နာမည်သည် နောက်ဆုံးအဖြေလော?

ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ဝင်ရောက်ဖတ်ရှု နေသူတွေ အတွက် ယနေ့မှာတော့ အလွန်စဉ်းစားဖို့ကောင်းတဲ့ ဆောင်းပါးလေး တစ်ခုကို တင်ပြ ဆွေးနွေး ချင်ပါတယ်။

ဗေဒင်ပညာဆိုရာ ရှေ့ဖြစ်ဟော အတတ်ပညာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ လူမျိုးအလိုက်၊ ဒေသအလိုက် သူ့မူနဲ့သူ ကွဲပြားခြားနားမှုတွေတော့ ရှိနေကြ တာကို တွေ့ရပါလိမ့်မယ်။ သူနိုင်ငံ သူလူမျိုးနဲ့ ဆိုင်ရာဆိုင်ရာ ဗေဒင်ပညာမျိုးစုံ ရှိကြတာ ချည်းပါဘဲ။ ဗေဒင်ပညာမရှိတဲ့ လူမျိုးရယ်လို့ မရှိလောက်ပါဘူး။ တောင်အမေရိက၊ အာဖရိက တိုက်တွေက တောနက်တွေထဲမှာ  နေထိုင်ကြတဲ့ လူရိုင်းမျိုးနွယ်တွေတောင်မှ သူတို့ ရိုးရာ ဗေဒင်တွေ ရှိကြပါတယ်။

ကမ္ဘာမှာ လူဦးရေ အများဆုံးဖြစ်တဲ့ “တရုတ်” လူမျိုးတွေမှာ “သတ္တဝါ(၁၂)ကောင်” ကို ကိုယ်စားပြုတဲ့ (၁၂)ရာသီခွင် ဗေဒင်ပညာနဲ့  “ယိချင်း” ဗေဒင်ပညာတို့ဟာ ထင်ရှားပါတယ်။ အိန္ဒိယကတော့ “အရှေ့တိုင်း နက္ခတ်ဗေဒင်” ပညာပေါ့။ အနောက်နိုင်ငံတွေမှာတော့ မိဿ၊ ပြိဿ , အစရှိတဲ့ (၁၂)ရာသီခွင် ဗေဒင် ဟာ လူသိများပါတယ်။ မြန်မာနိုင်ငံမှာ “ဆရာစံဇာဏီဘို” က စ, လိုက်တာ (၁၂)ရာသီခွင်ဟောကိန်းတွေ “ဟောတစ်ခု၊ ဟောတစ်ခု” ဆိုတာလို မှိုလိုပေါက် လာကြတာ အများအသိပါဘဲ။ (ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကိုယ်ကိုယ်တိုင် အသစ်တီထွင်တဲ့ နေရာမှာ အဖြစ်သိပ် မရှိကြပေမယ့် သူများ အောင်မြင်လာရင် လိုက်တုတဲ့နေရာ မှာတော့ တစ်ကယ့် စံပြဆိုလောက်တဲ့ လူမျိုးပါ)။

ဒါပေမယ့် မြန်မာ့ရိုးရာမူ အစစ်ဖြစ်တဲ့ “မဟာဘုတ် နဲ့ သုံးတန်ပေါ်နိစ်” ပညာတွေက တော့ လူကြားသူကြားထဲ သိပ်မဝင် နိုင်သေးဘဲ အခုအချိန် ထိအောင် ခပ်လျှိုလျှိုဘဲ နေ, နေကြရတုန်းပါဘဲ။ ပညာက မကောင်းလို့ မဟုတ်ပါဘူး။ ဖော်ထုတ်တင်ပြနိုင်တဲ့သူ မရှိသေးလို့ပါ။

သူ့နိုင်ငံ၊ သူ့လူမျိုးအလိုက် ကျွန်တော်တို့ မသိသေးတဲ့ ဗေဒင်ပညာတွေလည်း အများကြီး ရှိကြဦးမှာဘဲ။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဗေဒင်ပညာ မဆို ဗေဒင်ပညာကို မယုံကြည်တဲ့ လူတွေက ထောက်ပြစရာ အားနည်းချက်ကြီးတစ်ခု ကတော့ အမြဲရှိ နေကြတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ “ယေဘူယျ ဆန်လွန်းခြင်း” ဘဲ ဖြစ်ပါတယ်။

တရုပ်တွေရဲ့ အကောင် (၁၂)ကောင် ဗေဒင်ကို ကြည့်မလား။ လူတစ်ယောက်ကို သူကတော့ ခွေးနှစ်ဖွား၊ မျောက်နှစ်ဖွား၊ ကျားနှစ်ဖွား၊  နဂါးနှစ် ဖွား … စသည်ဖြင့် သတ်မှတ်ကြပြီး သူရဲ့ စရိုက်သဘာ၀ ကံကြမ္မာတွေကို တစ်လ စာ၊ တစ်နှစ် စာ၊ တစ်သက် စာ ဟောကိန်းတွေ ထုတ်နေကြတာကို တွေ့ရပါ လိမ့်မယ်။ ဒါပေမယ့် စဉ်းစားဖို့ကောင်းတာက “ကျားနှစ်” ဘဲ ဖြစ်ဖြစ်၊ “နဂါး”နှစ်ဘဲ ဖြစ်ဖြစ် (365)ရက်ဆိုတဲ့ တစ်နှစ်တာ ကာလအတွင်းမှာ မွေးဖွားလာသူ ပေါင်း ဘယ်လောက် ရှိမယ်လို့ ခင်ဗျား ထင်ပါသလဲ။ သန်းပေါင်းရာနဲ့ချီပြီး ရှိမှာမဟုတ်လား။ ဒီတော့ ဒီ တစ်နှစ်တာ ကာလအတွင်းမှာ “သန်းရာနဲ့ချီ” မွေးဖွားလာကြ သူတွေရဲ့ ကံကြမ္မာတွေက သွားတူနိုင်ပါ့မလား။ စဉ်းစားစရာဘဲနော်။

မြန်မာဗေဒင်ပညာမှာ ဟောကြတဲ့ “မဟာဘုတ် နဲ့ သုံးတန်ပေါ်နိစ်” အဟောတွေကို ကြည့်ရင်လည်း ဒီနေ့သားတစ်ယောက်ဟာ ဒီသက်ရောက် ထဲရောက် လာရင် ဒီလိုဖြစ်ရမယ်လို့ အဟောရှိကြတော့ သူလည်း တရုတ်တွေရဲ့ (၁၂)ကောင်ဗေဒင် ဟောကိန်းတွေနဲ သိပ်မထူးလှပါဘူး။ ယေဘူယျ ဆန်တာပါဘဲ။

အနောက်တိုင်းမှာ အလွန်အသုံးများတဲ့ “မိဿ၊ ပြိဿ… စတဲ့ (၁၂)ရာသီခွင် ဟောကိန်းတွေကျပြန်တော့ တစ်ရာသီခြင်း မွေးဖွားသူ တွေအတွက် ဟောကိန်းတွေ ဖြစ်လို့ – တရုတ်(၁၂)ကောင်ဟောကိန်း၊ မြန်မာ မဟာဘုတ်၊ သုံးတန်ပေါ်နိစ် တွေထက် နဲနဲ ပိုသာတယ် ဆိုကောင်း ဆိုနိုင်ပါတယ်။  ဒါပေမယ့် ကမ္ဘာ့လူဦးရေနဲ့ နှိုင်းယှဉ်လိုက်ရင် လ, တစ်လ (ရာသီခွင်တစ်ခု) ထဲမှာ မွေးဖွားသူ ပေါင်းကလည်း “သန်း” ဂဏန်းပါဘဲ။ သူတို့ရဲ့ ဘဝကံတွေက တူနိုင်ပါ့မလား။

သေသေချာချာ ပြန်စစ်ကြည့်ရင် (၁၂)ရာသီခွင် ဟောကိန်းက လူတစ်ယောက် ဘယ်အသက်အပိုင်းအခြား ရောက်နေတယ်ဆိုတာ လုံးဝမကြည့်ဘဲ အခုရောက်နေတဲ့ ခရစ်သက္ကရာဇ်အပေါ်မှာ ကြည့်ပြီး ဟောတာဖြစ်လို့ အသက် (၁)နှစ် ရှိတဲ့ ကလေးလေး နဲ့ အသက်(၈၀)ထဲရောက်နေတဲ့ အဖိုးကြီးတို့ဟာ ရာသီဖွားခြင်းတူရင် အဟောတူနေမှာမို့ မဟာဘုတ်၊ သုံးတန်ပေါ်နိစ် တို့ထက်တောင် အဟောကြမ်းသေး တယ်လို့ပြောရမယ် ထင်ပါတယ်။ မဟာဘုတ် သုံးတန်ပေါ်နိစ်တွေက နေ့သားသမီးတူပေမယ့် အသက်ခြင်း မတူရင် ဟောကိန်းပြောင်းနိုင်သေးတယ်။

အဲဒီလို ဗေဒင်ပညာကို ယုံကြည်သူတွေ နဲ့ မယုံကြည်သူတွေကြားမှာ ပဋိပက္ခဖြစ်နေတဲ့ အချိန်မှာ “ဗေဒင်ပညာ မဟာအင်အားကြီး နိုင်ငံ” တစ်ခုဖြစ်တဲ့ “အိန္ဒိယ” နိုင်ငံက ဆရာကြီးဖြစ်လာပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့က လူတစ်ယောက်ကို မွေးတဲ့နှစ်၊ မွေးတဲ့လ၊ မွေးတဲ့ရက် သာမက အချိန်နာရီကိုပါ အတိအကျတွက်ချက်ပြီး ဇာတာထုတ်ကြတဲ့အတွက် ယေဘူယျဆိုတဲ့ သဘော နည်းသွားတာမို့ သူ့ပညာက ဆရာကြီးဖြစ်လာတော့ တာပေါ့။ လူတစ်ယောက်နဲ့ တစ်ယောက် မွေးချိန်ခြင်း တူရင်တောင် “လတ္တီတွဒ်၊ လောင်ဂျီတွဒ်” မတူရင် ဇာတာခြင်း မတူနိုင်ဘူး ဆိုပြီး လက်မ ထောင်ကြ ပြန်ပါလေရော။ သိပ်ကြာကြာ လက်မ မထောင်လိုက်ရပါဘူး။ ဗေဒင်ပညာ မယုံသူအတိုက်အခံသမားတွေက စစ်ဗျူဟာတစ်ခုနဲ့ ထိုးစစ်ဆင်လာကြ ပြန်ပါတယ်။ သူတို့ထိုးစစ်ကတော့ “အမွှာ” ဇာတာတွေပါဘဲ။ “အမွှာမွေး” တွေဟာ “လတ္တီတွဒ်၊ လောင်ဂျီတွဒ်” လည်း တူကြတယ်။ မွေးတဲ့ မိနစ်ခြင်းက လည်း သိပ်မကွာတော့ ဇာတာမှာ “ရာသီစက်ရော၊ ဘာဝစက်ရော၊ နဝင်းစက်ရော” သွားတူနေကြတဲ့အတွက် ဇာတာခြင်း အတူတူပါဘဲ။ ဇာတာခြင်း တူတော့ ဟောကိန်းခြင်းလည်း တူပြီပေါ့။

ဒါပေမယ့် တစ်ကယ့် လက်တွေ့ဘဝမှာ အမွှာတစ်ယောက်နဲ့ တစ်ယောက် ကံကြမ္မာခြင်း လုံးဝထပ်တူ မတူကြပါဘူး။ တစ်ယောက်က ချမ်းသာတယ်၊ တစ်ယောက် ဆင်းရဲတယ်။ တစ်ယောက်က ပညာတတ်တယ်၊ တစ်ယောက်က ပညာမတတ်ဘူး။ တစ်ယောက်က အိမ်ထောင်ကျတယ်။ တစ်ယောက်က လူပျိုကြီး အပျိုကြီးဖြစ်နေတယ်။ ဒါမျိုး အမွှာတွေက အများကြီးပါ။ ကျွန်တော်တို့မြို့မှာ ကျွန်တော်ထက် (၁၅)နှစ်လောက်ငယ်တဲ့ အမွှာညီအစ်ကို (၂)ယောက်ဆိုရင် တစ်ယောက်က လူသတ်ခံလိုက်ရပြီး တစ်ယောက်က ယခုအချိန်ထိ အသက်ရှင် နေဆဲပါ။ ဒါကို ဘယ်လို ဖြေရှင်း ကြမလဲ။ အမွှာတွေရဲ့ ဘဝဖြစ်ရပ်ခြင်း မတူညီမှုဟာ မွေးချိန်ကို အဓိကထားပြီး တွက်ချက်ဟောပြောကြတဲ့ ဗေဒင်ပညာရပ်တွေအတွက် အလွန်ထောက်ပြချင်စရာ ကောင်းလှတဲ့ အားနည်းချက်ကြီးတစ်ခု ဖြစ်နေပါ တော့တယ်။

ဒီလို လက်တွေ့ဖြစ်ရပ်တွေကို ကိုင်စွဲပြီး “ဗေဒင်ပညာ မယုံကြည်သူများ” ဘက်က တိုက်စစ်ဆင်လာတော့ “အိန္ဒိယ ဗေဒင် ဂုရုကြီး” တွေလည်း ဖြေရှင်းချက် မပေးနိုင်တော့ဘဲ ခပ်ကုပ်ကုပ်နဲ့ အသာနောက်ဆုတ်သွားရပါတော့တယ်။ အဲဒီအချိန်မှာ “အိန္ဒိယ ဂုရုကြီး” တွေကို စစ်ကူပေးမယ့် ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်လာပါတယ်။ သူကတော့ ကမ္ဘာသိ၊ မြန်မာသိ ကေပီပညာရှင် “ဆရာကြီး ခရစ္စနား မူးရ်တီး ပဒ္ဓတိ” ဘဲ ဖြစ်ပါတယ်။ သူက ဂြိုဟ်တွေကို နက္ခတ်အဆင့် သာမက နက္ခတ်ကို “ဘုတ္တိနက္ခတ်” အထိ ထပ်, ခွဲခြမ်းစိတ်ဖြာ လိုက်ပါတယ်။  “အမွှာတစ်ယောက် နဲ့ တစ်ယောက် ဟာ အနည်းဆုံး (၅)မိနစ်လောက် ကွာခြားကြလေ့ရှိတော့ ဘုတ္တိခြင်း မတူတဲ့အတွက် ဇာတာခြင်း မတူတော့ပါဘူး။ ဒီတော့ အဟောခြင်းလည်း မတူတော့ဘူး ပေါ့။  အဲဒီမှာ နက္ခတ်ဗေဒင်ပညာဟာ “စင်ပေါ်” ကို ပြန်ရောက် လာပါတော့တယ်။

ဒါပေမယ့် သိပ်ကြာကြာ မခံလိုက်ဘူးခင်ဗျ။ “ရင်ခြင်းဆက်၊ ဖင်ခြင်းဆက်၊ ခေါင်းခြင်းဆက်”  အမွှာတွေ ပေါ်လာချိန်မှာ အနောက်တိုင်း ဆေးပညာနဲ့ ခွဲစိတ်ပြီး အမွှာတွေကို တပြိုင်တည်း ထုတ်ယူရတာမို့လို့ “မွေးချိန်ရော၊ နက္ခတ်ရော၊ ဘုတ္တိပါ” သွားတူနေကြပြန်ရော။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ရင်ခြင်းဆက် အမွှာညီအစ်မ နှစ်ယောက် ပေါ်ဘူးပါတယ်။ “အေးအေးငြိမ်း၊ အိအိငြိမ်း” မဟုတ်ပါဘူး။ သူတို့ထက်စောပါတယ်။ ကျွန်တော်တို့ အသက်ပိုင်းက လူတွေ သိမှီကြပါလိမ့်မယ်။ အဲဒါကတော “မနန်းစိုး၊ မနန်းစံ” ပါတဲ့။

အဲဒီအချိန်က မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ဆိုနိုင်တဲ့ “မနန်းစိုး၊ မနန်းစံ” ရင်ခြင်းဆက်အမွှာကို ခွဲထုတ်ယူကြတဲ့အချိန်မှာ  နည်းပညာ မကျွမ်းကျင် သေးတာကြောင့်လားတော့ မသိပါဘူး။ ကံဆိုးရှာတဲ့ “မနန်းစံ” လေးဟာ ကွယ်လွန်သွားရှာပါတယ်။ “မနန်းစိုး” ကလေးကတော့ ယနေ့တိုင် အသက်ရှင် နေဆဲပါ။ အဲဒီမှာ မွေးချိန်တူ၊ ဘုတ္တိတူနေရက်နဲ့ တစ်ယောက်က ကွယ်လွန်သွားပြီး တစ်ယောက်က ရှင်သန် လာတဲ့အခါ “ဘုတ္တိ” ဆရာတွေလည်း နောက်ဆုတ် သွားရပြန်ပါတယ်။

ဒီတော့ ဘယ်လို ဆက်လုပ်ကြတော့မလဲ။ ဗေဒင်ပညာရှင်တွေအတွက် ဒီလိုဘဲ “ယေဘူယျ ဟောကိန်းတွေနဲ့” စခန်းသွားနေကြပြီး ဗေဒင်ပညာကို မယုံကြည်သူတွေရဲ့ လှောင်ပြောင်မှုကို ဒီအတိုင်း ခေါင်းငုံ့ခံနေကြတော့မလား။ လူတစ်ဦး နဲ့ တစ်ဦး ဘဝခြင်း ကွာခြားသွား စေတဲ့ အရာက မွေးခုနှစ်၊ မွေးရက် ၊ မွေးနာရီ ၊ မွေးစက္ကန့် မဟုတ်ရင် ဘာဖြစ်နိုင်သေးလဲ။

အဲဒီလို အဖြေရှာကြည့်ရင်းနဲ့ “နာမည်” ဆိုတာကို ကျွန်တော် သွား, သတိပြုမိပါတယ်။ အမွှာတွေကို နာမည်ပေးတဲ့ နေရာမှာ  နာမည်ခြင်း ခပ်ဆင်ဆင်တူ အောင် မှည့်ကြတာတော့ ထုံးစံပါ။ ဒါပေမယ့် နာမည်ခြင်း လုံးဝထပ်တူ တူအောင် မှည့်ထားတဲ့ အမွှာရယ်လို့ ကျွန်တော်တော့ ယခုအချိန်ထိအောင် မကြားဘူးသေးပါဘူး။ (ကြားဘူးသူများ ရှိကြရင် ကျွန်တော့ကို သတင်းပေးကြပါဦး)။ ရိုးရိုး အမွှာဘဲဖြစ်ဖြစ် ၊ ရင်ခြင်းဖင်ခြင်းဆက် အမွှာဘဲ ဖြစ်ဖြစ် နာမည်ခြင်းက ဆင်တူရင်သာဆင်တူမယ်။ လုံး၀ ထပ်တူ မမှည့်ကြပါဘူး။ စောစောက ပြောတဲ့ “မနန်းစိုး၊ မနန်းစံ” တို့ “အေးအေးငြိမ်း၊ အိအိငြိမ်း” တို့ လိုပေါ့။ အနောက် နိုင်ငံတွေမှာလည်း တစ်ယောက်က “မော်လီ” တစ်ယောက်က “ပေါ်လီ” လိုမျိုးပေါ့။ ဒီလိုဘဲ မှည့်လေ့ရှိပါတယ်။

“နာမည်တူမရှား၊ လူတူမရှား” ဆိုတဲ့ စကားပုံအရ လူတစ်ယောက် နဲ့ တစ်ယောက် နာမည်ခြင်း တူနေတာတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် နာမည်တူပေမယ့် မွေးရက်/လ/နှစ် မတူပြန်ဘူး။ နာမည်ရော၊ မွေးချိန်ရော၊  မွေးတဲ့ လတ္တီတွဒ် လောင်ဂျီတွဒ်ရော တူတာကတော့ လူတစ်သန်းမပြောနဲ့ သန်းတစ်ရာမှာ တစ်ယောက် တူဖို့တောင် မလွယ်ဘူးထင်ပါတယ်။ အဲဒီတော့ ဒီနာမည်လေး သံတူကြောင်းကွဲရုံနဲ့ ဘဝခြင်း ဒီလောက်တောင် ကွာခြား နိုင်သလားလို့ မေးစရာရှိလာပါတယ်။

အဲဒီနေရာမှာတော့ နာမည်နဲ့ ပတ်သက်ပြီး နှစ်ပေါင်း (၂၀)လောက် သုတေသနပြုခဲ့တဲ့ ကျွန်တော်ကဘဲ ရဲရဲကြီး ပြောချလိုက်ပါမယ်။ ကွာခြား နိုင်ပါတယ်။ နာမည်တစ်ခုမှာ ရှိတဲ့ ဗျဉ်းသော်၎င်း၊ သရသော်၎င်း ကွာခြားမှုဟာ ဘဝမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်နိုင်ပါတယ်။ လက်တွေ့ တစ်ခုကို ကျွန်တော်ပြောပြပါမယ်။ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ “ညွန့်၊ လဲ့၊ နွဲ့၊ သွဲ့” ဆိုတဲ့ နာမည်တွေပါတဲ့လူတွေကို နဲနဲလောက် လေ့လာကြည့်စမ်းပါ။ ဒီနာမည် ပိုင်ရှင်တွေဟာ သူတို့ဘဝရဲ့ ဒုတိယအရွယ်(သို့) တတိယအရွယ်မှာ  အလွန်ကြီးမားတဲ့ လောကဓံကြီးတစ်ခုခုကို ကြုံခဲ့ ရလိမ့်မယ်။ နာမည်နောက်ဆုံးမှာပါရင် ပိုဆိုးတယ်။

နာမည်မှာ ဒီစာလုံးတွေ ပါတဲ့သူတွေဟာ အိမ်ထောင်ပျက်ခြင်း၊ စီးပွားပျက်ခြင်း၊ ကျန်းမာရေးပျက်စီးခြင်း၊ အမြင့်ဆုံးကိုရောက်ပြီးမှ ပြန်ပြုတ်ကျခြင်း ဆိုတဲ့ ဘဝလောကဓံကြီး တစ်ခုမဟုတ်တစ်ခုကို မခံရသူ မရှိ သလောက် ပါဘဲ။ နောက်ပြီး နာမည်မှာ “စန်း၊ စမ်း၊ ငယ်၊ ဇင်၊ စိမ့်၊ ညို၊ မူ၊ မီး၊  နီ၊ နေ၊ ရွှေ၊ သင်း၊ သန်း၊  အေး” စာလုံးတွေပါတဲ့ အမျိုးသမီး တွေကို လေ့လာကြည့်ပါ။ (အမျိုးသားမဟုတ်ဘူးနော်)။ သူတို့တစ်တွေရဲ့ အိမ်ထောင်ရေးကံဟာ အလွန်ညံ့ကြတာကို တွေ့ရလိမ့်မယ်။ ဖောက်ပြန်တဲ့ အိမ်ထောင်ဘက်ကို ရခြင်း၊ ကိုယ်ကိုယ်တိုင် အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊ တစ်ခုလပ်၊ မုဆိုးမ ဖြစ်ခြင်း ၊ အိမ်ထောင်နှစ်ဆက် ၊ (၃)ဆက်ဖြစ်ခြင်းများ တွေ့ရပါလိမ့်မယ်။

မနန်းစိုး၊မနန်းစံ ကိစ္စမှာလည်း နာမက္ခရနဲ့ လေ့လာကြည့်ရင် သူတို့နှစ်ယောက်ဟာ (ကံတရားအရ) တစ်ယောက်ဘဲ အသက်ရှင်ခွင့် ရမယ်ဆိုရင် ဘယ်သူ အသက်ရှင်နိုင်မလဲ။ စီနီယာ ချကြည့်ရင် ဘယ်သူက ရှေ့ကျမလဲ။ ရိုးရိုးလေး စဉ်းစားကြည့်တာနော်။ လောကမှာ “စိုးစံ” သည်လို့သာ သုံးနှုံး ပါတယ်။ “စံစိုး” သည်လို့ မသုံးနှုံးပါဘူး။ ဒီတော့“ စိုး” က စီနီယာ၊ “ စံ” က ဂျူနီယာကျပါတယ်။ “စိုး” ပြီးမှ “စံ” က နောက်ကလိုက်ရပါမယ်။ အသက်ရှင်ခွင့်ကို “စိုး” ကို အရင် ရဖို့ ရှိပါတယ်။ နောက်ပြီး “စိုး” နဲ့ “စံ” ဟာ “ဗျဉ်း” ခြင်း တူပေမယ့် “သရ” ခြင်း မတူပါဘူး။ “ဗျဉ်း” ဆိုတဲ့ အက္ခရာတွေကို ကြိုးကိုင် ချယ်လှယ်နေတာ “သရ” တွေပါ။ ကျွန်တော်ရေးထားတဲ့ “နာမည်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ” စာအုပ်မှာ “ဝစ္စပေါက်” ကို အားကောင်းသောသရ၊ တစ်ချောင်းငင် နဲ့ လုံးကြီးတင်ကို အလယ်အလတ်အားကောင်းသော သရ၊ “သေးသေးတင်” ကို ညံ့သော အားနည်းသောသရ လို့ ရေးထားတာတွေကို ဖတ်ရပါလိမ့်မယ်။ (အပေါ်ထိပ်က နာမက္ခရ အခန်းထဲမှာ ရှိပါတယ်) ။ ဒီနေရာကိုနှိပ်လိုက်ရင် လည်း ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် “စလုံး(စ)” ခြင်းတူပေမယ့် “သရ” ပိုင်းမှာ “မနန်းစိုး”က – အားကောင်းတဲ့ “သရ” ကတစ်ခု+အလယ်အလတ် အားကောင်းတဲ့ “သရ”က နှစ်ခု= ပေါင်း (၃)ခုကို ပိုင်ဆိုင်ထားပြီး “မနန်းစံ” က အားနည်းတဲ့ “သရ” တစ်ခုတည်းမျှသာ ပိုင်ဆိုင်ထားတဲ့အတွက် အသက်ရှင်ခွင့်ကို ဆုံးရှုံးသွားရတာလို့ ကျွန်တော်တော့ ကောက်ချက် ချမိပါတယ်။

ဒါက ပြီးပြီးသား ကိစ္စဖြစ်လို့ “ပေါက်ဖော်” လုပ်တယ်ပြောရင် နောက်ထပ် ရင်ခြင်းဆက်အမွှာနှစ်ယောက်ကို ကြိုဟောကိန်းထုတ် ထားလိုက်ဦးမယ်။ “အေးအေးငြိမ်း နဲ့ အိအိငြိမ်း” မှာ ဘယ်သူက ပိုကံကောင်းမလဲ။ သူတို့ မွေးဇာတာတွေကို ကျွန်တော် မသိပါဘူး။ ဒါမေပယ် နာမက္ခရ အရ “အိအိငြိမ်း” က ပိုကံကောင်းလိမ့်မယ်။ အိမ်ထောင်ရေး စီးပွားရေးတွေမှာ ပိုသာလွန် လိမ့်မယ်။ အခုအချိန်မှာတော့ သိပ်မကွာခြားသေးဘူးပေါ့။ အသက် အရွယ်ရလာတဲ့အခါ သိသာထင်ရှားလာပါလိမ့်မယ်။

ဒီတော့ ကျွန်တော့်အနေနဲ့က လူတစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာခြင်း ကွာခြားသွားစေတာဟာ အတိတ်ကံကြောင့်ဖြစ်တာဆိုတာတော့ မငြင်းပါဘူး။ ဒါပေမယ့် အဲဒီ အတိတ်ကံက ဘယ်လိုဆိုတာ ဗေဒင်ပညာနဲ့ စုံစမ်းဖော်ထုတ်တဲ့နေရာမှာတော့ မွေးချိန် နာရီ စက္ကန့်တွေထက် သူတို့ရဲ့ နာမည်တွေက ပိုမိုအရေးပါပြီး ဒီအချက်ဟာ နက္ခတ်ဗေဒင်ပညာအပါအဝင်၊ ရှေ့ဖြစ်ဟောပညာတွေရဲ့ ယေဘူယျဆန်လွန်းတဲ့ အားနည်းချက်ကနေ ရုန်းထွက်နိုင်မယ့်အဖြေတစ်ခုလို့ ယူဆကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။ မိမိတို့ရဲ့ မူလ ပညာရပ်များကိုလည်း စွန့်လွှတ်ရန် မဟုတ်ဘဲ ထိုပညာရပ်များအတွင်းမှာ နာမည်ကိုပါ ထည့် သွင်း ပေါင်းစပ်ပြီး သုတေသန ပြုသင့်ကြောင်းပါခင်ဗျား။

ဒီထင်မြင် ယူဆချက်နဲ့ ပတ်သတ်ပြီး မိမိတို့ရဲ့ အယူအဆတွေကိုလည်း ကွန်းမန့်ထဲမှာ ဝင်ရောက်ဆွေးနွေးပေးကြဖို့ ဗေဒင်ပညာရှင်များ၊ ဝါသနာရှင်များ အားလုံးကို ဖိတ်ခေါ်ပါတယ်။ လွတ်လွတ်လတ်လတ် ဆွေးနွေးဝေဖန် အကြံပြုနိုင်ကြောင်းပါခင်ဗျား။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…