မြန်မာ့ရိုးရာဗေဒင်ပညာမှာ “မဟာဘုတ်ဗေဒင်ပညာ” ဆိုတာရှိပါတယ်။
ရှေးနှစ် ရာပေါင်းများစွာတည်းက ပေါ်ထွန်းလာခဲ့တဲ့ မြန်မာ့ရိုးရာဗေဒင်ပညာစစ်စစ်ဖြစ်ပါတယ်
မဟာဘုတ် ဇာတာခွင်ချနည်းကတော့ မြန်မာသက္ကရာဇ်ကိုတည်၊ (၇)နဲ့စား၊ အကြွင်းကို “အောင် လံ ထူ စစ် သူ ကြီး ပွဲ” ဆိုပြီး မဟာဘုတ်ခွင်မှာ ချလိုက်ရင် နေ့သားအလိုက် “အထွန်းဖွား ၊ သိုက်ဖွား ၊ ရာဇဖွား ၊ အဓိပတိဖွား ၊ ပုတိဖွား ၊ ဘင်္ဂဖွား ၊ မရဏဖွား” ဆိုပြီး အဖွား (၇) ခု ထွက်ပေါ်လာပါတယ်။
အဲ့ဒီမှာ ယေဘူယျ သတ်မှတ်ချက်အနေနဲ့ “အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ” ဖွားများကို အထက်တန်းဖွားတွေလို့ သတ်မှတ်ပြီး၊ “ပုတိ ၊ ဘင်္ဂ နဲ့ မရဏ” ဖွားများကိုတော့ အောက်တန်းဖွားများ လို့ သတ်မှတ်ကြပါတယ်။
အထက်တန်းဖွားများကို အဆင့်မြင့်တယ်၊ ကောင်းတယ်လို့ ယူဆချက်ရှိပြီး အောက်တန်းဖွားများကိုတော့ အဆင့်နိမ့်တယ် ၊ ညံ့တယ်လို့ သတ်မှတ်ယူဆချက်တွေ(အကြမ်းဖျဉ်း) ရှိပါတယ်။ လူအများကလည်း ဒီလိုဘဲ ယူဆကြပါတယ်။
အဲ့ဒီ သတ်မှတ်ယူဆချက်တွေက မှန်ကန်ရဲ့လား
အကြွင်းမဲ့တော့ မမှန်ကန်ပါဘူး။ ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာအတွင်း လူဦးရေ ရာပေါင်းများစွာကို လက်တွေ့သုတေသနပြုချက်တွေအရ –
မြန်မာနိုင်ငံအပါအဝင်၊ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားသူအများစုကို လေ့လာကြည့်တဲ့အခါ “အောင်မြင်ကျော်ကြားသူ၊ ချမ်းသာကြွယ်ဝသူ၊ တန်ခိုးအာဏာကြီးမားသူ” တို့ရဲ့ မဟာဘုတ်အဖွားတွေဟာ အထက်တန်းဖွား (အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ) များနဲ့ အောက်တန်းဖွား (ပုတိ၊ ဘင်္ဂ၊ မရဏ) များဟာ အရေအတွက်ချင်း မတိမ်းမယိမ်း ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
အောက်တန်းဖွားတွေရဲ့ အောင်မြင်ကျော်ကြားမှု အရေအတွက်ဟာ အထက်တန်းဖွားတွေရဲ့ အောင်မြင်ကျော်ကြားမှုတွေနဲ့ အရေအတွက် ဘာမှမကွာလှတာကို သွားတွေ့ရပါတယ်။
ဒါကြောင့် မဟာဘုတ်အောက်တန်းဖွားများဖြစ်ကြတဲ့ “ပုတိ၊ ဘင်္ဂ ၊ မရဏ” ဖွားတွေက အဖွားညံ့တယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်တဲ့အယူအဆတော့ မဟုတ်ပါဘူး
ဒါကြောင့် သင့်ရဲ့ မဟာဘုတ်အဖွားဟာ “ပုတိ ဘင်္ဂ မရဏ”ဖွား ဖြစ်နေရင်၊ သင့်ရဲ့ ရင်သွေးဖြစ်သူဟာ “ပုတိ၊ ဘင်္ဂ ၊ မရဏ” ဖွား ဖြစ်နေရင်လည်း စိတ်ပျက်စရာကိစ္စမဟုတ်ပါ။ အထက်တန်းဖွားများနဲ့ တန်းတူ အောင်မြင်ကျော်ကြားနိုင်ပါတယ်။ လက်တွေ့သုတေသနပေါင်းများစွာလည်း ရှိပါတယ်။
ဒါကြောင့် အများအပြောကြောင့် စိုးရိမ်စိတ်မလွန်ကဲဘဲ ပစ္စုပ္ပန်မှာသာ အကောင်းဆုံးနေထိုင်ပါလို့ပဲ မှာလိုက်ချင်ပါတယ်။ “ပုတိ ဘင်္ဂ မရဏ” ဖွားများအတွက် နာမည်ပေးမှားရင် ဘာတွေဖြစ်တတ်မလဲဆိုတာ နောက်တစ်ပါတ်မှာ ဖော်ပြရေးသားသွားပါဦးမည်။