ဗုဒ္ဓဂုဏ်တော် တန်ခိုး

အခုရက်မှာ ဆောင်းပါးအသစ်လည်း ရေးချင်စိတ်မရှိ၊ ဗေဒင်မေးထားတာ တွေလည်း ဟောချင်စိတ်မရှိဖြစ်နေပြီး ကိုယ့်ဝက်ဆိုဒ် ကို တောင်မှ ပြန်မကြည့်ချင်အောင် စိတ်က မဝင်စားဘူးဖြစ်နေပါတယ်။ ညနေပိုင်းမှာ ဒီနေ့ထုတ် 7day News ဂျာနယ်ကို ကောက်ကြည့်ပြီး ဟိုလှန်၊ ဒီလှန် လှန်နေရင်းက ဆောင်းပါးတစ်ပုဒ်ကို တွေ့လို့ စိတ်ဝင်စားပြီး ဖတ်ကြည့်မိပါတယ်။ ဒီဆောင်းပါးကို ဖတ်ရင်း ကိုယ့်ရဲ့ အဖြစ်နဲ့ တူလွန်းလို့ ဆောင်းပါးတစ်ခု ကောက်ရေးချင်တဲ့စိတ် ပေါ်လာလို့ ချက်ခြင်း ကောက်ရေးပြီး တင်ပေး လိုက်ပါတယ်။

ဒီနေ့ဖတ်လိုက်ရတဲ့ ဆောင်းပါးနာမည်က “ဘုရားပေးတဲ့ အသက်” တဲ့။ ဖြစ်ရပ်ကလေးကတော့ “ချင်းတွင်းမြစ်အတွင်း မုံရွာ နဲ့ ဟုမ္မလင်း” ကူးတို့ရေယာဉ်တိမ်းမှောက်ပြီး လူ့အသက် (၂၀-၃၀)လောက် တိမ်းပါးခဲ့ရတဲ့ အဖြစ်အပျက်မှာ မသေဘဲ လွတ်မြောက် လာသူတစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့အကြုံကို ရေးသားထားတာပါ။ ဒီ စက်လှေ တိမ်းမှောက်မှုမှာ ရေလုံး၀ မကူး တတ်ပေမယ့် ဘုရားရဲ့ဂုဏ်တော် (သံဗုဒ္ဓေဂုဏ်တော်) ကြောင့် အသက်ဘေးက လွတ်မြောက်လာသူ “ကိုအောင်နေလင်း” ရဲ့ အတွေ့အကြုံကို ရေးထားတာဖြစ်ပါတယ်။ ရေထဲမှာ မြုတ်သွားလိုက် ၊ ပြန်ပေါ်လာလိုက် ဖြစ်နေရင်း ရေစောင့်နတ်၊ မြေစောင့် နတ်တွေကို အကူအညီတောင်းပြီး “သံဗုဒ္ဓေ” ဂုဏ်တော်ကြီးကို အဆက်မပြတ်ရွတ်နေရာက ရေထဲက ပြန်အပေါ် မှာ ပလပ်စတစ်ပုံးကြီးတစ်ပုံးက ခေါင်းပေါ်အတည့်ရောက်လာပြီး ဒါကို ဖက်တွယ်လိုက်လို့ အသက်ဘေးက လွတ်လာတဲ့ အကြောင်းကို ဖတ်မိတော့  ကိုယ့် အဖြစ်အပျက်နဲ့ တူလွန်းလှလေခြင်း ဆိုပြီးဒီဆောင်းပါးလေးကို ကောက်ရေး လိုက်ပါတယ်။

အနှစ် (၃၀)ကြာခဲ့ပါပြီ ။ အခု ကျွန်တော့်အသက်က (၄၈)နှစ် ဆိုတော့ လွန်ခဲ့တဲ့ အနှစ် (၃၀) ၊ အသက် (၁၈)နှစ်သား က,ပေါ့။ အဲဒီနှစ်မှာ ကျွန်တော် (၁၀)တန်းအောင်ပါတယ်။ အဲဒီတုန်းက (၁၀)တန်းအောင်ပြီးရင် တက္ကသိုလ်တွေကို တိုက်ရိုက် မတက်ရ သေးဘဲ “ဒေသကောလိပ်” လို့ ခေါ်တဲ့ ကောလိပ်မှာ (၂)နှစ် ဆက်ပြီး တက်ရပါတယ်။ ပြီးမှ (၁၀)တန်းအမှတ်ရယ် ၊ ဒေသကောလိပ် ပထမ၊ ဒုတိယနှစ်ရယ်က အမှတ်တွေ ပေါင်းပြီးမှ “လိုင်းတွေ” ပြန်ခွဲပါတယ်။ ကျွန်တော်က ဆင်ဖြူကျွန်း ကနေ အောင်တော့ “ရေနံချောင်းဒေသကောလိပ်” မှာ တက်ရပါတယ်။ မကွေးတိုင်းအတွက် ရေနံချောင်းဒေသကောလိပ် ကို သတ်မှတ် ထားပါတယ်။

ဒီလိုနဲ့ ဇွန်လ (၁၀)တန်း အောင်စာရင်းထွက်ပြီး စက်တင်ဘာလထဲမှာ ကောလိပ်တက်ဖို့အတွက် Form ဖြည့်ဖို့ ရေနံချောင်းမြို့ ကို သူငယ်ချင်းတွေနဲ့ ရောက်လာခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက် နေ့ပါ။ မနက်ပိုင်းမှာ ကောလိပ်ဝန်းထဲသွားပြီး လိုအပ်တဲ့ ဖောင်ဖြည့်တာ ၊ ငွေသွင်းတာတွေ လုပ်ပြီး ညနေ (၅)နာရီလောက်မှာ ရေနံချောင်းက တည်းခိုတဲ့ အိမ်မှာ သူငယ်ချင်းတစ်သိုက် စကားဝိုင်းဖွဲ့ပြီး ပြောနေကြပါတယ်။ အဲဒီ အချိန်မှာ (ဖြစ်ချင်လို့လား မသိပါဘူး) ကျွန်တော်ကဘဲ စ,ပြီး “ဟေ့၊ မြစ်ထဲ ရေသွားကူးကြရအောင်” ဆိုပြီး မဲဆွယ်ပါတော့တယ်။ ကျန်တဲ့သူတွေက သိပ်မလိုက်ချင်ဘူးဗျ။ ကျွန်တော်ကဘဲ အရမ်းတက်ကြွနေတာ။ အဲဒီအချိန်က မြစ်ရေတွေ “ကြီး” နေတဲ့ အချိန်ပေါ့။ ကျန်တဲ့သူတွေက “အင်တင်တင်” ဖြစ်နေတာကို ကျွန်တော်က အရမ်း လှုံ့ဆော်လိုက်တော့ နောက်ဆုံး သူငယ်ချင်း (၅)ယောက်ဟာ မြစ်ဆိပ်ကို ဆင်းလာကြတော့တာပေါ့ဗျာ။ ကျွန်တော်တို့ တည်းတဲ့ အိမ်က မြစ်ဆိပ်နဲ့ တစ်ဖာလုံလောက်ဘဲ ဝေးတာ ဆိုတော့ မကြာခင်ဘဲ မြစ်ဆိပ်ကို ရောက်လာပါတယ်။ ရေက အရမ်းတက် နေတဲ့ အချိန်ဖြစ်တော့ မြစ်ရေကလည်း ဒလဟော “ဝါးလုံးထိုး” စီးဆင်းနေပါတယ်။

မြစ်ဆိပ်လည်းရောက်ရော ကျွန်တော်တို့လည်း အဝတ်အစားတွေချွတ်၊ ဘောင်းဘီတိုလေးတွေနဲ့ ရေကူးကြတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ရေနံချောင်းသား တစ်ယောက်ပါတယ်ဗျ။ သူက ကျွန်တော်တို့ကို မြစ်ဆိပ်ကနေကြည့်ရင် ပေ(၇၀)လောက်မှာ ရှိတဲ့နေရာကို လက်ညှိုးညွှန်ပြပြီး “အဲဒီနေရာမှာ သစ်ငုတ်တိုကြီး ရှိတယ်။ အဲဒီနေရာကို ရေပြိုင်ပြီး ကူးကြရအောင်” ဆိုပြီး ပြောတော့ လူငယ်တွေဘဲဗျာ၊ တုန့်ဆိုင်းမနေဘဲ ဝုန်းကနဲ ဒိုင်ပင်ပစ်ပြီး အဲဒီ သစ်ငုတ်ကြီးရှိရာကို အပြိုင်အဆိုင် ကူးကြတော့တာပေါ့။ တကယ်တော့ အဲဒီ သစ်ငုတ်ကြီးက မြစ်ရေမကြီးရင် ကုန်းပေါ်မှာ ရှိနေတာပါ။ မြစ်ရေတက်လာတော့ ဒီငုတ် ကြီးလည်း မြုတ်သွားတော့တာပေါ့။

အမှန်အတိုင်းပြောရရင် အဲဒီအချိန်က ကျွန်တော်က ရေကူးတတ်ခါစဘဲ ရှိသေးပြီး သိပ်မကျွမ်းကျင်လှပါဘူး။ ဆင်ဖြူကျွန်းမြို့ မှာ ကျွန်တော်တို့အဖေပိုင်တဲ့ (၅)ဧကလောက်ကျယ်တဲ့ ဥယာဉ်ခြံကြီး တစ်ခု ရှိပါတယ်။ အဲဒီထဲမှာရေကန် (၃)ကန် ရှိပါတယ်။ အဲဒီ ရေကန်ထဲမှာ အဖေ့အလစ်မှာ ရေဆင်းကူးရင်းနဲ့ ကူးတတ်သွားတာပါ။ ဒါပေမယ့် အဲဒီတုန်းက “ကန်ရေဆိုတာ – ရေသေ ၊ မြစ်ရေချောင်းရေဆိုတာ – ရေရှင်” ဆိုတဲ့ သဘောတရားကို နားမလည်သေးဘူး။ ရေသေမှာ ကူးတတ်ပေမယ့် ရေရှင်မှာ ကူးတတ်ပါမယ်လို့ မဆိုနိုင်သေးဘူး။ ကျွန်တော်က အဲဒီတုန်းက “ရေသေ” မှာ ကူးတတ်တာလေးနဲ့ “ရွပိုးထိုးပြီး” ရေရှင်မှာ ကူးဖို့ ကျွန်တော်က စ,ခေါ်လိုက်ပေမယ့် ဒီလို မြစ်ထဲ၊ ချောင်းထဲမှာ ရေကူးတဲ့ အတွေ့အကြုံတော့ မရှိသေးဘူး ခင်ဗျ။

 

ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်း (၅)ယောက် အားသွန်ခွန်စိုက် ကူးလိုက်ကြတာ မကြာခင်ဘဲ သစ်ငုတ်ကြီးပေါ် ရောက်သွား ကြပါတယ်။ သစ်ငုတ်ကလည်း ဘယ်လောက်ကြီးလဲဆိုရင် လူငါးယောက်လုံး ရပ်နေလို့ပါတယ်။ သစ်ငုတ်ပေါ် ရပ်နေတော့ မြစ်ရေက ကျွန်တော်တို့ “ခါး” လောက်ရှိတာပေါ့။ ရေကလည်း ရေတက်ချိန်ဆိုတော့ဝါးလုံးထိုး စီးနေတာမို့ သစ်ငုတ်ပေါ်မှာ ဟန်ချက်မပျက်အောင် ထိန်းပြီးရပ်နေရပါတယ်။ မြစ်ရေကလည်း “အေးစက်” နေပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်မှာ ရှိတဲ့ ရောဂါဟောင်းလေးက “ထ” လာပါတော့တယ်။ အဲဒါကတော့ ရာသီဥတုအေးလာရင် “ကြွက်တက်” တဲ့ ရောဂါခင်ဗျ။ ယနေ့ ထိအောင် ဒီရောဂါက ရှိနေပြီး ဆောင်းတွင်း သိပ်အေးလာရင် ညအိပ်နေရင်း ကြွက်မကြာခဏ တက်တတ်ပါတယ်။

 

အဲသည်လို သစ်ငုတ်ကြီးပေါ်မှာ ရပ်နေရင်း “ကြွက်တက်” လာတော့ ကျွန်တော် ခြေသလုံးကို ကုန်းပြီးနှိပ်ရတော့တာပေါ့။ အဲဒီတော့ သူငယ်ချင်းတွေက ဘာဖြစ်တာလဲ မေးတော့ ကျွန်တော်က ကြွက်တတ်နေတဲ့အကြောင်း ပြန်ပြောတော့ သူငယ်ချင်း တွေက “ကမ်းနားက လှေတစ်စင်း” ကို လှမ်းခေါ်ဖို့ လုပ်ကြပါတယ်။ အဲဒီနေရာမှာ ကျွန်တော့်စိတ်ထဲမှာ တွေးလိုက်မိတာက “အင်း-လာတုန်းကတော့ အားလုံးအတူ ကူးလာနိုင်ပြီး၊ ပြန်တဲ့အခါကျမှ ငါကလှေစီးပြန်၊ သူတို့က ရေကူးပြန် ဆိုတော့ ရှက်စရာကြီး” ဆိုပြီး မရှက်သင့်တဲ့နေရာမှာ  ရှက်လိုက်မိပါတယ်။

 

ဒါကြောင့် “ရပါတယ်ကွာ- ဘာမှ မဖြစ်ပါဘူး၊ ခဏနေ သက်သာသွားမှာပါ” ဆိုပြီး ငြင်းလိုက်မိတယ်ဗျ။ ခဏနေတော့ သက်သာသွားတာမို့ အားလုံး ကမ်းဆီကို ပြန်ကူး ကြမယ်ဆိုပြီး စ,ကူးကြတာပေါ့ဗျာ။ ကျွန်တော်က ရေကူးလည်း သိပ်မကျွမ်းကျင်သေးတာကတစ်ကြောင်း၊ ကြွက်ကလည်း တက်နေတာကြောင့် တစ်ကြောင်း သစ်ငုတ် နဲ့ ကမ်းစပ် အလယ် လောက်လည်း ရောက်ရော ကျွန်တော်က နောက်ဆုံးမှာ ကျန်ခဲ့ပြီး သူငယ်ချင်းတွေက ရှေ့ကို ရောက်သွားကြပါတယ်။ အဲဒီ အချိန်မှာဘဲ စောစောက သက်သာသလို ရှိနေတဲ့ ကြွက်တက် ဝေဒနာက ပြန်ပေါ်လာတော့တာဘဲဗျို့။

 

ရေကူးတယ်ဆိုတာ လက်ချည်း ကူးရတာမဟုတ်ဘဲ ခြေလက်အားလုံး လှုပ်ရှားမှ ကူးလို့ရတာဆိုတာတော့ ရေကူးတတ်သူ တွေဆိုရင် သိပါလိမ့်မယ်။ ခြေတစ်ဖက်က ကြွက်တက်ပြီဆိုတော့ ဘယ်လိုမှ ဆက်ကူးမရတော့လို့ “ငါတော့ ကြွက်တတ် နေပြီ” လို့ ရှေ့ရောက်နေတဲ့ သူငယ်ချင်းတွေကို လှမ်းအော်ပြောလိုက်တော့ သူငယ်ချင်း (၄)ယောက်ထဲမှာ (၃)ယောက်က တော့ ကျွန်တော့်ဆီ ကူညီဖို့ ပြန်ကူးလာကြပေမယ့် တစ်ယောက်ကတော့ ကမ်းဆီကို အမြန်ကူးပြေးတော့တာဘဲဗျို့။ ရေနစ်တဲ့သူကို ကူရင် ကိုယ်ပါ ရေနစ်သေတတ်တယ်လို့ တွေးမိလို့ နေမှာပေါ့လေ။

 

အဲဒီအချိန်မှာ ကံဆိုးချင်တော့ ပထမ ခြေသလုံးတစ်ဖက်ဘဲ တက်နေရာက နောက်ထပ် ခြေသလုံးတစ်ဖက်ပါ ကြွက်က တက်လာပြန်ရောဗျ။ ခြေနှစ်ဖက်လုံး ကြွက်တက်ပြီ ဆိုတော့ ဘယ်လိုမှ ကိုယ်ကို “မဖော့” နိုင်တော့ဘဲ လူက ဒေါင်လိုက် ရေထဲကို နစ်သွားတော့တာပေါ့။ သူငယ်ချင်း (၃)ယောက်လဲ တတ်နိုင်သလောက် လိုက်ဆယ်ကြပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လူတွေက လူငယ်တွေ . . ဒါမျိုးလည်း အတွေ့အကြုံမရှိကြတော့ ရေနစ်နေတဲ့ လူတစ်ယောက်ကို ဘယ်လို နည်းစနစ်ကျကျ ကယ်ရမယ်ဆိုတဲ့ နည်းမျိုးလည်း မသိကြဘူးလေ။ ဒါကြောင့် ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်ဘဲ ကျွန်တော်သာ ရေထဲမှာ မြုတ်ချည်ပေါ်ချည်နဲ့ မြစ်လယ်ကို တဖြည်းဖြည်း မျောသွားတော့တာပေါ့။ သူငယ်ချင်းတွေလည်း နောက်ဆုံး လက်လျော့သွားကြဟန်တူပါတယ်။

 

ကျွန်တော်မှာတော့ အဲဒီအချိန်မှာ တစ်ကိုယ်တည်း “သေမင်းနဲ့စစ်ခင်း” နေရတာပေါ့။ ရေထဲမြုတ်သွား လိုက်၊ မြစ်, ကြမ်းပြင်နဲ့ ခြေထောက်နဲ့ ထိရင် “ ဒူးကွေးပြီး ပြန်ကန်တင်” လိုက်တော့ ပြန်ပေါ်လာပြီး ရေပေါ်ပြန်ရောက်လာလိုက်၊ ပြီးတော့ ခြေထောက်က လှုပ်မရတော့ ပြန်မြုတ်သွားလိုက်နဲ့ အကြိမ်ပေါင်း ဘယ်လောက် ရှိမလဲဆိုတာတောင် မပြောတတ် တော့ပါဘူး။ ရေကလည်း “ဝါးလုံးထိုး” စီးနေတော့ ဒီနေရာမှာ မြုတ်သွားလိုက် နောက် ပေ (၃၀)လောက်အကွာမှာ ပြန်ပေါ် လိုက်နဲ့ပေါ့ဗျာ။ မှတ်မိသေးတယ်ဗျ။ မြစ်ကြမ်းပြင်နဲ့ ခြေထောက်နဲ့ ထိလိုက်တဲ့အချိန်မှာ မြစ်ကြမ်းပြင်ပေါ်မှာ ရေစီးအား ကြောင့် ကျောက်ခဲလေးတွေ လိမ့်နေတာကို သိဖြစ်အောင် သိလိုက်သေးတယ်။ မြစ်လယ်ဖက်ကို ရောက်လာတာနဲ့အမျှ ရေကလည်း နက်သည်ထက် နက်လာတယ်။ တစ်ခါမြုတ်သွားပြီး ပြန်ပေါ်လာတဲ့အချိန်ဟာ (၂)မိနစ် (၃)မိနစ်လောက်တောင် ကြာလာတယ်။ ရေကို ရှုသွင်းလိုက်တာနဲ့ အသက်ပျောက်ရမယ်ဆိုတာ သိထားတော့ အသက်ကို ကြိုးစားပြီး အောင့်ထား ရတာပေါ့။

 

နောက်ဆုံး “ငါသေရတော့မှာဘဲ”  ဆိုတဲ့အသိဝင်လာတဲ့ အချိန်များ ကြောက်လိုက်တာဆိုဗျာ- မပြောပါနဲ့တော့။ “ငါ မသေချင် သေးဘူး။ အခုမှ ငါ့အသက် အငယ်လေး ရှိသေးတာ” ဆိုတဲ့အတွေးတွေကလည်း ဒီလောက် အပြင်းအထန်  ရုန်းကန်နေတဲ့ ကြားထဲမှာကို တွေးမိသေးတယ်။ နောက်ဆုံးအကြိမ်ရေထဲက ပေါ်လာတဲ့အချိန်မှာ ကမ်းခြေဆီကို သတိ “မလစ်တစ်ချက်၊ လစ်တချက်နဲ့” လှမ်းကြည့်လိုက်တော့ ကမ်းခြေနဲ့က အတော်ကြီး ဝေးသွားပြီဗျ။ ကိုယ့်အနားမှာလည်း ကယ်မယ့်ယူမယ့်သူ ဆိုလို့ တစ်ယောက်မှ မရှိတော့ဘူး။ အဲဒီအချိန်မှာ ငါတော့ အမှန်တကယ် သေရတော့မှာဘဲလို့ နားလည်လိုက်ပါတော့တယ်။ ဒီလို သေခြင်းတရားကို လက်ခံလိုက်တဲ့အချိန်ရောက်မှ သေရင်ဘဝကူးကောင်းအောင် ဆိုပြီး ဘုရားစာရွတ်ဖို့ သတိရတော့ တယ်။

 

အဲဒီတုန်းက ကျွန်တော်ရတာဆိုလို့ “ဂုဏ်တော်(၉)ပါး” တစ်ခုလောက်ဘဲ ရှိသေးတာ။ ဒါနဲ့ “ဣတိပိသော ဘဂဝါ . . အစ, ချီတဲ့” ဂုဏ်တော်ကိုးပါး ကို စ, ပြီး ရွတ်တော့တာဘဲဗျို့။ အခုအချိန်မှာ ပြောနေတာတွေကမှ ကြာပါသေးတယ်။ အဲဒီ အချိန်မှာ ဖြစ်နေတဲ့ စိတ်တွေက သိပ်မြန်တာကလားဗျ။ “ငါတော့ သေရတော့မှာဘဲ . . . ငါမသေချင်သေးဘူး . . . မရတော့ဘူး ငါသေ ရတော့မယ် . . . ဘုရားစာတော့ ရွတ်ဦးမှ ဖြစ်မယ်” ဆိုတာတွေက စိတ်ထဲမှာ ဖျတ်ကနဲ ဖျတ်ကနဲ ဖြစ်နေတာ အခု ခင်ဗျား ဖတ် နေတာထက် အများကြီး မြန်ပါတယ်။ ဒါနဲ့ ရေထဲကို နောက်ဆုံးနစ်သွားချိန်မှာ စပြီး ရွတ်လိုက်တဲ့ “ဣတိပိသော ဂုဏ်တော်ဟာ “. . . ဗုဒ္ဓေါ၊ ဘဂဝါ” ဆိုတဲ့ ဂါထာအဆုံးမှာတော့ မြစ်ကြမ်းပြင်နဲ့ ခြေထောက်နှစ်ဘက်နဲ့ ထိသွားပါတယ်။

 

အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားတယ်။ ဖျတ်ကနဲဘဲနော်။ အခုပြောနေတာကမှ ကြာပါသေးတယ်။ “ငါအခု ခြေထောက် နဲ့ ပြန်ကန်တက်ရဦးမလား၊ ဒါမှမဟုတ် ဒီအတိုင်း အသက်ရှုသွင်းလိုက်ပြီး အသေခံတော့မလား” ပေါ့။ အမှန်ကတော့ လူက သိပ်ပင်ပန်းနေတော့ လက်လျော့ချင်နေပြီ။ သေမှာလို့လည်း အမှန်ယုံကြည်နေပြီ။ ဒါပေမယ့် လူဆိုတာ နောက်ဆုံးအချိန် အထိတော့ မျှော်လင့်ချက်ရှိသေးတယ်ဆိုတဲ့စကားဟာ မှန်တယ်ပြောရမှာဘဲ။ ဒါနဲ့ နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ ခြေထောက်ကို မြစ်ကြမ်းပြင်နဲ့ ကန်တင်လိုက်လို့ ရေပေါ်ကို ခေါင်းပေါ်လာချိန်မှာဘဲ  . . . . . . . . . .  လား . . . လား ကိုယ့်ခေါင်းဘေးမှာ မဲမဲကြီးတစ်ခု တွေ့လိုက်လို့ လက်နဲ့ လှမ်းဖက်လိုက်တော့ “ဘောကွင်းကြီး” ဗျ။ ဘယ်ကနေ ဘယ်လို ရောက်လာလဲ မသိပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်လည်း သတိလစ်တစ်ချက် ၊ မလစ်တစ်ချက်ဖြစ်နေပြီ။ ဒီတော့ ကျွန်တော်လည်း နောက်ဆုံးရှိတဲ့ ခွန်အားနဲ့ ဘောကွင်းကြီးကို အတင်းဖက်ထားတော့တာပေါ့ဗျာ။ ဒီတော့မှ ကမ်းခြေက လှမ်းကြည့်နေကြတဲ့ လူတွေ လှေတွေနဲ့ လိုက်လာပြီး ကျွန်တော့ကို ဆယ်ကြတော့တာပေါ့ဗျာ။

 

ဖြစ်ပုံကတော့ ကျွန်တော်ဒီလို မြုတ်လိုက်၊ ပေါ်လိုက် ဖြစ်နေချိန်မှာ ဆိပ်ကမ်းအောက်ဖက် ကမ်းခြေတစ်နေရာမှာ ကပ်ထားတဲ့ မော်တော်တစ်စင်းပေါ်ကနေ လူတစ်ယောက်က ဘောကွင်းကို ကျွန်တော်ပေါ်လောက်မယ့်နေရာဆီ မှန်းပြီး ပစ်လိုက်တာ ကံကောင်းချင်တော့ သေကံမရောက်၊ သက်မပျောက်ဆိုတာလို ကျွန်တော်ပြန်ပေါ်လာတဲ့ ခေါင်းပေါ်တဲ့တဲ့ဆီကို ရောက်လာ တော့တာဘဲ။ အဲဒီအချိန်မှာ ဒီဘောကွင်းဟာ ကျွန်တော်နဲ့ ငါးပေအကွာလောက်မှာ ရှိတယ်ဆိုရင်တောင်မှ ကျွန်တော် လက်မလှမ်းနိုင်တော့ပါဘူး။ အင်အားက ကုန်ခမ်းနေပါပြီ။ လူကလည်း သတိလစ်စ  ပြုနေပါပြီ။ ကျွန်တော် မြုတ်လိုက် ပေါ်လိုက် ဖြစ်နေတဲ့နေရာနဲ့ အဲဒီ မော်တော်နဲ့က ပေ (၅၀)လောက် ဝေးပါတယ်။ ကျွန်တော် ရေအောက်ကို ရောက်နေချိန်မှာ ပေ(၅၀)လောက်ဝေးတဲ့နေရာကနေ ရမ်းသမ်း ပစ်လိုက်တဲ့ ဘောကွင်းကြီးဟာ ကျွန်တော်ပြန်ပေါ်မယ့် နေရာအတည့်ကို ကျလာတယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုလို့ ပြောဖို့ ခက်လှပါတယ်။ မြစ်ရေက တလဟော စီးဆင်းနေတော့ မြုတ်သွားတဲ့ နေရာတဲ့ ပြန်ပေါ်တဲ့ နေရာက ပေ(၃၀-၄၀)လောက် ကွာတယ်လေ။ ဒါကို ဘောကွင်းပစ်တဲ့လူကလည်း မှန်းပြီးပစ်ရတာပေါ့။  ဘောကွင်းနဲ့ကျွန်တော် (၅)ပေလောက်ကွာရင်တောင်မှ ကျွန်တော် လှမ်းမဖမ်းနိုင်လောက်အောင် အင်အားကုန်ခမ်းနေချိန်မှာ ခေါင်းပေါ်ကို အတည့်ကျလာတာ အတော်ဆန်းကျယ်လှပါတယ်။

 

ဒါကြောင့် ဒီလို အသက်ဘေးကလွတ်မြောက်လာတာဟာ နောက်ဆုံးအချိန်မှာ ရွတ်ဆိုလိုက်တဲ့ “ဂုဏ်တော်(၉)ပါး” တန်ခိုးတော်ကြောင့် လို့သာ ကျွန်တော်တော့ ယနေ့အချိန်အထိ အခိုင်အမာ ယုံကြည်ထားပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး ပြောစရာ တစ်ခု ရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀)လောက်က “တန်ခိုးထက်မြက်သော ဗုဒ္ဓဂုဏ်တော်များ နှင့် ကိုယ်တွေ့ဖြစ်ရပ်များ” ဆိုတဲ့စာအုပ် ဟာ Best Seller ဖြစ်ခဲ့ဘူးပါတယ်။ စာအုပ်ပြုစုသူကတော့ “မင်းသူရိန်” လို့ ထင်ပါတယ်။ ဒီစာအုပ်ထဲမှာ “ဗုဒ္ဓ၏ ဂုဏ်တော်” တွေကြောင့် အသက်ဘေးကလွတ်မြောက်သူတွေ၊ အခက်အခဲ အကြပ်အတည်းမျိုးစုံက လွတ်မြောက်သူတွေ အကြောင်းကို စာရေးသူက ကိုယ်တွေ့ အင်တာဗျူးပြီး ရေးထားတဲ့စာအုပ်ပါ။ အလွန်နာမည်ကြီးပြီး အလွန်ရောင်းကောင်းခဲ့တဲ့စာအုပ်ပါ။ အသက် (၄၀)(၅၀)ဝန်းကျင် တွေ မှတ်မိကြပါလိမ့်မယ်။

 

လူ့လောကမှာ ဖြစ်ရပ်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရင် “ထောက်ခံပြောဆိုသူ” နဲ့ “ကန့်ကွက်ပြောဆိုသူ” ဆိုတာ အစဉ်ရှိကြ စမြဲပါ။ ဒီစာအုပ် ဒီလို နာမည်ကြီးလာတော့လည်း ဗုဒ္ဓဂုဏ်တော်တွေကို အကြွင်းမဲ့ ယုံကြည်သူတွေ ရှိသလို၊ မယုံကြည်လို့ ကန့်ကွက်ပြောဆိုသူ တွေလည်း ရှိပါတယ်။(ဗုဒ္ဓဘာသာတွေနော်)

 

သူတို့ပြောပုံက “ဂုဏ်တော်တွေရွတ်ပြီး မသေတဲ့သူတွေကသာ သူတို့ မသေရတာ ဂုဏ်တော်ကြောင့်လို့ပြောတာပေါ့၊ ဂုဏ်တော်ရွတ်ရင်း သေသွားသူတွေက (သေ,သွားမှတော့) ဘယ်လိုလုပ်ပြီး ပြန်ပြောနိုင်တော့မှာလဲ” တဲ့။ အင်း- သူတို့ ပြောတာကလည်း ဟုတ်သလိုလိုဘဲ။ တော်တော်စဉ်းစားစရာ ကောင်းတဲ့ စကားပါဘဲ။ ဒီလိုမျိုးလည်း ရှိချင် ရှိနိုင်တာဘဲလေ။ ဖြစ်နိုင်တာဘဲ။ မဖြစ်နိုင်ဘူးလို့မငြင်းချင်ပါဘူး။

 

သို့သော်ငြားလည်း လွန်ခဲ့သော နှစ်ပေါင်း (၃၀)ခန့်က ယခုဆောင်းပါးကို ရေးနေသော ကျွန်ုပ်တည်းဟူသော သကောင့်သား တစ်ယောက်ကမူ “ဗုဒ္ဓ၏ဂုဏ်တော်” ကို ရွတ်ဖတ်အပြီးမှာ အသက်ဘေးကနေ မယုံကြည်နိုင်စွာ လွတ်မြောက်ခဲ့ရကြောင်းပါ ခင်ဗျား။

ထို့နောက် ဆက်လက်ဖော်ပြချင်သည်မှာ ထို , အကျွန်ုပ်သည် ဗုဒ္ဓဟူးသားဖြစ်သောကြောင့် အသက် (၁၈)နှစ်သည် (9)ဂဏန်းဖြစ်၍ သက္ခတ်ဗေဒင်အရ “စနေသက္ခတ်” အတွင်း ကျရောက်နေပြီး ထိုမြစ်ဆိပ်ကမ်းသည်လည်း “စနေနံဘုရား” ဟု အမည်နာမရှိသော ဘုရားစေတီ၏ ခြေရင်းတွင် ရှိသော ဆိပ်ကမ်းဖြစ်ကြောင်း ဗေဒင်ရှုထောင့်မှ ဆက်လက်တင်ပြ လိုက်ရပါသည်ခင်ဗျား။ 9 ဂဏန်း(အင်္ဂါ)+စနေ= Accident .

(၇)ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးနှင့် သဘာဝဘေးဥပဒ်များမှ လွတ်ကင်းနိုင်ကြပါစေကုန်သော်။

ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)