ဒီဇင်ဘာလထဲ တုန်းက “မွေးနေ့ဗေဒင်” ကို နေ့စဉ် တင်ပေးမယ်ဆိုပြီး လုပ်လိုက်ပေမယ့် အကြောင်းကြောင်းကြောင့် အစီအစဉ် ရပ်ဆိုင်း သွားရပါတယ်။ အခု လောလောဆယ် လူတိုင်း ကိုယ့်မွေးနေ့ကို ရောက်လာရင် တနှစ်တာရဲ့ အကောင်းအဆိုးကို ကြိုတင်သိနိုင်အောင် ပရိုဂရမ်လေးတစ်ခု ရေးဆွဲနေပါတယ်။
ဒါပေမယ့် ပရိုဂရမ်က ထင်ထားတာထက် ပိုပြီး ကြာနေပါတယ်။ ဒါကြောင့် ဒီပရိုဂရမ်လေးကို တင်မပေးမှီ လောလောဆယ် “မဟာဘုတ်” နည်းနဲ့ ကိုယ်တိုင်ကိုယ်တွက်လို့ရမယ့် “မွေးနေ့ဗေဒင်တွက်နည်း” လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
ဒီ မဟာဘုတ် တွက်နည်းလေးက အင်မတန် ရိုးရှင်းပါတယ်။ “တွက်နည်း” လို့သာ ပြောရတာ ဘာမှ သိပ်တွက်စရာ မလိုပါဘူး။ လွယ်သမှ သိပ်လွယ်ပါတယ်။ ဒါပေမယ့် မှန်ကန်မှု ရာနှုံးကတော့ မနည်းလှဘူးခင်ဗျ။ ကိုယ့်ဟာကိုယ် ပြန်ပြီးတွက်ကြည့်လေ။ ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ပြီး လက်တွေ့တွက်ကြည့်။ ဘဝမှာ မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ “ကောင်းတဲ့နှစ် နဲ့ ဆိုးတဲ့နှစ်” တွေကို တွက်ကြည့်။ အနည်းဆုံး (၇၅-၈၀) % မှန်ဖို့ များပါတယ်။
တွက်နည်းမှာ အဆင့် (၆)ဆင့်ရှိပါတယ်
(၁) ကိုယ့်ရဲ့ “မူလ မဟာဘုတ်” ခွင်ကို အရင် ထူ။
(၂) ကိုယ်တွက်ချင်တဲ့ “မွေးနေ့ရဲ့ မဟာဘုတ်” ခွင်ကို ထူ။
(၃) ကိုယ့်တွက်ချင်တဲ့ မွေးနေ့ဟာ “ဘာနေ့ကျသလဲ” ဆိုတာ ရှာ။
(၄) ကိုယ်တွက်ချင်တဲ့ မွေးနေ့ပြီးရင် “ဘာ သက္ခတ်(သက်ရောက်) ထဲမှာ ကျသလဲ” ဆိုတာ ရှာ။
(၅) ပြီးရင် မဟာဘုတ်ခွင် (၂)ခုထဲမှာ ရှိတဲ့ ကိုယ့်နေ့သားရယ်၊ ကိုယ့်မွေးနေ့ကျတဲ့ နေ့ရယ်၊ ရှေ့လာမယ့် သက္ခတ်နေ့ရယ် ကို “စက်ဝိုင်း”လေးတွေ လိုက်ပြီး ဝိုင်းလိုက်။
(၆) နောက်ဆုံး မဟာဘုတ်ခွင် “အလွတ်တစ်ခု” ထဲမှာ စက်ဝိုင်း ဝိုင်းထားတဲ့ နေ့နံတွေကို ပြောင်းထည့် ။ ဒါဆိုတွက်နည်း ပြီးသွားပါပြီ။
ရှုပ်သွားသလား ? မရှုပ်ပါဘူး။ စာနဲ့ ပြောနေလို့ပါ။ လက်တွေ့ တွက်ကြည့်ရအောင်။
ဥပမာ(၁)
၁၉၆၁ ခုနှစ် သြဂုတ်လ (၄)ရက်နေ့မှာ မွေးတဲ့ သောကြာသား တစ်ယောက်ရဲ့ ၂၀၀၈ ခုနှစ်မှာ ကြုံခဲ့တဲ့ “မွေးနေ့” ကို တွက်ကြည့် ကြရအောင်။
ပထမဆုံး ခရစ် သက္ကရာဇ်ကို မြန်မာသက္ကရာဇ် ပြောင်းရမယ်။ ပြောင်းနည်းလေးကို အရင်ဆောင်းပါးတွေမှာ ရေးထားတယ်။ ဒါပေမယ့် ပြန်ရေးပေးပါ့မယ်။
ခရစ် သက္ကရာဇ် ထဲကနေ (၆၃၈) ဆိုတဲ့ဂဏန်းကို “ပုံသေ” နုတ်သွားရင် မြန်မာသက္ကရာဇ်ကို ရလိမ့်မယ်။ ဒါပေမယ့် သတိထားရမှာက မြန်မာနှစ် နဲ့ ခရစ်နှစ် နှစ်ကူးပုံခြင်း မတူလို့ မြန်မာနှစ်ဆန်း (၁)ရက်နေ့ မတိုင်မှီဆိုရင် (၆၃၉) ကို နုတ်ရ လိမ့်မယ်။ မြန်မာနှစ်ဆန်း (၁)ရက်နေ့က စပြီး နောက်ပိုင်းရက်/လ တွေမှာ မွေးရင် (၆၃၈)ကို နုတ်ရမယ်။
အဆင့် (၁)
၁၉၆၁- ၆၃၈= ၁၃၂၃ (မြန်မာသက္ကရာဇ်) ရမယ်။ ဒီ ၁၃၂၃ ကို (၇) နဲ့ စားလိုက်ပါ။ (ဝ)ကြွင်း လိမ့်မယ်။ ဒါကြောင့် ဒီ သောကြာ သားဟာ (ဝ)ကြွင်း မဟာဘုတ်ဖွားဖြစ်တယ်။ (ဝ)ကြွင်းမဟာဘုတ် ဆိုတော့ အောက်က ခွင်ကလေးပေါ့။ ဒါကို “မူလ မဟာဘုတ်” လို့ ခေါ်ပါတယ်။

အဆင့် (၂)
တွက်ချင်တဲ့ မွေးနေ့က ခရစ် ၂၀၀၈ ခုဖြစ်တယ်။ ဒီထဲကနေ နုတ်ကိန်း (၆၃၈)ကို နုတ်လိုက်တော့ – ၁၃၇၀ ရမယ်။ ဒါမြန်မာ သက္ကရာဇ်ပေါ့။ အဲဒီ ၁၃၇၀ ကို (၇)နဲ့ စားလိုက်ရင် (၅)ကြွင်း လိမ့်မယ်။ ဒီမဟာဘုတ်ကို “ကောဇာ မဟာဘုတ်” လို့ခေါ်မယ်။ အောက်က မဟာဘုတ်ခွင်လေး ဖြစ်ပါတယ်။

အဆင့် (၃)
ခရစ်နှစ် ၂၀၀၈ ခုနှစ် မွေးနေ့ဗေဒင်ကို တွက်ချင်တာ ဆိုတော့ ၂၀၀၈ ခုနှစ် သြဂုတ်လ (၄)ရက်နေ့ဟာ “ဘာနေ့” ကျလဲ ဆိုတာ နှစ်တစ်ထောင် ပြက္ခဒိန်မှာ ရှာကြည့်လိုက်တော့ “တနင်္လာနေ့” ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကို မှတ်ထားပါ။ နှစ်တစ်ထောင်ပြက္ခဒိန်ကို လိုချင်ရင် ဒီနေရာကို ကလစ်နှိပ်ပြီး Link ယူလိုက်ပါ။ http://www.timeanddate.com/calendar/
အဆင့် (၄)
၂၀၀၈ ခုနှစ်မွေးနေ့ပြီးရင် “ဘာ သက္ခတ်” ထဲမှာ ရောက်နေမလဲဆိုတာကို သိဖို့အတွက် ၂၀၀၈ ထဲကနေ မွေးခုနှစ် ၁၉၆၁ ကို နုတ်လိုက်ပါ။ (၄၇) ရမယ်။ ဒီတော့ ဒီသောကြာသားဟာ အသက် (၄၈)ထဲကို ဝင်လာပြီပေါ့။ သောကြာသား အသက် (၄၈) နှစ်ရဲ့ သက္ခတ်က “ရာဟု” သက္ခတ်ဖြစ်ပါတယ်။ ဒီဇယားလေးကို ဒေါင်းလုပ်လုပ်ပြီး ကြည့်ပါ။
http://download641.mediafire.com/bwqnlwjlebjg/mmnjhjwjdem/Thathet+Table.pdf
အဆင့် (၅)
အထက်က ရရှိလာတဲ့ “မူလမဟာဘုတ်ခွင် နဲ့ ကောဇာမဟာဘုတ်” ခွင်နှစ်ခုထဲမှာ ရှိတဲ့ (က) မွေးနေ့(သောကြာ) ရယ် (ခ) မွေးနေ့မှာကျရောက်တဲ့ (တနင်္လာ)ရယ်၊ သက္ခတ် (ရာဟု)ရယ်တို့ကို “စက်ဝိုင်း” လေးတွေ ဝိုင်းလိုက်ပါ။
တနင်္ဂနွေ ဆိုရင် (၁)ဂဏန်း၊ တနင်္လာဆိုရင် (၂)ဂဏန်း၊ အင်္ဂါဆိုရင် (၃)ဂဏန်း၊ ဗုဒ္ဓဟူး နဲ့ ရာဟု ဆိုရင် (၄)ဂဏန်း၊ ကြာသပတေးဆိုရင် (၅) ဂဏန်း၊ သောကြာဆိုရင် (၆)ဂဏန်း နဲ့ စနေ ဆိုရင် (ဝ)ဂဏန်းတွေကို ယူရမယ်နော်။ ဒီတော့ကာ- ဒီအောက်က မဟာဘုတ်ခွင် နှစ်ခုကို ရလိမ့်မယ်။

နောက်ဆုံးအဆင့်အနေနဲ့ မဟာဘုတ်ခွင် အလွတ်တစ်ခုကို “ချ” ပြီး အထက်က “စက်ဝိုင်း” ဝိုင်းထားတဲ့ နေ့နံတွေကို သူ့နေရာ နဲ့သူ ထည့်လိုက်ရင် တစ်နှစ်စာ ဟောပြောလို့ရတဲ့ မဟာဘုတ်ခွင် တစ်ခုရပြီပေါ့။ အောက်ပုံကို ကြည့်ပါ။

ဒီ နောက်ဆုံးရလာတဲ့ မဟာဘုတ်ခွင်မှာ မွေးနံ သောကြာ(၆) ကို ထည့်မတွက်ရပါ။ မွေးနံဂြိုဟ်ဖြစ်လို့ သူ့ကို စက်ဝိုင်းတစ်ဝိုင်း ဝိုင်းထားလိုက်ပါ။ ဒီတော့ မွေးနံဂြိုဟ်မပါဘဲ ဂြိုဟ် (၅)လုံး ရှိလိမ့်မယ်။ ကြည့်လိုက်ပါ။
= အဓိပတိမှာ ဂြိုဟ်(၂)လုံး (၂ နဲ့ ၄)
= အထွန်းမှာ ဂြိုဟ် တစ်လုံး (၄)
= သိုက်မှာ ဂြိုဟ်တစ်လုံး(၂)
= ပုတိမှာ ဂြိုဟ်တစ်လုံး (၆) – – – – စုစုပေါင်း ဂြိုဟ်(၅)လုံးရှိတယ်။
ဂြိုဟ်(၅)လုံးရှိတဲ့အနက် ဂြိုဟ်(၄)လုံးက “အထွန်း၊ သိုက်၊ အဓိပတိ” ဆိုတဲ့ ကောင်းတဲ့ဌာနတွေမှာရပ်တည်ပြီး ဂြိုဟ်တစ်လုံး သာ အောက်တန်းက “ပုတိ” ဌာနမှာ ရှိနေ တာကို တွေ့ရပါလိမ့်မယ်။
သတိထားရမယ့် အချက်(၁)ချက် ရှိပါတယ်။ အဲဒါက ဂြိုဟ် (၂)လုံး ထပ်နေတာပါ။ ဥပမာ- “သက္ခတ်”ကလည်း ဗုဒ္ဓဟူးဂြိုဟ်၊ မွေးနေ့ ကျတဲ့နေ့ကလည်း ဗုဒ္ဓဟူး ဂြိုဟ်ဘဲ ဖြစ်နေရင် စက်ဝိုင်းကို (၂)ခါ ဝိုင်းရပါမယ်။ ပြီးရင် နောက်ဆုံး မဟာဘုတ်ခွင်မှာ ဗုဒ္ဓဟူး=(၄)ဂဏန်းကို နှစ်ခု ထည့်ပေးရမှာပေါ့။ ဒါ အရေးကြီးတယ်။ တချို့ စက်ဝိုင်းဝိုင်းတာ ဂြိုဟ် (၃)လုံးမရဘဲ (၂)လုံးဘဲ ရနေတယ်ဆိုတာ အဲဒါကြောင့်ဘဲ။
ဒီတော့ မဟာဘုတ် ဌာနတွေမှာ ဂြိုဟ်ရပ်တည်ပုံကို လေ့လာကြည့်ရအောင်။
= အထွန်း ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – အောင်မြင်မယ်၊ တိုးတက်ထွန်းကားမယ်၊ နာမည်ဂုဏ်သတင်း ကျော်စောမယ်၊ ငွေကြေးဝင်မယ်။ စုတ်ကော၊ လာဘ်ကော ကောင်းမွန်မယ်။ လုပ်သမျှ ကိုင်သမျှ အဆင်ပြေမယ်။ ဂုဏ်ပြုချီးမွမ်းခံရမယ်။ လူမှုဆက်ဆံရေး အလွန် အောင်မြင်မယ်။
= သိုက် ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – စိတ်ချမ်းသာမယ်။ ငွေကြေး စီးပွားဝင်မယ်။ မိသားစုနဲ့ ပျော်ရွှင်ရမယ်။ ဘဝလုံခြံမှုနဲ့ စိတ်အေးချမ်းမှု ကို ရမယ်။ အိမ်ထောင်ရေး၊ အချစ်ရေး ကံကောင်းမယ်။
= ရာဇ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ရာထူးတက်မယ်။ အလုပ်အကိုင် တိုးတက်မယ်။ ဘဝအဆင့် မြင့်မားလာမယ်။ အကြီးအကဲ ဆရာသမား စောင့်ရှောက်ခံ ရမယ်။ အိမ်ထောင်ရေး၊ အချစ်ရေး ရှုတ်ထွေးမယ်။ ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ရတတ်တယ်။ လုပ်ငန်းတူ အပြိုင်အဆိုင် ပေါ်မယ်။ ရန်သူပေါ်မယ်။ ရန်သူရှိတယ်။
= အဓိပတိ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – အကြီးအကဲဖြစ်မယ်။ တာဝန်ကြီးတွေ ယူရမယ်။ စိတ်သောက များမယ်။ Stress များမယ်။ အပြိုင်အဆိုင်တွေကို အနိုင်ရမယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်တယ်။ အနားမယူနိုင်လောက်အောင် အလုပ်များလိမ့် မယ်။ နာမည် ဂုဏ်သတင်းလည်း အလွန်ကြီးမယ်။ “သက္ခတ်” ကောင်းရင် ထိပ်ဆုံးထိ ရောက်မယ်။
= ပုတိ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ကောင်းစရာ ရှိရင်လည်း အရမ်းကောင်းမယ်။ ဆိုးစရာ ရှိရင်လည်း အရမ်းဆိုးမယ်။ ကောင်းအား/ဆိုးအား ပြင်းထန်တတ်တယ်။ မကောင်းသတင်း ကျော်စောတတ်တယ်။ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်တယ်။ ကျန်းမာရေး သတိထားရမယ်။ အစားမှား၊ ဆေးမှား ဖြစ်တတ်တယ်။ ကိုယ့်ကို နာမည်ဖျက် အရှက်ခွဲသူပေါ်မယ်။ ရန်သူပေါ်မယ်။ တိတ်တဆိတ် လုပ်ကြံခံရတတ်တယ်။
= ဘင်္ဂ ဌာမှာ ဂြိုဟ်ရပ်တည်ရင် – အလုပ်၊ နေရာထိုင်ခင်း အပြောင်းအလဲ ဖြစ်တတ်တယ်။ ကျန်းမာရေး ချို့ယွင်းတတ်တယ်။ မတော်တဆဘေးဥပဒ်တို့၊ သဘာ၀ ဘေးဥပဒ်တို့ တွေ့ကြုံတတ်တယ်။ အခက်အခဲ ပြဿနာကြီးတွေ ဝင်မယ်။ ငွေကြေး အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ လူမှုဆက်ဆံရေးတွေမှာ ကြီးမားတဲ့ ပြဿနာတွေ ကြုံမယ်။
= မရဏ ဌာနမှာ ဂြိုဟ်ရပ်တည်ရင် – ကျန်းမာရေး အလွန်ညံ့မယ်။ ဘေးဥပဒ်ကြီးတွေ ကြုံမယ်။ ဆေးရုံဆေးခန်းတွေ ရောက်တတ်တယ်။ ရန်သူမျိုး (၅)ပါး တွေ့ကြုံတတ်တယ်။ ရှောင်တခင် ဘေးဥပဒ်များ တွေ့တတ်တယ်။ Accident ကြုံတတ်တယ်။ အမှားတွေ အများကြီး လုပ်မိတတ်တယ်။ ဘာအရာကိုမဆို အလွန်အကျွံ လုပ်မိတတ်လို့ “တန်ဆေး လွန်ဘေး” ဆိုတာ ဖြစ်တတ်ပါတယ်။
= မွေးနံဂြိုဟ်၊ မွေးနေ့ဂြိုဟ် နဲ့ သက္ခတ်ဂြိုဟ်တစ်လုံး နဲ့ တစ်လုံး “ပက္ခတ်” မိနေရင် ဒီနှစ်ဟာ အထူးသတိထားရမယ်။ Accident , ကျန်းမာရေး, အိမ်ထောင်ရေး, လူမှုရေး ပြဿနာကြီးတွေ ဝင်တတ်တယ်။ အဓိက ကတော့ ကျန်းမာရေး နဲ့ Accident ဖြစ်ပါတယ်။
ကဲ- ဒါတွေကတော့ မဟာဘုတ် (၇)ဌာနမှာ ဂြိုဟ်ရပ်တည်မှု အကြမ်းဖျဉ်းလေးပေါ့နော်။ ဒီတော့ ယေဘူယျပြောရရင် “အပေါ် ဌာန(၄)အိမ် ဖြစ်တဲ့ “အဓိပတိ၊ အထွန်း၊ သိုက်၊ ရာဇ” တွေမှာ ဂြိုဟ်ရပ်တည်မှု များရင် အဲဒီနှစ်ဟာ ကောင်းတဲ့ နှစ်ဖြစ်မယ်။ “အောက်ဌာန (၃)အိမ် ဖြစ်တဲ့ “ပုတိ၊ ဘင်္ဂ၊ မရဏ” မှာ ဂြိုဟ်ရပ်တည်မှု များရင် အဲဒီနှစ်ဟာ ညံ့တဲ့နှစ်ဖြစ်မယ်”။
ဒါပေမယ့် အောက်(၃) လုံးထဲက “ပုတိ” ကတော့ အကောင်း နဲ့ အဆိုး ရောနေတယ်။ ဒီလိုဘဲ အပေါ် (၄)လုံးထဲက “အဓိပတိဌာန” ဟာလည်း အကောင်း သက်သက်ချည်း မဟုတ်ဘူး။ အဆိုးနဲနဲ ရောနေပါတယ်။
ဒီတော့ အထက်က တွက်ပြတဲ့ နမူနာဇာတာရှင်ဟာ ၂၀၀၈ ခုနှစ် မွေးနေ့ကျော်ပြီး တစ်နှစ်တာကာလဟာ အပေါ်ဖက်အိမ် တွေမှာ ဂြိုဟ် (၄)လုံး ရပ်တည်ပြီး၊ အောက်ဖက်မှာ ဂြိုဟ်တစ်လုံးသာ ရပ်တည်လို့ သူ့အတွက် အတော်ကောင်းလိမ့်မယ်လို့ ဟောရမယ်။ နောက်ပြီး “ပုတိ” အိမ်မှာ ရပ်တဲ့ “သောကြာ” ဂြိုဟ်ကလည်း “ကောင်းမိရင် သူမတူအောင်” ကောင်းတတ်တယ်။
အဲဒီ မွေးနေ့ ပိုင်ရှင်က ဘယ်သူများပါလိမ့် ? ။ ၁၉၆၁ သြဂုတ်လ (၄)ရက် ၊ သောကြာသားတဲ့။ ဒီမွေးနေ့လေး မမှတ်မိကြတော့ ဘူးလား ?
သူကတော့ ၂၀၀၈ ခုနှစ် အောက်တိုဘာလအတွင်းမှာ “အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ” ဖြစ်လာတဲ့ “ဘားရတ် အိုဘားမား” ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် သြဂုတ်လ (၄)ရက် မွေးနေ့ကျော်သွားပြီး အသက် (၄၈)နှစ် (ရာဟုသက္ခတ်)ထဲမှာ သူ, သမ္မတ ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒီတော့ ဒီတွက်ကိန်းလေးဟာ သိပ်မဆိုးဘူး ပြောရမှာပေါ့နော်။
နောက်ထပ် နာမည်ကျော်တစ်ဦးကို တွက်ပြပါဦးမယ်။
သူကတော့ ၁၉၆၁ ဂျူလိုင်လ (၁)ရက်၊ စနေနေ့ မှာ မွေးဖွားပါတယ်။ သူရဲ့ ၁၉၉၇ ခုနှစ်မှာ ကျရောက်မယ့် မွေးနေ့ပြီး နောက်နှစ် ကို တွက်ကြည့်ရအောင်။ အထက် တွက်နည်းလေးကို ပြန်ကြည့်လိုက်နော်။
အဆင့် (၁) အရ “သူ့ရဲ့ မွေးမဟာဘုတ်” က “(ဝ)ကြွင်း မဟာဘုတ်” ဖြစ်တယ်။
အဆင့် (၂) အရ (၁၉၉၇)ခုနှစ်ရဲ့ “ကောဇာမဟာဘုတ်” က (၁)ကြွင်း ဖြစ်တယ်။
အဆင့် (၃) အရ (၁၉၉၇)ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ဟာ “အင်္ဂါနေ့” ဖြစ်ပါတယ်။၏
အဆင့် (၄) အရ ၁၉၉၇ ဇူလိုင်လ (၁)ရက်နေ့ပြီးရင် အသက် (၃၇)ထဲကို ရောက်မယ်။ စနေသမီး ဖြစ်လို့ “တနင်္ဂနွေသက္ခတ်” ထဲမှာ ရောက်နေပါတယ်။
အဆင့် (၅) အရ အထက်က ရရှိလာတဲ့ “မူလမဟာဘုတ်ခွင် နဲ့ ကောဇာမဟာဘုတ်” ခွင်နှစ်ခုထဲမှာ ရှိတဲ့ (က) မွေးနေ့(စနေ) ရယ် (ခ) မွေးနေ့မှာကျရောက်တဲ့ (အင်္ဂါ)ရယ်၊ သက္ခတ် (တနင်္ဂနွေ)ရယ်တို့ကို “စက်ဝိုင်း” လေးတွေ ဝိုင်းလိုက်ပါ။ ပြီးရင် နောက်ဆုံး အဆင့်ကို သွားလိုက်ပါ။ အောက်က ပုံကို ရပါလိမ့်မယ်။
နောက်ဆုံးခွင်အရ မွေးနံ “စနေ” မပါဘဲ ကျန်ဂြိုဟ် (၅)လုံးကို ကြည့်ရင် အောက်တန်း “ပုတိ၊ ဘင်္ဂ၊ မရဏ” မှာ ဂြိုဟ် (၃)လုံး၊ အပေါ်တန်း “သိုက် နဲ့ အထွန်း” မှာ ဂြိုဟ် (၂)လုံး ရှိတာတွေ့ရပါမယ်။
ဒါကြောင့် ပုတိ၊ ဘင်္ဂ၊ မရဏ အားက ပိုများနေပါတယ်။ ပိုဆိုးတာက “သက္ခတ်” တနင်္ဂနွေဟာ “ဘင်္ဂ” နဲ့ “ပုတိ” မှာ ရောက်နေပြီး မွေးနံ “စနေ” နဲ့ “ပက္ခတ်” နှစ်ထပ်ကွမ်း မိနေပါတယ်။ “ပုတိ၊ ဘင်္ဂ၊ မရဏ” ဌာနတွေမှာ ဂြိုဟ်တွေအားလုံး ရှိနေတာကလည်း မကောင်းပါဘူး။ ဒီဌာန (၃)ခွင်လုံးမှာ ဂြိုဟ်အပြည့် ရှိနေတဲ့ နှစ်တွေဟာ သတိ ထားရမယ့် နှစ်တွေ ဖြစ်ပါတယ်။
အထက်ပါ မဟာဘုတ်ပိုင်ရှင်ကတော့ ၁၉၉၇ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့မှာ မော်တော်ကား Accident နဲ့ ကွယ်လွန် သွားရရှာတဲ့ “ဝေလမင်းသမီး” “လေဒီ ဒိုင်ယာနာ” ဖြစ်ပါတယ်။ (ဒိုင်ယာနာဟာ မူလဇာတာမှာ ကတည်းက နာမည် “ပက္ခတ်” မိနေသူ ဖြစ်ပါတယ်)။
ကဲ ဒီနေ့တော့ ဒီကမ္ဘာကျော် နှစ်ယောက်ကို တွက်ပြပေးပြီး နောက်ရက် အပိုင်း (၂)မှာ C-Box ထဲမှာ မွေးသက္ကရာဇ် ပေးထားတဲ့ သူတွေကို နမူနာ တွက်ပြပါဦးမယ်။ ဒီနေ့တော့ ဒီလောက်နဲ့ဘဲ နားပါဦးမယ်။ မရှင်းတာရှိရင် Comment ထဲမှာ ဝင်မေးပါ။
ဖြည့်စွက်ချက်(၁)။ ။ ခုနှစ်ကို နုတ်လိုက်/စားလိုက်လုပ်ပြီး အကြွင်းမရှာတတ်သူတွေအတွက် ကိုယ်မွေးတဲ့ ခုနှစ်ရယ်၊ ကိုယ်တွက်ချင်တဲ့ ခုနှစ်ရယ် ရှာပြီး ဘာအကြွင်း ကြွင်းသလဲဆိုတာ အဆင်သင့် ဇယားလေး ထပ်ထည့်ပေးလိုက်ပါတယ်။
ဒီဇယားထဲကအတိုင်း မဟာဘုတ်တိုင် (၂)တိုင်ထူ။ မူလမွေးနေ့ရယ်၊ ကိုယ်တွက်ချင်တဲ့ မွေးနေ့မှာ ကျတဲ့နေ့ရယ်၊ သက်ရောက်ဂြိုဟ်ရယ် (၃)လုံးကို ရှာ။ စက်ဝိုင်းလေးတွေလိုက် ဝိုင်း။ ပြီးရင် မဟာဘုတ်အလွတ်ထဲမှာ ပြောင်းထည့်။ ဒါလေးများ။ ဒီမှာ ဇယား — –
ကဲ- မဟာဘုတ်အကြွင်းတော့ သိပြီ။ မဟာဘုတ်တိုင် မထူတတ်သေးဘူးလား ? ။ “အောင် – လံ – ထူ – စစ် – သူ – ကြီး – ပွဲ ” တွေ လုပ်မနေနဲ့။ ရှုပ်ကုန်မယ်။ “သင့်နာမည် ပက္ခတ်လွတ်ရဲ့လား” ဆောင်းပါး ဆီကို လင့်ကို သွား။ အဲဒီမှာ (၁)ကြွင်း ကနေ (ဝ)ကြွင်း အထိ မဟာဘုတ်ခွင် (၇)ခုကို တွေ့လိမ့်မယ်။ ကိုယ့်အကြွင်းအတိုင်း အဲဒီက ကူးယူလိုက်။ “ပက္ခတ်” အကြောင်းလည်း ဖတ်ကြည့်လိုက်ဦး။ ဒီနေရာကို Link နှိပ်လိုက်ပါ။
အလည်လာ ဖတ်ရှုသူအပေါင်း ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)