(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊ စိတ်ဆတ်လွယ် သော အားနည်းချက်များကြောင့်- စကားအသုံးအနှုံးများ ရင့်သီးမှုများ ရှိခဲ့ပါသည်။ ယခုအခါ မိမိ၏ ဗီဇအတိုင်း အချိန်ကြာလာလျှင် စိတ်ပြေမြဲ ဖြစ်သောကြောင့် စကားအသုံးအနှုံးအချို့ကို ပြင်ဆင်ထားပါသည်။ အချို့စာပိုဒ် များ ကိုလည်း ဖြတ်တောက်ထားပါသည်။ မိမိ၏ စိတ်တို၊ စိတ်ဆတ်လွယ်သော အားနည်းချက်ကြောင့် ယခင် ဆောင်းပါးမူရင်းကိုဖတ်ရှုပြီး စိတ်အနှောက်အယှက် ဖြစ်ခဲ့သော သူများရှိခဲ့လျှင် အားလုံးအား အနူးအညွတ် တောင်းပန်ပါသည်ခင်ဗျား)
……………………………………………………………………………………………………………………………………
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ သိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မြန်မာလူမျိုးအများစုဟာ “ထေရဝါဒ” ဗုဒ္ဓဘာသာဝင်တွေပါ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် ပြုပြီး သိပ်မကြာခင်မှာဘဲ ဗုဒ္ဓဘာသာမှာ ဂိုဏ်းကွဲကြီး (၂)ခု ကွဲထွက် သွားပါတယ်။ “ဟိနယာန” ဗုဒ္ဓဘာသာဂိုဏ်း နဲ့ “မဟာယာန” ဂိုဏ်းတို့ဘဲဖြစ်ပါတယ်။ “ဟိနယာန” ဟာ မြန်မာနိုင်ငံမှာ “ထေရဝါဒ” လို့ခေါ်ပါတယ်။ ဒီနေရာမှာ ဘာသာရေး သမိုင်းကို အဓိကထား ဆွေးနွေးမှာ မဟုတ်တဲ့အတွက် အကြမ်းဖျဉ်း ပြောရရင် “မဟာယာန” အယူဟာ “မန္တရ၊ တန္တရ၊ ဂါထာ၊ မန္တယား၊ ဗေဒင်၊ အင်းအိုင်၊ လက်ဖွဲ့” တွေနဲ့ ရောယှက်နေတဲ့ အယူဝါဒဖြစ်တယ်လို့ ယေဘူယျ သတ်မှတ် ကြပါတယ်။
ဒါပေမယ့် မဟာယာန ဗုဒ္ဓဘာသာအယူထွန်းကားတဲ့ ဂျပန်နိုင်ငံထဲက “ဇင်ဗုဒ္ဓဘာသာ” ကျတော့လည်း ဒီလိုဟာတွေ မပါတဲ့ “ပစ္စုပ္ပန်တည့်တည့်ရှုတဲ့” ဝါဒဖြစ်နေပြန်တယ်။ ကျွန်တော်တို့ ထေရဝါဒနိုင်ငံက ဗုဒ္ဓဘာသာ ပညာရှင်တွေကတော့ “မဟာယာန” ဗုဒ္ဓဝါဒကို ပြောင်ပြောင် တင်းတင်းကြီးသာ ဖွင့်မချပေမယ့် (စိတ်ထဲမှာ ခံယူချက်အနေနဲ့) မှန်ကန်တဲ့ ဗုဒ္ဓဘာသာ မဟုတ်တော့ဘူးလို့ ယူဆတဲ့ ပုဂ္ဂိုလ်တွေက ပိုများပါတယ်။ (ကျွန်တော့်အယူအဆမဟုတ်ပါ)
ဟုတ်ပါပြီ။ ဒီတော့ “ထေရဝါဒ” နိုင်ငံတွေထဲမှာတောင်မှ “ဒို့ ထေရဝါဒ ကမှ အစစ်မှန်ဆုံး” ဖြစ်တယ်လို့ ကြွေးကျော်နေတဲ့ မြန်မာနိုင်ငံ မှာရော စောစောက ပြောခဲ့တဲ့ မဟာယာန အနွယ်ဝင် “မန္တရ၊ တန္တရ၊ ဂါထာ၊ မန္တယား၊ ဗေဒင်၊ အင်းအိုင်၊ လက်ဖွဲ့” တွေနဲ့ လုံးလုံး ကင်းရှင်းနေရဲ့လားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ မကင်းပါဘူးခင်ဗျား။ မကင်းနိုင်သေးပါဘူး။ မကင်းနိုင်သေးလို့ဘဲ မြန်မာနိုင်ငံ တန်ခိုးကြီးဘုရားတွေမှာ ဂြိုဟ်တိုင်တွေ၊ ဂြိုဟ်မင်းတွေ၊ ဘိုးဘိုးကြီး နတ်နန်းတွေ၊ နတ်ကွန်းတွေ၊ တောပိုင်တောင်ပိုင်နတ်နန်းတွေ စတဲ့ “တန္တရ၊ မန္တရ ” နဲ့ နှီးနွယ်နေတဲ့ အရာတွေ တွေ့မြင်နေကြရတာ မဟုတ်ပါလား။ (အပေါ်က ပုံကိုကြည့်ပါ။ ရွှေတိဂုံဘုရားပေါ်က ဂြိုဟ်ပြေနံပြေဒေါင့်တစ်ခုမှာ ယတြာချေနေကြတာ။ သီလရှင်တောင် ပါလိုက်သေး)
ဒီဂြိုဟ်တိုင်တွေဟာ ဘာဖြစ်လို့ “ထေရဝါဒစစ်စစ် ဗုဒ္ဓဘာသာနိုင်ငံ” တစ်ခုက ဘုရားတွေမှာ ရှိနေရတာလဲ။ ဘာလို့ လူတွေ ဘုရားရှေ့မှာ လာပြီး ယတြာချေ နေကြ ရတာလဲ။ ဘာဖြစ်လို့ ဘုရားစေတီတွေ တည်ရင် ဗေဒင်ဆရာတွေနဲ့ “နေ့ကောင်း၊ ရက်ကောင်း၊ နက္ခတ်ကောင်း တွေ” တွက်ချက်ပြီးမှ တည်ရတာလဲ။ ဘာဖြစ်လို့ ဗုဒ္ဓဝင် စာအုပ်တွေမှာ မြတ်စွာဘုရားရဲ့ ဇာတာတော်တွေကို ထည့်သွင်းဖော်ပြနေကြတာလဲ။ ဘာဖြစ်လို့ ထင်ပေါ်ကျော်ကြားတဲ့ ရဟန်းသံဃာ ကြီးတွေရဲ့ အထုပ္ပတ္တိ စာအုပ်တွေမှာ ဆရာတော် လောင်းလျာရဲ့ ဇာတာခွင်ဆိုပြီး ဗေဒင် ဆိုင်ရာတွေကို ထည့်သွင်း ဖော်ပြနေကြသလဲ။
နောက်ပြီး မြတ်စွာဘုရားရဲ့ ခြေတော်ရာဆိုတာကရော ဘာလဲ။ လောကမှာ အတုမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးမှာ ပါတဲ့ “စက်လက္ခဏာ” အမှတ်အသားတွေပေါ့ဗျာ။ အဲဒါကရော ဗေဒင်၊ လက္ခဏာ ပညာကို ပြောင်ပြောင်တင်းတင်းကြီး ချပြထားတာ မဟုတ်ပါလား။ အောက်မှာ ဗုဒ္ဓခြေတော်ရာပုံ တစ်စုံကို ပြထားပါတယ်။
ဒါပေမယ့် တစ်ကယ် ကိုးကွယ်ရမှာက ခြေတော်ရာ မဟုတ်ပါဘူး။ ဘုရားရဲ့ ဉာဏ်တော်ကို ကိုးကွယ်ရမှာ။ ဘုရားရဲ့ အဆုံးအမကို လိုက်နာ ကျင့်သုံး ရမှာ မဟုတ်လား။ ဒါတွေက ဗုဒ္ဓဘာသာရဲ့ အထိမ်းအမှတ် သင်္ကေတ တွေပါ။
ဒါတွေက ဘာကို ပြောပြနေသလဲ ဆိုတော့ “ထေရဝါဒစစ်စစ်” ပါလို့ ကြွေးကျော်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးတောင်မှ ဘာသာရေးဟာ “ဗေဒင်ပညာ၊ လောကီပညာ” တွေနဲ့ မကင်းနိုင်ကြသေးဘူးဆိုတာ ထင်ထင်ရှားရှား ပြသနေတာပါဘဲ။ ဟိုးအရင်တုန်းကလည်း မကင်းခဲ့ဘူး။ အခုလည်း မကင်းဘူး။ နောင်လည်း ကင်းမှာ မဟုတ်သေးဘူး။
လောကီဒုက္ခသံသရာထဲမှာ ကျင်လည်နေကြရတဲ့ လူသားတွေဘဲဗျာ။ ဒုက္ခတွေ့လာရင် အားကိုး ရှာကြမှာပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ကလည်း “ငါ့ကို ကိုးကွယ်ရာဟု မအောက်မေ့ ကြလေနဲ့၊ ငါဟောကြားထားသော တရားဓမ္မတို့ကိုသာ ကိုးကွယ် ကြလော့” လို့ ဆိုထားတော့ ဘုရားကိုလည်း အားကိုးလို့က မရပြန်။ ဒီတော့ ဒုက္ခက လွတ်အောင် ဗေဒင်တွေ၊ ယတြာတွေဘက် ရောက်လာကြတော့တာပေါ့ဗျာ။ ဘုရားစေတီဌာနတွေ ဆိုတာလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေရာတွေ ဖြစ်လေတော့ ဒီဘုရားရင်ပြင်တော်ပေါ်မှာတက်ပြီး (ဘုရားကို အမှူးထား၍ ပေါ့ဗျာ) ဂြိုဟ်မင်းတွေ၊ ဂြိုဟ်တိုင်တွေ၊ နတ်နန်းတွေ၊ ဓာတ်ခန်းတွေ၊ ဗေဒင်ဆိုင်ခန်းတွေ ဖြစ်လာကြတာပေါ့ဗျာ။
တစ်ကယ်တန်းကျတော့ ဒီလိုကိစ္စတွေဟာ ဗဟိဒ္ဓ ကိစ္စတွေပါ။ ဒါတွေကို ကြည့်ပြီး ဗုဒ္ဓဘာသာကို အထင်အမြင် သေးလိုက်ရင်တော့ မှားသွားမယ်။ လောကမှာ ဘယ်အရာမဆို “အကာရယ်၊ အနှစ်ရယ်” ဆိုပြီး ရှိပါတယ်။ ဒီတော့ တစ်ကယ်ယူရမှာက အနှစ်ဖြစ်ပြီး အကာကို ပယ်ပစ်ရမှာပေါ့ဗျာ။ “အကာကို ပစ်ပြီး အနှစ်ကို ရှာကြပါ” ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက စေတီလည်းမဟုတ်ဘူး၊ ရုပ်ပွားတော်လည်း မဟုတ်ဘူး။ ဓါတ်တော်မွေတော်လည်း မဟုတ်ဘူး။ ဒါတွေက အထိမ်းအမှတ်သင်္ကေတ တွေပါ။ ဒါတွေတောင်မှ အနှစ်သာရ မဟုတ်ရင် စောစောက ပြောတဲ့ ဂြိုဟ်မင်း၊ ဂြိုဟ်တိုင်၊ နတ်နန်း၊ ဘိုးတော် တွေဆိုတာက တစ်ကယ့် အပေါ်ယံအလွှာ အကာသက်သက်တွေပါ။
တစ်ကယ့် အနှစ်သာရက “လက္ခဏာရေး (၃)ပါး ၊ သစ္စာ(၄)ပါး နဲ့ မဂ္ဂင်(၈)ပါး” တရားတွေပါ။ ဒီအနှစ်သာရတွေကို ထိန်းသိမ်းထား နိုင်သရွေ့ ဗုဒ္ဓဘာသာဟာ ကွယ်ပျောက်စရာ အကြောင်း မရှိပါဘူး။
ဒီတော့ သူ့ဟာသူ ဗေဒင်နက္ခတ်တွေဘဲ ဝင် ပါ,ပါ။ ဂြိုဟ်မင်းဂြိုဟ်တိုင်တွေဘဲ ထား,ထား။ ဘိုးတော်တွေ နတ်နန်းတွေဘဲ ရှိ,ရှိ – တစ်ကယ့် အနှစ်သာရ မကွယ်ပျောက် ဖို့သာ အဓိကပါ။ မြန်မာနိုင်ငံမှာ ဒီအနှစ်သာရတွေ မပျောက်ကွယ်သေးလို့သာ ဟောတစ်ပါး၊ ဟောတစ်ပါး ဆိုပြီး “ရဟန္တာ အရှင်မြတ်” တွေ ထွက်ပေါ်နေခြင်း မဟုတ်ပါလား။
မြန်မာလူမျိုး အတော်များများကလည်း (မကင်းနိုင်လို့သာ ဗေဒင်ယတြာတွေ၊ ဂြိုဟ်ပြေနံပြေတွေ လုပ်နေကြရပေမယ့်) ဒါကို နားလည် ကြပါတယ်။ နားမလည်တဲ့ လူတွေလည်း ရှိမှာပေါ့ဗျာ။ ဒါကြောင့်မို့ ဒီဆောင်းပါးကို ဖတ်လိုက်ရင်တော့ ဗေဒင် နဲ့ ဘာသာရေး ကင်းကွာ လို့မရဘူး ဆိုတာရယ်။ ရောယှက်နေသယောင် ရှိပေမယ့် အနှစ်သာရပိုင်း မှာတော့ သူ့ဟာနဲ့သူ သတ်သတ်စီဘဲ ဆိုတာ နားလည်လောက်ပြီလို့ယူဆပါတယ်။
တစ်ခုတောင်းပန်ချင်တာက ကျွန်တော့်ဆောင်းပါးတွေမှာ ကျွန်တော် မှားနေတဲ့ အချက်များ ရှိခဲ့ရင် Comment ထဲကနေ ထောက်ပြနိုင်ပါတယ်။ ဒါပေမယ့် ဒီအကြောင်း အရာကို ကိုယ်တစ်ကယ်ပိုင်ပိုင်နိုင်နိုင် သိဖို့တော့ လိုလိမ့်မယ်လို့ အကြံပေး ချင်ပါတယ်။
ဘာသာရေးနဲ့ဗေဒင် မရောယှက်ပါနဲ့လို့ ပြောသူရှိပေမယ့် ကျွန်တော့် ဘလော့ဂ်မှာတော့ ဗေဒင်ရော၊ ဘာသာရေးရော နှစ်ခုလုံး ရောယှက်နေမှာဘဲ။ ကိုယ်က တစ်ကယ်တန်းကျတော့ ဗေဒင်ပညာကို အသက်မွေးမှုအနေနဲ့သာ လုပ်နေရတာ ဖြစ်ပြီး သိပ်မလုပ်ချင်တော့ပါဘူး။ အနားယူချင်လှပါပြီ။ သေခြင်းတရား ကို ကောင်းကောင်းကြီး နားလည် သဘောပေါက် လာတဲ့ အချိန်ကစ,ပြီး ဘာသာတရားကိုဘဲ စိတ်ဝင်စားပါတော့တယ်။ ဒါကလည်း အသက်က စကားပြောလာလို့ပါ။ ကိုယ် သေခါနီးလာပြီဆိုတာ ဆင်ခြင်မိလို့ပါ။ ဒါကြောင့် ဗေဒင်ဟောရင်းနဲ့ ကိုယ်နားလည်သလောက် တရားစကားတွေကိုလည်း “တစ်လုံး၊ တစ်ပါဒ” ဆိုတာလို ထည့်ပေးသွားမှာပါ။ ယူချင်သူ ယူနိုင်ပါတယ်။ မယူချင်သူ မယူဘဲ နေလို့ ရပါတယ်။ ဘယ်သူ့ကိုမှ ယူပါ, ယူပါ လို့ အတင်းအကြပ် မတိုက်တွန်းပါဘူး။
နောက်ဆုံးပြောချင်တာက အင်တာနက် ပေါ်မှာ ပြောဆိုရေးသားကြတဲ့နေရာမှာ ကိုယ်ခြင်းစာတရား ရှိကြပါခင်ဗျား။ ကျွန်တော်တို့လို ဝက်ဆိုဒ်တစ်ခုကို ဖန်တီးသူတွေက “အလင်းထဲက လူနဲ့တူပါတယ်” ။ Comment ထဲမှာ ဝင်ရေးနေတဲ့ သူတွေကတော့ လူကိုလည်းမမြင်ရ။ နာမည်ကလည်း “နာမည်ဝှက်” တွေနဲ့ဆိုတော့ “အမှောင်ထဲက လူနဲ့ တူတယ်”လို့ ကျွန်တော်တင်စားချင်ပါတယ် ။ အမှောင်ထဲက လူက အလင်းထဲကလူကို ထင်ထင်ရှားရှားမြင်နေရပေမယ့် အလင်းထဲကလူက အမှောင်ထဲကလူကို မမြင်နိုင်ပါဘူးခင်ဗျား။ အလင်းထဲကလူဟာ အမှောင်ထဲကလူ ပြုသမျှ နုရမယ့် ဘဝပါ။ ဒါကြောင့် အမှောင်ထဲကလူက ချီးမွမ်းသွားရင်လည်း ခံရမှာဖြစ်သလို ဝေဖန်ရှုတ်ချသွားရင်လည်း ခံရမှာပါဘဲ။ နောက်ဆုံး “ကလော်ဆဲသွားလည်း” ခံရမှာပါဘဲ။ “ငါ” နဲ့ ကိုင်တုပ် သွားရင်လည်း ခံရမှာပါဘဲ။ ဒါကြောင့် ကိုယ်ခြင်းစာ တရားလေး ရှိကြပါလို့ တောင်းပန်လိုက်ပါတယ်ခင်ဗျား။
ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)