မက်ကိန်း နဲ့ အိုဘားမား ဘယ်သူနိုင်မလဲ အပိုင်း (၁) မှာ မြန်မာ့ရိုးရာ သက္ခတ်ဗေဒင်နည်း နဲ့ အလွယ်တွက်ပြီး အိုဘားမားက နိုင်ချေ ပိုရှိတယ် ဆိုတာ ဖော်ပြခဲ့ပြီးပါပြီ။
ဒါပေမယ့် တွက်ကိန်းက သက်ရောက် တွက်ကိန်းလေးမျှသာဖြစ်ပြီး သိပ်ပြီး ခိုင်မာတယ်လို့တော့ ပြောလို့ မရပါဘူး။
ဒီတော့ ပိုပြီးခိုင်မာတဲ့ လက်ရိုးနက္ခတ် ဗေဒင်နည်းစနစ်နဲ့ တွက်ကြည့် ကြရ အောင် လားဗျာ။ ပထမဆုံး အိုဘားမားရဲ့ မွေးသက္ကရာဇ်ကို ဇာတာဖွဲ့ ကြည့်ရအောင်။
အိုဘားမားကို ၁၉၆၁ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့၊ ညနေ (၇)နာရီ (၂၄)မိနစ်မှာ ဟာဝိုင်အီကျွန်း၊ ဟိုနိုလူလူမြို့မှာ မွေးဖွားခဲ့တယ်။
သူရဲ့ဇာတာကို အရှေ့တိုင်းသုံး “နိယာယနနည်း” စနစ်နဲ့ ဖွဲ့ကြည့်ရင် ဒီလိုတွေ့ရမယ်။
သူ့ဇာတာမှာ မကာရလဂ်၊ ပြိဿစန်း (ဥုစ်စန်း)၊ လက်သခင်စနေနဲ့ (၃)တန့် (၁၂)တန့် အိမ်ရှင် ကြာသပတေးတို့ ပူးနေတာကို တွေ့ရတယ်။ လဂ်အိမ်ရှင် စနေဂြိုဟ်ဟာ ဝကြသွားနေပေမယ့် နဝင်းဇာတာမှာ ဝဂ္ဂုတ္တမနဝင်းကို စီးနင်း ထားတာဟာ အလွန့်အလွန်ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ အခက်အခဲတွေကို ကျော်လွှားနိုင်စွမ်းရှိမယ်။(4ဂဏန်း သမား တစ်ယောက်အနေနဲ့ အခက်အခဲတွေကတော့ တွေ့ရမှာ အမှန်ဘဲ)
(၉)တန့်အိမ်ရှင် ဗုဒ္ဓဟူး (၇)တန့် ကိန်းအိမ်မှာ ရပ်တည်တာရယ်၊ (၇)တန့်အိမ်ရှင် တနင်္လာ (၅)တန့် တြိကောဏအိမ်မှာ ရပ်တည်တာရယ်ဟာ ရာဇယုဂ်များကို ရစေပြီး သူ့အတွက် ကောင်းကျိုးများကို ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ပြီးတော့ ဥုစ်ရာသီအိမ်မှာ ရပ်တည်တဲ့ တနင်္လာဂြိုဟ်ကို ကြာသပတေးဂြိုဟ်ကြီးက (၅)တန့် အမြင်နဲ့ မြင်ထားတာဟာ ရာဇယုဂ်ရတဲ့ တနင်္လာဂြိုဟ်ရဲ့ အားကို ပိုမိုပံ့ပိုးပေးထားပါတယ်။
ကြာသပတေးဂြိုဟ် ရာသီခွင်မှာ နိစ်ဖြစ်တာကတော့ သိပ်အရေးမကြီးပါဘူး။ ကျွန်တော့်ရဲ့ လက်တွေ့လေ့လာချက် များအရ နိစ်ဂြိုဟ်တွေဟာ (နိစ္စဘင်္ဂဖြစ်သည်ဖြစ်စေ၊မဖြစ်သည်ဖြစ်စေ) ဥုစ်ဂြိုဟ်တွေထက် ပိုပြီးအကျိုးပြုတာကို တွေ့ရပါတယ်။
နောက်ပြီး ရာဇယုဂ်ကိုဖြစ်ထွန်းစေတဲ့ ဗုဒ္ဓဟူးဂြိုဟ်ဟာဆိုရင်လည်း နဝင်းဇာတာမှာ ဥုစ်နဝင်းဖြစ်နေတာ အားရစရာ ကောင်းလှပါတယ်။ (ရာသီဇာတာက ဥုစ်ဂြိုဟ်ဟာ အကျိုးပေး ထက်သန်မှု မရှိလှပေမယ့် နဝင်းဇာတာက ဥုစ်နဝင်း စီးနင်းထားတဲ့ ဂြိုဟ်ကတော့ ကောင်းကျိုးအထူးပြုတတ်ပါတယ်)
အဲဒါအချက်တွေကို ကြည့်မယ်ဆိုရင် ဘားရတ်အိုဘားမားဟာ နိုင်ငံကြီးတစ်ခုရဲ့ အကြီးအကဲ သမ္မတဖြစ်ထိုက်တဲ့ ဇာတာအခြေခံတွေနဲ့ ပြည့်စုံတယ်လို့ ဆိုရတော့မှာပါ။
ကဲနောက်ပြီး မက်ကိန်းရဲ့ ဇာတာကို ကြည့်ကြရအောင်။
ဂျွန်မက်ကိန်းကို ၁၉၃၆ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ ညနေ့ (၆)နာရီ (၂၅)မိနစ်မှာ ပနားမားနိုင်ငံ ကိုလွန်မြို့မှာ မွေးဖွားခဲ့တယ်။
သူရဲ့ဇာတာကို ဖွဲ့ကြည်ရင် ဒီလိုတွေ့ရပါမယ်။
သူ့ဇာတာကတော့ ကုံလဂ် ၊ မကာရစန်း၊ လဂ်အိမ်ရှင်စနေဂြိုဟ်ဟာ လဂ်နဲ့ပူးနေပြီး (ဝကြ)သွားနေတာကို တွေ့ရပါမယ်။ လဂ်သခင် ဝကြသွားတာဟာ လဂ်ရဲ့ အင်အားကို အင်မတန် လျော့နည်းစေပါတယ်။ လဂ်အိမ်ရှင် လဂ်နဲ့ပူးတာရယ် ၊ ကြာသပတေးဂြိုဟ်ကြီး လဂ်ရဲ့ (၁ဝ)တန့်မှာ ရပ်တည်တာရယ်၊ တနင်္ဂနွေဂြိုဟ် (၇)တန့်ဘာဝမှာ ကသစ်ရပြီး ဝဂ္ဂုတ္တမနဝင်း စီးထားတာရယ် ကလွဲရင် သိပ်ထူးထူးခြားခြား ကောင်းလှတဲ့ အနေအထားမျိုး မတွေ့ရပါဘူး။ ဗုဒ္ဓဟူးနဲ့ သောကြာ ရာဇာယုဂ် အတွဲကလည်း (၈)တန့်မှာ ရပ်တည်နေတဲ့အတွက် အကျဉ်းကျပြီး ရာဇာယုဂ် ရဲ့အင်အားကို လျော့နည်းသွားစေပါတယ်။ ဗုဒ္ဓဟူးနဲ့ ကြာသပတေးဂြိုဟ်ကြီး နှစ်လုံးဟာ နိစ်နဝင်းစီးနေတာကလည်း ဂြိုဟ်တွေရဲ့ အင်အားကို ယုတ်လျော့စေပါတယ်။
# ဇာတာခြင်းယှဉ်ရင်တော့ အိုဘားမားရဲ့ ဇာတာကို လုံးဝမယှဉ်နိုင်ပါဘူး။
နောက်ဆုံးအရေးကြီးတဲ့အချက်တစ်ခုက နိယာယနစနစ်ရဲ့ ကျောရိုးဖြစ်တဲ့ ဒဿာစနစ် ကို ကြည့်ကြရအောင်။
အိုဘားမားက ကြာသပတေးထူလ ၊ တနင်္လာအန္တရထဲကို ရောက်နေတယ်။ တနင်္လာက ရာဇယုဂ်ရတဲ့ ဥုစ်ဂြိုဟ်၊ ကြာသပတေးဂြိုဟ်က (၃)တန့် နဲ့ (၁၂)တန့်မှာ (၃)တန့်ရဲ့ အလုပ်ကို အဓိကထားလုပ်လိမ့်မယ်။ (၃)တန့်ကတော့ သတင်း၊ ဆက်သွယ်ရေး၊ စည်းရုံးရေး၊ အဟောအပြော၊ စွန့်စားမှု၊ မိတ်ဆွေများရဲ့ထောက်ခံမှုကို စတာတွေကို အားပေး လိမ့်မယ်။ တနင်္လာဂြိုဟ်ကတော့ ရာဇယုဂ်ရထားပြီး နဝင်းမှာ မိဿနဝင်း စီးထားတော့ ပြောစရာမလိုအောင် ကောင်းတဲ့ဂြိုဟ် ဖြစ်တယ်။ သူတို့နှစ်လုံးဟာ အချင်းချင်းလည်း အမြင်ကောင်းနဲ့ မြင်ထားကြတယ်။ ဒါကြောင့် ဒီဒဿာထဲမှာ သူဟာ အလုပ်အကိုင်၊ ဘဝတက်လမ်းနဲ့ပတ်သတ်ပြီး အကြီးအကျယ်အောင်မြင်လိမ့်မယ်။
ဂျွန်မက်ကိန်းရဲ့ ဒဿာကတော့ ဗုဒ္ဓဟူးထူလ၊ ဗုဒ္ဓဟူး အန္တရဖြစ်တယ်။ ထူလ နဲ့ အန္တရ တစ်ထပ်တည်း ကျနေတယ်။
ဗုဒ္ဓဟူးဂြိုဟ်ဟာ မက်ကိန်းဇာတာမှာ (၈)တန့်သခင်ဖြစ်ပြီး (၈)တန့်မှာဘဲ ရပ်တည်နေတယ်။ နောက်ပြီး နဝင်းမှာ နိစ်နဝင်း စီးနင်းနေတယ်။ ဒါကြောင့် ဒီဗုဒ္ဓဟူးဟာ လုံးဝအားရစရာ မကောင်းတော့ပါဘူး။ (၈)တန့်ဒဿာမှာ လူတွေ ကောင်းစားတာ တွေ့ရခဲလှပါတယ်။ ဒီဒဿာထဲကို ဝင်စမှာ ကောင်းတယ်ဆိုရင်လည်း မင်းသမီးယောင်ဆောင် ထားတဲ့ ဘီလူးမလိုဘဲ အစပိုင်း ကောင်းချင်ယောင်ဆောင်ပြီး နောက်ပိုင်းလူပုံပျောက်လို့ ဘီလူးဇာတ် ပေါ်လာတတ်ပါတယ်။ နောက်ဆုံး ကုန်ကုန် ပြောရရင် မှားယွင်းချွတ်ချော်ပြီး မက်ကိန်းသာ သမ္မတဖြစ်လာရင် သူ့ရဲ့နောင်ရေးရော အမေရိကန်နိုင်ငံရဲ့ နောင်ရေးပါ မတွေးဝံ့ စရာပါဘဲ။
ဒါပေမယ့် အိုဘားမားဇာတာ မှာရော၊ မက်ကိန်းဇာတာမှာရော လုံးဝမကြိုက်တဲ့ အချက်တစ်ခုက စနေဂြိုဟ် နဲ့ ကြာသပတေးဂြိုဟ်ကြီးတွေဟာ အံသာ (ဒီဂရီ)ခြင်း နီးနီးကပ်ကပ် သမန္ဓ ပြုနေကြတာ ကိုပါဘဲ။
အိုဘားမားဇာတာမှာ ကြာသပတေး နဲ့ စနေပူးနေပြီး၊ မက်ကိန်းဇာတာမှာ ကြာသတေးကို စနေက (၁ဝ)တန့်အမြင်နဲ့ လှမ်းမြင်ထားပါတယ်။ လူတစ်ယောက်ရဲ့ ဇာတာမှာ စနေနဲ့ ကြာသပတေးဂြိုဟ် (၂)လုံး ပူးခြင်း၊ ယှဉ်ခြင်း၊ မြင်ခြင်း၊ အိမ်ခြင်း ဖလှယ်ခြင်းဆိုတဲ့ သမန္ဓတွေ ရှိခဲ့ရင် ဘဝမှာ ကြီးမားတဲ့ အမှုအခင်းတွေ၊ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ နာမည်ပျက်ကိန်း တွေ ဖြစ်တတ်ပါတယ်။ သူတို့နှစ်ဦး ကျတော့ နိုင်ငံသမ္မတတွေဖြစ်လာမှာ ဖြစ်တဲ့အတွက် ကြုံတွေ့လာရမယ့် အမှုအခင်း၊ ပြဿနာတွေဟာ သူတို့နှစ်ဦး နဲ့သာမက အမေရိကန်နိုင်ငံကြီးတစ်ခုလုံးနဲ့ပါ ဆက်စပ်သွားမှာဖြစ်ပါတယ်။
အိုဘားမား သမ္မတဖြစ်လာရင် စပြီး တာဝန်ယူရမယ့် ၂ဝဝ၉ ခုနှစ်မှာ ကောဇာကြာသတေးဂြိုဟ်ကြီးဟာ မကာရ ရာသီကို ကူးပြောင်းပြီး မူလစနေ၊ကြာသပတေး အတွဲပေါ်ကို စီးနင်းနေမှာဖြစ်တဲ့အတွက် သမ္မတဖြစ်တဲ့ ပထမနှစ်မှာဘဲ ပြဿနာ ကြီးတွေကို ရင်ဆိုင်ရပါလိမ့်မယ်။
အဆိုးဆုံးအချိန်ကတော့ စနေဂြိုဟ်ဟာ ကန်ရာသီကို စဝင်တဲ့ စက်တင်ဘာလလောက်မှာ (မကာရရာသီမှာ နဝင်းခြင်း ဆုံတွေ့မှာဖြစ်တဲ့အတွက် အဆိုးဆုံးဖြစ်လိမ့်မယ်) ၂ဝဝ၉ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေဟာ အိုဘားမားအတွက် အဆိုးဆုံးဖြတ်ကျော်ရတဲ့ ကာလတွေဖြစ်လိမ့်မယ်။
အိုဘားမားအတွက် နောက်ထပ် မကောင်းတဲ့အချက်တစ်ခုက သူရဲ့ မူလဇာတာမှာ လဂ်ရဲ့ (၈)တန့်ဘာဝမှာ အင်္ဂါနဲ့ ရာဟု ဟာ ပူးယှဉ်နေပြီး အဲဒီအတွဲပေါ်ကို ကောဇာစနေဂြိုဟ်ဖြတ် သန်းနေတာကို ကျွန်တော့်အနေနဲ့ဘဝင်မကျလှပါဘူး။
မူလဇာတာမှာ (၈)တန့်မှာ စနေသော်၎င်း၊ အင်္ဂါသော်၎င်း ရှိနေတာကို ကောဇာ စနေ၊ အင်္ဂါ ပြန်ဖြတ်တဲ့အချိန်မှာ မတော်တဆ ထိခိုက်မှု၊ သွေးထွက်သံယိုမှုတွေ ဖြစ်တတ်ပါတယ်။
လူမည်းတစ်ယောက် သမ္မတဖြစ်လာမှာကို မနှစ်မြို့တဲ့ အမေရိကန် လူဖြူအစွန်းရောက်တွေ ရှိနေတဲ့ အမေရိကန်နိုင်ငံမှာ ပထမဆုံးလူမည်း သမ္မတ ဖြစ်လာမယ့် အိုဘားမားအတွက် ဒီလို ဂြိုုဟ်နေဂြိုဟ်ထားဟာ စိုးရိမ်စရာပါဘဲ။
တကယ်လို့ မက်ကိန်းသာ သမ္မတဖြစ်လာမယ်ဆိုရင်တော့ ကုံရာသီမှာရှိတဲ့ စနေဂြိုဟ်ကို ကြာသတေးဂြိုဟ်စီးနင်းတဲ့ ၂ဝ၁ဝ လောက်မှ ပြဿနာ ကြီးတွေတက်လိမ့်မယ်။ အဲဒီအချိန်မှာ ကန်ရာသီမှာ ရောက်နေတဲ့ ကောဇာ စနေဂြိုဟ်ကြီး ကလည်း မူလကြာသပတေးကို (၃)တန့် အမြင်နဲ့ လှမ်းချိတ်ထားတဲ့အတွက် သူကြုံတွေ့ရမယ့် ပြဿနာက အိုဘားမားကြုံရမယ့် ပြဿနာထက်ပိုကြီးလိမ့်မယ်။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)