ဘဝအတွက် အကောင်းဆုံးယတြာကို ရေးလာတာ ဘာလိုလိုနဲ့ အပိုင်း(၄)ကို ရောက်လာပါပြီ။ ဖတ်တဲ့လူတွေတော့ ငြီးငွေ့နေကြပြီလား မသိပါဘူး။ တစ်ချို့တွေ ငြီးငွေ့ကောင်း ငြီးငွေ့နိုင်ပေမယ့် တစ်ချို့ကတော့ အလွန် စိတ်အားထက်သန်စွာ စောင့်မျှော် ဖတ်ရှု နေကြမယ် ထင်ပါတယ်။ ဒီကနေ့ ပြောချင်တဲ့ အကြောင်းလေးကတော့ အပိုင်း (၃)မှာ မပြောလိုက်ရတဲ့ “ဣသာမစ္ဆရိယ” အကြောင်းလေးကို ပြောပြချင်ပါတယ်။
ပါဠိစကားဖြစ်တဲ့ “ဣသာမစ္ဆရိယ” ဆိုတာ မြန်မာလိုတော့ – “မနာလို ဝန်တိုစိတ်” ပါဘဲ။ “သူတစ်ပါး ကောင်းစားတာကို မနာလိုခြင်း၊ မရှုစိမ့်နိုင်ခြင်း၊ ပျက်စီးစေလိုခြင်း၊ ပျက်စီးအောင် ကြံစည်ခြင်း၊ ဝန်တိုခြင်း၊ ညူစူခြင်း၊ နှမြော တွန့်တိုခြင်း” ဆိုတဲ့ အနက်အဓိပ္ပါယ်တွေ ပါဝင်နေ ပါတယ်။
“ဘဝအတွက် အကောင်းဆုံးယတြာ” (တနည်း) “Best Life Style” အကြောင်းကို ပြောမယ်ဆိုပြီး တရားများဟောတော့မှာလား လို့လည်း မထင်ကြပါနဲ့ဦး။ တရားမဟောပါဘူး။ ဒါပေမယ့် အဆင်ပြေ ချောမွေ့တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ရရှိဖို့ ကိစ္စမှာ ဒီ “ဣသာမစ္ဆရိယ” ဟာ “လောဘ” တရားလိုဘဲ အရေးကြီးလှတာမို့ တင်ပြဖို့ လိုပါတယ်။
“ဣသာမစ္ဆရိယ” နဲ့ ပတ်သက်ပြီး ဘုရားဟော ဒေသနာတွေမှာ “မှတ်လောက် သားလောက်” ရှိလှတဲ့ ပြဿနာ(၂)ခု တွေ့ဘူး ပါတယ်။ ပထမ ပြဿနာက – သုံးလောကထွဋ်ထား ဂေါတမဘုရားရှင် မပွင့်မှီ အချိန်ကာလများစွာကတည်းက “တာဝတိ ံသာ” နတ်ပြည်ကို အစိုးရတဲ့ “သိကြားမင်း” ဟာ လူ့ပြည်ကိုများ လှမ်းကြည့်လိုက်ရင် လူတွေဟာ အန္တရာယ်မကင်း၊ ဘေးမရှင်း ၊ ဆင်းရဲ ဒုက္ခမျိုးစုံတွေ့ ၊ ရောဂါများ ၊ အသက်တို ကြတာတွေကို မြင်ရတော့ ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာ သူ, တွေးဆလို့ မရဘူးတဲ့။ အကြောင်းတရားကို ရှာလို့မရဘူးတဲ့။
ဒါနဲ့ လူ့ပြည်မှာ ဂေါတမဘုရားရှင် ပွင့်တော်မူလာမှ သူ သိပ်သိချင်နေတဲ့ ပြဿနာကို ဗုဒ္ဓရှင်ထံမှာ လျှောက်ထား မေးမြန်း ကြည့်ပါတော့တယ်။ ဒီတော့ ဘုရားက “ဟေ့ – သိကြားရေ၊ လူတွေမှာ အန္တရာယ်မကင်း၊ ဘေးမရှင်း၊ ဒုက္ခရောက်၊ ရောဂါများ၊ အသက်တို နေကြတာ တခြားတရားကြောင့် မဟုတ်ဘူးဟေ့။ “ဣသာမစ္ဆရိယ” ဆိုတဲ့ တရားကြောင့်ကွ” လို့ ဟောတော် မူလိုက်ပါတယ် တဲ့။
စဉ်းစားကြည့်ကြနော်။ လူတွေမှာ ဖြစ်တတ်တဲ့ “ကိလေသာ” လို့ခေါ်တဲ့ “စိတ်အညစ်အကြေး” တွေဟာ အရေအတွက်နဲ့ တွက်ကြည့်ရင် (၁၅၀၀) လောက် ရှိပါတယ်။ “လောဘ၊ ဒေါသ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ . . . စတဲ့ (၁၅၀၀ ကိလေသာဆိုတဲ့) အကုသိုလ် အညစ်အကြေးတွေ အများကြီး ရှိပါရက်နဲ့ လူတွေ ဒုက္ခရောက်ကြောင်း၊ ဆင်းရဲကြောင်းဟာ ဒီ “ဣသာ နဲ့ မစ္ဆရိယ” ဆိုတဲ့တရား (၂)ပါးသာလျှင် အဓိက တရားခံ ဖြစ်နေပါသတဲ့။ တခြား အကုသိုလ်တွေကြောင့် ဖြစ်ရတာ ထက် ဒီတရားနှစ်ခု ကြောင့် ဖြစ်ရတာက ပိုများလှပါသတဲ့။
စာရေးသူ ဒီစကား ဟုတ်မဟုတ်ကို ကိုယ့်ဆွေမျိုးသားခြင်းတွေ နဲ့ မိတ်ဆွေရင်းတွေကို လိုက်ပြီး လေ့လာ ကြည့်လိုက်တော့ အတော်လေးကို မှန်လှပါတယ်။
သူများတွေတော့ မပြောလိုပါဘူး။ ကိုယ့် ဆွေမျိုးမောင်နှမသားချင်းတွေထဲကို အရင်လေ့လာကြည့်တော့ ဘဝတစ်လျှောက်လုံး အမြဲတန်း ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဆွေမျိုး၊ ညီအစ်ကို မောင်နှမတွေဟာ “ဣသာမစ္ဆရိယ” အများဆုံးသူတွေ ဖြစ်နေတာကို သွားတွေ့ ရလိုက်ပါတယ်။ တစိမ်းမဟုတ်တဲ့ ကိုယ့်မောင်နှမ အရင်းခေါက်ခေါက်၊ ဆွေမျိုး အရင်းခေါက်ခေါက် ကောင်းစားတာ တောင်မှ ဘယ်လိုမှ “မရှုစိမ့်” နိုင်တဲ့ သူတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။
စာရေးသူ အပိုင်း (၂) နဲ့ (၃)မှာ ရေးထားတဲ့ “လောဘတရား” ဟာ မကောင်းပေမယ့် “လောဘ”ကမှ “အရ” ဆိုတာ ရှိသေးတယ်။ လောဘကြောင့် ပစ္စည်းဥစ္စာ၊ ရာထူးအာဏာတွေ ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ စိတ်ထား စင်ကြယ်မှု၊ မစင်ကြယ်မှုအပေါ်မှာ မူတည်ပြီး ရပြီးကာမှ ပြန်ပျက်စီးသွားရတာမျိုး ရှိတတ်သေးတယ်။
“ဣသာမစ္ဆရိယ”သမားကျတော့ “အရ” ဆိုတာကို မရှိတော့ဘူး။ သူတို့ကြည့်လိုက်ရင် အမြဲဆင်းရဲ ကြပ်တည်း ဒုက္ခမျိုးစုံ ရောက်ပြီးရင်း ရောက်နေတော့တာပါဘဲ။ “လောဘ” က ပစ္စည်းဥစ္စာကို ရပြီးခါမှ ပြန်ပျက်စီးတယ်။ “ဣသာမစ္ဆရိယ” ကျတော့ ပစ္စည်းဥစ္စာကို လုံး၀ ဝင်မလာအောင်ကို ပိတ်ပင်တားဆီးထားတတ်ပါတယ်။
“ဣသာမစ္ဆရိယ” တရားဟာ လောဘထက် သိမ်မွေ့တယ်။ မသိသာဘူး။ “လောဘ”က “ကောက်ရိုးမီးလို” ဟုန်းကနဲ တောက်တတ်တဲ့အရာမျိုးဖြစ်ပေမယ့် “ဣသာမစ္ဆရိယ” ကျတော့ “ဖွဲမီးလို” တစ်ငွေ့ငွေ့ လောင်ကျွမ်းနေတတ်တဲ့ သဘော ရှိပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ သဏ္ဍန်မှာ “ဣသာမစ္ဆရိယ” ရှိမှန်း/မရှိမှန်း သိဖို့ နဲနဲ ခက်ပါတယ် ။ ကိုယ့်စိတ်ကို ကိုယ်ပြန် စောင့်ကြည့် နေတဲ့ “ဝိပဿနာ” အမြင်မျိုး လုံးဝမရှိသူတွေဆိုရင် ကိုယ့်ရဲ့ သဏ္ဍန်မှာ “ဣသာမစ္ဆရိယ” ရှိ/မရှိကို လုံး၀ မသိကြ ပါဘူး။
လေ့လာကြည့်မယ်ဆိုရင် “ဣသာမစ္ဆရိယ” တရားဟာ လူတစ်ဦး နဲ့ တစ်ဦး အဆင့်အတန်းခြင်း သိပ်ကွာခြားနေလွန်းရင်လည်း ဖြစ်ခဲပါတယ်။ များသောအားဖြင့် ကိုယ်နဲ့ အဆင့်တူ၊ ဘဝတူ၊ အခြေအနေတူ (မတိမ်းမယိမ်း) လောက်မှာ ဖြစ်လေ့ ရှိတတ် ကြပါတယ်။
ဥပမာ – လခစားဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ အလုပ်ပိုင်ရှင်သူဌေးကြီးအပေါ်မှာ “ဣသာမစ္ဆရိယ” ဖြစ်ဖို့ သိပ်မလွယ်လှပါဘူး။ သူနဲ့ အဆင့်ခြင်းမှ မတူတာ။ ဒါပေမယ့် သူနဲ့ ရာထူးတူတဲ့ အပေါင်းအသင်းတစ်ယောက် ရာထူး တက်သွားပြီး သူက မတက်ဘူး ဆိုရင်တော့ “ဣသာမစ္ဆရိယ” ဖြစ်တတ်ပါတယ်။ ဒါကြောင့် “ဣသာမစ္ဆရိယ”တရားဟာ အလုပ်တူ၊ ရာထူးတူ၊ အဆင့်တူ၊ စီးပွားတူ၊ ဘဝအဆင့်အတန်းခြင်း တူတဲ့ အခြေအနေတွေ မှာ သူက ကိုယ့်ထက်သာသွားတဲ့ အချိန်မှာ အများဆုံး ဖြစ်တတ်တာ ကို သတိပြုပါ။
ဒီနေရာမှာ စင်္ကာပူမှာ အလုပ်သွားလုပ်နေတဲ့ “တူကလေး” တစ်ယောက် အကြောင်းပြောရဦးမယ်။ သူက Web ဒီဇိုင်းနာ လုပ်တယ်။ ပညာအရမ်းတော်တယ်။ စိတ်ကူးကောင်းတယ်။ (ပါရမီပေါ့)။ ဒါနဲ့ သူ အလုပ်စ, ဝင်စမှာ အလုပ်ထဲက သူတွေက သူ့ကို ချစ်ချစ်ခင်ခင်ရှိကြတယ်။ သူ့ရုပ်ကလေးကလည်း ချစ်ဖို့ကောင်းတယ်လေ။ ဒါနဲ့ အလုပ်က အရမ်းတော်တော့ သူဌေးက တဖြည်းဖြည်း မျက်နှာသာပေးလာတယ်။ နောက်တော့ ရာထူးပါ တိုးပေးလိုက်တယ်။ အဲဒီမှာ အရင်တုန်းက ခေါ်ခေါ် ပြောပြော လုပ်နေတဲ့ “အလုပ်တူ” ဝန်ထမ်းတွေက သူ့ကို စကားမပြောကြတော့ဘူးတဲ့။ အခေါ်အပြော မလုပ်ကြတော့ဘူးတဲ့။ “ဣသာမစ္ဆရိယ” စိတ်များနော်။ ဒီစိတ်ကြောင့် လူတစ်ယောက်ကို ချစ်ခင်နေရာကနေ ချက်ခြင်း မုန်းတီး သွားရတာ။ သူတို့ ဒီလို စိတ်ထားလေလေ၊ သူတို့ဘဝက မတိုးတက် လေလေ ဖြစ်ရတော့မှာ။ မသိကြဘူးနော်။ တော်တော် သံဝေဂရဖို့ ကောင်းလှ ပါတယ်။
စီးပွားရေးသမားတွေလည်း ကိုယ်နဲ့ အလုပ်တူ ပြိုင်ဖက်တွေအပေါ်မှာ “ဣသာမစ္ဆရိယ” အမြဲလိုလို ဖြစ်နေတတ်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်မှု ကြီးလေ “ဣသာမစ္ဆရိယ” ကြီးလေ ဖြစ်တတ်ကြပါတယ်။ ဒါမေပယ့် ဒီလို “ဣသာမစ္ဆရိယ”စိတ် ကြီးစွာ နဲ့ ယှဉ်ပြိုင်ကြလေ ဘယ်သူမှ မနိုင်ဘဲ အရှုံးနဲ့ရင်ဆိုင်ရ လေလေပါဘဲ။ “ဣသာမစ္ဆရိယ”ဟာ လာဘ်လာဘကို အင်မတန် ပိတ်ပင်တတ်တဲ့ တရားပါ။ အလွန်ကြောက်စရာကောင်းပါတယ်။
နောက်တစ်ခုက ချစ်လှစွာသော ညီမငယ်၊ သမီးငယ်များတို့။ ဒီ “ဣသာမစ္ဆရိယ” တရားဟာ ယောင်္ကျားတွေထက် မိန်းမသား တွေမှာ ပိုပြီး ဖြစ်တတ်ပါတယ် တဲ့။ ဘုရားပြောတဲ့ စကားပါနော် ။ ပုံဆောင်ပြီး ပြောပြပါမယ်။
ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူလာတော့ ဘုရားနဲ့အတူ ဘဝအဆက်ဆက်က ပါရမီဖြည့်ဖက်တွေဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ “ဧတဒဂ်” လို့ခေါ်တဲ့ “ဘွဲ့ထူးဂုဏ်ထူး” တွေ ပေးအပ်ခံရပါတယ်။ “အရှင်သာရိပုတ္တရာ” ပညာအရာမှာ ဧတဒဂ် ရပါတယ်။ “အရှင် မောဂ္ဂလန်” ဆိုရင် တန်ခိုးအရာမှာ ဧတဒဂ် ရပါတယ်။ “အရှင်ပုည” ဆိုရင် ဓမ္မကထိကအရာမှာ ဧတဒဂ် ရပါတယ်။ ဒီလို ရှေးဘဝက ဆုတောင်းနဲ့ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေကြောင့် ဘုရားရှင်လက်ထက်မှာ “ဧတဒဂ်” ရသူ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုဟ်တွေ အများကြီးရှိပါတယ်။
အဲဒီ အထဲမှာ ဗုဒ္ဓအရှင်ရဲ့ ညီဝမ်းကွဲဖြစ်တဲ့ “အရှင်အနုရုဒ္ဓာ” ကိုယ်တော်ကြီးကတော့ “ဒိဗ္ဗစက္ခု” အရာမှာ “ဧတဒဂ်” ရသူ ဖြစ်ပါတယ်။ “အရှင် အနုရုဒ္ဓာ” ကိုယ်တော်ကြီးဟာ သူ့ရဲ့ “ဒိဗ္ဗစက္ခု” တန်ခိုး နဲ့ လောက(၃)ပါးလုံးကို အဖုံးအကွယ်မရှိ အကုန် မြင်နိုင်တဲ့ တန်ခိုးရှိသူဖြစ်လေတော့ မကြာခဏဆိုသလို (၃၁)ဘုံအတွင်းကို “ဒိဗ္ဗစက္ခု” နဲ့ လျှောက်ပြီး ကြည့်လေ့ရှိပါသတဲ့။
အဲဒီလို လျှောက်ကြည့်ရင်းနဲ့ “အရှင် အနုရုဒ္ဓာ” ကိုယ်တော်ကြီးခမျာ သိကြားမင်း ခေါင်းစားသလို ခေါင်းစားစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ဒီကိုယ်တော်ကြီးဟာ သူ့ရဲ့ ဒိဗ္ဗစက္ခုနဲ့ “ငရဲဘုံ(၈)ထပ်” ကို လှမ်းကြည့်လိုက်တိုင်း လူတန်းစား အမျိုးမျိုးအဖုံဖုံ ကို တွေ့မြင်ရတယ် ဆိုပေမယ့် “ယောင်္ကျား နဲ့ မိန်းမ” အရေအတွက်ခြင်း ယှဉ်လိုက်ရင် “မိန်းမတွေ ငရဲခံနေရတာ” သိသိ သာသာ များလွန်းနေပါသတဲ့။
ဒီမှာ ကိုယ်တော်ကြီး တော်တော် ခေါင်းစားသွားပါတယ်။ ဘယ်လိုဖြစ်တာပါလိမ့် ?။
လူ့ပြည်မှာ ကောင်းမှုကုသိုလ် လုပ်ကြတာလည်း ဒီ အမျိုးသမီးတွေပါဘဲ။ သံဃာတွေအတွက် မနက်မလင်းခင် ဆွမ်းထချက် တာလည်း ဒီ အမျိုးသမီးတွေပါဘဲ။ ပြီးရင် သံဃာတွေ တန်းစီကြွ လာလို့ ဆွမ်းလောင်းကြရင်လည်း ဒီ အမျိုးသမီးတွေပါဘဲ။ အိမ်က ဘုရားစင်မှာ နေ့စဉ် ဆွမ်း/ရေချမ်းကပ်လှူပြီး ဘုရားရှိခိုး အမျှဝေတာလည်း ဒီ အမျိုးသမီးတွေပါဘဲ။ တရားပွဲတွေများ ရှိရင် ရှေ့ဆုံးက ရောက်ကြတာလည်း ဒီ အမျိုးသမီးတွေ ပါဘဲ။ ယောင်္ကျားတွေကတော့ ဘယ်ပျောက်နေမှန်းတောင် မသိပါဘူး။ (ဘီယာဆိုင် တို့၊ ကာရာအိုကေ တို့၊ အနှိပ်ခန်း တို့မှာ ရောက်နေကြပုံ ရပါတယ် / . . . . . . . ရယ်စရာပြောတာပါနော်)
ဒီလို ကောင်းမှုကုသိုလ်လုပ်ကြတာ များပါလျှက်နဲ့ “ငရဲပြည်” မှာ ဘာလို့ မိန်းမအရေအတွက်က ဒီလောက်များနေရတာလဲ?။ အရှင် အနုရုဒ္ဓါကိုယ်တော်ကြီး တော်တော် ဦးနှောက်ခြောက်သွားပါတယ်။ ဒါနဲ့ ဒီကိစ္စကို ဘုရားထံမှာ လျှောက်ထား မေးမြန်း ကြည့်ဦးမှပါလေ ဆိုပြီး ဘုရားဆီကို သွားပြီး မေးရတော့တယ်။
တိုတိုပြောရရင် ဘုရားက သိကြားကို ပြောလိုက်သလိုပါဘဲ။ “အေး- ငါ့ရှင် အနုရုဒ္ဓါ ရေ၊ မိန်းမတွေဟာ ကုသိုလ်အရေးမှာ ရှေ့တန်းက ပြုလုပ်ကြတာ မှန်ပေမယ့် မနာလိုခြင်း၊ ဝန်တိုခြင်း ဆိုတဲ့ “ဣသာမစ္ဆရိယ” တရားတွေကတော့ ယောင်္ကျား တွေထက် ပိုများနေလို့ ငရဲပြည်မှာ မိန်းမများနေရတာပါကွာ” လို့ ပြန်ဖြေလိုက်ပါသတဲ့ ။
(ဒါ – ကျွန်တော့်စကား မဟုတ်ဘူးနော်၊ ဘုရားစကားပါ၊ တော်ကြာ ကိုယ့်ကို အမြဲအားပေးနေတဲ့ အမျိုးသမီး ပရိတ်သတ် အင်အားလျော့သွားမှာ စိုးရတယ်/အခုဖတ်နေတဲ့ ဆရာ့ညီမ၊ ဆရာ့သမီး ကတော့ ဒီအထဲမှာ မပါပါဘူး၊ တခြား အမျိုးသမီး တွေကို ပြောတာနော်/ ဟုတ်ပြီလား)
ယောင်္ကျားတွေလည်း “ဣသာမစ္ဆရိယ” ရှိကြပါ့ဗျား။ တစ်ချို့ဆိုရင် ယောင်္ကျားရင့်မကြီးတွေ ဖြစ်ရက်နဲ့ မိန်းမတွေထက်တောင် “ဣသာမစ္ဆရိယ” သာသေးတယ်။ မနာလို ဝန်တိုမှု ပိုများသေးတယ်။ တွေ့ဘူးတာ ပြောတာပါ။
“ဣသာမစ္ဆရိယ” တရား(၂)ပါးမှာ “မနာလိုခြင်း” ဆိုတဲ့ တရားကို မပြောလိုပေမယ့် “ဝန်တိုခြင်း” ဆိုတဲ့ တရားလေး ကတော့ မိန်းမတွေမှာ ပိုများတဲ့အကြောင်းကို ဥပမာလေး တစ်ခုပေးချင်ပါတယ်။ စာရေးသူရဲ့ အတွေ့အကြုံအရ “မနာလိုခြင်း” ကတော့ ယောင်္ကျားနဲ့ မိန်းမ သိပ်မကွာလှပါဘူး။ ဒါပေမယ့် “ဝန်တိုခြင်း၊ နှမြောတွန့်တိုခြင်း” အရာမှာတော့ မိန်းမတွေက နဲနဲသာတာကို တွေ့ရပါတယ်။
အိမ်ထောင်သည်တွေနဲ့ ဥပမာ ပေးပါမယ် ။ အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာရင် ကိုယ့်အိမ်မှာ မကင်းရာ မကင်းကြောင်း ယောင်္ကျား နဲ့ မိန်းမရဲ့ ဆွေမျိုးညီအစ်ကို မောင်နှမတွေ လာရောက် စားသောက်နေထိုင်ကြတဲ့အခါမှာ ယောင်္ကျားဘက်က အမျိုးတွေက ပိုများသလား ? မိန်းမဘက်က အမျိုးတွေက ပိုများသလား ? ဒါလေးဘဲ ဖြေကြည့်ကြပါ။
ကိုယ့်အမျိုးကို ထောက်ပံ့ချင်တဲ့အခါမှာ မိန်းမက ယောင်္ကျားမျက်နှာကို ကြည့်ရတာ ပိုများသလား? ယောင်္ကျားက မိန်းမ မျက်နှာကြည့်ရတာ ပိုများသလား ? ။ ယောင်္ကျားက တွန့်တိုတာ ပိုများသလား? ၊ မိန်းမက တွန့်တိုတာ ပိုများသလား?။ အိမ်ထောင်ကျပြီး ကိုယ့်မိဘတွေကို ပေးကမ်းထောက်ပံ့တဲ့နေရာမှာ ယောင်္ကျားတွေက ပိုပြီး လွယ်ကူသလား? မိန်းမတွေက ပိုပြီး လွယ်ကူသလား? ။ မေးကြည့်တာပါနော်။ ကိုယ့်ဟာကိုယ်သာ ဖြေကြည့် ကြပေတော့။ အမှန်အတိုင်းလေးပေါ့။
အိမ်ထောင်မကျသေးတဲ့ အချိန်မှာလည်း မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက်စာရင် အချင်းချင်း အလွန်ပြိုင်ဆိုင်လို စိတ် များတတ်ကြတယ်။ မိဘဂုဏ်ခြင်းပြိုင်တယ်။ ရုပ်ရည် အလှအပခြင်းပြိုင်တယ်၊ အဝတ်အစားခြင်း ပြိုင်တယ်၊ ပညာခြင်း ပြိုင်တယ်၊ ရည်းစားချင်း ပြိုင်တယ်၊ အိမ်ထောင်ကျလာတော့ လင်ခြင်း ပြိုင်ကြပြန်တယ်။ ပြီးရင် သားသမီးခြင်း ပြိုင်ကြပြန်တယ်။
ဒီလို ပြိုင်ဆိုင်ကြတော့ နိုင်တဲ့သူ၊ သာတဲ့ သူက “မာနတရား” ဖြစ်လာတယ်။ ရှုံးတဲ့သူ၊ နိမ့်တဲ့သူက “ဣသာမစ္ဆရိယ” ဖြစ်လာတယ်။ တကယ်တော့ ဘယ်သူမှ မနိုင်ပါဘူး။ “မာန” ရော “ဣသာမစ္ဆရိယ” ရော ကိုယ့်ကို “ဆွဲချမယ့်” တရားတွေ ချည်းပါ။ နောက်ဆုံးတော့ ဒီ “ဣသာမစ္ဆရိယ” တရားကြောင့် ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တရားတွေဟာ “ကုသိုလ် တစ်ပဲ ၊ ငရဲ တစ်ပိသာ” ဆိုတာလို ဖြစ်သွားပြီး အခုဘဝလည်း မကောင်း/နောင်ဘဝလည်း မကောင်း ဖြစ်ရတတ်ပါတယ်။
ဒီတော့ “ဘဝအတွက် အကောင်းဆုံးယတြာ” တစ်ခု အဖြစ် လောဘကို ပယ်သတ်ပြီးကြရင် “ဣသာမစ္ဆရိယ” ကိုလည်း ဆက်ပြီး ပယ်သတ်ကြပါဦး။ (အမြဲတမ်း ရှိနေတဲ့ တရားမဟုတ်ပေမယ့် အထက်က ပြောခဲ့သလို အကြောင်း တိုက်ဆိုင်ရင် ဒီ “ဣသာမစ္ဆရိယ” စိတ်ဟာ ဝင်လာတတ်ပါတယ်)
ဒီလို ပယ်သတ်နိုင်ပါမှ အဆင်ပြေချောမွေ့တဲ့ ဘဝတစ်ခုကို ဖြောင့်ဖြောင့် တန်းတန်း / ရှည်ရှည်ကြာကြာ ရနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ခဏမျှသာ ကောင်းစားပြီး ဒုံရင်း ဒုံရင်း ကိုဘဲ ပြန်ရောက်ကြပါလိမ့်မယ်။
ဒီ ကောင်းကျိုးလုံးဝမပြုတဲ့ “ဣသာမစ္ဆရိယ” ကို ဘယ်လိုပယ်သတ်ကြမလဲ ? ။ သိပ်မခက်ပါဘူး။ “မုဒိတာ” ဆိုတဲ့ တရားနဲ့ ပယ်သတ်လိုက်ပါ။ “မုဒိတာ” ဆိုတာ သူများကောင်းစားတာကို ဝမ်းမြောက်ဝမ်းသာ ရှိတာပါ။ သြော် သူတို့ရဲ့ အတိတ်ကံ က ကောင်းလှချည်လား? ဆိုပြီး သူတို့နဲ့ ထပ်တူ ဝမ်းမြောက်ခြင်းပါ။ မြင့်မြတ်သူတို့ရဲ့ စိတ်နှလုံးမျိုးပါ။ မရှိသေးရင် မွေးယူကြပါ။ အင်မတန် ချီးမွမ်းစရာကောင်းတဲ့ စိတ်ဖြစ်ပါတယ်။
တစ်ခုတော့ ရှိပါတယ်။ မဟုတ်တဲ့ အလုပ်တွေ လုပ်ပြီး ကောင်းစားနေသူတွေလည်း ရှိနိုင်တော့ သူတို့ကျတော့ မုဒိတာပွား မရဘဲ ဖြစ်ချင်ဖြစ်ချင်လိမ့်မယ် ။ ဒါမျိုးကျတော့ “ဥပက္ခာ” ပြုလိုက်ပါ။ သြော် သူတို့ “အကုသိုလ်” ကို မကြောက်မရွံ့ လုပ်နေ ကြပါလား။ တစ်ဘ၀ တစ်နပ်စာအတွက် သံသရာမှာ ခါးစည်းခံကြရတော့မှာပါလား လို့ သနားစိတ်ဝင်ပြီး “ဥပက္ခာ” ပြုလိုက်ပါ။ သူတို့တရား သူတို့ စီရင်ပါလိမ့်မယ်။ ကိုယ်က ကြားထဲကဝင်ပြီး ခေါင်းမခံချင်ပါနဲ့။
အမှန်တော့ “ဣသာမစ္ဆရိယ” စိတ်ဟာ “လောဘတရား” ရဲ့ လက်အောက်ခံတရားမို့ ကိုယ့် သဏ္ဍန်မှာ လောဘစိတ် တကယ်နည်းလာရင် “ဣသာမစ္ဆရိယ” စိတ်လည်း နည်းလာပါလိမ့်မယ်။ ဒါပေမယ့် ဒီလို ဆိုးဝါးတဲ့ “ဣသာမစ္ဆရိယ” စိတ်ကို တိုက်ဖျက်ဖို့အတွက် ခံယူချက်ကလေး တစ်ခုကို ကျင့်သုံးလိုက်ရင်လည်း ဖြစ်ပါတယ်။ အဲဒီ ခံယူချက်ကတော့ ရှေ့ပိုင်း ဆောင်းပါးတွေမှာ ကျွန်တော် ပြောခဲ့တဲ့ “ပါရမီ” ဆိုတဲ့ တရားလေးကို နားလည်ဖို့ပါဘဲ။
လူတွေရဲ့ ဘဝသံသရာဟာ ရှည်လျားလွန်းလှတာကြောင့် တစ်ဦးနဲ့ တစ်ဦး ပါရမီ ဖြည့်ခဲ့ပုံခြင်း မတူနိုင်ပါဘူး။ အလုပ်ခြင်း၊ ရာထူးခြင်းလည်းတူ ၊ ကြိုးစားမှုလည်း တူပါရက်နဲ့ သူက ကိုယ့်ထက် သာသွားတာဟာ – သူဟာ ကိုယ့်ထက် ဘ၀ အဆက်ဆက်က ဖြည့်ဆည်းခဲ့တဲ့ “ပါရမီ” တွေ သာလွန်ခဲ့လို့သာ ဖြစ်တယ်လို့ နားလည်ရပါမယ်။ သြော် သူ့ပါရမီက သိပ်ကောင်းပါလားဆိုပြီး ဝမ်းမြောက်ဝမ်းသာ မုဒိတာ ပွားလိုက်ပါ။
ဒေဝဒတ်ဟာ ဘုရားလို ပါရမီမျိုးကိုတော့ မဖြည့်ကျင့်ခဲ့ဘဲ ဒီဘဝရောက်မှ ဘုရားကို အားကျပြီး ဘုရားဖြစ်ချင် တာကြောင့် “ဣသာမစ္ဆရိယ” စိတ်နဲ့ မကောင်းမှုအမျိုးမျိုး ကြံစည်လုပ်ကိုင်ခဲ့တာ ဘုရားတော့ မဖြစ်လိုက်ပါဘူး။ မြေမြိုပြီး မဟာအဝီစိ ကိုသာ သက်ဆင်း သွားရရှာပါတယ်။ ပါရမီခြင်းက ဘယ်လိုမှ တုယှဉ်လို့ မရဘူးလေ။ အရင်ဘဝတွေတုန်းက ပါရမီ ဖြည့်ကျင့် တာမျိုး မလုပ်ခဲ့ဘဲ ဒီတစ်ဘဝထဲနဲ့ သွားယှဉ်လို့ မရပါဘူး။
ဒါကြောင့် ကိုယ့်ထက် ကောင်းစားသွားရင် ကိုယ့်ထက် ပါရမီ ကောင်းခဲ့လို့ဘဲလို့သာ ခံယူလိုက်ပြီး “မုဒိတာ” သာ ပွားပေးလိုက် တာဟာ “အဆင်ပြေချောမွေ့တဲ့ ဘဝတစ်ခု” ရရှိဖို့ အရေးပါလှတဲ့ စိတ်ထားတစ်ခုဖြစ်ပါတယ်။ မွေးမြူကြပါ။ ကိုယ့်ရဲ့ သဏ္ဍန်မှာ “ဣသာမစ္ဆရိယ” စိတ်များ ဝင်လာရင် ချက်ခြင်း ဖယ်ထုတ်ပစ်ကြပါ။ “မုဒိတာ” နဲ့ ချက်ခြင်း အစားထိုးကြပါ။
ဒါဟာ “ဘဝအတွက် အကောင်းဆုံးယတြာ” ရဲ့ အရေးပါတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ အကောင်းဆုံး Life Style တစ်ခု ဖြစ်ပါ တယ်။ ကျင့်သုံးကြည့်ကြပါ။ အကျိုးထူးခံစားရပါလိမ့်မယ်။ ကဗျာလေးတစ်ခု ထည့်ပေးလိုက်ပါဦးမယ်။
မနာလို ကင်း
ဝန်တို ရှင်း
ချက်ခြင်း ချမ်းသာသည်
ညီအစ်ကို မောင်နှမများအားလုံး သာယာချမ်းမြေ့သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)