နပိုလီယံ ဘိုနာပတ် နှင့် မဟာဘုတ် နာမည်အမှား

၁၈ရာစုနှစ် ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပြင်သစ် စစ်ဘုရင် နပိုလီယံဘိုနာပတ်ဆိုတာ ဗဟုသုတ မနည်းလှသူတို့ ကြားဖူးကြမှာပါ။

ဧကရာဇ်မင်းမျိုးမင်းနွယ်မဟုတ်ဘဲ သာမန်မိသားစုလေးက မွေးဖွားလာခဲ့တဲ့ နပိုလီယံဟာ ၁၈ ရာစုကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး အင်ပါယာသခင်ဖြစ်ခဲ့ပြီး မင်းဧကရာဇ် အဖြစ်ကို ရရှိခဲ့သူပါ။

“မဖြစ်နိုင်ဟူသော စကားလုံးဟာ ငါ့အဘိဓမ္မာမှာမရှိ” လို့ ကြွေးကျော်ခဲ့တဲ့ နပိုလီယံရဲ့ ဇာတ်သိမ်းခန်းဟာ ဘယ်လိုလဲ။ သူ့ရဲ့နာမည်ဟာ သူ့ကံကြမ္မာနဲ့ ဘယ်လိုဆက်စပ်နေလဲ တင်ပြပါမယ်။

သူဟာ 1769 ခုနှစ် August လ 15 ရက်နေ့မှာ ပြင်သစ်ပိုင် ကော်ဆီကာကျွန်းမှာ မွေးဖွားခဲ့တယ်။ အသက်(၁၆)နှစ်မှာ ပြင်သစ်စစ်တပ်မှာ အမြှောက်ဗိုလ်လေးအဖြစ် စပြီးအမှုထမ်းခဲ့တယ်။ တိုက်ပွဲများ တစစနိုင်လာပြီး အသက်ငယ်ငယ်နဲ့ ဒု-ဗိုလ်မှူးကြီး ဖြစ်လာတယ်။

နာမည်ကျော်ပြင်သစ်တော်လှန်ရေးကြီးမှာ ဗိုလ်ချုပ်တစ်ဦးအဖြစ်ပါဝင်ခဲ့တယ်။ အဲ့နောက် တန်ခိုးအာဏာ အလွန်ကြီးလာပြီး 1804 ခုနှစ် အသက် (၃၅)နှစ်မှာ ပြင်သစ်အင်ပါယာရဲ့ ဧကရာဇ်တစ်ဦးဖြစ်လာတယ်။

အဲ့ဒီနောက် 1815 ခု ၊ အသက် (၄၆)နှစ် ၊ နန်းသက် (၁၁)နှစ်မှာ ဝါတာလူးစစ်ပွဲမှာ ဗြိတိသျှတို့ကို အရေးနိမ့်ခဲ့ပြီး အဖမ်းခံရကာ စိန့်ဟယ်လင်နာကျွန်းမှာ တစ်ကျွန်းစံအဖြစ်နဲ့ သိမ်ငယ်စွာ နေထိုင်ရင်း အသက် (၅၂)နှစ်မှာ ကွယ်လွန်သွားပါတယ်။

ကမ္ဘာ့သမိုင်းမှာ အလွန်ကျော်ကြားခဲ့တဲ့ စစ်ဘုရင် နပိုလီယံဘိုနာပတ်ဟာ ထိပ်ဆုံးကနေ အောက်ဆုံးကို မရှုမလှ ပြုတ်ကျခဲ့တာဟာ အကြောင်းတရားပေါင်းများစွာ ရှိခဲ့ပါလိမ့်မယ်။ သမိုင်းပညာရှင်တွေရဲ့ ရှုဒေါင့်က သုံးသပ်ခဲ့တာတွေကတော့ အမျိုးမျိုးပေါ့။

အဲဒါကို ဗေဒင်ပညာရဲ့ရှုဒေါင့်က လေ့လာကြည့်ရင်တော့ အင်မတန် ထူးခြားလှတဲ့ သူ့နာမည်ကို သွားတွေ့ရမှာ ဖြစ်ပါတယ်။

သူဟာ မဟာဘုတ် (၄)ကြွင်းဖွား ၊ အင်္ဂါသားဖြစ်ပြီး မွေးရက်က August လ 15 ရက်ပါ။ မဟာဘုတ် (၄)ကြွင်း အင်္ဂါသားပီပီ ရည်မှန်းချက်အလွန်ကြီးခြင်း၊ မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်း၊ ဇွဲ လုံ့လ ဝီရိယ တို့နှင့် ပြည့်စုံတာ မဆန်းပါ။ ရွှေနန်းတော်ရာသီ ဖြစ်တဲ့ သိဟ်ရာသီမှာ မွေးဂဏန်း (15)ရက်၊ (Sun+Mercury) နဲ့ မွေးဖွားခြင်းဟာ သာမန်လူတန်းစားကနေ ဧကရာဇ်ဘုရင်အဖြစ် ရောက်ရှိစေတဲ့အချက်တစ်ချက် ဖြစ်ခဲ့တယ်။ (ဇာတာခွင်ကိုကြည့်ရင် ဒီထက်ပြောနိုင်ပေမယ့် စာအရမ်းရှည်သွားမှာမို့ မတင်ပြတော့ပါ)

သူ့ရဲ့ ထူးခြားလှတဲ့ နာမည်ကို လေ့လာကြည့်ရင် အံ့ဖွယ်ရာပါဘဲ။

(၄)ကြွင်းဖြစ်တော့ သူ့မဟာဘုတ်မှာ စနေက မရဏ၊ ဗုဒ္ဓဟူးက ဘင်္ဂ ၊ ကြာသပတေးက ပုတိ ဖြစ်နေပါတယ်။ အဲဒီမှာ သူ့နာမည်အားလုံးကို တိုက်ကြည့်လိုက်တော့ –

န = စနေ (မရဏ)

ပို = ကြာသပတေး (ပုတိ)

လီ = ဗုဒ္ဓဟူး (ဘင်္ဂ)

ယံ = ဗုဒ္ဓဟူး (ဘင်္ဂ)

ဘို = ကြာသပတေး (ပုတိ)

နာ = စနေ (မရဏ)

ပတ် = ကြာသပတေး (ပုတိ)

အသီးသီးဖြစ်နေပါတော့တယ်။ တကယ့်ကို အံ့ဩစရာအတိပါ။

နာမည် (၇)လုံးရှိတာ (၇)လုံးလုံး မဟာဘုတ်အောက်တန်းချည်း ဖြစ်နေပါတော့တယ်။ အဆိုးဆုံးကတော့ နာမည် အစလုံးက (မရဏ) ကျနေပြီး အဆုံးလုံးက (ပုတိ)ကျနေတာပါ။ ဒီအတွဲဟာ အလွန်ဆိုးရွားတဲ့ အတွဲပါ။

ဒီလို ကြောက်စရာကောင်းလောက်တဲ့ နာမည်မှားယွင်းမှုဟာ စစ်ဘုရင်နပိုလီယံကို ဟိုးအမြင့်ဆုံးကနေ အောက်ဆုံးထိရောက်အောင် ပစ်ချ လိုက်ပါတော့တယ်။ ဒါဟာ လက်တွေ့ငြင်းလို့မရတဲ့ ကမ္ဘာ့သမိုင်းထဲက အဖြစ်အပျက် အမှန်တစ်ခုပါ။

ဒီလို မဟာဘုတ်မှားယွင်းနေမှုကြောင့် ကြီးစွာသော ဘေးဉပဒ်များနှင့် ကြုံတွေ့ခဲ့ရသူတွေအကြောင်း ကျွန်တော်တို့ဆီမှာ သုတေသနပေါင်းများစွာရှိပါတယ်။ အလျဉ်းသင့်သလို ဆက်လက်တင်ပြသွားပါမယ်။ စောင့်မျှော်ကြပါ။

ကျန်းမာချမ်းသာကြပါစေခင်ဗျာ

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…