နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ဟာ နှစ်စဉ်လိုလို ဖြစ်ပွားနေတဲ့ ကိစ္စဖြစ်ပြီး ဖြစ်တိုင်းလည်း နက္ခတ်ပညာရှင်တွေက “မကောင်းဘူး၊ မကောင်းဘူး” လို့ဘဲ ပြောနေကြတာဘဲ။ ကျမ်းစာ အစောင်စောင် ဖတ်ကြည့်တော့ လည်း နေကြတ်၊ လကြတ်ကို ကောင်းတာဟောတာ ရယ်လို့ သိပ်မတွေ့ရပေါင်။
နေကြတ်လကြတ်ခြင်းကို အပြည့်အဝခံစားရတဲ့ နိုင်ငံတွေမှာ ဆူပူမှု၊ အဓိကရုဏ်းတွေ ၊ နိုင်ငံရေး မငြိမ်သက် မှုတွေ၊ သဘာဝဘေးဥပဒ်တွေ၊ မတော်တဆဖြစ်မှုတွေ ဖြစ်လိမ့်မယ် ဟောကြတာဘဲ။ ဒီဟောပြောချက် တွေကို ကျွန်တော့်အနေနဲ့ ငြင်းချက်မထုတ်လိုပါဘူး။ မှန်သင့်သလောက် လဲ မှန်နေတာဘဲလေ။ ဒါပေမယ့် သေသေချာချာ လေ့လာကြည့်ပြန်တော့ ဒီလို ကမ္ဘာအရပ်ရပ်မှာ ဆူပူမှု၊ နိုင်ငံရေးမငြိမ်သက်မှု၊ သဘာဝဘေးဥပဒ် တွေ၊ မတော်တဆဖြစ်မှုတွေဆိုတာ မဖြစ်တဲ့နှစ်၊ မဖြစ်တဲ့ လ ရယ်လို့ကော ရှိလို့လား။
တစ်နေရာမဟုတ် တနေရာတော့ အမြဲဖြစ်နေတာဘဲမဟုတ်လား။ နိုင်ငံတကာ သတင်းများ သွားနားထောင်မိရင် စိတ်တောင်ညစ်တယ်။ ဟိုနိုင်ငံမှာ ဆူပူပြန်ပြီတဲ့။ ဒီနိုင်ငံမှာ လေယာဉ်ပျက်ကျပြန်ပြီတဲ့။ ရေကြီးပြန်ပြီတဲ့။ လေမုန်တိုင်း တိုက်ပြန်ပြီတဲ့။ လူတစ်ယောက် စိတ်ဖောက်ပြန်ပြီး လူတွေကို သေနတ်နဲ့ လိုက်ပစ်ပြန်ပြီတဲ့။ ကူးစက်ရောဂါတွေဖြစ်ပြန်ပြီတဲ့။ ငလျှင်လှုပ်ပြန်ပြီတဲ့။ အသေခံဗုံးခွဲပြန်ပြီတဲ့။ အို – မကြားချင်အဆုံး။ ကမ္ဘာလောကကြီးတစ်ခုလုံး ယောက်ယက်ခတ် နေကြတာဘဲမဟုတ်လား။