နေ့ပါဘဲ။

ကျွန်တော့်အမေက ဇွန်လ (13)ရက်မွေးတဲ့ အင်္ဂါသမီးပါ။ 2006 ခုနှစ် သူ့မွေးနေ့ဟာ မွေးနေ့မွေးရက်ထပ်ပါတယ်။ အင်္ဂါနေ့ ပါဘဲ။ အဲဒီနှစ်မှာ လမ်းလျှောက်နေတုန်း စက်ဘီးဝင်တိုက်ခံလိုက်ရလို့ လက်ကျိုးသွားပါတယ်။ နောက်ပြီး အဲဒီနှစ်မှာဘဲ ဝမ်းအကြီးအကျယ်လျှောပြီး Dehydration ဖြစ်လို့ ဆေးရုံ တင်လိုက်ရပါသေးတယ်။

ပြောရရင်တော့ အများကြီးဘဲခင်ဗျ။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ မွေးနေ့တွေကိုလည်း တိုက်ကြည့်ပြီးပါပြီ။ တော်တော်များများ မှန်ပါတယ်။ ဒါပေမယ့် ဆောင်းပါးကို တိုတိုဘဲရေးမယ်လို့ ပြောထားလို့ ရပ်လိုက်ပါတော့မယ်။ စာဖတ်သူကိုယ်တိုင် ပြီးခဲ့တဲ့ မွေးနေ့လေးတွေထဲက မွေးရက်မွေးနေ့ တိုက်တဲ့နှစ်တွေမှာ ဘာတွေဖြစ်ခဲ့လဲ ပြန်စဉ်းစားကြည့်ကြပေါ့။ ဘယ်စာအုပ် ထဲကမှ တွေ့တာမဟုတ်ပါဘူး။ ကိုယ်တိုင် တွေ့ရှိချက်ပါ။ (စာအုပ်တွေထဲမှာရှိချင်လည်း ရှိမှာပေါ့။ ကျွန်တော်တော့ မဖတ်ဘူး သေးဘူး)။

သိပ်ကြောက်သွားအောင် ပြောတာမဟုတ်ဘူးနော်။ သတိထားနိုင်အောင် ပြောတာပါ။ ဘာမှ မဖြစ်တာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ 2007 ခုနှစ်မှာလည်း ကျွန်တော့်မွေးနေ့မွေးရက် ထပ်ပါသေးတယ်။ အဲဒီနှစ်ကတော့ ဘာမှ ထူးထူးခြားခြား မဖြစ်လိုက်ဘူး ခင်ဗျ။ ဒါမျိုးလည်း ရှိနိုင်ပါတယ်။

ဖြည့်စွက်ချက်။ ။ ဤဆောင်းပါးကို ရေးရခြင်း၏ ရည်ရွယ်ချက် အမှန်မှာ ကိုယ့်မွေးနေ့မွေးရက် ထပ်ခဲ့လျှင် အညံ့များ ဖြစ်တတ်ကြောင်း(မှန်းဆချက် မဟုတ်ဘဲ လက်တွေ့သုတေသနပေါင်းများစွာဖြင့်) ရေးခဲ့ခြင်းဖြစ်ပါတယ်။  ထိုသို့ ထပ်တူကျခဲ့လျှင် အစစ အရာရာ “သတိ” ဖြင့် နေထိုင်ကျင့်ကြံကြစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ဟာ “ခုတ်ရာ တလွဲ ရှရာတခြား” ဖြစ်သွားပုံရပါတယ်။ အောက်မှာ ပေးထားတဲ့ Comment များအရ တစ်ချို့ သိပ်ကြောက်နေကြပါသည်။ တစ်ချို့က ကျွန်တော့်အား တိုက်ခိုက်ကြပါသည်။ ကျွန်တော်ကိုယ်တိုင် 2007 ခုနှစ်မှာ မွေးနေ့မွေးရက် ထပ်ပါသည်။ ဘာအဆိုးမှ မဖြစ်ပါ။

မဖြစ်ရခြင်းအကြောင်းမှာ ယခင်နှစ်များအတွေ့အကြုံအရ ထိုနှစ်တွင် “ကုသိုလ်” ကို များများလုပ်ပါသည်။ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး အနေအထိုင် အစားအသောက် အထူးဆင်ခြင်ပါသည်။ “ဝိပဿနာ” ကို ဖိလုပ်ပြီး “အကုသိုလ်” စင်ကြယ် အောင် အားထုတ်နေထိုင်ပါသည်။ “မိမိစိတ်ကို စောင့်ကြည့်ခြင်း” ကို အမှတ်ရလျှင် ရသလို လုပ်ပြီး “စိတ်, ကိလေသာ” အညစ် အကြေးကို အစဉ်ဆေးကြော နေပါသည်။ ရလဒ်မှာ ကျန်းမာရေး၊လူမှုရေး အဆိုး မည်သို့မျှ မဖြစ်သည့်အပြင် နှစ်ကုန်ပိုင်း လောက်တွင် “ကိုယ်ပိုင်အိမ်ပါ” ဝယ်နိုင်လိုက်ပါသည်။ ထိုသို့ ဖြစ်စေလို၍ ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။

ကုသိုလ်ကောင်းမှု လုပ်ရာတွင်လည်း နည်းပေါင်းစုံ ရှိသည့်အနက် “ဝိပဿနာ” ရှုခြင်း ကုသိုလ်လောက် အားကောင်းသည့် ကုသိုလ်မရှိပါ ။ အကောင်းဆုံး ယတြာ ဖြစ်ပါသည်။ သို့သော် လူတိုင်းလုပ်နိုင်ရန် ခဲယဉ်းပါသည်။ “ဝိပဿနာ” ရှုခြင်းသည် အတုမရှိ မြင့်မြတ်လှသည့် “နိဗ္ဗာန်” ကိုပင် မျက်မှောက် ပြုနိုင်သည်ဖြစ်ရာ သာမန် လောကီကိစ္စ ပြဿနာများလောက်ကတော့ ထည့်တွက်စရာပင် မရှိပါ။ လောကီ လောကုတ္တရာ စွယ်စုံရသည့် ဆရာတော်ကြီးတစ်ပါးက ပြောဘူးပါတယ်။ “ဝိပဿနာ” ရှုမှတ်ပြီး ကိလေသာ အညစ်အကြေးကို တစ်ရက် ရှုမှတ် ဆေးကြောနိုင်လျှင် တစ်ရက် အဆိုးလွတ်တယ်၊ တစ်လ ရှုမှတ် ဆေးကြောနိုင်လျှင် တစ်လ အဆိုးလွတ်တယ်၊ တစ်သက်လုံး ရှုမှတ် ဆေးကြောနိုင်လျှင် တစ်သက်လုံး အဆိုးလွတ်တယ်” ဟူ၏။ အကြွင်းမဲ့ လက်ခံပါ၏။

ဘဝမှာ အဆင်မပြေမှု အခက်အခဲပြဿနာများ အမြဲရင်ဆိုင်နေရသူများ “ဝိပဿနာ” ကို ရှုမှတ်ကြည့်ကြစမ်းပါ။ ကိုယ့်ရဲ့ အခက် အခဲတွေ တစ်စ တစ်စ ပြေလည်လာပြီး ချောမွေ့လွယ်ကူတဲ့ ဘဝကို တစ်ဖြည်းဖြည်း ကူးပြောင်းရောက်ရှိ လာပါလိမ့်မယ်။ ဒါဟာ ဘာဖြစ်လို့လည်းဆိုတော့  ကိုယ့်ရဲ့သဏ္ဍန်မှာ လောဘ၊ ဒေါသ၊ မာန၊ ဣသာမစ္ဆရိယ၊ သောက၊ ဗျာပါဒ တွေ နည်းပါးလာတော့ “အကြောင်း အကျိုး” နိယာမအရ ကောင်းကျိုးတွေ ဖြစ်ထွန်းလာရခြင်း ဖြစ်တယ်။ ကျွန်ုပ်ကိုယ်တိုင် လက်တွေ့ကျင့်သုံးနေပြီး လက်တွေ့အကျိုးခံစားနေရသူပါ။

ဝိပဿနာ များများလုပ်လေ ဘဝကို ပိုပြီး အဆင်ပြေချောမွေ့လာလေ ဆိုတာ ကိုယ်တွေ့မို့ ယုံကြည်ကြစေချင်ပါတယ်။ သိပ်ခက်တယ်ထင်ရင် ခက်နေမှာဘဲ။ လက်တွေ့လုပ်ကြည့်တော့လည်း သိပ်မခက်ပါဘူး။ ကိုယ့်စိတ်ကို စိတ်နဲ့ ပြန်စောင့် ကြည့်နေတာ ဝိပဿနာပါဘဲ။ အမြဲ စောင့်ကြည့်နေတော့ ကိလေသာစိတ်တွေ ဝင်ဖို့ခဲယဉ်းတယ်။ ဝင်လာ ရင်လည်း ကိုယ်က သိလိုက်တော့ ပြန်ပျောက်သွားတယ်။ နေရင်းထိုင်ရင်း၊ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်း၊ စကားပြောရင်း၊ သတိရရင် ရသလို ကိုယ့်စိတ်ကို စောင့်ကြည့်ကြပါ။ ပထမပိုင်း ဝီရိယစိုက်ပြီး အားထုတ်နေရပေမယ့် နောက်ပိုင်းမှာ “အကျင့်” ဖြစ်သွားပြီး အားစိုက်စရာ မလိုအောင် ဖြစ်လာမယ်။ စိတ်က သူ့ဟာသူ Automatic စောင့်ကြည့်နေလိမ့်မယ်။ လက်တွေ့ စမ်းသပ် ကျင့်သုံးကြည့်ကြပါ။ အကျိုးထူးလာပါလိမ့်မယ်။ ကျန်းမာချမ်းသာကြပါစေ။

(၇)ရက်သားသမီးများ ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့များဖြစ်ကြပါစေ။

ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…