စာရေးသူရဲ့ ဗေဒင်လေ့လာမှု သက်တမ်းအနှစ် (၃၀)အတွင်းမှာ စိတ်ဝင်စားမှု အနည်းဆုံး ဘာသာရပ်ကတော့ “ယတြာ” ပညာဘဲ ဖြစ်ပါတယ်။ ဗေဒင်ပညာကို “မ.ထ.သ” “လိုင်းပေါင်းစုံ” လို့ ခေါ်ရ လောက်အောင် အကုန် လျှောက်ပြီး လေ့လာခဲ့ပါတယ်။ လက္ခဏာ၊ သင်္ချာဗေဒ၊ အရှေ့တိုင်း လက်ရိုး နက္ခတ်၊ အနောက်တိုင်းနက္ခတ်၊ K.P ဟူးရား၊ မဟာဘုတ်၊ သုံးတန်ပေါ်နိစ်၊ ဆန်း၊ အင်္ဂဝိဇ္ဇာ၊ အယူတော်မင်္ဂလာ၊ အာယုစန်း၊ သရောဒယ၊ တားရော့ . . . ရှိရှိသမျှ အားလုံးကို လေ့လာခဲ့ပါတယ်။ ကြွားပြောတာမျိုး မဟုတ်ပါဘူး။ လိုင်းပေါင်းစုံတဲ့ အကြောင်းကို ပြောပြတာပါ။ ဒီလို လိုင်းပေါင်းစုံတာလည်း တကယ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ကိုယ်က ဘယ်ပညာဘဲ ဖြစ်ဖြစ် တီးမိခေါက်မိ ရှိချင်လို့ပါ။ အကုန်လုံး တော့လည်း မကျွမ်းကျင် ပါဘူး။
ဒါပေမယ့် “ယတြာ” ပညာကိုတော့ ဝါသနာသိပ်မပါခဲ့သလို ၊ သိပ်ပြီး မလိုက်စားဖြစ်ခဲ့ပါဘူး။ မှန်တဲ့အတိုင်းပြောရရင် ဗေဒင်ပညာကိုသာ လိုက်စား နေပေမယ့် ယတြာပညာကိုတော့ သိပ်ပြီး အယုံအကြည် မရှိခဲ့ ပါဘူး။
စာရေးသူဟာ “ကမ္မနိယာမ” ကို အလွန်ယုံကြည်သူဖြစ်လို့ ကံတရားအတိုင်း “ကိုယ်စိုက်ပျိုးသမျှ ကိုယ်ပြန်ရိတ်သိမ်း” ရမယ့် နိယာမကို ကောင်းစွာလက်ခံ ယုံကြည်ပါတယ်။ အခုအချိန်ထိအောင် စိတ်ဓာတ်က“ခပ်ရွတ်ရွတ် ခပ်ပေပေ” ဖြစ်တော့ “ကိုယ်လုပ်ခဲ့တာ ကိုယ်ပြန်ခံလိုက်ပေါ့” ဆိုတဲ့ သဘောထားမျိုး ထားခဲ့ပါတယ်။ “လုပ်ရဲရင် ခံရဲရမယ်” ဆိုတဲ့ သတ္တိမျိုး ငယ်ငယ်ကတည်းက ရှိသူဖြစ်လေတော့ ယတြာနဲ့ ကြောက်အားလန့်အား ကာကွယ်နေတာမျိုးကို ကိုယ်တိုင် မလုပ်ချင်သလို သူများကိုလည်း လုပ်မပေးခဲ့ပါဘူး။ သူများကိုသာ ဗေဒင်ဟောပေးပေမယ့် ကိုယ့်ဟာကိုယ် ဗေဒင်တွက်မကြည့်ဘဲ လုပ်ချင်ရာ စွတ်လုပ်လို့ အမှားတွေ့ခဲ့ပေါင်းလည်း များခဲ့ပါပြီ။ ဒီတော့ ဝါသနာအရသာ “ယတြာပညာပိုင်းစာအုပ်တွေ” မျိုးစုံအောင် စုဆောင်းထားပေမယ့် သေသေချာချာ မလေ့လာဖြစ်ခဲ့ပါဘူး။