ဘဝအတွက် အကောင်းဆုံး ယတြာ အပိုင်း (၁)ကို ဖတ်ပြီး “ဘာလဲဟ၊ ဘာလဲဟ” ဆိုပြီး ဆန့်တငင်ငင် ဖြစ်နေကြတဲ့ စာဖတ် ပရိတ်သတ် များကို ရှေးဦးစွာ တောင်းပန်လိုပါတယ်။ တမင်သက်သက် အချိန်ဆွဲထားတာတော့ မဟုတ်ပါ။ ကိုယ့်အနေနဲ့ ဒီယတြာကို လက်တွေ့ ကျင့်သုံးနေပြီး လက်တွေ့ အကျိုးထူးများခံစားနေရပေမယ့် ဒီလို သိပ်ကောင်း ပါတယ်ဆိုတာ အခြားသူ တွေ လက်ခံလာအောင် (စာနဲ့) ရှင်းပြရတဲ့နေရာမှာ အခက်အခဲ ရှိပါတယ်။
အခြား အဆောင်လက်ဖွဲ့ တွေလို “ရော့- အင့်” ဆိုပြီး လက်ထဲ ထည့်ပေးလို့ရတာမျိုးကလည်း မဟုတ်ပြန်။ “ထိုက်တဲ့လူ ယူကြကွာ” ဆိုပြီး “ဘဝအတွက် အကောင်းဆုံး ယတြာဆိုတာ ဒါဘဲကွ” ဆိုပြီး ဆရာကြီး အပြောမျိုးနဲ့ ပြီးစလွယ် ပေးလိုက်ရင်ကော မဖြစ်ဘူးလားဆိုရင် ဖြစ်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ စေတနာက လူအများစု တကယ်လက်ခံ ကျင့်သုံးချင်လာအောင် စည်းရုံးလှုံ့ဆော်ပေးချင်တဲ့ ဆန္ဒကြောင့် လူတိုင်း လက်ခံချင်လာမယ့် စကားအသုံးအနှုံး ၊ ဥပမာ- ဥပမေယျ တွေကို ရွေးချယ်နေရတာမို့ နဲနဲ အချိန်ယူနေရပါတယ်။ မိမိရဲ့ ဆိုလိုရင်းကို စာဖတ်သူ ရှင်းလင်းပြတ်သားစွာ နားလည်သွားစေမယ့် တင်ပြပုံ (Presentation) မျိုးဖြစ်အောင် အားထုတ် နေရပါတယ်။
တကယ်တော့ “ယတြာ”လို့သာ တင်စားပြောလိုက်ပေမယ့် အများနားလည်နေကြတဲ့ “ယတြာ” မျိုး လုံး၀ မဟုတ်ပါဘူး။ လူတွေဟာ အဆိုးကြုံလာရင် “ယတြာ” ချေဖို့သာ စဉ်းစားနေကြတာမို့ ယတြာနေရာမှာ အစားထိုးလို့ရမယ့် စကား အနေနဲ့ သုံးနှုံးတင်စား လိုက်တာပါ။ အမှန်တကယ်ကတော့ ယတြာမဟုတ်ပါဘူး။ “ဘဝနေနည်း” တစ်မျိုးပါ။ “ဘို” လို ပြောရရင်တော့ “Life Style” တစ်မျိုးပေါ့။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် “Life Style” နဲ့မှမတူတဲ့ “Life Style” ပါ။
ဒီ “Life Style” နဲ့သာ ကျင့်သုံးနေထိုင်သွားမယ်ဆိုရင် ဘဝဟာ ယတြာချေဖို့ မလိုလောက်အောင် ချောမွေ့သာယာလာမှာမို့ “ဘဝအတွက် အကောင်းဆုံးယတြာ” လို့ တင်စားလိုက်တာပါ။
တစ်ချို့လည်း ကျင့်သုံးမှန်းမသိ ကျင့်သုံး နေမိတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ် သတိမထားမိကြဘူး။ ကိုယ့်ဘ၀ က တစ်နေ့ထက်တစ်နေ့ အဆင်ပြေလာတယ်။ ပြဿနာတွေ နည်းလာတယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိဘူး။ ဒီလို ဘာကြောင့်မှန်း မသိတာလည်း အန္တရာယ်ရှိပါတယ်။ ပုထုဇဉ်လူသားများပီပီ အဆင်ပြေချောမွေ့လာတဲ့ ကိုယ့်ဘဝ/ ကိုယ့်စွမ်းဆောင်ချက်တွေအပေါ်မှာ သာယာလာပြီး “Life Style” အဟောင်းဘက်ကို ပြန်ရောက် သွားတတ်ပါတယ်။ အဲဒီ အချိန်မှာ အဆင်မပြေမှု၊ အခက်အခဲ ပြဿနာတွေ ပြန်ကြုံလာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် နှစ်အတော်ကြာအောင် ကျင့်သုံးမှန်းမသိ ကျင့်သုံးနေပြီး “သြော်- ဒါကြောင့်ပါလား”- လို့ သိလိုက်ရတာ (၁၅)ရက်လောက်ဘဲ ရှိပါသေးတယ်။ သိ, သိခြင်းဘဲ ကိုယ့်အသိလေးကို ဝမ်းသာအားရ ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။
တစ်ခုတော့ကြိုပြောချင်ပါတယ်။ ကျွန်တော် တင်ပြမယ့်အကြောင်းဟာ လုံးဝ,လုံး၀ အသစ်အဆန်း ဖြစ်တဲ့ နည်းတစ်ခုတော့ မဟုတ်ဘူးနော်။ ကမ္ဘာ့ လူသားတွေကိုးကွယ်ကြတဲ့ ဘာသာတရားအတော်များများမှာ သင်ကြားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေက မသိကြဘူး။ ကမ္ဘာ့ ဘာသာတရားကြီးတွေကို တည်ထောင်ခဲ့တဲ့ “ဗုဒ္ဓ” “ယေရှု” “တမန်တော်မိုဟာမက်” တို့ထက် ပိုသိတယ်, တတ်တယ်လို့ ထင်နေတဲ့သူတွေကြောင့် “ဒီ တရား” ဟာ တိမ်မြုတ် နေရတာပါ။ ဒါကြောင့် ကျွန်တော် တစ်ခုတောင်းပန်ချင်တာက ကိုယ့်ကိုယ်ကို “ဗုဒ္ဓ” “ယေရှု” “တမန်တော်မိုဟာမက်” တို့ထက် ပိုသိတယ်, ပိုတတ်တယ်လို့ ယူဆ ထားတဲ့သူတွေ ဒီဆောင်းပါးကို ဒီနေရာကနေ ဆက်မဖတ်ကြပါနဲ့။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ပါတယ်။ တကယ် စေတနာနဲ့ ပြောတာပါ။
စာဖတ်သူများ ခင်ဗျား။ ကျွန်တော် စကားပလ္လင်ခံနေတာတွေလည်း များနေပါပြီ။ စိတ်ဝင်တစားနဲ့ ဖတ်နေတဲ့ သူတွေလည်း “ဘာလဲ” ဆိုတာ သိချင်လှပြီ။ ခွင့်လွှတ်ပါ။ တမင်လုပ်တာ မဟုတ်ပါဘူး။ သိပ်အရေးကြီးတဲ့ စကားမို့ “ဂုဏ်တင်ပေးနေတယ်” မှတ်ပါ။ ပေါ့ပေါ့လေး ပြောလိုက်ရင် ပေါ့ပေါ့လေးဘဲ ထင်သွားမှာ စိုးရိမ်လို့ပါ။
ကျွန်တော် ပြောပါတော့မယ်။ သေသေချာချာဖတ်ပါ။ ဖတ်ပြီးရင် သေသေချာချာ ပြန်တွေးပါ။ ပြီးစလွယ် မှတ်ချက် မချလိုက်ပါနဲ့။ အားလုံးအပေါ်မှာ ကောင်းစေချင်တဲ့ စေတနာကြောင့်ပါ။ ဘာလဲဆိုတော့-
လူတိုင်းလူတိုင်းမှာ ကိုယ့်ဘ၀ ရှေ့အနာဂါတ်မှာ ကိုယ်ဖြစ်ချင်၊ ကိုယ်ရချင်တဲ့ – ရည်မှန်းချက်၊ ကြံရွယ်ချက်၊ ဘဝစီမံကိန်း၊ မျှော်လင့်ချက်၊ ဓနဥစ္စာ ချမ်းသာကြွယ်ဝလိုမှု၊ ရာထူးအာဏာတိုးတက်ရယူလိုမှု . . . အစရှိတဲ့ အရာတွေ ရှိကြပါတယ်။ ဒါတွေတစ်ခုမှ မရှိသူဟာ “အရိယာ သူတော်ကောင်း စစ်စစ်” များဖြစ်ချင်ဖြစ်မယ်။ မဖြစ်ရင် “ရူးသွပ်နေသူ” ဖြစ်လိမ့်မယ်။ ကျန်သူအားလုံးမှာ ရှိကြပါတယ်။ လက်ခံပါရဲ့လားခင်ဗျာ။
ဟုတ်ပါပြီ။ လက်ခံတယ်ဆိုရင် ကျွန်တော် ဆက်ပြောပါမယ်။ ဘဝအတွက် အကောင်းဆုံးယတြာ (တနည်း) ဘဝအတွက် အကောင်းဆုံး Life Style ကတော့ အခြားမဟုတ်ပါ။ အဲဒီ ကိုယ့်သဏ္ဍန်မှာ ရှိတဲ့ အနာဂါတ်နဲ့ ပက်သက်တဲ့ ရည်မှန်းချက်၊ ကြံရွယ်ချက်၊ ဘဝစီမံကိန်း၊ မျှော်လင့်ချက်၊ ဓနဥစ္စာ ချမ်းသာကြွယ်ဝလိုမှု၊ ရာထူးအာဏာ တိုးတက်ရယူလိုမှု . . . အစရှိတဲ့ “လောဘ, လိုချင်ခြင်း” တရားတွေကို အပြီးအပိုင် စွန့်လွှတ်ပစ်လိုက်ပါ ။ ဆုပ်ကိုင် ထားရာကနေ လွှတ်ချ ပစ်လိုက်ပါ။ လုံး၀ မေ့ပျောက်လိုက်ပါ။ ပြီးရင် ကိုယ့်ဘဝကို “မျှော်လင့်ခြင်း၊ လိုချင်ခြင်း၊ တောင့်တခြင်းများ . . . ကင်းမဲ့စွာ” နဲ့ ဆက်ပြီး ရှင်သန်ဖို့ပါဘဲ။
နောက်တစ်ခေါက် ထပ်ပြီး ပြောပါဦးမယ်
. . ကိုယ့်သဏ္ဍန်မှာ ရှိတဲ့
. . အနာဂါတ်နဲ့ ပတ်သက်တဲ့
. . ရည်မှန်းချက် , ကြံရွယ်ချက် , ဘဝစီမံကိန်း၊
. . မျှော်လင့်ချက် , ဓနဥစ္စာ ချမ်းသာကြွယ်ဝလိုမှု , ရာထူးအာဏာတိုးတက်ရယူလိုမှု . . .
. . အစရှိတဲ့ “လောဘ, လိုချင်ခြင်း” တရားတွေကို အပြီးအပိုင် စွန့်လွှတ်ပစ်လိုက်ပါ။
. . ဆုပ်ကိုင်ထားရာကနေ လွှတ်ချ ပစ်လိုက်ပါ။ လုံး၀ မေ့ပျောက်လိုက်ပါ။
. . ပြီးရင် ကိုယ့်ဘဝကို “မျှော်လင့်ခြင်း၊ လိုချင်ခြင်း၊ တောင့်တခြင်းများ . . . ကင်းမဲ့စွာ” နဲ့ ဆက်ပြီး ရှင်သန်ဖို့ပါဘဲ။
သင် ဘယ်လိုဖြစ်သွားပါသလဲ ?
(၁) ကိုယ်ထင်တာနဲ့ တခြားစီဖြစ်သွား ပါသလား ။ ဖြစ်သွားတယ်ဆိုရင်လည်း ကျွန်တော် မအံ့သြပါ။ ဒါပေမယ့် စိတ်နဲနဲ ရှည်ရှည်ထားပြီး ဆက်ဖတ်ပါဦး။
(၂) “လူ့ဘဝဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်ရတယ်” ဆိုတဲ့ စကားနဲ့ ဆန့်ကျင်နေလို့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ယူဆ လိုက်ပါသလား။ အနာဂါတ် စီမံကိန်းတွေ မရှိဘဲ ဘယ်လိုလုပ် အလုပ်လုပ်လို့ရမလဲလို့ ပြောချင်ပါသလား။ ဒီလို ယူဆတယ်/ ပြောချင်တယ် ဆိုရင်လည်း စိတ်ရှည်ရှည်ထားပြီး ဆက်ဖတ်ပါဦး။
(၃) ဒါမှ မဟုတ် “ဒါများ ငါ, သိပြီးသားပါကွာ” ဆိုတဲ့ စိတ်များဖြစ်ပေါ်လာပါသလား။ ဒါဆိုရင်တော့ ဆက်ဖတ်ပါလို့ ကျွန်တော်မတောင်းဆိုတော့ပါ။ ဒီလို လူမျိုးအတွက် ဒီဆောင်းပါးကို ဆက်ဖတ်စရာ မရှိတော့ပါ။ “ငါ သိပြီးသားပါကွာ” ဆိုသူဟာ “လုံးဝစင်ကြယ်တဲ့ အရိယာ သူတော်ကောင်းတစ်ဦး” ဖြစ်ချင်ဖြစ်လိမ့်မယ်။ မဖြစ်ရင်လည်း “လောကီနယ်မှာ အလွန်ကျေနပ်စရာကောင်းတဲ့ ဘဝတစ်ခု” ကို ပိုင်ဆိုင်နေသူ ဖြစ်လိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ “ငါ သိပြီးသားပါကွာ” ဆိုပြီး ဒုက္ခပင်လယ်ဝေနေသူဟာ တကယ်မသိသေးသူသာ ဖြစ်ပါလိမ့်မယ်။ သူတို့နဲ့တော့ ကျွန်တော်ပြိုင်ပြီး မငြင်းလိုတော့ပါ။
ကျန်တဲ့ လူတွေအတွက် ကျွန်တော် ဆက်ပြောပါမယ်။ ဒီလို မျှော်လင့်ချက်တို့၊ ဘဝစီမံကိန်းတို့ မရှိဘဲ အလုပ်ကို ဘယ်လိုဆက်လုပ်လို့ရမှာလဲလို့ တစ်ချို့က ပြောကြမယ်။ ဘာလို့မရ ရမှာလည်း။ ကိုယ်လုပ်လက်စ၊ လုပ်နေကြ အလုပ်တွေကို ဘာမှ ရပ်ဆိုင်းစရာမှ မလိုတာ။ မနေ့က လုပ်ခဲ့သလိုဘဲ ဒီနေ့, မနက်ဖြန် ဆက်လုပ်သွားရုံဘဲ။ ဘာမှ မထူးခြားပါဘူး။ ကိုယ့် သဏ္ဍန်ထဲမှာ ရှိတဲ့ “လောဘ” ဆိုတဲ့ တရားကို ဖြုတ်ချထားလိုက်ရုံ ပါဘဲ။ ကျန်တာ လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်သွားလိုက် ရုံပါဘဲ။
ဒီတော့ ဒီအဆိုပြုချက်ကို မှန်ကန်ကြောင်း သက်သေ သာဓကတွေနဲ့ တင်ပြပါ့မယ်။ ပထမဆုံးကတော့ ဒီအဆိုပြုချက် ကို တင်ပြတဲ့ ကျွန်တော်ရဲ့ ဘဝဇာတ်ကြောင်းကနေ စ,ပါမယ်။
သက်သေ သာဓက (၁)
ကျွန်တော့ဘဝဇာတ်ကြောင်းကို အကျဉ်းချုံး တင်ပြပါမယ်။ ကျွန်တော်ဟာ မွေးဖွားလာစဉ်က ချမ်းသာသော မိဘ များမှ ပေါက်ဖွားလာသူပါ။ ဒါပေမယ့် ကျွန်တော် အလယ်တန်းကျောင်းသားလောက်ကစ,ပြီး မိဘများရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ နောက်ဆုံး တက္ကသိုလ် ပြီးခါနီးနှစ်တွေမှာ မလောက်မင ကျောင်းလခလေးနဲ့ ကျောင်းပြီးအောင် ချို့ငဲ့စွာ တက်ခဲ့ရတယ်။ သူငယ်ချင်းကောင်းတွေရဲ့ အကူအညီသာ မရရင် ကျောင်းတောင်မှ ထွက်ရမယ့် အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။
ဒီလို ခံစားခဲ့ရမှုကြောင့် ဘွဲ့ရပြီးချိန်မှာ “ချမ်းသာကြွယ်ဝတဲ့ဘဝတစ်ခု” ကို ရရှိဖို့ သံဒိဋ္ဌာန် ချမှတ်ခဲ့ပါတယ်။ ၁၉၈၅ ခု ဘွဲ့ရချိန်ကစ,ပြီး ၁၉၉၈ ခုနှစ်အထိ (၁၃)နှစ်လုံးလုံး “ဆီစက်လုပ်ငန်း၊ ကုန်သည်လုပ်ငန်း၊ ကျူရှင်ဆရာ၊ ကြက်မွေးမြူရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ နယ်စပ်ကုန်သည်၊ ကုန်ကား လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းကြီး တစ်ခုရဲ့ G.M ၊ သစ်ကုန်သည်လုပ်ငန်း” များကို လုပ်ကိုင်ခဲ့ပါတယ်။ ဘယ်လုပ်ငန်းမှ (၂)နှစ် မခံပါဘူး။ (ဇာတာထဲမှာလည်း ဒီလိုဘဲ ပါ,ပါတယ်)။ လုပ်သမျှ လုပ်ငန်းတိုင်းဟာ အစပိုင်း ကောင်းပြီး၊ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီး သွားရတာချည်းပါ။ ဒါပေမယ့် ကျွန်တော် မမှုပါဘူး။ အသက်ကလည်းငယ်တုန်း၊ ဇွဲကလည်းအလွန် ကောင်းတော့ လုပ်ငန်းတစ်ခုပျက်ရင် နောက်တစ်ခု ပြန်စပြီး “ချမ်းသာရမယ်” ဆိုတဲ့ ရည်မှန်းချက်ကိုတော့ အသေဆုပ်ကိုင် ထားမြဲပါ။
နောက်ဆုံး ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများ ပျက်စီးချိန်မှာ “သစ်ကုန်သည်”ဘဝနဲ့ ကိုယ်ပါ ကြားညပ်ပြီး ရှိသမျှ စီးပွားဥစ္စာ အားလုံး ဆုံးရှုံးသွားပါတယ်။ ကုန်းကောက်စရာ မကျန်အောင် ဖြစ်သွားခဲ့ရပါတယ်။ လူလည်း ကျန်းမာရေး ဂျုန်းဂျုန်းကျ သွားပါတယ်။ ဘဝမှာ အလွန်ကြီးမားတဲ့ လောကဓံကြီးကို ခံခဲ့ရတဲ့နှစ်ပါ။ ဒီလောကဓံကြောင့် “ငါဟာ ချမ်းသာကြွယ်ဝရတော့မယ့် ကံဇာတာ လုံးဝမရှိသူ” လို့ သတ်မှတ်လိုက်ပါတယ်။
ဒါနဲ့ ကိုယ်ဝါသနာအလျှောက် လေ့လာခဲ့တဲ့ ဗေဒင်ပညာလေးနဲ့ ဘဝကို ခက်ခက်ခဲခဲ ပြန်စ, ခဲ့ရပါတယ်။ “ထမင်းစားရရင် တော်ပါပြီ” ဆိုတဲ့ ရည်မှန်းချက်နဲ့ စ,ခဲ့တာပါ ။ ချမ်းသာကြီးပွားချင်တဲ့ စိတ်တွေကို အားလုံး “ခဝါချ” ပစ်လိုက်ပါတယ်။ အလုပ်ရဲ့ သဘောသဘာဝကလည်း ချမ်းသာနိုင်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဗေဒင်ပညာနဲ့ တိုက်ဆောက်၊ ကားစီးနိုင်သူ မရှိသလောက် ရှားပါတယ်။ ဗေဒင် ဆရာ အများစုဟာ ဝမ်းဝရုံ၊ ခါးလှရုံလောက်ထက် မပိုကြပါဘူး။
ဒါပေမယ့် ဒီလို “ထမင်းစားရရင် တော်ပါပြီ” ဆိုပြီး စ, လုပ်ခဲ့တဲ့ အလုပ်ဟာ တစ်လထက်, တစ်လ၊ တစ်နှစ်ထက် တစ်နှစ် တိုးတက်အောင်မြင်လာပါတယ်။ ဝမ်းဝရုံမျှ ရည်မှန်းချက်နဲ့ စ,ခဲ့တဲ့ အလုပ်ဟာ ဝမ်းဝရုံ၊ ခါးလှရုံမျှမက ပိုပိုလျှံလျှံ ဖြစ်လာ ပါတယ်။ စီးပွားရေးသမားဘဝတုန်းကလို ဝင်လိုက်ပြီဆိုရင်လည်း အလုံးလိုက် အခဲလိုက်၊ ထွက်သွားပြန်ရင်လည်း အလုံးလိုက် အခဲလိုက် မျိုးမဟုတ်တော့ဘဲ “ပုံမှန်ဝင်ငွေ” လေးနဲ့ ဘဝဟာ တည်ငြိမ် နေပါတယ်။
စီးပွားရေးသမားဘဝတုန်းက တစ်လထဲမှာကို တက်လိုက်ကျလိုက်၊ ဖြစ်နေတဲ့ စီးပွားရေး “ဂရပ်မျဉ်းကြောင်း” ဟာ၊ ဗေဒင် ပညာရှင်ဘဝမှာ တစ်နှစ်ပြီး တစ်နှစ် အကျဆိုတာ မရှိတော့ဘဲ ခပ်ပြေပြေလေးဘဲ တက်နေပါတော့တယ်။ အရင်တုန်းက (၂)နှစ်ကို တစ်ခါလောက် အလုပ်ပြောင်းရတဲ့ ဘဝမျိုးကနေ အခု(၁၂)နှစ်တာကာလအထိ ရောက်လာအောင် အလုပ်တည်မြဲမှု ကို ခံစားနေရပါတယ်။ စိတ်လည်း အလွန် ချမ်းသာလာပါတယ်။
တကယ်တော့ ဒုက္ခတွေ၊ ပြဿနာတွေနဲ့ အမြဲရင်ဆိုင်နေခဲ့ရတဲ့ ချမ်းသာ ကြွယ်ဝခြင်းမျိုးထက်၊ ဒုက္ခပြဿနာတွေမရှိတဲ့ ဘဝမျိုး/အဆင်ပြေနေမှုမျိုးက “ပိုပြီးချမ်းသာတယ်ဆိုတာ” ကိုယ်တွေ့ သိရှိလာပါတော့တယ်။ လူဘဝရဲ့ စိတ်ချမ်းသာမှု ဟာ ငွေကြေးပမာဏက အဓိကမကျတာကို နားလည် လာပါတော့တယ်။
ဒီလိုနဲ့ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကစပြီး ကျွန်တော်ဟာ ကိုယ့်ရဲ့အသက်အရွယ်က (၅၀)နားကို ချည်းကပ်လာတဲ့ အချိန်မှာ ကိုယ့်မျက်စေ့အောက်မှာ “ဖြုတ်ကနဲ၊ ဖြုတ်ကနဲ” လောကကြီးထဲကနေ အစီအရီ ထွက်ခွာသွားနေရတဲ့ ကိုယ်နဲ့ သက်တူရွယ်တူ တွေကို ကြည့်ပြီး အလွန်ထိတ်လန့်စိတ် ဖြစ်လာပါတယ်။ သြော်- ကိုယ်လည်း တဖြည်းဖြည်းနဲ့ အချိန် နီးကပ် လာပါပြီးကော ဆိုပြီး “သံဝေဂစိတ်” ဖြစ်လာပါတယ်။
ဒါကြောင့် ဟိုတုန်းကတည်းက “ခပ်ကြဲကြဲ လုပ်လိုက်” “မလုပ်လိုက်” ဖြစ်ခဲ့တဲ့ ဝိပဿနာကို ဖိ,ပြီး လုပ်ဖြစ်လာပါတယ်။ စီးပွားရေး အပေါ်မှာ သံယောဇဉ်သိပ်မထားတော့ပါဘူး။
ဒီလို ဝိပဿနာတရားကို ဖိလုပ်ရင်းနဲ့ ကျွန်တော့်ရဲ့ သဏ္ဍန်မှာ “ကြီးပွားချင်စိတ်၊ ချမ်းသာချင်စိတ်” ဆိုတဲ့ လောဘတရားဟာ တစ်နေ့ထက် တစ်နေ့ နည်းပါးလာခဲ့ပါတယ်။ “လောဘ တဏှာ” ရဲ့ စေခိုင်းမှုကြောင့် ကိုယ် ချမ်းသာဖို့၊ သားမယားတွေ ကောင်းစားဖို့ မမောနိုင်မပန်းနိုင် ရှာဖွေခဲ့ရတဲ့ ကိုယ့်ရဲ့ အဖြစ်ဆိုးကြီးကို ပိုပြီး ရိပ်မိလာပါ တော့တယ်။ ဘယ်လောက် ကြိုးစား ရှာရှာ၊ နောက်ဆုံးတော့ ကိုယ်ရှာခဲ့သမျှအားလုံးကို ထားရစ်ခဲ့ရမှာဘဲဆိုတာ ပိုပြီး သဘောပေါက်လာပါတယ်။ လူ့ဘောင်ကို အပြီးအပြတ် စွန့်ခွာပြီး တရားအားထုတ်ချင်စိတ်များသာ ပိုများလာခဲ့ပါတယ်။
ဒါကြောင့် စီးပွားရေးကို လုံးဝလှည့်မကြည့်တော့ဘဲ စာရင်းဇယားများကို ဇနီးဖြစ်သူနဲ့ လွှဲအပ်ထားလိုက်ပါတယ်။ ကိုယ့်ရဲ့ အလုပ်က ကိုယ့်ရှေ့ကို ရောက်လာတဲ့ နေ့စဉ်အလုပ်တွေကို စိတ်ကောင်းစေတနာအပြည့်နဲ့ လုပ်ပေးတာဘဲ ရှိပါတော့တယ်။ ကျန်တဲ့ စီမံခန့်ခွဲရေး၊ စာရင်းဇယား စသည်တွေကို လုံး၀ လှည့်မကြည့်တော့ပါဘူး။ ကိုယ်ဝင်မလုပ်ရင် မဖြစ်တဲ့ အလုပ် အနည်းငယ်မျှလောက်ကိုသာ လုပ်ပေးပါတော့တယ်။
အဲဒီမှာ ကိုယ့်ရဲ့ လုပ်ငန်း၊ စီးပွားရေးဟာ သတိထားမိလောက်အောင်ကို တိုးတက်လာပါတယ်။ ကျွန်တော်က စာရင်းဇယား ကို မကြည့်ဘူးဆိုပေမယ့် ကိုယ့်ရှေ့မှာရောက်လာတဲ့အလုပ်(ရင်သွေးနာမည်ပေးခြင်း) များဟာ ယခင်နှစ်များထက် သိသိ သာသာ များလာပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ကလေးတွေမွေးသမျှ ကျွန်တော့်ဆီမှာဘဲ စုပြုံမေးနေသလား လို့တောင်မှ ထင်ရပါတယ်။
အမှန်အတိုင်းပြောရရင် ယခင်စိတ်နှင့်ဆိုလျှင် ဒီလို လုပ်ငန်းတိုးတက်တာကို အလွန်သာယာဝမ်းမြောက်မိမှာ ဖြစ်ပေမယ့် အခုတော့ သာယာစိတ်လည်း မရှိတော့ပါ။ “ဖောက်သည်များလေ၊ ပိုပင်ပန်းလာလေ” လို့ဘဲ ခံစားရပါတော့တယ်။ စီးပွားကို ပင်ပင် ပန်းပန်း ရှာရတာကိုဘဲ “အပြစ်တစ်ခု” လို့ တစ်နေ့ထက်တစ်နေ့ ထင်မြင်လာပါတော့တယ်။
ဒါပေမယ့် ဒီလို တစ်မဟုတ်ခြင်း ဘာလို့ တိုးတက်လာရသလဲဆိုတာကိုတော့ ကျွန်တော် အဖြေရှာကြည့်ပါတယ်။ အစကတော့ ဝိပဿနာကြောင့်လို့ဘဲ ထင်မြင်ယူဆနေပါတယ်။ ဒါပေမယ့် ဒီလို ဝိပဿနာလုပ်နေရင်း ဒုက္ခရောက်နေတဲ့ သူတွေကို တွေ့လာရ ပြန်တော့လည်း ပြန်ပြီး အဖြေရှာရပြန်ပါတယ်။ နောက်ဆုံးမှာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်လောက်က လောကီ လောကုတ္တရာ စွယ်စုံရတဲ့ ဆရာတော်ကြီးရဲ့ စကားတစ်ခွန်းကနေ အဖြေရလိုက်ပါတယ်။
အဲဒီ အဖြေကတော့ “မိမိလုပ်တဲ့ အလုပ်တိုင်းကို လောဘ မပါတဲ့ စိတ်နဲ့ အလုပ်လုပ်ကြဖို့ပါဘဲ”၊ “အကျိုးမျှော်တဲ့ စိတ်နဲ့ အလုပ်မလုပ်ကြဖို့ပါဘဲ”၊ “အနာဂါတ်ရည်မှန်းချက်” “အိပ်မက်” ဆိုတာတွေကို ကိုယ့်နှလုံးသားထဲကနေ ဖြုတ်ချပစ်လိုက်ဖို့ ပါဘဲ”။
စာဖတ်သူဟာ- ကိုယ်ပိုင်လုပ်ငန်းလုပ်သူဘဲဖြစ်ဖြစ်၊ ဝန်ထမ်းလုပ်သူဘဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါပေမယ့် ကိုယ်ရယူ ထားတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ပစ္စည်း၊ လုပ်အား၊ ဝန်ဆောင်မှုတွေကို “လောဘမပါတဲ့ အကြောင်းတရား သက်သက်နဲ့” ပြန်လည် ပေးဆပ်ခြင်းသည်သာ “ဘဝရဲ့ အကောင်းဆုံးယတြာပါဘဲ” “ဘဝအတွက် အကောင်းဆုံး Life Style ပါဘဲ” ။ နောက်ထပ် သက်သေ သာဓကတစ်ခု တင်ပြပါဦးမယ်။
သက်သေ သာဓက (၂)
မန္တလေးမြို့က နာမည်ကျော် “အရီးတောင်း လဘ္ဘက်သုပ်” ဆိုတာ လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ လဘ္ဘက်သုပ် လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေကြတဲ့ မိသားစုပါ။ အရီးတောင်း လဘ္ဘက်သုပ်နဲ့ ပက်သက်ပြီး အဖြစ်အပျက်တစ်ခုကို မှတ်မိနေပါသေးတယ်။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း အနှစ်(၂၀)(၃၀)လောက်က ဖြစ်ပါလိမ့်မယ်။ (ခုနှစ်အတိအကျ ကိုတော့ မမှတ်မိတော့ပါ)။
အဲဒီ တစ်နှစ်မှာ မန္တလေးမြို့မှာ ဧရာဝတီမြစ်ရေတွေ အရမ်းကြီးလာပါတယ်။ မြို့ထဲကို ရေတွေ ဝင်လုနီးပါးဖြစ်လာပါတယ်။ သက်ဆိုင်ရာကနေ အသံချဲ့စက်နဲ့ မြစ်အနီးရပ်ကွက်တွေမှာ နေထိုင်ကြတဲ့သူတွေကို အဆင့်သင့်အနေအထား ရှိကြဖို့ ရွှေ့ပြောင်းဖို့လိုရင် ပြောင်းရွှေ့ဖို့ သတိပေးချက်တွေနဲ့ ဆူညံနေပါတယ်။ ဒီအချိန်မှာ မန္တလေးမြို့တစ်မြို့လုံးမှာရှိတဲ့ “ကြက်ခြေနီလူငယ်” များဟာ မြစ်ရေ မြို့အတွင်းဝင်လာတာကို တားဆီးဖို့ သဲအိတ်တွေနဲ့ ကာဆီးရန် အားလုံးစုဝေး ရောက်ရှိလာပါတယ်။ ကြက်ခြေနီလူငယ်တွေနဲ့ မြစ်အနီးက ရပ်ကွက်သူရပ်ကွက်သားတွေ ပူးပေါင်းလိုက်ကြပြီး သဲအိတ်များဖြင့် မြစ်ရေကို တားဆီးဟန့်တားဖို့ နေ့မနား၊ ညမနား ဆောင်ရွက်ခဲ့ကြပါတယ်။ ညဖက်တွေမှာပါ အလှည့်ကျစနစ်ဖြင့် မအိပ်စက် ကြတော့ဘဲ တက်ညီလက်ညီ ကြိုးစားလုပ်ဆောင်နေကြတဲ့ ကြက်ခြေနီလူငယ်များကို မြင်ရတဲ့အခါ မြို့လူထုက အလွန် နှစ်ထောင်းအားရ ရှိလှတာမို့ ထမင်း၊ ဟင်း နှင့် အစားသောက်များ ကို လာရောက်ဝေငှလှူဒါန်းကြပါတော့တယ်။
အဲဒီမှာ စောစောက “အရီးတောင်းလဘ္ဘက်” မိသားစုက ကြက်ခြေနီလူငယ်များအတွက် “လဘ္ဘက်သုပ်” နဲ့ ဒါနပြုဖို့ စီစဉ် ကြပါတယ်။ ညဖက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်များ အိပ်ချင်လည်းပြေ၊ လန်းလန်းဆန်းဆန်းလည်း ရှိသွားအောင် ဆိုပြီး လဘ္ဘက်သုပ်တစ်မျိုးကို တီထွင်လိုက်ပါတယ်။ ပုံမှန် ဈေးကွက်ထဲက လဘ္ဘက်သုပ်များနဲ့ မတူတဲ့ ချဉ်ချဉ် ငန်ငန် စပ်စပ် ဆိုတဲ့ လဘ္ဘက်သုပ်ကို တီထွင်ပြီး ကြက်ခြေနီ လူငယ်တွေကို အများအပြား လှူဒါန်းခဲ့ကြပါတယ်။ ဒီလဘ္ဘက်သုပ်ဟာ ရေဘေး ကာကွယ်ရေးလုပ်ကိုင်နေကြတဲ့ ကြက်ခြေနီလူငယ်တွေကြားမှာ အတော်လူကြိုက်များပြီး ရေပန်းစားခဲ့ပါတယ်။
နောက်ပိုင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ပြီးရော ဒီလဘ္ဘက်သုပ်ကို ကြက်ခြေနီလူငယ်တွေနဲ့ ပက်သက်နေ တဲ့ ပြည်သူတွေက ပြန်လည်တောင်းဆိုမှုကြောင့် “ဈေးကွက်” ကို တင်လိုက်ပါတယ်။ “အရီးတောင်း ကြက်ခြေနီသုပ်” လို့ နာမည်တွင်ပါတယ်။ ဒီအရီးတောင်း “ကြက်ခြေနီ” သုပ်ဟာ ဘယ်လောက် ရောင်းကောင်းလိုက်သလဲ ဆိုရင် ဒီအသုပ် တစ်မျိုးထဲ နဲ့ဘဲ အရီးတောင်းမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုဟာ အဆပေါင်းများစွာ “ထိုးတင်လိုက်သလို” တက်သွား ပါတော့တယ်။
စဉ်းစားကြည့်နော်။ သူတို့ဟာ ဒီလဘ္ဘက်သုပ်ကို တီထွင်လိုက်တဲ့အချိန်မှာ “ဘာအကျိုးအမြတ်ကိုမှ မျှော်ကိုးမထားဘူး” “ဘာ လောဘမှ မပါဘူး” “ဈေးကွက်မှာ တင်ဖို့လည်း ရည်ရွယ် လုပ်ခဲ့တာမဟုတ်ဘူး” “ကြက်ခြေနီလူငယ်တွေ စိတ်လန်းဆန်း အပန်းပြေသွားစေချင်တဲ့ ဆန္ဒနဲ့သာ အကျိုးမမျှော်ဘဲ လုပ်ခဲ့တာပါ”။ ဒါပေမယ့် ဒီလဘ္ဘက်သုပ်ကြောင့် သူတို့ စီးပွားရေး အကြီးအကျယ်ဖြစ်ထွန်းခဲ့ပါတယ်။ (လောဘ မပါဘဲ၊ အကျိုးမမြတ်မတွက်ဘဲ . . အလုပ်လုပ်လို့ မရဘူးလို့ ထင်သူများ အတွက် စဉ်းစားစရာပါ)
သက်သေသာဓက (၃)
စာဖတ်သူ အင်တာနက်ထဲကို ဝင်လိုက်တာနဲ့ ဘယ် Search Engine ကို သုံးပါသလဲ။ အများစုကတော့ Google ကိုဘဲ သုံးကြမှာပါ။ ကျွန်တော် သုံးဖူးသလောက်တော့ Google လောက် အဆင်ပြေတာ မရှိပါဘူး။ ယနေ့အချိန်မှာ Google ကုမ္ပဏီဟာ ဘီလီယံပေါင်းများစွာ ချမ်းသာကြွယ်ဝတဲ့ ဧရာမကုမ္ပဏီကြီး ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီ Google ဆိုတဲ့ Search Engine ကို တီထွင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသားနှစ်ဦးရဲ့ အထုပ္ပတ္တိလေးကိုများ ကြားဖူးပါရဲ့လား။
ကမ္ဘာမှာ အင်တာနက်တွေ စတင်ဖွံ့ဖြိုးတိုးတက်လာချိန်မှာ အင်တာနက် အသုံးပြုသူတွေမှာ အခက်အခဲတစ်ခု ရှိလာပါတယ်။ အဲဒါ ကတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေနဲ့ ပက်သက်တဲ့ Web Address တွေကို ရှာရာမှာ အလွယ်တကူ ရှာလို့မရတာပါဘဲ။ ဒါကို သတိပြုမိတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ဦးဖြစ်တဲ့ “လယ်ရီ ပေ့ချ်” နဲ့ “ဆာဂျီ ဘရန်” တို့ဟာ လူတိုင်းအတွက် အဆင်ပြေမယ့် Search Engine တစ်ခုကို စပြီး တီထွင်ကြပါတော့တယ်။
ဘာအကျိုးအမြတ်ကိုမှ မမျှော်မှန်းခဲ့ကြပါဘူး။ Free Search Engine တစ်ခုပါ။ လူသားတွေအတွက် အကောင်းဆုံး ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့ကြတာပါ။ ဒီတီထွင်မှုကနေ ဧရာမ အကျိုးအမြတ် ရလာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့မယ် မထင်ပါဘူး။ လူတိုင်း “အခမဲ့” သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး လုပ်ခဲ့ကြတာပါ။ ယနေ့ထိအောင် ကမ္ဘာ့ လူသားအားလုံးကို အလကား သုံးစွဲခွင့် ပြုထား ပါတယ်။
ဒီလို ငွေကြေးအကျိုးအမြတ်ကို မမျှော်မှန်းခဲ့ပေမယ့် ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာက အသုံးပြု လာကြတဲ့အချိန်မှာ Search Engine တွေရဲ့ Page တွေထဲကို ဝင်ရောက်ကြော်ငြာလိုတဲ့ ကုမ္ပဏီတွေရဲ့ ကြော်ငြာခငွေကြေးတွေဟာ အလုံးအရင်းနဲ့ ဝင်ရောက်လာပါတော့တယ်။ ယနေ့အချိန်မှာတော့ Google ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဘီလီယံပေါင်း များစွာ ရှိနေပါပြီ။
ကျွန်တော် ထင်ပါတယ်။ အဲဒီ အချိန်တုန်းက သူတို့နှစ်ယောက်ဟာ “ကဲ – ငါတို့နှစ်ယောက် ဘီလီယံနာ ဖြစ်မယ့် လုပ်ငန်း တစ်ခုကို စ,လိုက်ကြရအောင်လား” လို့ ရည်ရွယ်ပြီးသာလုပ်ခဲ့ရင် ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါဟာ “လောဘ နဲ့ အကျိုးအမြတ်” ကို လုံးဝထည့်မတွက်ခဲ့ဘဲ စ,လုပ်ခဲ့တဲ့ အကျိုးကျေးဇူးပါ။
သက်သေသာဓက(၄)
ဟိုတစ်လောက ကျွန်တော့ရဲ့ အမေး/အဖြေကဏ္ဍထဲကို လူငယ်တစ်ယောက် ဝင်မေးပါတယ်။ “ဆရာခင်ဗျား- ကျွန်တော့် ဘဝမှာ ကြံရွယ်ပြီး လုပ်တဲ့ အလုပ်အားလုံးဟာ ဖြစ်မလာဘဲ၊ မကြံရွယ်တဲ့ အလုပ်တွေက အောင်မြင်နေတာဟာ ဘာကြောင့်ပါလဲ” တဲ့။ သူ့စကားကို ကျွန်တော် ပြန်ပြင်ရေးပြပါ့မယ်။ “ဆရာခင်ဗျား- ကျွန်တော့ဘဝမှာ လောဘကြီးကြီး နဲ့ လုပ်ခဲ့တဲ့ အလုပ်တွေအားလုံးဟာ ဖြစ်မလာဘဲ၊ လောဘ မပါတဲ့ အလုပ်တွေက အောင်မြင်နေတာ ဘာကြောင့်ပါလဲ” လို့ ပြင်ရေးပေးလိုက်ချင်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုးဟာ သူတစ်ယောက်တည်းမှ ဖြစ်တာမဟုတ်ဘူးခင်ဗျ။ ခင်ဗျားတို့ ကျွန်တော်တို့အားလုံးရဲ့ ဘဝကို ပြန်ပြီး ငဲ့စောင်းကြည့်လိုက်ပါ ။ ဒီလို ရည်ရွယ်ချက်၊ ရည်မှန်းချက်မပါဘဲ အမှုမှဲ့ အမှတ်မဲ့ လုပ်လိုက်တာကနေ အဆင်ပြေ လာတာတွေ ရှိခဲ့လိမ့်မယ်။ ဒါပေမယ့် ကိုယ်က သတိမထားမိဘူး။ သတိမထားမိတဲ့အပြင် အပေါ်က လူငယ်လို “လောဘ မပါဘဲ လုပ်တာကိုဘဲ အောင်မြင်ရကောင်းလား” လို့ အပြစ်တင်ချင်နေကြတယ်။
လူတွေဟာ “လောဘတို့” “ရည်မှန်းချက်တို့” “ကြံရွယ်ချက်တို့” “အကျိုးအမြတ်” တို့ မပါတော့ရင် အလုပ်ကို မလုပ်တတ်ကြတော့သလို ဖြစ်နေကြပါတယ်။
“အကျိုးတရားကိုသာ အာသာငမ်းငမ်းနဲ့ လိုက်ရှာနေကြပြီး တကယ်အရေးကြီးတဲ့ “အကြောင်းတရား” ကို ပေးဆပ်ဖို့ မေ့နေကြပါတယ်။ တစ်ချို့က ပြောကြသေးတယ်။ မတော်လောဘ မထားရင် ပြီးတာဘဲ တဲ့။ ထိုက်သင့်တဲ့ လောဘ တော့ ရှိရမှာပေါ့ တဲ့။
တကယ်တော့ “မတော်လောဘ” ဘဲဖြစ်ဖြစ်၊ “တော်လောဘ” ဘဲဖြစ်ဖြစ် လောဘ ဟာ လောဘပါဘဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်ဘာသာတရားကမှ “လောဘဆိုတာ ကောင်းတယ်ကွ” လို့ မသင်ကြားခဲ့ကြပါဘူး။ “ဗုဒ္ဓ” ၊ “ယေရှုခရစ်”၊ “မိုဟာမက်” တို့ရဲ့ သင်ကြားချက်တွေမှာ လောဘတရားကို အပြစ်ဒုစရိုက်လို့သာ ဟောကြားခဲ့ကြတာချည်းပါ။ ဒါပေမယ့် လူတွေက လူလည်ပြန်လုပ်ကြတယ်။
“ဘုရားအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုကို လောဘနဲ့ ရောထွေးပစ်လိုက်ကြတယ်”။ ဘုရားသခင်အပေါ်မှာ ယုံကြည်ချက်ထားပြီး အလုပ်လုပ်ရင် အောင်မြင်ရမယ်ပေါ့။ (အမှန်ကတော့ “လောဘ” ဆိုတဲ့ ဆင်သေကို “ယုံကြည်မှု” ဆိုတဲ့ ဆိတ်ရေနဲ့ ဖုံးဖို့ ကြိုးစားကြတာပါ)။
ဗုဒ္ဓ နဲ့ ဘုရားသခင်တွေ လိုလားတဲ့ ယုံကြည်မှု ဆိုတာ “ရွှေငွေဥစ္စာတွေ၊ စည်းစိမ်တွေ၊ တန်ခိုးအာဏာတွေ၊ ထင်ပေါ် ကျော်ကြားမှုတွေ” လုံး၀ မဟုတ်ပါဘူး။ သေသေ ချာချာ ပြန်စဉ်းစားကြည့်ပါ မိတ်ဆွေ ။
ကဲ- ကျွန်တော့်ရဲ့ ဆောင်းပါးကို အဆုံးသတ်ပါတော့မယ်။ မပြီးသေးပါဘူး။ အပိုင်း (၃)လာပါဦးမယ်။ ဘဝအတွက် ဒီလောက်အရေးကြီးတဲ့ ကိစ္စမို့လို့ သိပ်အတိုချုံးပြီး ရေးလို့မရပါ ။ ဒါပေမယ့် ဒီဆောင်းပါးပါ အချက်ကတော့ “အဓိက” အချက်ဖြစ်ပါတယ်။ လောဘကို သတ်နိုင်ဖို့က အဓိကအကျဆုံးပါ။ နောက်ဆောင်းပါးမှာ ဆက်ရေးမှာက ဒီ အဓိကကျတဲ့ “လောဘ” တရားရဲ့ ပယ်သတ်ရာမှာ အထောက်အပံ့ဖြစ်မယ့် တရားတွေကိုသာ ဆက်ပြီး တင်ပြမှာပါ။
“လောဘကို အောင်နိုင်မှ လောကကို အောင်နိုင်မည်” တဲ့။ ကျွန်တော့်စကားမဟုတ်ပါဘူး။ အရွယ်ငယ်သော်လည်း ဉာဏ်ပညာအလွန်ထက်မြက်ပြီး ဘုန်းတန်ခိုး၊ လာဘ်လာဘ အလွန်ကြီးမားလှတဲ့ “မေတ္တာရှင် ရွှေပြည်သာဆရာတော် အရှင်ဇဝန” ရဲ့ စကားပါ။ ရွှေပြည်သာ ဆရာတော်ဟာ “ညာဘက်လက်က ဝင်လာတဲ့ လာဘ်လာဘကို ဘယ်ဖက်လက်ကနေ (ချက်ခြင်း) စွန့်လွှတ် နိုင်သူပါ” ။ ဒီလို လုပ်လေ “လာဘ်လာဘဟာ မလိုချင်လောက်အောင် ရလေလေ” ဖြစ်နေပါတော့တယ်။
နားပါဦးမည်။ အပိုင်း(၃)ကို ဆက်မျှော်ပါ။ (အမှန်ကတော့ ကနေ့ဆောင်းပါးကတင် လုံလောက်နေပါပြီ။ သဘောပေါက် ရင်ပေါ့လေ)။ နောက်ဆောင်းပါးမှာ “လောဘ” နဲ့ အတူယှဉ်တွဲဖြစ်တတ်တဲ့ “ဣသာမစ္ဆရိယ နဲ့ မာန” တရားနှစ်ခုကို တင်ပြ ပါဦးမယ်။ နောက်ဆုံးမှ ဒီ “လောဘ ၊ ဣသာမစ္ဆရိယ နဲ့ မာန” တရားတွေကို “ဝိပဿနာ ပညာ” နဲ့ အပြီး ချုပ်ကိုင် သတ်ဖြတ် ပစ်ဖို့ကို ဆက်ပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
(တရားမဟောပါ၊ အဆင်ပြေချောမွေ့သော ဘဝတစ်ခုကို ရရှိခံစားစေရန် နည်းလမ်း မျှဝေပေးခြင်းဖြစ်ပါသည်၊ ဆရာကြီး မဟုတ်ပါ၊ လူတတ်ကြီးလည်း မဟုတ်ပါ၊ ကိုယ့်ထက် သိတဲ့ တတ်တဲ့သူတွေ အများကြီး ရှိပါသည်။ သို့သော် “ပညာရှိ သတိဖြစ်ခဲ” ဖြစ်တတ်ပါသည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ ကိုယ်တိုင် ကောင်းကျိုးခံစားနေရသလို သူများတွေလည်း ခံစား စေလိုသော ဆန္ဒ တစ်ခုသာ ရှိပါသည်။ ကိုယ့်ကို အထင်ကြီးပါစေဟူသော စိတ်ဆန္ဒ လုံးဝမရှိ။ ဤ မှန်သော သစ္စာစကားကြောင့် ကျွန်ုပ်သည် ယခုဘဝ၌ပင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို လွယ်ကူစွာ ရရှိနိုင်ပါစေသတည်း)
ဖတ်ရှုသူအားလုံး နားလည်သဘောပေါက်နိုင်ကြပါစေ ဟု ဆုမွန်များစွာဖြင့် –
ဒေါက်တာတင်ဗိုလ်ဗိုလ် (ဗေဒသုခုမ)