ကျွန်တော်တို့ရဲ့ ကွန်ပျူဗေဒသုခုမ Page ထဲမှာ နာမည်များ ဝင်ရောက်စစ်ဆေးခိုင်းကြတဲ့အခါ အဆင်မပြေတဲ့ ကိစ္စရပ်လေးတွေ ရှိနေလို့ ဒီပို့စ်လေးကို တင်လိုက်ပါတယ်❗️
နာမည်စစ်ခိုင်းသူ အများအပြား မှားယွင်းနေကြတဲ့ ကိစ္စလေးတွေပါ။ အားလုံး အဆင်ပြေသွားကြအောင် ဖတ်ကြည့်ကြပါ❗️
1️⃣ နာမည်စစ်ခိုင်းတဲ့အခါ မိမိတို့ ကိုယ်တိုင် ပေးထားသော အမည်များကိုသာ စစ်ခိုင်းပေးပါ။ အခြားသော ဆရာများထံမှာ မှည့်ခေါ်ထားတဲ့ နာမည်များကို ကျွန်တော်တို့ Page မှာ လာပြီး စစ်ခိုင်းခြင်း သည်းခံပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နာမည်မှည့်နည်းတွေက ဆရာတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ လိုင်းပေါ်က ဆရာအများစုရဲ့ နာမည်ပေးနည်းက “အင်္ဂဝိဇ္ဇာ” အပေါ်မှာ အခြေခံတဲ့ နာမည်မှည့်နည်းများ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ “ကွန်ပျူဗေဒသုခုမ” ရဲ့ နာမည်ပေးနည်းက “ဆန်း၊ အင်္ဂဝိဇ္ဇာ” သာမက “မဟာဘုတ်” အပေါ်မှာ အဓိက အခြေခံထားတာမို့ အခြားဆရာများရဲ့ နာမည်ကို ဒီမှာ လာရောက်စစ်ဆေးရင် မှားတယ်ဆိုတဲ့ အဖြေဘဲ ထွက်ဖို့ များပါလိမ့်မယ်။ ဒါကို မေးတဲ့သူက အာချောင်ပြီး မူလဆရာထံမှာ စောဒက တက်တဲ့အခါ ဆရာအချင်းချင်း အမြင်မကြည်လင်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အခြားဆရာများထံမှာ မှည့်ထားသော အမည်များ လာရောက်စစ်ဆေးခိုင်းခြင်းကို သည်းခံပေးပါ။ ဆရာမင်းသိင်္ခရဲ့ နည်းနဲ့ မှည့်ထားတဲ့ အမည်များကတော့ ကြည့်လိုက်တာနဲ့ ချက်ချင်းသိနိုင်တာမို့ (လုံးဝ)စစ်မပေးပါ။
2️⃣ နာမည်စစ်ခိုင်းရင် မွေးသက္ကရာဇ် အစုံပေးရပါတယ်။ “ရက်၊ လ၊ ခုနှစ်၊ နေ့” အားလုံး စုံအောင် ပေးမှ စစ်လို့ရတာပါ။ အချို့က “တနင်္လာသမီးလေးပါ နာမည်စစ်ပေးပါ” နဲ့ “ရက်၊လ၊နှစ်” မပါဘဲ စစ်ခိုင်းကြတာ အများအပြား တွေ့ရပါတယ်။ ဘာမှ လုပ်မရပါ။ ဒါတွေကို ချန်လှပ်ထားပါမယ်။ ရက်၊လ၊နှစ်ကိုလည်း အင်္ဂလိပ်လိုသာ ပေးပါ။ မြန်မာလို မပေးပါနဲ့။ တချို့က မြန်မာနဲ့အင်္ဂလိပ်နဲ့ နှစ်မျိုးစပ် ပေးတာတွေလည်း ရှိပါတယ်။ စစ်လို့မရပါ။
နောက်ပြီး အင်္ဂလိပ်လို ပေးရင်လည်း ရက် ၊ လ ၊ နှစ် အစဉ်အလိုက်အတိုင်း ပေးပါ။ (လ) က ရှေ့ရောက် ၊ (ရက်) က အလယ်ရောက်ဆိုရင်လည်း စစ်တဲ့အခါ မှားတတ်ပါတယ်။ ဒါမျိုးတွေ မကြာခဏတွေ့ရပါတယ်။ ဒီလို အဆင်မပြေတဲ့ဟာတွေဆို ချန်လှပ်ထားပါမယ်။
3️⃣ နာမည်စစ်ခိုင်းတဲ့အခါ နာမည်မှားနေရင် ပြန်ပြင်နိုင်တယ်ဆိုမှ စစ်ခိုင်းပါ။ တစ်ချို့က နာမည်ကို အစစ်ခိုင်ပြီး မှားတယ်လို့ အဖြေလည်းထွက်ရော “နာမည်က သန်းကောင်စာရင်းသွင်းပြီးနေပြီ၊ မှတ်ပုံတင်လုပ်ပြီးနေပြီ ၊ ကျောင်းမှာလည်း နာမည်တွင်နေပြီ” “ဘယ်လိုလုပ်ရတော့မလဲ” ဆိုပြီး ဆရာကို ပြဿနာ လာရှာကြပါတယ်။ အဲ့ဒါတွေက ကိုယ့်ကိစ္စတွေပါ။ ကိုယ့်ဟာကိုယ် ရှင်းရမယ့် ကိစ္စတွေပါ။ စစ်ပေးတဲ့ဆရာကဘဲ အမှားလုပ်မိသလိုလို ဖြစ်နေပါတယ်။
ဒါကြောင့် နာမည်မှားရင် ပြင်နိုင်တဲ့ အခြေအနေရှိမှ စစ်ခိုင်းတာ ပိုကောင်းပါတယ်။ ကိုယ့်နာမည်လေးက မှန်လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့တော့ မစစ်ခိုင်းပါနဲ့။ နာမည်(၁၀)ခု စစ်ကြည့်ရင် (၈)ခု လောက်က အမြဲမှားနေတာကို တွေ့ရပါတယ်။ ဒါကို သတိပြုပါ။
4️⃣ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေ နာမည်တွေစစ်ခိုင်းရင်လည်း ဒီလိုပါဘဲ။ ကိုယ့်နာမည် မှားနေရင် ပြန်ပြောင်းနိုင်တဲ့ အခြေအနေ မရှိရင် (လုံးဝ) မစစ်ခိုင်းပါနဲ့။ မှန်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်ကြည့်တဲ့အခါ နာမည်မှားနေတာ သိရရင် စိတ်ပိုဆင်းရဲရပါတယ်။ မသိဘဲ နေတာပိုကောင်းပါတယ်။
နောက်ပြီး နာမည်မှားနေတာကို ပြန်ပြင်နိုင်တဲ့ ယတြာတို့ ဘာတို့ ဆိုတာလည်း မရှိပါဘူး။ နာမည်မှား နေရင် နာမည်အသစ်ပြောင်းတဲ့ နည်းတစ်ခုဘဲ ရှိပါတယ်။ အထူးသဖြင့် အသက် (၅၀)ကျော်နေတဲ့ လူကြီးပိုင်းတွေဆိုရင် စစ်ကို မစစ်ခိုင်းသင့် ပါဘူး။ ဘာလုပ်မလဲ။ ပြင်လို့မှလည်း မလွယ်တော့တာ။ မကောင်းမှန်း သိနေရင် ပိုစိတ်ဆင်းရဲရပါတယ်။ ဖြစ်လာမယ်ဆိုတဲ့ ကိစ္စက ဖြစ်လာမှာပါဘဲ။ ကျွန်တော်တို့ကတော့ တွေ့တာကို တွေ့တဲ့အတိုင်း ပြောရမှာပါ။
5️⃣ နာမည်တစ်ခုကို စစ်ပေးလိုက်လို့ အမှားရှိတယ်လို့ ပြောလိုက်ရင် “အဲဒါဆိုရင် ဘယ်လိုမှည့်ရမလဲ ပြောပေးပါ ဆရာ” ဆိုပြီး မေးတဲ့သူ အတော်များပါတယ်။ အဲ့လို လွယ်လွယ် ပြောလို့မရပါဘူး။ အတော်များများထင်နေကြတာက နာမည်ကို ရှေ့က ဘာနံထားကွာ၊ အလယ်က ဘာနံထားကွာ၊ နောက်က ဘာနံထားကွာလို့ ပြောရင် မှန်ပြီလို့ ထင်နေသူ တော်တော်များပါတယ်။ နာမည်ပေးဗေဒင်ပညာက အဲ့လောက် မသေးသိမ်ပါဘူး။
ဥပမာ ရှေ့က ကြာသပတေးနဲ့ စလို့ရတယ်ဆိုပေမယ့် (ပ၊ ဖ ၊ ဗ ၊ ဘ ၊ မ) ဘာကို သုံးမှာလဲ? ဘယ်(ဗျည်း) ဘယ် (သရ) ကိုသုံးမှာလဲ ဆိုတာတွေ ရှိပါသေးတယ်။ မသုံးသင့်တဲ့ စာလုံးတွေ ရှိပါတယ်။ အဲ့လို စနစ်တကျ မှည့်ရတာပါ။
ဘယ်လို မှည့်လိုက်ပါလို့ လွယ်လွယ်လေးပြောမရပါ။ ဒါမျိုး မေးမြန်းခြင်း သည်းခံကြပါ။
6️⃣ နောက်တစ်ခုက နာမည် အလကားတောင်းတဲ့ ကိစ္စတွေပါ။ နာမည်ကို စစ်ကြည့်ပြီး မှားနေရင် နာမည် အလကား တောင်းတဲ့သူတွေ တော်တော်များပါတယ်။ ကျွန်တော်တို့အနေနဲ့ (အခမဲ့) နာမည်ကိုသာ စစ်ပေးနိုင်ပါတယ်။ (အခမဲ့) နာမည် မပေးနိုင်ပါဘူး။ ဒါက အသက်မွေးဝမ်းကျောင်း အလုပ်ပါ။ ဒါနဲ့ ထမင်းစားနေရတာပါ။ ကိုယ်ချင်းစာတရားရှိသင့်ပါတယ်။ ဒီလို နာမည်တွေပေးနိုင်ဖို့ နှစ်ပေါင်းများစွာ အချိန်၊ ငွေကြေး ၊ ဘဝ အားလုံးကို ရင်းနှီးမြုပ်နှံထားရတာပါ။ ဘာမှ အလကား မရပါဘူး။
ကိုယ်လည်း အလုပ်တစ်ခုနဲ့ အသက်မွေးနေရတာဆိုရင် သူများကိုလည်း အသက်မွေးဝမ်းကျောင်းနေတဲ့ လုပ်ငန်းတစ်ခုပါလား ဆိုတာ နားလည်သင့်ကြပါတယ်ခင်ဗျာ။
7️⃣ နောက်ဆုံးတစ်ခုကတော့ နာမည်စစ်ခိုင်းရင် ကလေးတစ်ယောက်ကို အများဆုံး နာမည်(၂)မျိုးထိဘဲ စစ်ပေးမှာပါ။ နာမည်တွေ အများကြီးပေးပြီး မှန်တာ၊ ကောင်းတာတွေ ရွေးချယ်ပေးပါဆိုပြီး တောင်းဆိုလာသူတွေ ရှိပါတယ်။ နာမည်စစ်ဖို့အတွက် အချိန်တွေ ပေးရပါတယ်။ ကျွန်တော်ဆိုရင် Page ၊ Comment တွေထဲက နာမည်တွေကို စစ်ပေးရတာ တစ်နေ့ကို (၂)နာရီနဲ့အထက် အချိန်ပေးရပါတယ်။ အခမဲ့ စစ်ပေးရတဲ့အတွက် ပေးလိုက်ရတဲ့ အချိန်တွေပါ။
ဒါကြောင့် ကလေးတစ်ယောက်ကို နာမည် (၂) မျိုးထက် ပိုစစ်မပေးနိုင်ပါဘူး။ နားလည် စေချင်ကြပါတယ်။
❗️ဒါတွေကတော့ နာမည်စစ်ဆေးကြတာတွေနဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေကို ပို့စ် တစ်ခု လုပ်ပေးထားတာပါ။
ဖတ်ကြည့်ပြီး အဆင်ပြေစွာ မေးမြန်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မိဘပြည်သူအားလုံး ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ😇
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)