ကျွန်တော့်ရဲ့ နာမည်ပေးဗေဒင် Post တွေအောက်မှာ လူတချို့ ဝင်ရေးကြပါတယ်။ “နာမည်ဆိုတာ ပညတ်ဘဲ၊ ဘာမှ အရေးမကြီးဘူး။ လူတွေဟာ အတိတ်ကံအတိုင်းသာ ဖြစ်ကြတာဘဲ၊ အတိတ်ကံသာ အဓိကဘဲ ၊ ဘာ ညာပေါ့”
ဟုတ်ကဲ့၊ ကျွန်တော် မငြင်းပါဘူး။
ဘယ်တုန်းကမှလည်း နာမည်ဟာ ကံထက် ပိုအစွမ်းထက်တယ်လို့ မရေးဘူး မပြောခဲ့ဘူးပါ။ သူတို့ သဘောပေါက်လွဲမှားနေကြတာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့် နာမည်ဆိုတာ “ပညတ်” သက်သက်ဘဲ၊ ဘာမှ အရေးမကြီးဘူးဆိုတာတော့ လုံးဝမဟုတ်ပါ။ ပညာရပ်တစ်ခုကို သေသေချာချာ မလေ့လာဘူးဘဲ စိတ်ထင်နဲ့ ရမ်းသမ်းပြောနေခြင်းမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ”နာမည် နှင့် ကံ” ဆိုတဲ့ ပို့စ်လေးကို တင်ပြပေးလိုက်ပါတယ်
ဗုဒ္ဓဘာသာမှန်ရင်တော့ ”ကံ” ဆိုတဲ့ ကမ္မနိယာမကို လက်မခံသူ မရှိသလောက်ပါဘဲ။ အထူးသဖြင့် “အတိတ်ကံ” ပေါ့။ အတိတ်ကံကြောင့် လူချင်းတူပေမယ့် ”လူတန်းစား” အလွှာတွေ ကွဲပြားသွားကြပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ့်လောက် ကံမကောင်းကြသူတွေ အများကြီး ရှိသလို ကိုယ့်ထက် ကံကောင်းနေကြသူတွေလည်း အများကြီး ရှိကြပါတယ်။
ဒါတွေကို ဘယ်အရာက အဆုံးအဖြတ်ပြုသလဲ ဆိုတော့ အထက်ကပြောခဲ့တဲ့ ”အတိတ်ကံ” ကပါဘဲ။ အဲ့ဒီ အတိတ်ကံ နဲ့ နာမည်နဲ့ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ ရှင်းပြပါမယ်
အကောင်းဆုံး ဥပမာကတော့ လွန်ခဲ့တဲ့ နှစ် (၃၀) လောက်တည်းက ကျွန်တော် ဥပမာပေးခဲ့တဲ့ ”ပန်းသီးပင်” နဲ့ ”မာလကာပင်” ဥပမာပါဘဲ
လူတစ်ယောက်ရဲ့ဘဝဟာ ပန်းသီးဗီဇ(ကံ) ပါနေရင် ပန်းသီးဘဲ သီးမှာပါ။ မာလကာသီးဗီဇ(ကံ)ပါနေရင် မာလကာသီးဘဲ သီးမှာပါ။ ပန်းသီးပင်ကို မာလကာပင်လို့ ဆိုင်းဘုတ်ချိတ်(နာမည်ပေးလိုက်လို့) မာလကာသီး သီးမလာပါ။ မာလကာပင်ကိုလည်း ပန်းသီးပင်လို့ ဆိုင်းဘုတ်ချိတ်(နာမည်ပေးလိုက်လို့) ပန်းသီးမသီးလာပါ။
ဆရာဝန်၊ အင်ဂျင်နီယာ၊ သူဌေးသူကြွယ် ဖြစ်ဖို့ကံပါလာသူက ဆရာဝန် အင်ဂျင်နီယာ သူဌေးသူကြွယ် ဖြစ်မှာပါဘဲ။ ဖြစ်ဖို့ကံပါမလာရင် ဖြစ်မလာပါ။ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ သူဌေးသူကြွယ် ဖြစ်စေတတ်သော နာမည်ရယ်လို့ (လုံးဝ)မရှိပါ
ဒါဆိုရင် နာမည်က ဘာလဲ
ဘာကြောင့် နာမည်ပေးဗေဒင်ပညာရပ်ဟာ ရှိနေရတာလဲ
စနစ်တကျ နာမည်ပေးဖို့ကို ဘာကြောင့် အလေးထား ပြောနေရတာလဲ
မေးသင့်ပါတယ် ၊ မေးရမှာပါ။
အထက်က ဥပမာအတိုင်းပြောရရင် နာမည်ကောင်းတစ်ခု ဆိုတာ သစ်ပင်တစ်ပင်ကို “ရေလောင်း၊ ပေါင်းသင်၊ မြေဩဇာ ကျွေးပေးတာပါ” ဒီလို ရေလောင်းပေါင်းသင် မြေဩဇာ ကျွေးပေးတဲ့အတွက် မာလကာပင်ကို ပန်းသီးပင် မဖြစ်စေနိုင်သော်လည်း မာလကာပင်လေးကို အလွန်ဖွံ့ဖြိုးကြီးပွားစေပြီး အစွမ်းကုန် သီးပွင့်ဝေဆာစေမှာပါ။
ထိုနည်းတူ နဂိုက ပန်းသီးပင် ဖြစ်နေရင်လည်း ပန်းသီးများကို အစွမ်းကုန် သီးပွင့်ဝေဆာစေမှာ ဖြစ်ပါတယ်။ ဒါဟာ နာမည်ရဲ့ သတ္တိပါ။
ပန်းသီးပင် ဖြစ်နေသော်လည်း မှားယွင်းနေတဲ့ နာမည်ကြောင့် ဘဝအကျိုးပေး ထက်သန်သင့်သလောက် မထက်သန်တော့တာတွေလည်း အများကြီးတွေ့ဘူးပါတယ်။ တွေ့ဘူးတာတွေထဲက တစ်ခုကို ပြောပြပါမယ်။ နာမည်အလွန်မှားနေတဲ့ ကလေးတစ်ယောက်ဟာ (အတိတ်ကံသတ္တိကြောင့်) ဆရာဝန်ဆိုတဲ့ ဂုဏ်ဒြပ်တစ်ခုကို ရရှိလာပါတယ်။
သို့သော် သူ့ဘဝမှာ သူအလွန်ဖြစ်ချင်နေတဲ့ “အထူးကုဆရာဝန်ကြီး” တော့ ဖြစ်မလာခဲ့ပါဘူး။ စာမေးပွဲများကို ကြိုးစားဖြေဆိုသော်လည်း ဘယ်လိုမှ မအောင်မြင်ဘဲ သာမန် မြို့နယ်ဆရာဝန်လေး အဖြစ်နဲ့ဘဲ ဘဝက ပြီးသွားပါတော့တယ်။ (ပန်းသီးပင် ဖြစ်ခဲ့ငြားသော်လည်း ရေကောင်းကောင်းမရ၊ မြေဩဇာကောင်းကောင်း မရခဲ့တဲ့ (နာမည်ရဲ့) အကျိုးသတ္တိပါ)
ဒါကြောင့် လူတစ်ယောက်ရဲ့ ဘဝမှာ အတိတ်ကံ မည်သို့ပင် ရှိစေကာမူ နာမည်ကို မှန်ကန်စွာ ပေးတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ကလေးရဲ့ ကံက မာလကာပင် ဖြစ်နေလည်း အစွမ်းကုန် သီးပွင့်ဝေဆာနိုင်ဖို့ အတွက် မိဘများမှာ တာဝန်ရှိပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကိုယ့်ကလေးက ပန်းသီးပင် ဖြစ်နေရင်လည်း ပိုကောင်းသထက်ကောင်းစေနိုင်တဲ့ အကျိုးရလဒ်များကို ပေးစွမ်းနိုင်ပါလိမ့်မယ်
စိတ်မကောင်းစရာတစ်ခုကတော့ ကလေးတစ်ယောက်မှာ အတိတ်ကံက အလွန်ညံ့ဖျင်းနေရင် နာမည်ကောင်း နာမည်မှန်ကို ပေးမရ တတ်တာပါဘဲ။ (အရင်ပို့စ် တစ်ခုမှာလည်း ပြောခဲ့ပြီးပါပြီ) မိမိရဲ့ နာမည်ပေးဗေဒင်ပညာ သက်တမ်းတစ်လျှောက်မှာ အတိတ်ကံ ညံ့လွန်းတဲ့ကလေးတစ်ယောက်ဟာ ဘယ်လောက်နာမည်ကောင်း နာမည်မှန်ကို ပေးသော်လည်း နှစ်သက်မှုမရှိဘဲ ၊ နောက်ဆုံးမှာတော့ သူတို့ကံနဲ့ ထပ်တူကျတဲ့ နာမည်ကိုဘဲ ရှာဖွေ ရွေးချယ်သွားတတ်ကြတာကို စိတ်မကောင်းစွာ နဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဘဝအတွေ့အကြုံအရ ပြောရရင် လူ (၁၀၀) မှာ (၈၀%) ခန့်ဟာ နာမည်နဲ့ အတိတ်ကံဟာ ထပ်တူကျနေတတ်ကြပါတယ်။ အတိတ်ကံ ညံ့နေရင် နာမည်လည်း ညံ့နေတတ်သလို ၊ အတိတ်ကံ ကောင်းနေရင် နာမည်လည်း ကောင်းနေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ နာမည်ကို ကြည့်ပြီး အနာဂါတ်မှာ ဘာညာဖြစ်မယ် ဟောကိန်းထုတ်နိုင်ခြင်းပါ။ နာမည်ကနေ ကံကို လှမ်းကြည့်ပြီး ပြောလိုက်တာဖြစ်ပါတယ်။
(သိပ်ကြီး လွဲစရာမရှိပါဘူး။ လွဲရင်လည်း ၂၀% လောက်ပါဘဲ။ အများစုကတော့ နာမည်ကို ကြည့်ပြီး ကံကိုဟောရင် မှန်နေတတ်ကြပါတယ်)
အချုပ်ပြောရရင်တော့ “နာမည် နဲ့ ကံ” မှာ ကံက ပိုအရေးကြီးပါတယ်၊ အဆုံးအဖြတ်ပြုပါတယ်။
တချို့မိဘတွေ ထင်နေသလို နာမည်နဲ့ အရာရာကို အကောင်းချည်းသာ ဖြစ်စေမယ်ဆိုတာလည်း မဟုတ်ပါဘူး။ နာမည်ကောင်းတစ်ခုပေးလိုက်တာနဲ့ လူ့ဘဝတစ်ခုလုံး အကောင်းချည်းသာ ဖြစ်စေမယ်လို့ တွေးရင် မိုက်မဲရာကျပါမယ်။
အချို့ လောကဓံတွေက ဘုရားတောင်မှ ရှောင်လို့ မလွတ်ခဲ့ပါဘူး။ အရာအားလုံးမှာ “ကံ” ကသာ အချုပ်ပါ။
ဒါကြောင့် –
အတိတ်ကံ ကောင်းပြီး နာမည်လည်း ကောင်းတယ်ဆိုရင်တော့ အကောင်းဆုံးပါ။
အတိတ်ကံ ကောင်းသော်လည်း နာမည်မကောင်းရင် တင်းပြည့်ကျပ်ပြည့် အကျိုးမခံစားရဘဲ ရှိတတ်တယ်။
အတိတ်ကံ မကောင်းလှလည်း နာမည်ကောင်းရင် ထိုက်တန်သရွေ့ အကျိုးပေးပါမယ်။
အတိတ်ကံကလည်း ညံ့ ၊ နာမည်ကလည်း မှား ဆိုရင်တော့ ပြောစရာမရှိတော့ပါ။ ဘဝကို ခက်ခဲစွာ ရုန်းကန်ရပါလိမ့်မယ်။ ပြဿနာ အလွန်များတဲ့ဘဝ ဖြစ်ပါလိမ့်မယ်။
ဒီ (၄) ချက်ကို အတိုချုပ်မှတ်ပါ။ ဖတ်ရှုသူအပေါင်း ကျန်းမာချမ်းသာကြပါစေသော်
မေတ္တာများစွာဖြင့်
ဒေါက်တာတင်ဗိုလ်ဗိုလ် (နာမက္ခရ နှင့် ဟူးရားနက္ခတ်ကျွမ်းကျင်သူ)
ကွန်ပျူဗေဒသုခုမ