ဗိုလ်ချုပ်အောင်ဆန်းနှင့် နာမည်ပက္ခတ်မိခြင်း

ကျွန်တော်တို့ရဲ့ ရှေ့က ဆောင်းပါးတွေမှာ လူတစ်ယောက်ဟာ ညံ့ဖျင်းတဲ့ အတိတ်ကံတွေ ပါလာခဲ့ရင် နာမည်မှည့်တဲ့နေရာမှာလည်း အတိတ်ကံနဲ့ ထပ်တူကျတဲ့ နာမည်မျိုးကို ရွေးချယ်မိတတ်ကြောင်း ဖော်ပြခဲ့ပါတယ်။ (သီပေါမင်းနှင့် နာမည်ပက္ခတ်မိခြင်း Post ကို ပြန်ကြည့်ပါ)

ယခု ပို့စ်မှာလည်း အတိတ်က ဥပစ္ဆေဒကကံ ပါလာတဲ့အတွက် အဲ့ဒီကံနဲ့ ထပ်တူကျနေတဲ့ နာမည်ကို ရွေးချယ်ခဲ့မိသွားသူ တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ အဲ့ဒီသူကတော့ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း” ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟာ အများသိကြတဲ့အတိုင်း 1915 ခု ဖေဖေါ်ဝါရီလ 13 ရက် (စနေနေ့) မှာ မွေးဖွားခဲ့ပါတယ်။ မဟာဘုတ် (၂)ကြွင်း ရာဇဖွားတစ်ယောက် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ဘဝမှာ နာမည် (၃)မျိုးတောင် ရှိခဲ့ပါတယ်။ ငယ်နာမည် ”မောင်ထိန်လင်း” ဖြစ်ပြီး ကျောင်းသားဘဝရောက်တော့ ”မောင်အောင်ဆန်း” (သခင်အောင်ဆန်း) ဖြစ်လာပါတယ်။ ရဲဘော်သုံးကျိပ်နဲ့အတူ ဂျပန်နိုင်ငံကို စစ်ပညာသင်သွားတော့ ”ဗိုလ်တေဇ” ဆိုတဲ့ နာမည်တစ်ခု ဖြစ်လာပြန်ပါတယ်။

ဗိုလ်ချုပ်ရဲ့ ဇာတာကို ကြည့်မယ်ဆိုရင် မကာရလဂ် မှာ (၁၁)တန့်သခင် အင်္ဂါဟာ လဂ်နဲ့ပူးယှဉ်ပြီး ဥုစ်ဂြိုဟ် ဖြစ်နေပါတယ်။ ဒီအချက်တစ်ချက်ထဲနဲ့တင် စစ်ဘက်ရေးရာတွေမှာ ထူးချွန်ပြောင်မြောက်မည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ ခိုင်လုံနေပါတယ်။

လဂ်သခင် စနေဂြိုဟ်ဟာ အာရီအိမ် (၆)တန့်ဘာဝမှာ ရပ်တည်နေပြီး (၈)တန့်ဆိုတဲ့ မရဏဘာဝကို မြင်နေပါတယ်။ လဂ်နဲ့ပူးယှဉ်နေတဲ့ ဥုစ် အင်္ဂါဂြိုဟ်ကလည်း (၈)တန့်ဘာဝကို ဝိသေသအမြင်ပြုနေပြန်ပါတယ်။ (၈)တန့်ဆိုတဲ့ မရဏဘာဝကို စနေ အင်္ဂါပါပဂြိုဟ်(၂)လုံးက ဝိသေသအမြင်ပြုနေတာကိုက ဗိုလ်ချုပ်မှာ ဥပစ္ဆေဒကကံနဲ့အတူ မွေးဖွားလာတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ (ဂြိုဟ်ပူးထက်ပင် ဂြိုဟ်မြင်အားရှိ)

ဒါကြောင့် ဒီကံနဲ့ ထပ်တူကျနေတဲ့ ”ထိန်လင်း” “အောင်ဆန်း” ဆိုတဲ့ ပက္ခတ်မိနေတဲ့ နာမည်တွေဟာ ဖြစ်ပေါ်လာပါတော့တယ်။

(၂)ကြွင်းသမားအတွက် ”ထိန်လင်း” အမည်ဟာ ရာဇနဲ့ သိုက် ပက္ခတ်မိနေတဲ့ အမည်ဖြစ်ပြီး ၊ ”အောင်ဆန်း” အမည်ကျတော့ အထွန်းနဲ့ ပုတိ ပက္ခတ်ကျနေတဲ့ အမည်ဖြစ်နေပြန်ပါတယ်။ ငယ်နာမည် ”ထိန်လင်း” ဟာ ပက္ခတ်မိပေမယ့် (ရာဇ+သိုက် ဖြစ်လို့) လုပ်ကြံသတ်ဖြတ်ခံရလောက်အောင် အားမပြင်းပါဘူး။

ဒါကြောင့် လုပ်ကြံသတ်ဖြတ်ခံရမှုကို အားပြင်းစေတဲ့ (အထွန်း+ပုတိ) ”အောင်ဆန်း” ဆိုတဲ့ နာမည်တစ်ခု ဖြစ်ပေါ်လာပြန်ပါတယ်

ဒီနေရာမှာ အလွန်ထူးဆန်းတဲ့ ကံတရားတွေရဲ့ ချုပ်ကိုင်မှုကို ပြောပြချင်ပါတယ်။

အဲ့ဒါက ရဲဘော်သုံးကျိပ်နာမည်ဖြစ်တဲ့ ”ဗိုလ်တေဇ” နာမည်က ပက္ခတ်လုံးဝမမိပါဘူး။ လွတ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ မရှောင်လွှဲနိုင်တဲ့ အတိတ်ကံက ပါပြီးဖြစ်နေတော့ ”ဗိုလ်ချုပ်တေဇ” ဖြစ်မလာဘဲ ”ဗိုလ်ချုပ်အောင်ဆန်း” သာ ဖြစ်လာပါတော့တယ်။

သူနဲ့အတူ စစ်ပညာသင်သွားခဲ့ကြတဲ့ ”ဗိုလ်နေဝင်း” “ဗိုလ်လင်္ကျာ” ”ဗိုလ်ရန်နိုင်” “ဗိုလ်ကျော်ဇော” “ဗိုလ်ရဲထွဋ်” စတဲ့ ရဲဘော်သုံးကျိပ်ဝင်အားလုံးဟာ သေသည်အထိ ရဲဘော်သုံးကျိပ်ဝင် နာမည်တွေကို မပြောင်းလဲတော့ဘဲ ဆက်လက် ခံယူသွားကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်သာ ”ဗိုလ်တေဇ” ကနေ ”ဗိုလ်ချုပ်အောင်ဆန်း” ကို ပြန်လည်ပြောင်းလဲလိုက်တာကလည်း အင်မတန် ထူးဆန်းတဲ့ ကံတရားတစ်ခုဖြစ်ပါတယ်။

မပြောင်းလဲနိုင်တဲ့ ကံတရားဟာ သူကံနဲ့ ထပ်တူကျမည့် နာမည်ကိုဘဲ ပြန်လည်ရွေးချယ်လိုက်တာ အင်မတန် အံ့ဩစရာပါ။

ကျွန်တော့်ရဲ့ နာမည်ပေးဗေဒင်ပညာ ဘဝလမ်းခရီးမှာလည်း ဒီလို အဖြစ်အပျက်မျိုးတွေ မကြာခဏ ကြုံခဲ့ရပါတယ်။ ကလေးတစ်ယောက်ကို ဘယ်လောက် ခြောက်ပြစ်ကင်းတဲ့ နာမည်တစ်ခုကို ပေးလိုက်သော်လည်း ၊ ကလေးမှာက ညံ့ဖျင်းတဲ့ အတိတ်ကံကရှိနေတော့ “နာမည်မှန် နာမည်ကောင်း”ကို မကြိုက်တော့ဘဲ ဟိုဆရာ လိုက်ပြ ၊ ဒီဆရာ သွားပြနဲ့ နောက်ဆုံးတော့ သူ့ကံကြမ္မာနဲ့ ထပ်တူကျသွားတဲ့ နာမည်မှ မိဘတွေက နှစ်ခြိုက်ရွေးချယ် သွားကြတာကို များစွာတွေ့ကြုံရပြီးခဲ့ပါပြီ။ တော်တော်လည်း စိတ်မကောင်းစရာပါဘဲ။

ဒါကြောင့် အကျဉ်းချုပ်ပြောချင်တာက နာမည်ဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အလွန်အရေးကြီးပေမယ့် ကံတရားရဲ့ အလိုကို လွန်ဆန်နိုင်ခဲပါတယ်။ အတိတ်က ညံ့ဖျင်းတဲ့ ကံကြမ္မာများ ပါလာတဲ့ လူတစ်ယောက်ဟာ သူကံနဲ့ ထပ်တူကျမည့် နာမည်များကိုသာ တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်မိတတ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျာ

မေတ္တာများစွာဖြင့်

ဒေါက်တာတင်ဗိုလ်ဗိုလ် (နာမက္ခရနှင့် ဟူးရားနက္ခတ်ကျွမ်းကျင်သူ)

ကွန်ပျူဗေဒသုခုမ

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…