“ဖုန်းရွှေ” ဆိုတာ လူနာမည် မဟုတ်ပါ။ တရုတ်လူမျိုးတို့၏ ရိုးရာ အမွေအနှစ် “ဂမ္ဘီရ” ပညာတစ်ခုဖြစ်ပါတယ်။ တရုတ်အသံထွက် အမှန် (အနီးစပ်) ဆုံးကတော့ “ဖန်းရှုရီ” (Feng shui) လို့ ထွက်ရမယ် ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီပညာကို ပထမဆုံး မိတ်ဆက်ပေးသူလို့ ဆိုနိုင်လောက်တဲ့ “ဆရာဟိန်းလတ်” က သူရဲ့ ပထမဆုံး (Feng shui) စာအုပ်ကို “ဖုန်းရွှေ” လို့ နာမည်ပေးလိုက်တဲ့ အတွက် မြန်မာနိုင်ငံမှာ ဒီပညာဟာ “ဖုန်းရွှေ” လို့ “နာမည်ပေါက်” သွားပါတော့တယ်။
“ဖုန်းရွှေ” ဆိုတာ ဘာလဲ? ။ ဘယ်လို ဂမ္ဘီရ ပညာလဲ? ။ ဟုတ်ကဲ့ – မှန်တဲ့အတိုင်း ပြောရင် ကျွန်တော်လည်း သိပ်မသိပါ။ ဒီပညာက ကျွန်တော် ကျွမ်းကျင်တဲ့ ပညာတစ်ခု မဟုတ်ပါ။
ဒီပညာနဲ့ ပတ်သက်ရင် ဆရာဟိန်းလတ် နဲ့ ဆရာသက်လုံ တို့ရဲ့ စာအုပ်တွေလောက်သာ ဖတ်ဘူးပြီး ဒီပညာအကြောင်း နှိုက်နှိုက် ချွတ်ချွတ် မလေ့လာဘူးပါ။ လက်တွေ့နဲ့ ယှဉ်ပြီးတော့ လည်း သုတေသန မပြုဘူးပါ။ “စာသိ” လောက်ဘဲ ရှိပါတယ်။
စာသိအရတော့ “ဖုန်းရွှေ” ပညာဟာ “နေအိမ်၊ အဆောက်အဦ အခင်းအကျင်း” တွေနဲ့ ဆိုင်တဲ့ ပညာဖြစ်ပြီး “နေအိမ် အဆောက်အဦပညာ” (ဂေဟာဗေဒ)လို့ ခေါ်ရမလား ထင်ပါတယ်။ အဆောက်အဦး တစ်ခု ဆောက်လုပ်တော့မယ်ဆိုရင် ဘယ်လိုမြေနေရာမျိုး ရွေးရမယ်၊ ဘယ်လို ပုံစံမျိုး ဆောက်ရမယ်၊ ဘယ်လို အခန်းဖွဲ့စည်းပုံမျိုး ဖွဲ့ရမယ်၊ ဘုရားစင်က ဘယ်နေရာ၊ ဧည့်ခန်းက ဘယ်နေရာ ၊ မီးဖိုဆောင်က ဘယ်နေရာ၊ အိမ်သာ ရေချိုးခန်းက ဘယ်နေရာ . . . စသည်ဖြင့် စနစ်တကျ နေရာချထားတဲ့ ပညာကို “ဖုန်းရွှေ” ပညာလို့ ခေါ်ပါတယ်။
အဆောက်အဦးရဲ့ ကျက်သရေ မင်္ဂလာကို တိုးတက်စေတဲ့ ပစ္စည်းများ ဖြစ်တဲ့ “ငါးကန်” လေးတွေ၊ နိမိတ်ကောင်းတဲ့ ပန်းပင်လေးတွေ၊ အသံချိုလွင်တဲ့ ပစ္စည်းလေးတွေကို နေရာချ ထားတဲ့ ပညာလည်း ဖြစ်ပါတယ်။ ဘယ်ပစ္စည်းကို ဘယ်နားမှာ ထားရမယ်၊ ဘယ်ပစ္စည်းကို ဘယ်နားမှာ မထားရဘူး ဆိုတာတွေလည်း ပါဝင်ပါတယ်။
ဒီလို နေရာချထားမှု မှန်ကန်ရင် ဒီ နေအိမ် ၊ အဆောက်အဦမှာ နေထိုင်တဲ့ သူများအတွက် ကျန်းမာရေး၊ စီးပွားရေး များတိုးတက်ကောင်းမွန် ပြီး အိမ်တွင်း အေးချမ်းသာယာမှုကို ရရှိနိုင်မှာ ဖြစ်တယ် လို့ (တရုတ်လူမျိုးများဟာ) ယုံကြည်ကြပါတယ်။
ဒီနေရာမှာ “လေကြော” နဲနဲ ရှည်ချင် ပါသေးတယ်။ တရုတ်လူမျိုးများဟာ အံ့သြစရာ ကောင်းတဲ့ လူမျိုးလို့ ပြောရမလား ? ချီးမွမ်းစရာ ကောင်းတဲ့ လူမျိုး လို့ ပြောရမလား မသိပါ ? ။ တရုတ်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ “လူ့ယဉ်ကျေးမှု (Human Civilization)” အစောဆုံး လူမျိုးကြီးတစ်မျိုး ဖြစ်ပြီး သူတို့ရဲ့ ယဉ်ကျေးမှုဟာ အနှစ် (၅၀၀၀)ကျော်လောက်ပြီလို့ ပညာရှင်တွေ ခန့်မှန်းကြပါတယ်။
သူနဲ့ ခေတ်ပြိုင် ယဉ်ကျေးမှုတွေ ၊ ခေတ်လွန် ယဉ်ကျေးမှုတွေ တစ်ခုပြီး တစ်ခု “ကျဆုံးပျောက်ကွယ်” သွားကြပေမယ့် သူတို့ ကတော့ ယနေ့တိုင် ကမ္ဘာပေါ်မှာ လူဦးရေလည်း အများဆုံး/ ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ထိန်းသိမ်းနိုင်စွမ်း အရှိဆုံး လူမျိုးစုကြီး တစ်ခုအဖြစ် ဆက်လက် ရပ်တည်လျှက် ရှိနေပါသေးတယ်။
အဲဒါ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်လူမျိုးများဟု သူတို့ ရိုးရာယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းခဲ့ကြလို့သာ ဖြစ်ပါတယ်။ ယနေ့ အလွန်တိုးတက်လှတဲ့ သိပ္ပံ နည်းပညာ ခေတ်ကြီးကို ရောက်လာပေမယ့် တရုပ်လူမျိုးများဟာ သူတို့ရဲ့ ရိုးရာအမွေအနှစ်များကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းလျှက် ရှိနေဆဲ ဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။
ကွယ်လွန်ပြီးတဲ့ မိဘဘိုးဘွားတွေကို ကန်တော့တဲ့ ပွဲ၊ လ,နတ် ပူဇော်ပွဲ၊ ကွမ်ရင်မယ်တော် ပူဇော်ပွဲ ၊ တစ္ဆေကြီး ပူဇော်ပွဲ ၊ ရိုးရာ နှစ်သစ်ကူးပွဲ ၊ သင်္ချီုင်းနတ်ပူဇော်ပွဲ စတဲ့ စတဲ့ . . . မရေမတွက်နိုင်တဲ့ ရိုးရာပွဲလမ်းတွေ ကို တရုတ်လူမျိုးများဟာ ယနေ့ထက်တိုင်အောင် မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားကြဆဲဖြစ်ပါတယ်။
တရုပ်ရိုးရာ အကောင် (၁၂)ကောင် ဗေဒင် ၊ ဘုတ်ကြီး (၈)ပါးဗေဒင် (ယိချင်း) ၊ ဘုတ်ကြီး ငါးပါးဗေဒင် ၊ ဖုန်းရွှေ ၊ ကွမ်ရင်မယ်တော် စာချခြင်း စတဲ့ ရိုးရာ ဗေဒင်ပညာများကိုလည်း ယနေ့တိုင် ယုံကြည်လိုက်နာလျှက် ရှိနေပါတယ်။
“ကွန်မြူနစ်ဝါဒ” ရဲ့ လက်အောက်ကို ကျရောက်ခဲ့ပြီး (မော်စီတုန်းခေတ်) အလွန်ဆိုးဝါးလှတဲ့ “ယဉ်ကျေးမှု တော်လှန်ရေးကာလ” ကြီးမှာ တရုပ်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ် များစွာဟာ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီလို “အမှောင်ကာလကြီး” ကို ဖြတ်သန်းခဲ့ရတဲ့ အချိန်မျိုးမှာ တောင်မှ တရုပ်လူမျိုးများဟာ သူတို့ ရိုးရာယဉ်ကျေးမှုများကို (အသက်နဲ့ရင်းပြီး) ပုန်းလျှိုးကွယ်လျှိုး ဆက်လက် ထိမ်းသိမ်းခဲ့ကြပါတယ်။
ဒီလို ရှေးရိုးရာ အစဉ်အလာတွေကို မြတ်မြတ်နိုးနိုး ယုံကြည်နေကြတာကြောင့် သူတို့ကို “ခေတ်နောက်ပြန်ဆွဲ ၊ ရှေးရိုးဝါဒီ” တွေလို့ သတ်မှတ်နိုင်ပါသလား ? ၊ “အယူသည်းသူ၊ ခေတ်နောက်ကျသူူ” များအဖြစ် ခေါ်ဆိုနိုင်ပါသလား ? ။
ဒါဆိုရင် ယနေ့ ကမ္ဘာမှာ တရုတ်နိုင်ငံ / တရုတ်လူမျိုးများရဲ့ တိုးတက်မှုကို ကြည့်လိုက်ပါ။ ယနေ့ (၂၁)ရာစု တရုပ်လူမျိုးတို့ရဲ့ စီးပွားရေး နဲ့ နည်းပညာပိုင်းမှာ ကြောက်ခမန်းလိလိ တိုးတက် နေမှုကို ကြည့်ရင် သူတို့ကို ခေတ်နောက်ကျနေတဲ့ လူမျိုးဟု ခေါ်နိုင်ပါဦးမလား။ တရုပ်လူမျိုး တို့ရဲ့ စီးပွားရေး ၊ နည်းပညာ တိုးတက်မှုကို တစ်ကမ္ဘာလုံးက မျက်လုံး အပြူးသားနဲ့ စောင့်ကြည့် နေကြရပါပြီ။
ဒါပေမယ့် သန်းပေါင်းများစွာသော တရုပ်လူမျိုးများဟာ ယနေ့ထက်ထိအောင် ဂမ္ဘီရပညာများ နှင့် ရှေးရိုးရာအစဉ်အလာ များကို လိုက်နာ ကျင့်သုံးဆဲသာ ရှိပါသေးတယ်။ တရုတ်ရိုးရာ ဘုံကျောင်းများ၊ ကွမ်ရင် မယ်တော် ကျောင်းများတွင် နေ့စဉ်နှင့်အမျှ တရုတ်လူမျိုးများ ပြည့်နှက်လျှက် ရှိပါသေးသည်။
ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် တရုတ်သူဌေးကြီးများသည်လည်း တရုတ်ရိုးရာ ဂမ္ဘီရပညာရှင် များနှင့် တိုင်ပင်နှီးနှောလျှက် ရှိနေပါ သေးတယ်။ “ကွမ်ရင်မယ်တော်” ကျောင်းများ တွင်လည်း မိမိတို့၏ ရှေ့လုပ်ငန်းစဉ်များအတွက် “စာချ” လျှက်ရှိသော တရုပ်လူမျိုးများ အများအပြားကို တွေ့မြင်ရမည် ဖြစ်ပါသည်။ (၂၁)ရာစု အဝင်ကာလမှာ စီးပွားရေး နှင့် နည်းပညာအရာမှာ ကမ္ဘာ့နံပါတ်(၁) အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေတဲ့ လူမျိုးကြီး တစ်မျိုးဟာ မိမိတို့ရဲ့ အနာဂါတ်ရည်မှန်းချက်များ အောင်မြင်မှုအတွက် “ဂမ္ဘီရပညာရပ်”များ အပေါ်တွင် လုံး၀ အားထားယုံကြည် လျှက်ရှိသည်မှာ ယုံကြည်နိုင်ဖွယ်ပင် မရှိပါ။ ဒါပေမယ့် သူတို့ လက်တွေ့ အောင်မြင်နေကြပါတယ်။
ဒါဟာ ဂမ္ဘီရ ပညာရပ်များကို ခေတ်နှင့် ဆီလျှော်မှု မရှိသော အယူသည်းမှုများအဖြစ် ရှုမြင်နေကြ သူများအတွက် စဉ်းစားဖွယ်ရာ ကိစ္စကြီး တစ်ခုပါ။ ကျွန်တော် လက်တွေ့လေ့လာ ကြည့်သလောက် တရုတ်လူမျိုး (၇၀)% လောက်ဟာ “ကွမ်ရင်” မယ်တော် ကျောင်းမှာ “စာချ” ခြင်း ကဲ့သို့သော ဂမ္ဘီရ ကိစ္စများနှင့် တိုင်ပင်ဆွေးနွေးမှု မပြုလုပ်ဘဲ ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်လေ့မရှိကြပါဘူး။ “စာချ” လို့ ရတဲ့ အဖြေများကိုလည်း တသွေမတိမ်း လိုက်နာပြီး လုပ်ဆောင်လေ့ ရှိကြတာကို လေ့လာဘူးပါတယ်။
“ဖုန်းရွှေ” ဟာလည်း တရုတ်လူမျိုးများရဲ့ အားထားယုံကြည်ရာ ရိုးရာယဉ်ကျေးမှု ဂမ္ဘီရပညာ တစ်ခုဖြစ်ပြီး သန်းပေါင်းများစွာသော တရုတ် လူမျိုးများဟာ ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ် လိုက်နာလျှက် ရှိကြပါတယ်။
မြန်မာလူမျိုးများမှာလည်း “ဖုန်းရွှေ” ပညာနဲ့ အလားတူတဲ့ “မြန်မာ့ရိုးရာ အဆောက်အဦပညာ” ဆိုတာ ရှိခဲ့ပြီး ရှေးခေတ် အိမ်ဆောက် လက်သမားဆရာ တိုင်းလိုလို တတ်မြောက်ကြတဲ့ ပညာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ် မြန်မာနိုင်ငံမှာ ဆောက်လုပ်နေကြတဲ့အဆောက်အဦ အတော်များများမှာတော့ ဒီပညာရပ်တွေရဲ့ အရိပ်အငွေ့ တစ်ခုတစ်လေမှ မတွေ့ရတော့ပါဘူး။ တတ်မြောက်တဲ့ လက်သမား၊ ပန်းရံဆရာရယ်လို့လည်း သိပ်မရှိကြတော့ပါဘူး။
“ဖုန်းရွှေ” ပညာနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ “ခံလိုက်ရတာ”လေးတစ်ခု ရှိလို့ ဖောက်သည်ချ ချင်ပါသေးတယ်။ လွန်ခဲ့တဲ့ (၇) နှစ်လောက်က ကျွန်တော် လမ်းမတော် (၁၉)လမ်း မှာ အခန်းငှားနေရာကနေ – အိမ်လခတွေ အရမ်းတက်လာလို့ ဘုရင့်နောင် (သီရိမွန်) အိမ်ယာ ကို ပြောင်းလိုက် ရပါတယ်။ အဲဒီ အိမ်ယာက အခန်းမှာ ဘုရားခန်း တစ်ခန်း ၊ ဧည့်ခန်း တစ်ခန်း ၊ အိပ်ခန်း (၂)ခန်း ပါ,ပါတယ်။ ဒါပေမယ့် ကျွန်တော့် မိသားစုက “ကြီး” တော့ ဘုရားခန်း တစ်ခန်း သပ်သပ် မပေးနိုင်ပါဘူး။ ဘုရားစင်ကို ဧည့်ခန်းထဲ ရွှေ့လိုက်ရပြီး ဘုရားခန်းကို လူနေလိုက်ရပါတယ်။ အဲဒီမှာ ဘုရားစင် နဲ့ နောက်ဖေး အိမ်သာပေါက်က တစ်တန်းတည်း ကျနေပါတယ်။ ဘယ်လိုမှ ရွှေ့လို့ရပါဘူး။ “ဖုန်းရွှေ” ပညာအရ လုံး၀ မအပ်စပ်တဲ့ အရာပါ။
စိတ်ထဲမှာ မသိုးမသန့်ဖြစ်လို့ ဒီကြားထဲကို သုံးထပ်သားနဲ့ (Partition) တစ်ခု “ကာ”ထား လိုက်ပါတယ်။ “စတိ ယတြာ” လုပ်ကြည့်တာပေါ့လေ။ မရပါဘူး ။ အိမ်ပြောင်းပြီး တစ်နှစ် မပြည့်ခင်အတွင်း ကျွန်တော် ကျန်းမာရေး အသည်းအသန်ဖြစ်ပြီး ဆေးရုံ တက်လိုက်ရပါတယ်။ ဒီအခန်းမှာ (၂)နှစ်ကျော် နေခဲ့တဲ့ ကာလမှာ ဆေးရုံ (၂)ကြိမ်တက်ရပါတယ်။ လူလည်း ကျန်းမာရေး ဂျုံးဂျုံးကျ ဖြစ်သွားပါတယ်။
ကျွန်တော်တို့ရဲ့ အောက်ထပ်အခန်းကလည်း နေရာချထားပုံက ကျွန်တော်တို့အခန်းအတိုင်း ပါဘဲ။ ဘုရားစင် နဲ့ အိမ်သာနဲ့ တစ်တန်း တည်း။ ကျွန်တော်တို့ ပြောင်းလာစ က အဲဒီ အခန်းငှားနေသူ “ကျောက်ကပ်ရောဂါ” ခံစား နေရပါတယ်။ (ဒီ အခန်းရောက်မှ ရောဂါ စ,ဖြစ်တာလို့ ပြောပါတယ်)။ နောက် ကျွန်တော်တို့ရောက်ပြီး (၁)နှစ်လောက်ရှိတော့ အဲဒီလူ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားရှာ ပါတယ်။
“ဖုန်းရွှေ”က ဒီတင် မပြီးသေးပါဘူး။ မနှစ်က နွေရာသီ မတိုင်မှီလေးမှာ “စမ်းချောင်း” က သူငယ်ချင်းတစ်ယောက် “ကျွန်တော် အခုနေတဲ့ “အလုံ” ရပ်ကွက်ထဲ ကို ပြောင်းလာတယ် ကြားလို့ ကျွန်တော် သွားတွေ့ပါတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းရဲ့ အခန်းမျာ နေရာချထားပုံက – ဘုရင့်နောင်မှာ ကျွန်တော် နေတုန်းက အိမ်ခန်း ဖွဲ့စည်းပုံအတိုင်း “ဘုရားစင်” နဲ့ “အိမ်သာ” က တစ်တန်းတည်း ဖြစ်နေပါတယ်။ ကျွန်တော် ဒီဘုရားစင်ကို နေရာ ချက်ခြင်း ရွှေ့လိုက်ဖို့ ပြောခဲ့ပါသေးတယ်။ သူ ယုံကြည်ဟန် မတူပါဘူး။ သိပ်မကြာလိုက်ပါဘူး။ အဲဒီ နွေရာသီမှာဘဲ သူငယ်ချင်းဖြစ်သူ “ကိုယ်တစ်ခြမ်း“ လေဖြတ်သွားလို့ အခု ဒီစာ ရေးနေချိန်မှာ အိပ်ယာထဲ လဲနေပါတယ်။
ကဲ – တကယ်ဘဲ “ဖုန်းရွှေ” ပညာရဲ့ အကျိုးသက်ရောက်မှုလား ? တိုက်ဆိုင်မှုလား ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။ ကျွန်တော်ကတော့ “ဖုန်းရွှေ” နဲ့ ပတ်သတ်ပြီး သိပ်မပြောပြ နိုင်သေးပါဘူး။ ဒါပေမယ့် “ဖုန်းရွှေ” ပညာကို လေ့လာချင်သူများအတွက် “ဖုန်းရွှေ” သီးသန့် မြန်မာဘလော့လေးတစ်ခု ပေါ်ထွန်းလာပါပြီဗျာ။ “ကိုအုပ်စိုး” ရဲ့ MM FENG SHUI STUDY ပါတဲ့ဗျား။ အဲဒီမှာ သွားရောက် လေ့လာနိုင်ပါတယ်။ ဒီဆိုဒ်ကလေးကို မိတ်ဆက် ပေးချင်လို့ ယခု “ဖုန်းရွှေလာပြီ” ဆိုတဲ့ ဆောင်းပါးလေးကို ရေးလိုက်ခြင်း ဖြစ်ပါကြောင်း။ ဒီနေရာကို နှိပ်လိုက်ပြီး လင့်ခ်သွားလိုက်ပါ ခင်ဗျား။
(ကိုအုပ်စိုး ရေ ၊ ကျွန်တော်ကတော့ မိတ်ဆက်ပေးလိုက်ပြီနော် ၊ ပို့စ်တွေ မှန်မှန်တော့ တင်ပေးပါဗျာ။ ကျွန်တော်တို့ အားလုံး စိတ်အား ထက်သန်စွာနဲ့ စောင့်မျှော်နေကြပါတယ် . . . )
ဖုန်းရွှေအကြောင်း ဤတွင် အဆုံးသတ်ပါပြီ။
အလည်လာ ဖတ်ရှုသူအပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။
ဒေါက်တင်တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)