ဗေဒင်ပညာ နှင့် အတွေးအမြင်

ဗေဒင်ပညာ ဘာလဲ?

ယနေ့အဖို့ ဗေဒင်ပညာအပေါ်တွင် လူအများစု အမြင်လွဲမှားနေမှုကို ရှင်းပြလိုပါသည်။ ဗေဒင်ပညာသည် လူ့ယဉ်ကျေးမှု မပေါ်ပေါက်ခင်ကတည်းက (ပုံစံအမျိုးမျိုးဖြင့်) ရှိနေခဲ့သည် ပညာတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်နေကြသည့် ဘာသာတရားအားလုံးထက် စော၍ ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့ ကွန်ပျူတာ သိပ္ပံခေတ်၊ နည်းပညာခေတ်သို့ ရောက်သည့်တိုင်အောင် ဗေဒင်ပညာကို ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာက ယုံကြည်လျှက် ရှိနေသေး ပေသည်။

မိမိသည် ဗေဒင်ပညာကို ယုံကြည်ပါသည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံသူ ရှိသလို ဗေဒင်ကိုယုံလျှင် ရှက်စရာတစ်ခုဟု ယူဆပြီး ပွင့်ပွင့်လင်းလင်း ဝန်မခံသော ယုံကြည်သူများလည်း ရှိပေသည်။ သုတေသန စစ်တမ်းများအရ ပွင့်ပွင့်လင်းလင်း ဝန်မခံသော ယုံကြည်သူဦးရေက ပို၍ များပြားသည် ဟု သိရသည်။

ဗေဒင်ပညာကို မယုံကြည်သော သူများကိုပင် လေ့လာကြည့်လျှင် (၂)မျိုး(၂)စား တွေ့ရတတ်သည်။ ပထမ တစ်မျိုးမှာ မွေးဖွားလာသည်မှ သေဆုံးချိန်အထိ လုံး၀ ယုံကြည်မှု မရှိသူများဖြစ်သည်။ ဗေဒင်ပညာနှင့် လားလားမှ မသက်ဆိုင်သူများ ဖြစ်ကြသည်။ မည်သည့် ဘဝလောကဓံမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ဗေဒင်ပညာကို အားကိုးမရှာတတ်သော လူမျိုး ဖြစ်သည်။ (အရေအတွက် အလွန်နည်းလွန်းလှသည်)

ဒုတိယ တစ်မျိုးမှာ ဗေဒင် “အခြေအနေ ၊ အချိန်အခါ အလျှောက်” ယုံကြည်ကြ သူများဖြစ်သည်။ မိမိတွင် အစစ အရာရာ အဆင်ပြေနေပြီး ပန်းခင်းသော လမ်းကို လျှောက်လမ်းနေရသော အချိန်မျိုးတွင် ဗေဒင်ပညာကို မယုံကြည်ချေ။ မိမိ မယုံကြည်ကြောင်းကိုလည်း လူသိရှင်ကြား ထုတ်ဖော် ပြောဆို တတ်ကြသည်။ အချို့သော ယုံကြည်သူများကိုပင် ကဲ့ရဲ့ လှောင်ပြောင် တတ်ကြသေးသည်။ သို့သော် ထိုသူသည် ရုတ်တရက် ထင်မှတ်မထားသော ဘဝလောကဓံကြီးတစ်ခု ကျရောက်လာပြီး စီးပွားပျက်သွားခြင်း ၊ အိမ်ထောင်ပျက်သွားခြင်း (သို့) သေလောက်သော ရောဂါကြီးတစ်ခု စွဲကပ် ခံရခြင်းမျိုးနှင့် ကြုံတွေ့လာရချိန်တွင်မူ ဗေဒင်ပညာကို (ဒုတိယ ဘုရားသခင်သဖွယ်) ယုံကြည်ကိုးစား လာတတ်ကြသော လူစားမျိုးလည်း ရှိပေသေးသည်။ (အရေအတွက် ပိုများသည်)

ဗေဒင်ပညာကို ဘာကြောင့် ယုံကြည်ကြသလဲ?

လူတွေ ဘာကြောင့် ဗေဒင်ပညာကို ယုံကြည်ကြသလဲ? ။ ဘာကြောင့် ဗေဒင်ပညာကို အားကိုးကြသလဲ ဟူသည့် အချက်ကို ဆန်းစစ်ကြည့်ကြ ပါစို့။ လူတွေ ဘာကြောင့် ဗေဒင်ကို ယုံကြည်ကြပါသလဲ?။

လွန်ခဲ့သော နှစ် (၂)သန်းကျော် “ကျောက်ခေတ်” ကာလမှသည် ယနေ့ခေတ် (ကွန်ပျူတာ သိပ္ပံခေတ်) တိုင်အောင် လူသားများ၏ မြင့်မားသော အသိဉာဏ်ပညာဖြင့် မဖြေရှင်းနိုင်သော ပြဿနာကြီး တစ်ခု တည်ရှိနေပေသည်။ ထိုပြဿနာ မှာ “အနာဂါတ်” ပြဿနာပင် ဖြစ်လေသည်။ လူသားသည် ထက်မြက်သော သိပ္ပံပညာဖြင့် – ကမ္ဘာလောကကြီး တစ်ခုလုံး၏ လျှို့ဝှက်ချက်များကို  တစ်ခုပြီးတစ်ခု ရှာဖွေဖေါ်ထုတ် နိုင်ခဲ့သော်လည်း “လူတစ်ယောက်၏ အနာဂါတ်” ကို သိပ္ပံပညာဖြင့် ဖော်ထုတ်နိုင်စွမ်းမှာမူ ယနေ့တိုင် ချို့တဲ့အားနည်းလျှက် ရှိပေသေးသည်။

ယနေ့ခေတ် အစွမ်းထက်လှသော သိပ္ပံပညာဖြင့် သဘာဝဘေးအန္တရာယ် အချို့ကို ကြိုတင်ခန့်မှန်းလာနိုင်ကြပြီ။ လူတစ်ယောက်တွင် မည်သည့် ရောဂါများ ဖြစ်ပွားလာနိုင်ချေ ရှိသည် ခန့်မှန်းလာနိုင်ကြပြီ။ သို့သော် သိပ္ပံပညာသည် လူတစ်ယောက် မနက်ဖြန် ဘာဖြစ်မည် ဆိုသည်ကိုမူ မပြောနိုင်ကြသေးချေ။ မနက်ဖြန်သည် မနေ့ကကဲ့သို့ ပုံမှန်အတိုင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် အပြောင်းအလဲကြီး တစ်ခုလည်း ဖြစ်သွားနိုင်သည်။ ကျန်းမာရေး၊ စီးပွားရေး ၊ လူမှုရေး အိမ်ထောင်ရေးများ အကြီးအကျယ် ပြောင်းလဲမှု ဖြစ်နိုင်သည်။ နောက်ဆုံး မနက်ဖြန်တွင် သင် (အကောင်းပကတိမှ) ကွယ်လွန်သွားနိုင်သည်။ သို့သော် သင်လည်း မသိ။ မည်သည့် သိပ္ပံပညာ ကမှလည်း မသိ။

ခက်သည်က လူသား အားလုံးနီးပါးလောက် ကိုယ့်အနာဂါတ်ကို ကိုယ်သိလိုကြသည်။ ကိုယ့်ဘဝမှာ ဘယ်အဆင့် အတန်းနဲ့ နေရမလဲ။ ချမ်းသာမှာလား၊ ဆင်းရဲမှာလား။ တန်ခိုးသြဇာကြီးသူ ဖြစ်မလား ၊ သာမန်လူဘဲ ဖြစ်မလား။  ဘာအလုပ် လုပ်ရမလဲ။ နာမည်ကျော်ကြား မှာလား။ ကိုယ်နဲ့ အိမ်ထောင်ကျမယ့် ဖူးစာရှင်က ဘယ်သူလဲ။ အိမ်ထောင်ရေး ကံကောင်း မှာလား။ အိမ်ထောင် ဘယ်နှစ်ဆက် ကျမလဲ။ ကိုယ့်မှာ ဘာရောဂါတွေဖြစ်နိုင်လဲ။ အသက်ရှည်မှာလား ။ နောက်နှစ်မှာ ကံကောင်းမလား . . . စသည့် စသည့် အနာဂါတ်မေးခွန်း တစ်သောင်းခြောက်ထောင်သည် လူသားတိုင်း၏ ရင်ထဲတွင် အမြဲလို ရှိနေတတ် ကြပေသည်။

ထိုမေးခွန်းများကို (အနီးစပ်ဆုံး) ဖြေရှင်းပေးနိုင်သည့် ပညာရပ်ကား ဗေဒင်ပညာပင် ဖြစ်လေသည်။ သို့သော် ဗေဒင်ပညာ သည် ခြောက်ပစ်ကင်း သဲလဲစင် ကား မဟုတ်ချေ။ လူတိုင်း၏ အနာဂါတ်ကို အမြဲတစေ ဖြေရှင်းပေးနိုင်သည်ကား မဟုတ်။ ဆရာဝန်တစ်ယောက်သည် လူနာတစ်ယောက်ကို ရောဂါနာမည် အတပ်မှားပြီး ဆေးကုမိသကဲ့သို့ ဗေဒင်ပညာ၏ အနာဂါတ် ဆိုင်ရာ ဟောကြားချက်များသည်လည်း လွဲမှားသည့်အခါ လွဲမှားပေမည်။ အချို့ကိစ္စများတွင် တက်တက်စင် အောင် လွဲမှားသည်လည်း ရှိပေသည်။

သို့သော် “အနူတော၊ လူချော” ဆိုသည့် စကားလိုပင် လူသားတို့၏ “အနာဂါတ်” ကို တိတိကျကျ ခန့်မှန်းနိုင်သည့် “သိပ္ပံပညာ” ဟူ၍ မပေါ်ပေါက်သေးသမျှ ကာလပတ်လုံး “ဗေဒင်ပညာ” သည် လူသားအားလုံး၏ ယုံကြည်ရာ/ အားကိုးရာတစ်ခု ဖြစ်မြဲ ဖြစ်နေဦးမည်သာတည်း။

ထိုသို့ ဗေဒင်ပညာသည် လူသားတို့၏ အနာဂါတ်ကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်သည်မှာ မှန်သော်လည်း “လုံး၀ ဥဿုံ” ဆိုသည့် အဆင့်ရှိသည့် ပညာရပ် တစ်ခုမဟုတ်သည်ကို ဗေဒင်ယုံကြည်သူများ နားလည် သဘောပေါက် သင့်ပေသည်။ ဗေဒင်ပညာရှင်များဘက်ကမှလည်း လူတိုင်း၏ အနာဂါတ်ကို “ဗွီဒီယို” ကြည့်နေရသည့်အလား ကွင်းကွင်း ကွက်ကွက် ဖော်ပြပေးနိုင်သည် ဟူသော လှိမ့်လုံးကြွားလုံးများဖြင့် လိမ်ညာလှည့်ဖျားနေမှု များကို မလုပ်သင့် မလုပ်အပ်ပါချေ။ အခြားသူများအား ဗွီဒီယိုမပြမှီ မိမိအနာဂါတ်ကို အရင် ဗီဒိယို ပြကြည့်ပါဦးဟု ပြောလိုက်ချင်ပါသည်။

အကြင် ဆရာတစ်ဦးသည် – မနက်ဖြန်(သို့) နောက်နှစ်တွင် မိမိကိုယ်တိုင် ဘာဖြစ်မည်ကို (တပ်အပ်)မသိဘဲနှင့် အခြားသူများ၏ အနာဂါတ်ကို “အပိုင်သိသည်” ဆိုသည်မှာ ဖြစ်နိုင်/မဖြစ်နိုင် မိမိအသိဉာဏ်ဖြင့်သာ စဉ်းစားကြည့် ကြပါကုန်။ အကြမ်းဖျဉ်း/ခပ်ရေးရေးတော့ သိပါသည်ဆိုလျှင် ရိုးသားဖြောင့်မတ်ရာ ရောက်ပေမည်။

ဘုရားမကြိုက်တဲ့ ထိုပညာ

ဗေဒင်ပညာကို ဗုဒ္ဓဘုရားရှင် အပါအဝင် ၊ ကမ္ဘာ့ ဘာသာတရားကြီးများကို တည်ထောင်ခဲ့သူ အားလုံးက မကြိုက်ပါ။ ဘာသာတရားအားလုံးလိုလိုပင် ဗေဒင်ပညာကို ဆန့်ကျင်ကြသည်။ တားမြစ်ကြသည်။ သို့သော် မည်သည့် အကြောင်းကြောင့် တားမြစ်သည်ကို မစူးစမ်းဘဲ “ဘုရားမကြိုက်၊ ငါမကြိုက်” ဟူသည့်ထုံးကို နှလုံးမူပြီး ဗေဒင်ပညာကို ဆန့်ကျင် နေကြသူအား စကားအနည်းငယ် ပြောလိုပါသည်။

ဗုဒ္ဓဘာသာကိုပင် မူတည်ပြီး ပြောပြပါမည်။ “ဂင်္ဂါဝါဠု သဲစုမက” ပွင့်ခဲ့ပြီးသော ဘုရားအဆူဆူမှန်သမျှသည် “အနာဂတံသ” တည်းဟူသော ဉာဏ်တော်ကြီးကို အပြီးတိုင် ရရှိပြီးသည့် ပုဂ္ဂိုလ်ထူးကြီးများသာ ဖြစ်ကြပေသည်။ ဘုရားရှင်တို့ မည်သည် သတ္တဝါအားလုံး၏ အနာဂါတ်ကိုသော်၎င်း ၊ မိမိကိုယ်တော်တိုင်၏ အနာဂါတ်ကိုသော်၎င်း အကြွင်းမဲ့ သိမြင်ထား ခဲ့ကြပြီးလေပြီ။ သိသည်မှ တစ်ဘ၀ နှစ်ဘဝမျှသာ မဟုတ်။ ဘဝပေါင်း အသင်္ချေ ၊ အသင်္ချာ ထိအောင် သိတော် မူကြပေသည်။

ထို့ကြောင့်ပင် “ဒီပင်္ကရာဘုရားရှင်”သည် “သုမေဓာ” ရှင်ရသေ့အား ယခုကာလမှ နောင် “လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း” မြောက်လျှင် “ဘဒ္ဒကမ္ဘာ”၌ “ဂေါတမ” အမည်ဖြင့် ဘုရားဖြစ်လတ္တံဟု ဗျာဒိတ်ပေးခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ထို “ဂေါတမ” ဘုရားရှင်သည်ပင် သာသနာတော်သို့ ဝင်ရောက်လာသော “ဒေဝဒတ်” အား “တစ်ချိန်တွင် ငါဘုရား၏ အသက်ကို လုပ်ကြံမည့်သူ” ဟု ကြိုတင်ပြောဆို ခဲ့သည် မဟုတ်လော။  ပရိနိဗ္ဗာန် ပြုရမည့် အချိန်ကိုလည်း ကြိုတင်မိန့်ကြားခဲ့သည် မဟုတ်လော။ စုန္ဒ၏ ဝက်ပျိုသားကို မစားမီကပင် ဤဝက်ပျိုသားကို စားပြီးလျှင် ငါ,ဘုရားရှင်သည် ဝမ်းတော်လား၍ ပရိနိဗ္ဗာန်ပြုရမည့်အကြောင်းကို ညီတော်အာနန္ဒာအား  ကြိုတင် မိန့်ကြားခဲ့သည် မဟုတ်လော။

မဟာဗုဒ္ဓဝင်ကို လေ့လာကြည့်လျှင် ထိုသို့ မြတ်ဗုဒ္ဓသည် အခါအားလျှော်စွာ “အနာဂတံသ” ဉာဏ်တော်ကြီးဖြင့် ကြိုတင် ဟောပြောခဲ့မှုကို အများအပြား တွေ့ရမည် ဖြစ်ပေသည်။ ထိုသို့ အနာဂါတ်ကို ကိုယ်တော်တိုင်လည်း သိမြင် ၊ အခြားသူများအားလည်း အခါအားလျှော်စွာ ပြောကြားခဲ့ပါလျှက်နှင့် “ဗေဒင်ပညာ” အပါအဝင် “အနာဂါတ်ကို ဟောပြော သည့် ပညာရပ်များ” ကို ဘုရား မကြိုက်ခဲ့သည်မှာ ဘာကြောင့်ပါလဲ?

“ပုထုဇဉ်များအတွက် အကျိုးမရှိခြင်း/မသင့်မြတ်ခြင်းကြောင့် ဖြစ်ပါသည်”

ဘုရားရှင် အဆူဆူတို့သည် အနာဂါတ်ကို သိမြင်ကြသူများ ဖြစ်ကြသော်လည်း အနာဂါတ် ဟောကိန်းထုတ်ခြင်းကို  အားမပေးခဲ့ခြင်းမှာ ပုထုဇဉ်များ၏ အကြောင်းကို ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပါသည်။ ပုထုဇဉ်တို့မည်သည် လောကဓံ အဆိုးတရားများအား “လုံး၀ ခံနိုင်ရည်မရှိကြောင်း” ကို ဘုရားရှင်တို့ သိမြင်ကြခြင်းကြောင့် ဖြစ်ပါသည်။ ပုထုဇဉ်လူသားများသည် အရိယာများနှင့် လုံး၀ မနှိုင်းယှဉ်နိုင်ပါ။ လောကဓံကို ခံနိုင်ရည် မရှိကြပါ။ အကောင်း လောကဓံကိုသာ ကြုံချင်ပါသည်။ အဆိုး လောကဓံကို လားလားမျှ မကြုံဆုံလိုပါ။ အဆိုးကို အိပ်မက်ပင် မမက်လိုပါ။ အဆိုးကို ရှောင်၍ အကောင်းကိုသာ ကွက်ပြီး ရယူပိုင်ဆိုင်လိုသည်။

ဗေဒင်ဆရာထံတွင် ဗေဒင်မေးကြသည်မှာလည်း ကံကြမ္မာအကောင်းကို ဟောကြား စေလိုခြင်းကြောင့် မေးမြန်းကြ ခြင်းသာ ဖြစ်ပေသည်။ နာမည်ကျော် ဗေဒင်ဆရာကြီး တစ်ဦး ပြောကြားခဲ့သလို “ဗေဒင်ဆရာဆီမှာ ဗေဒင်မေးကြ သူများဟာ – ကျွန်တော်/ကျွန်မ ဘယ်တော့ ချမ်းသာမလဲ၊ ထီပေါက်မလဲ ၊ ရာထူး တက်မလဲ ၊ အိမ်ခြံကား ဝယ်နိုင်မလဲ ၊ အိမ်ထောင်ကျ မလဲ” စသည်ဖြင့်သာ မေးမြန်းကြလေ့ရှိပြီး . . . . ကျွန်တော်/ကျွန်မ ဘယ်တော့ မွဲမလဲ ၊ ဘယ်တော့ အလုပ်ပြုတ်မလဲ ၊ ဘယ်တော့ အိမ်ထောင်ကွဲမလဲ ၊ ဘယ်တော့ ထောင်ကျမလဲ ၊ ဘယ်တော့ ဆေးရုံတက်ရမလဲ ၊ ဘယ်တော့ သေမလဲ” ဟု လုံးဝမေးမြန်းလေ့ မရှိကြောင်း “ရယ်စရာ တစ်ခုအနေဖြင့်” ပြောခဲ့ဘူးသည်။ ပုထုဇဉ်တို့၏ စရိုက်ဖြစ်ပေသတည်း။

အရိယာတို့မှာမူ အနာဂါတ်သည် ကောင်းလည်း မထူးခြား/ဆိုးလည်း မထူးခြား တော့ပြီ။ ကောင်းစရာ ရှိလျှင်လည်း စံစားလိုစိတ် မရှိကြတော့ပြီ။ ဆိုးစရာ ရှှိလျှင်လည်း မတုန်လှုပ်တော့ပြီ။ “မိမိစိုက်ပျိုးခဲ့သမျှကို မိမိပြန်လည် ရိတ်သိမ်းရသည့်” “ဓမ္မဥပဒေ” ကို အကြွင်းမဲ့ ခံယူပြီးကြသူများဖြစ်၍ အရိယာတို့အတွက် အနာဂါတ် ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်တော့ပြီ။

ပုထုဇဉ်လူသားများမှာမူ ထိုသို့သော ခံယူချက်မျိုး မထားနိုင်သေးပါ။ အဆိုးလောကဓံအကြောင်းကို ကြားလိုက်ရသည် နှင့်ပင် တုန်လှုပ်ကြချေပြီ။ ထိတ်လန့်ကြချေပြီ။ ထိုကဲ့သို့သော ပုထုဇဉ်တို့၏ စိတ်ထားမျိုးဖြင့် အနာဂါတ်ကို ကြိုသိခြင်းမှာ အကျိုးထက် အပြစ်ဖြစ်ဖို့သာ ရှိသောကြောင့် ဘုရားရှင် တို့သည် အမျှော်အမြင်ကြီးစွာဖြင့် တားမြစ်ကြခြင်းသာ ဖြစ်ကြပေသည်။ ပညာရပ်သည် နိမ့်ကျသောကြောင့်၎င်း ၊ ညံ့ဖျင်းသောကြောင့်၎င်း ၊ အောက်တန်းကျ သောကြောင့်၎င်း အလျှဉ်း မဟုတ်ချေ။ ဘုရားရှင်တို့သည်ပင်လျှင် သတ္တဝါတို့ ကျွတ်တမ်းဝင်ရေးနှင့် ပက်သတ်လာလျှင် “အနာဂါတ်ကိုသော်၎င်း  ၊ အတိတ်ကိုသော်၎င်း” အခါအားလျှော်စွာ ဟောပြောညွှန်ပြရသည် မဟုတ်တုံလော။

အသုံးချပညာရပ်တစ်ခု ဖြစ်နိုင်သလော?

ကျွနု်ပ်၏ ယုံကြည်ချက်အရ ဆိုရလျှင် – ဘုရားအဆူဆူတို့၏ “ဆုံးမသြဝါဒ” စကားတို့သည် လုံး၀ မှန်ကန် သင့်မြတ်ပါ၏။ မိမိတို့၏ အနာဂါတ်ကို သိအောင် မကြိုးပမ်းတော့ခြင်း သည်သာ အကောင်းဆုံးဖြစ်သည်ဟု အမှန်ပင် ယုံကြည်ပါ၏။ သို့သော် ပုထုဇဉ် ဆိုသည်မှာကား ပုထုဇဉ်သာလျှင် ဖြစ်ပေသည်။ “မရတာကိုမှ လိုချင်သည်” “မဖြစ်နိုင်တာကိုမှ တမ်းတသည်” “ဖုံးကွယ်ထားသည့်အရာကိုမှ မြင်ချင်သည်” “ပိတ်ပင်ထားသည့်အရာကိုမှ ကျူးလွန်လိုသည်” “မကောင်းပါဘူး ဆိုသည်ကိုမှ မြီးစမ်းကြည့်ချင်သည်” “မသိချင်ပါနှင့်ဟု တားဆီးထားသည့် အရာကိုမှ သိလိုသည်” ၊ ပုထုဇဉ် အမိုက်အမဲတို့၏ သဘာ၀ ဖြစ်ပေသတည်း။

ထို့ကြောင့် (ကျွန်ုပ်အပါအဝင်) လူများစုသည် မည်သည့်ဘုရား မကြိုက်သည်ဖြစ်စေ “မိမိ၏ အနာဂါတ်” ကို သိလိုစိတ် ပြင်းပြမြဲ ပြင်းပြနေကြမည်သာပင်။

တကယ်တော့ ဗေဒင်ပညာကို လက်တွေ့ အသုံးချပညာအဖြစ် အသုံးချတတ်လျှင် ချလို့ရပါသည်။ ဗေဒင်ပညာ ဟူသည်မှာ “မိုးလေဝဿ နှင့် ဇလဗေဒ” ပညာရပ်နှင့် အလားသဏ္ဍန် တူပါသည်။ မနက်ဖြန် မိုးရွာရန် ရာနှုန်း (၈၀)% ရှိသည်ဟု ဆိုလျှင် သင် ဘာလုပ်မည်နည်း။ မိုးမရွာအောင် ဂါထာ မန္တယားများ ရွတ်ဖတ်မည်လော။ သို့မဟုတ် “မိုးနတ်မင်း” ကြီးထံ မိုးမရွာပါစေနှင့်ဟု ဒူးထောက် ဆုတောင်းမည်လော။

အကောင်းဆုံး/လက်တွေ့အကျဆုံးမှာ ထီး/မိုးကာ များ ဆောင်ယူသွားခြင်းဖြစ်သည်။ ထီးပါလျှင် မိုးစို သက်သာမည်။ ထီးမယူလျှင် မိုးမိမည်။ သို့သော် ရာနှုန်း(၈၀)% ဆိုပြီး မရွာသည့် အခါလည်း ရှိသည်။ နေရာကွက်ပြီး ရွာသည်လည်း ရှိသည်။ သို့သော် ထီးယူသွားခြင်းက မမှားနိုင်ပါ။

ထို့အတူ ဗေဒင်ပညာအရ ရှေ့နှစ်တွင် သင့် ကျန်းမာရေး အခြေအနေကို ဆိုးရွားဖွယ် ရှိသည်ကို ကြိုတင်သိရလျှင် – သင်သည် အစားအသောက်၊ အနေအထိုင် များကို ဆင်ခြင်နိုင်လိမ့်မည်။ ကျန်းမာရေးကို ပိုမိုဂရုစိုက်လာနိုင်သည်။ ကျန်းမာရေး စစ်ဆေးမှုများကို ကြိုကြိုတင်တင် ပြုလုပ်နိုင်သည်။ ကိုယ်နှင့် မတည့်သည့် အစားအစာများကို ရှောင်ဖို့ အခွင့်အလမ်းပိုရလာမည်။ ဘာသာတရားကို ပိုလုပ်ဖြစ်လာနိုင်သည်။ ကုသိုလ် ပွားများပြီး အကုသိုလ် များမည့် ကိစ္စများကို ရှောင်ကျဉ်လာနိုင်ပေသည်။

ကံကောင်းလျှင် ကံကြမ္မာ ကွက်ကျားမိုး ဖြစ်သွားသောကြောင့် သင်လွတ်သွားနိုင်သည်။ သို့မဟုတ် ကျန်းမာရေး အကာအကွယ် (ထီး/မိုးကာများ) ကြိုတင် ဆောင်ထားသောကြောင့် ကံကြမ္မာမိုး ရွှဲနစ်နေမည့် ရန်မှ လျော့ပါး သွားနိုင်သည်။

ထို့ကြောင့် “အသုံးချဗေဒင်ပညာ” ဆိုသည်မှာ ကံကြမ္မာမိုးကို မရွာအောင် တားဆီးသော ပညာမဟုတ်။ တကယ် ရွာမည့်မိုးကို မည်သူမျှ မတားဆီးနိုင်ပါ။ ဖြစ်ရမည်မှာ ဗေဒင်ပညာဖြင့် ကံကြမ္မာမိုးရွာမည့် အချိန်ကို (အကြမ်းဖျဉ်း) သိအောင်အားထုတ်ပြီး ထီး/မိုးကာ တို့ဖြင့် အကာအကွယ်ပြုရန် အားထုတ်သည့် ပညာသာ ဖြစ်သင့်ပေသည်။

ထိုသို့ အကာအကွယ် ယူထားပါလျှက်နှင့် နေရာကွက်ပြီး မိုးသက်မုန်တိုင်း ကြီးခြင်းမျိုးနှင့် ရုတ်တရက်ကြုံဆုံရခြင်းလည်း ရှိနိုင်သည်။ ထီး/မိုးကာ ယူဆောင်သွားပြီး အကာအကွယ် ပြုပါလျှက် မိုးအကြီးအကျယ် ရွှဲရွှဲစိုသွားခြင်းမျိုးလည်း ရှိလိမ့်မည်။

ထိုနည်းတူ ဗေဒင်ပညာဖြင့် အနာဂါတ်ကို ခန့်မှန်းထားပြီး အဆိုးကို ကာကွယ်ရန် ကြိုးစားအားထုတ်သည့်ကြားမှ ကံကြမ္မာဆိုးကို ရှောင်မလွတ်နိုင်သည်လည်း ရှိနိုင်သည်။ ဤသည်မှာ သင်၏ ရှောင်လွှဲ၍ မရသော အတိတ်ကံ ကြောင့် ဖြစ်ပေသည်။ ထိုသို့ ကြုံလာလျှင်မူ ထိုကံကြမ္မာအတိုင်း လက်သင့်ခံ လိုက်ရုံမှတစ်ပါး အခြားမရှိပြီ။

ဤသည်မှာ ဗေဒင်ပညာကို မစွန့်လွှတ်နိုင်သော လူသားတစ်ဦးဖြစ်သည့် (ကျွန်ုပ်၏) ခံယူချက် ၊ သဘောတရားမျှသာ ဖြစ်လေသည်။ သင်နှစ်သက်ပါက လိုက်နာနိုင်သည်။ မနှစ်သက်ပါက ဘုရားစကားအတိုင်း ဤပညာရပ်များကို မျက်ကွယ် ပြုလိုက်ရုံသာ ရှိသည်။ မည်သည့် ရွေးချယ်မှုကိုမှ တိုက်တွန်းမည် မဟုတ်ပါ။ သို့ရာတွင် သင့်အနေဖြင့် အနာဂါတ်ကို ကြိုတင်သိရှိလိုလျှင် အနာဂါတ်တွင် အရာအားလုံးသည် “အကောင်းချည်းသာ” ဖြစ်လိမ့်မည်ဟု မျှော်လင့်ချက်မျိုး မထားစေလိုပါ။ ထို့ပြင် – လုံး၀ ပြုပြင်၍ မရနိုင်သည့် ကံကြမ္မာ(အဆိုး)များနှင့် ကြုံလာလျှင် “ယောနိသော မနသီကာရ” တရားဖြင့် နှလုံးသွင်းတတ်အောင် ပြင်ဆင်ထားနိုင်သူ တစ်ဦးဖြစ်အောင် ကျင့်ရပေဦးမည်။

နောက်ဆုံး ပြောကြားလိုသည့်အချက်မှာ “ဗေဒင်ပညာသည် လူတို့၏ အနာဂါတ်ကို ခန့်မှန်းပြောကြားနိုင်သည့် ပညာဖြစ်သော်လည်း အနာဂါတ်လမ်းကြောင်း ကို ဖန်တီးပြုပြင်ပေးနိုင်သည့် ပညာရပ်ကား” (လုံးဝ, လုံးဝ) မဟုတ်ပါချေ။ ကံကို ခန့်မှန်းသည့် ပညာသာလျှင် ဖြစ်ပြီး ကံကို ပြုပြင်ပေးနိုင်သည့်ပညာ မဟုတ်ကြောင်း ပါခင်ဗျား။ သင့်အနေဖြင့် ဗေဒင်ပညာကို – ကံကြမ္မာကို ပြင်ဆင်ပေးနိုင်သည့် ပညာရပ်ကြီးတစ်ခုဟု ယုံကြည်မှု လွဲမှားနေပါက ဗေဒင်ပညာကို ခုတုံးလုပ်၍ ငွေရှာနေကြသော (ရိုက်စားခွင်ဖန်) ဆရာများ၏ ညွှတ်ကွင်းသို့ အနှေးနှင့်အမြန် သက်ဆင်းရမည် ဖြစ်ကြောင်းပါ ခင်ဗျား။

ဖတ်ရှုသူအားလုံး ယောနိသော မနသီကာရ ဖြင့် လောကဓံကို ကြံကြံခံနိုင်သူများ ဖြစ်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

(ဘဝအတွက် အကောင်းဆုံးယတြာ . . အပိုင်း ၁)

စာရေးသူရဲ့ ဗေဒင်လေ့လာမှု သက်တမ်းအနှစ် (၃၀)အတွင်းမှာ စိတ်ဝင်စားမှု အနည်းဆုံး ဘာသာရပ်ကတော့ “ယတြာ” ပညာဘဲ ဖြစ်ပါတယ်။ ဗေဒင်ပညာကို “မ.ထ.သ” “လိုင်းပေါင်းစုံ” လို့ ခေါ်ရ လောက်အောင် အကုန် လျှောက်ပြီး…
Read More

(ဘဝအတွက် အကောင်းဆုံးယတြာ . . အပိုင်း ၃)

ပြီးခဲ့တဲ့ ဆောင်းပါးအပိုင်း(၂)ကို စိတ်ပါလက်ပါ ဝင်ရောက်အားပေး ဖတ်ရှုကြပြီး အူလှိုက်သဲလှိုက် အားပေးသွားကြတဲ့ စာဖတ်သူများကို ကျေးဇူး အထူးတင်ပါတယ်။ ကိုယ့်စေတနာ ထိရောက်မှုအတွက် အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်။ သဘောမတူသူများ ရှိနိုင်ပေမယ့် ဒီလောက်လူဦးရေမျှ သဘောတူ…